ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို အက်တမ်ပေါင်းများစွာနဲ့ တည်ဆောက်ထားပါတယ်။ အက်တမ်တစ်ခုရဲ့ ဖွဲ့စည်းပုံမှာ အလယ်မှာ နျူကလိယ (Nucleus) ရှိပြီး ဘေးပတ်ပတ်လည်မှာ အီလက်ထရွန် (Electrons) တွေ လှည့်ပတ်နေပါတယ်။ အက်တမ်တစ်ခုရဲ့ ၉၉.၉၉၉၉၉၉၉% ဟာ ဘာမှမရှိတဲ့ ဟာလာဟင်းလင်းပြင် (Empty Space) တွေ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင်တော့ အက်တမ်တစ်ခုဟာ ဘောလုံးကွင်း တစ်ကွင်းစာရှိတယ်ဆိုရင် နျူကလိယ က ယင်ကောင် တစ်ကောင်စာပဲ ရှိပါတယ်။
ထုထည်ဟာ အီလက်ထရွန်နဲ့ နျူကလိယ မှာပဲ ရှိတာကြောင့် သူ့ကိုပဲ ထုတ်ယူလိုက်မယ်ဆိုရင် လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ဟာ မျက်စိနဲ့ လုံး၀မမြင်နိုင်လောက်အောင် အလွန်သေးငယ်တဲ့ အမှုန်လေးတစ်ခုမျှပဲ ရှိပါတော့တယ်။ တကယ်လို့သာ ကမ္ဘာပေါ်က လူသား ၈ ဘီလီယံလုံးရဲ့ အက်တမ်တွေထဲမှာရှိတဲ့ ဟာလာဟင်းလင်းပြင်တွေကို ဖယ်ထုတ်ပြီး ကျန်ရှိတဲ့ "တကယ့်ဒြပ်ထု" (နျူကလိယနဲ့ အီလက်ထရွန်တွေ) ကိုပဲ စုလိုက်မယ်ဆိုရင် ကမ္ဘာပေါ်ကလူသားအားလုံးရဲ့ ထုထည်ဟာ ပန်းသီးတစ်လုံးစာ (သို့မဟုတ်) သကြားလုံးတစ်လုံးစာ လောက်ပဲ ရှိပါတော့မယ်။ ဒါပေမယ့် ထုထည်က ပန်းသီးတစ်လုံးစာပဲ ရှိသွားပေမယ့် အလေးချိန်ကတော့ လျော့မသွားပါဘူး။ လူသား ၈ ဘီလီယံလုံးရဲ့ အလေးချိန်ဟာ တန်ချိန် သန်းပေါင်းများစွာ ရှိပါတယ်။ အဲဒီ ပန်းသီးအရွယ်အစားရှိတဲ့ လူသားဒြပ်ထုဟာ အလွန်အမင်း သိပ်သည်းလွန်းတာကြောင့် သူ့ကို မ,ယူဖို့ဆိုရင် ဟိမဝန္တာတောင်တန်းထက်တောင် ပိုလေးနေပါလိမ့်မယ်။
ဒါကြောင့် လူသားတွေဟာ အလွန်အမင်းကို ပွယောင်းနေတဲ့ ခန္ဓာကိုယ်တွေဖြစ်နေကြပြီးတော့ သူ့မှာ အာကာသဗလာနှယ်တွေ ပြည့်နက်နေတာမို့ လူတွေဟာ တံခါးတွေ ၊ တောင်တွေ ၊ အိမ်တွေကို ဘာကြောင့် ဖြတ်သန်းမသွားနိုင်တာလဲဆိုတဲ့ မေးခွန်း ရှိလာပါတယ်။ အဲ့အတွက်အဖြေက အီလက်ထရွန်တွေကြောင့် ဖြစ်ပါတယ်။ သူတို့ကိုနားလည်အောင်ပြောရရင် ဒက်လက် ၃ ခုပါတဲ့ ပန်ကာတစ်ခု လည်ပတ်နေချိန်မှာ လွတ်လပ်နေတဲ့နေရာကို လက်ထည့်လို့မရသလိုပါပဲ။ ဒါကြောင့် အရာ၀တ္ထုတွေကို ကိုင်တွယ်တဲ့အခါ တကယ်တော့ ကျွန်တော်တို့ဟာ တကယ့် ထုထည်ကို လုံး၀ ကိုင်ဖူးတယ်ဆိုတာ မရှိဖူးပါဘူး။ ပန်းသီးတစ်လုံးကိုကိုင်လိုက်ပေမယ့် တကယ်တော့ လက်နဲ့ ပန်းသီးအကြားမှာ အာကာသနေရာ လွတ်လပ်နေပါတယ်။ ဥပမာ သံလိုက်တုံးနှစ်ခုက တစ်ခုနဲ့တစ်ခုကို တွန်းကန်နေတဲ့ ကြားထဲက နေရာလိုပါပဲ။ ထိတွေ့တယ်လို့ ခံစားရတာက ဒီ အီလက်ထရွန် နှစ်ခု ထိမိရာကနေ အာရုံကြောစနစ်ကို ဖိမိတာဖြစ်ပြီး ဦးနှောက်က အချက်ပြလာလို့သာ အရာ၀တ္ထုကို ကိုင်တွယ်ထိမိတယ်လို့ ထင်ရတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ တကယ်မရှိတဲ့အရာတွေအကြား တကယ်အရှိလို့ ထင်နေကြတာဖြစ်ပါတယ်။
ဒါဆို မေးခွန်းတစ်ခု ထပ်ပေါ်လာပါတယ်။ ဗလာနယ်တွေပြည့်နက်နေတဲ့ ခန္ဓာကိုယ်ကို လုံး၀ ဖြတ်သန်းသွားနိုင်တဲ့အရာ မရှိဘူးလားဆိုတာပါ။ တကယ်တော့ ရှိပါတယ်။ အခု ဒီစာကိုဖတ်နေတဲ့အချိန်မှာပဲ သင့်ခန္ဓာကိုယ်အတွင်းပိုင်းထိကို ဘာနဲ့မှ ဒြပ်မပြုပဲ သူ့လမ်းကြောင်းအတိုင်းသွားလာနေတဲ့အရာ တကယ်ရှိပါတယ်။ ဥပမာ ဝိညာဉ်တွေ နံရံကို ဘာအတားအဆီးမှ မရှိပဲ ဖြတ်သန်းသွားလာနေသလိုမျိုးပေါ့။ သူကတော့ နျူထရီနို (Neutrinos) လို့ ခေါ်တဲ့ အမှုန်လေးတွေပဲ ဖြစ်ပါတယ်။ သူ့ကို တစ္ဆေအမှုန်လို့လဲ ခေါ်ပါတယ်။ သူဟာ ဘယ်အရာကိုမဆို ဖေါက်ထွင်းသွားလာနိုင်ပြီး သူသွားတဲ့လမ်းကြောင်းဟာ အပေါ်ကပြောခဲ့တဲ့ ဗလာနယ်တွေကို အသုံးပြုတာဖြစ်ပါတယ်။
ဒါကြောင့် ဘာမှမရှိတဲ့ခန္ဓာကိုယ်ကြီးလို့ လူတစ်ယောက်ကပြောလာမယ်ဆိုရင် ဒီစကားဟာ မှန်ကန်တဲ့စကားဖြစ်ကြောင်း လက်ခံရမှာပဲဖြစ်ပါတယ်။
#htoohtoolay
ကမ္ဘာ့ဗဟုသုတများဖတ်ရန် apk
.jpeg)
Comments
Post a Comment