မီးကိုမြင်တိုင်း သနားကြင်နာပါ
-----
ဂရိလူမျိုးတို့ရဲ့ ဖန်ဆင်းရှင်အယူအဆက အင်မတန် စိတ်ဝင်စားစရာပါပဲ ။ များသောအားဖြင့် ဖန်ဆင်းရှင်အကြောင်းအရာများနဲ့ ပတ်သတ်တဲ့အခါ သိပြီးရင်းဖြစ်တဲ့ ဘာသာကြီး လေး ဘာသာက အကြောင်းအရာများပဲ ထိတွေ့လာခဲ့ကြပါတယ် ။ ဒီတစ်ခေါက်ကတော့ တစ်မူထူးခြားတဲ့ သုတစာတိုလေးဖြစ်အောင် ဖန်ဆင်းရှင်ကို ရှိရင်းဘာသာကြီးများထဲကမဟုတ်ပဲ ဂရိလူမျိုးများရဲ့ ယုံကြည်ရာ အကြောင်းလေးကို ထုတ်ဖေါ်ပေးမှာဖြစ်တယ် ။
ဂရိတို့ရဲ့ ဖန်ဆင်းရှင်အယူအဆလေးကို ပြောရမယ်ဆိုရင် အစပထမတုန်းက ပိန်းပိတ်အောင် မှောင်နေတဲ့ ဟင်းလင်းပြင်ကြီးမှာ တစ်ခုတည်းသော သက်ရှိတာရှိပြီး အခြားဘယ်အရာမှ မရှိခဲ့ပါဘူး ။ အဲ့ဒီ့ တစ်ခုတည်းသော သက်ရှိမှာလည်း အနက်ရောင် အတောင်ပျံများရှိကာ အလွန်ကို ကြီးမားတဲ့ နစ်စ် ခေါ် ငှက်ကြီးတစ်ကောင်ဖြစ်တယ် ။ တစ်နေ့မှာတော့ အဲ့ဒီ့ငှက်ကြီးဟာ အလွန်ကြီးမားတဲ့ ရွှေဥကြီးတစ်လုံးကို ဥချခဲ့တယ်လို့ ဆိုပါတယ် ။ နောက်ပြီး အဲ့ဒီ့ဥကို နှစ်ပေါင်းများစွာ ဝပ်နေခဲ့တယ် ။ နောက်ဆုံးမှာတော့ ယင်းဥကြီးဟာ လှုပ်ရှားလာပြီး အီးရိုးစ် အမည်ရှိတဲ့ အချစ်နတ်ဘုရားတစ်ပါး မွေးဖွါးလာခဲ့လေတယ် ။ ဒါ့အပြင် ကွဲသွားတဲ့ ဥကြီးရဲ့ အပ်ါခြမ်းဟာ လေထဲကို မြောက်တက်သွားခဲ့ကာ ကောင်းကင်ပြင်ကြီး ဖြစ်လာခဲ့တယ်လို့ ဆိုတယ် ။ အောက်ဘက်အခြမ်းကတော့ မြေကြီး ဖြစ်သွားခဲ့ပါတယ် ။ အချစ်နတ်ဘုရား အီးရိုးစ် ဟာ ကောင်းကင်ပြင်ကြီးကို ယူရေးနပ်စ်လို့ ဖြစ်စေ ကမ္ဘာမြေကို ဂိုင်းအ လို့ဖြစ်စေ အမည်ပေးခဲ့တယ် ။ အဲ့ဒီ့နောက်မှာ ကမ္ဘာမြေနဲ့ ကောင်းကင်ပြင်အား တစ်ဦးနဲ့ တစ်ဦး ချစ်မေတ္တာ သက်ဝင်စေဖို့ အီးရိုးစ်မှ စွမ်းဆောင်နိုင်ခဲ့ပါတယ် ။ ဂိုင်းအ နဲ့ ယူရေးနပ်စ်တို့ဟာ သားသမီး အမြောက်အများအပြင် မြေးများအထိကို ထွန်းကားခဲ့လေတော့တယ် ။
အတိုင်းအဆမရှိတဲ့ ကောင်းကင်ပြင်နဲ့ ခိုင်းမာမှုရှိလှတဲ့မြေကမ္ဘာတို့မှာ ပေါက်ပွားလာတဲ့ မျိုးဆက်တို့ဟာ အင်မတန်မှ စွမ်းအားအလွန်ကြီးမားလှပါတယ် ။ အဲ့ဒီ့အတွက် မိဘများဟာ သူတို့သားသမီးတို့ရဲ့ တန်ခိုးအာဏာများကို စိုးရွံ့လာကြကာ အဲ့ဒီ့ မျိုးဆက်ထဲက သားသမီး ခရိုးနပ်စ်ဆိုတဲ့ နတ်ဘုရားဟာ သူ့ရဲ့ သားသမီးများ၏ တန်ခိုးပါဝါနဲ့ သူ့ကို တော်လှန်ပုန်ကန်မှာ စိုးတဲ့အတွက် သူ့ကလေးများအားလုံးကို ကလေးဘဝတည်းကမှပင် သူ့ရဲ့ အာခံတွင်းထဲမှာ ငုံထားလိုက်ပါတယ် ။ သို့သော် အဲ့ဒီ့အချိန်မှာ သူ့ရဲ့ ဇနီးဖြစ်သူက သား အငယ်ဆုံးကလေးကို အာခံတွင်းထဲ ငုံထားခြင်းမှ လွတ်မြောက်စေဖို့ တစ်နေရာမှာ ဖွက်ခဲ့တယ် ။ နောက်ပြီး သူ့သားအစား ကျောက်တုံး တစ်တုံးကို အဝတ်ပတ်ကာ သားအမှတ်နဲ့ပေးလိုက်ပါတော့တယ်ခင်ဗျာ ။ သူ့ဖခင်ဖြစ်သူကလဲ သားအမှတ်နဲ့ အာခံတွင်းထဲမှာ ထည့်ငုံထားလိုက်လေပါတယ် ။ အဲ့ဒီ့ လွတ်မြောက်သွားတဲ့ သားအငယ်ဆုံး အမည်ကတော့ ( ဇု ) ပါတဲ့ခင်ဗျာ ။
ဇု အရွယ်ရောက်လာတဲ့အခါ မိခင်ဖြစ်သူက သူ့ညီအကိုအကြောင်းတွေကို ဖခင်ဖြစ်သူရဲ့ ခံတွင်းထဲမှာငုံထားကြောင်း အစရှိတာတွေပြောလိုက်တဲ့အပြင် ဒီလိုအာခံတွင်းထဲကနေ လွတ်မြောက်အောင် လုပ်ဆောင်နိုင်ဖို့ နည်းလမ်းများလည်း ပြောကြားလိုက်တယ်လို့ ဆိုပါတယ် ။ ဇုဟာ သူ့ရဲ့ ညီအကိုမောင်နှမများကို မိခင်ညွှန်ကြားတဲ့ နည်းလမ်းအတိုင်း ကယ်ထုတ်နိုင်ခဲ့ပါတယ် ။ နောက်ဆုံးမှာတော့ တန်ခိုးပါဝါကြီးမားလှတဲ့ သားသမီးများနဲ့ ဖခင်အကြား တိုက်ပွဲပေါင်း မြောက်များစွာ ဖြစ်ပေါ်လာကာ နောက်ဆုံးမှာ ဇု က အောင်နိုင်ခဲ့ပြီး နတ်ဘုရားတို့ရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ပါတော့တယ် ။ ထို့နောက် ဇု ဟာ မြေပြင်ဂိုင်အတွင်း သက်ရှိများနဲ့ အပင်များကို ဖြစ်ပေါ်စေကာ ကောင်းကင် ယူရေးနပ်စ်ကို ကြယ်များအဖြစ် ပြောင်းလဲပစ်လိုက်ပါတော့တယ် ။
အဲ့ဒီ့အချိန်မှာ ကမ္ဘာမြေဟာ အပင်များနဲ့ ပြည့်နှပ်လျက် ရှိနေပြီပဲဖြစ်ပါတယ် ။ ဒါပေမယ့် လူနဲ့ တိရိစ္ဆာန်များကို ဖန်ဆင်းဖို့ ကျန်ရှိနေသေးတယ် ။ ထိုအခါ ဇု နတ်ကြီးဟာ သားတော်နှစ်ပါးဖြစ်တဲ့ ပရိုမီးသီးယပ်စ် နဲ့ အီပီမီးသီးယပ်စ် တို့အား ခေါ်ယူကာ ကမ္ဘာမြေပြင်မှာ တိရိစ္ဆာန်များနဲ့ လူသားများကို ဖန်ဆင်းပြီး တိရိစ္ဆာန်နဲ့ လူသားတွေကို လက်ဆောင်တစ်ခုဆီ ပေးအပ်ဖို့ တာဝန်ပေးလိုက်ပါတော့တယ် ။ ပရိုမီးသီးယပ်စ်ဟာ လူသားများအား နတ်ဘုရားများနဲ့ ပုံစံတူ ဖန်ဆင်းခဲ့ပြီး အီပီမီးသီးယပ်စ်ဟာ တိရိစ္ဆာန်များကို ဖန်ဆင်းဖို့ တာဝန်ယူလိုက်ပါတယ် ။ သူတို့ဟာ တိရိစ္ဆာန်များကို ဖန်ဆင်းပြီး လက်ဆောင်တစ်ခုဆီ ပေးကမ်းခဲ့လေတယ် ။ သို့သော် သူတို့ ဖန်ဆင်းမှုဟာ ဇု ပေးတဲ့ လက်ဆောင်ထက် များသွားခဲ့ပါပြီ ။ ဒါကြောင့် လက်ဆောင်များကုန်သွားတဲ့အခါ ဖန်ဆင်းလိုက်ပြီးဖြစ်တဲ့ လူသားတွေအတွက် ပရိုမီးသီးယပ်စ်ဟာ နတ်ဘုရားများသာ အသုံးပြုခွင့်ရှိတဲ့ ( မီး ) ကို လူသားတို့ သုံးစွဲဖို့အတွက် ပေးအပ်ရန် ဆုံးဖြတ်ခဲ့ပါတော့တယ် ။ ဒါ့ကြောင့် လူသားတွေဟာ မီး အသုံးပြုခြင်းအဖုံဖုံကို သင်ကြားတက်မြောက်လာကာ မီးရဲ့ အကျိုးကျေးဇူးများစွာကို ရရှိလာခဲ့ကြတာဖြစ်တယ်လို့ဒီလိုဆိုပါတယ် ။
သို့သော် မီးကို သုံးဖို့ ပေးအပ်လိုက်တဲ့ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်ကြီးဟာ ဇု နတ်မင်းကြီးရဲ့ အမြတ်ဒေါသအောက်မှာ ရက်စက်လှတဲ့ အပြစ်ဒဏ်ကို ခံနေရ ရှာပါတယ် ။ ဇု နတ်မင်းကြီးဟာ နတ်ဘုရားတွေသာ အသုံးပြုခွင့်ရှိတဲ့ မီးကို လူသားတွေအတွက် ပေးလိုက်ခြင်းဟာ မတင့်လျှော်ကြောင်း ပြစ်တင်ကာ ရက်စက်လှတဲ့ ပြစ်ဒဏ်ကို ပေးအပ်လိုက်တာ ဖြစ်တယ် ။ ဘယ်လိုပြစ်ဒဏ်လဲဆိုရင် ပရိုမီးသီးယပ်စ်ကို တောင်တစ်လုံးမှာကပ်ပြီး ချုပ်နှောင်ထားကာ သူ့ရဲ့ အသည်းနှလုံးကို အလွန်ကြီးမားတဲ့ ငှက်ကြီးက နေ့စဉ် ကမ္ဘာတည်သရွေ့ ထိုးဆိတ်နေခြင်းပဲ ဖြစ်ပါတယ် ။
ဒါကြောင့်မိတ်ဆွေ !
ကျုပ်တို့ရဲ့ ကျေးဇူးရှင်ကြီးဟာ ကျွန်တော်တို့ မီးကို ကောင်းကောင်းသုံးတက်ဖို့ နတ်ဘုရားတွေသာ သုံးခွင့်ရှိတဲ့ မီးကို ကျွန်ပ်တို့အတွက် စေတနာကြီးစွာ ယူဆောင်ပေးခဲ့ပေမယ့် သူကိုယ်တိုင်ကတော့ အဲ့ဒီ့ လုပ်ဆောင်မှုကြောင့် ရက်စက်လှတဲ့ ပြစ်ဒဏ်ကို ကမ္ဘာတည်တရွေ့ ခံနေရရှာပါတယ် ။ သင် သူ့ကို သနားကြင်နာသင့်တယ် ။
#htoohtoolay

Comments
Post a Comment