Skip to main content

သင်္ကြန်


သင်္ကြန်
-----
နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။

သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ နှောင်းတန်ခူး ၊ နှစ်သစ် အတွက် ဦးတန်ခူးဟု နှစ်ပိုင်းခွဲထားသည် ။ လပြက္ခဒိန်နှင့် နေပြက္ခဒိန်တို့ကို ချိန်ကိုက်ရန် လေးလမြောက်သော ဝါဆိုလကို ပထမဝါဆိုလဟု လည်း ၊ ကောင်း ၊ နောက်ထပ်အပိုတစ်လကို ဒုတိယဝါဆိုလဟု လည်းကောင်း ၊ အမည်ပေး၍ လထပ်နှစ်အဖြစ် တီထွင်ထားကြသည် ။ ( ဤကား အခြေခံမူကို ဖော်ပြခြင်းသာ ဖြစ်၏ ။ အသေးစိတ် တွက်ချက်နည်းမှာ များစွာ ရှုပ်ထွေး၏ ။ အချို့ နှစ်များတွင် လထပ်ရုံမျှမက ရက်ပါထပ်၏ ။ )

သိကြားမင်း လူ့ပြည်သို့ ဆိုက်ရောက်သော အချိန်သည်ကား နေသည် မိန်ရာသီမှထွက်ချိန် ၊ အကြတ် ရက်များသည်ကား နေသည် မိန်ရာသီမှထွက်ပြီး မိဿရာသီသို့ မဝင်မီ ကြားအချိန် သိကြားမင်း ပြန်တက်ချိန်ကား မိဿရာသီသို့ နေဝင်မိသည့် အချိန်ဖြစ်သည် ။ မြန်မာတို့နှင့်မတူဘဲ တမီလ်နှင့် သီဟိုကမူ နေမင်း မိန်ရာသီမှ ထွက်ချိန်ကို နှစ်သစ်ကူးချိန်ဟု သတ်မှတ်ကြ၏ ။

အထက်ပါအချက်တို့ကို ထောက်လျှင် မြန်မာတို့၏ နှစ်သစ်ကူးပွဲသည် ဟိန္ဒူတို့၏ ဟိုလီပွဲတော် ၊ တရုတ်တို့၏ ချင်မင်းပွဲတော်နှင့် ခရစ်ယာန် ဘာသာမတိုင်မီက ကျင်းပခဲ့သော အီစတာပွဲတော်တို့ကဲ့သို့ပင် နွေဦးတွင် အီကွေတာပေါ်သို့ နေရောင်ခြည် တည့်တည့်ကျရောက်သဖြင့် နေ့တာနှင့် ညတာညီမျှသော အချိန် ( ဗာနယ်အီကွီနာ့စ် ) ကို အကြောင်းပြု၍ ကျင်းပခြင်း ဖြစ်ကြောင်း သိရလေသည် ။

သို့သော် ဝင်ရိုးပေါ်တွင် စောင်း၍လည်နေသော ကမ္ဘာ၏ အစောင်းဒီဂရီသည် နေ့စဉ် ပြောင်းလဲနေသဖြင့် ပွဲတော်ရက် နှင့် တကယ် နေ့တာညတာ ညီမျှသောရက်တို့မှာ ယခုနောက်ပိုင်းတွင် ထပ်တူ မကျတော့ပေ ။ အခြားသော အရှေ့တောင်အာရှနိုင်ငံများ နည်းတူ မြန်မာနိုင်ငံတွင်လည်း တစ်နှစ်တာအတွင်းတွင် နေ၏အပူချိန်မှာ အကြီးအကျယ်တိုးခြင်း လျော့ခြင်းလည်း မရှိသည့်ပြင် ( ဆီးနှင်းကျသော ) ဆောင်း ရာသီလည်း မရှိသဖြင့် ဆောင်းလယ်ပွဲတော် ၊ နွေလယ်ပွဲတော် ၊ ဆောင်းဦးပွဲတော်တို့ကား မရှိပေ ။

သို့သော် ဗာနယ်အီကွီနာ့စ်တွင်မူ ပွဲတော်ကျင်းပခဲ့၏ ။ ယင်းသည် မိုးကျတော့မည်ကို ကြေညာသောကြောင့် ဖြစ်သည် ။  ရှေးပဝေသဏီက မြန်မာတို့တွင် ရာသီဥတု သုံးပါးအတွက် ရာသီ ပွဲတော် နှစ်ပွဲသာ ရှိပုံရသည် ။ ယင်းတို့မှာ နွေကုန်လုနီး မိုးကျလုနီးဖြစ်သည်ကို ( အကြောင်းမှာ နောက်သုံးပတ်နေလျှင် မုတ်သုံကျလာတော့မည် ဖြစ်၏ ) အမှတ်အသားပြုသော မိုးဦးပွဲတော် ( ဗာနဲလ်အီကွီနာ့စ် ) နှင့် မိုးအကုန် ဆောင်းအကူးကို အမှတ်အသားပြုသော ဆီမီးပွဲတော် ( တန်ဆောင်တိုင်ပွဲ ) တို့ ဖြစ်သည် ။ ယခုခေတ် သင်္ကြန်ပွဲတော်တွင် ဆူညံကြမ်းတမ်းစွာ ရေပက် ခြင်း၏ ရင်းမြစ်မှာ ထိုပဝေသဏီက ကျင်းပလာခဲ့သော မိုးဦးပွဲတော်မှ အရင်းခံလာခဲ့သည် ။ ရေပက်ခြင်း၏ နောက်ကွယ်တွင်ရှိသော အဓိပ္ပာယ်မှာ မိုးကို ခေါ်ခြင်း ဖြစ်သည်ဟု ကျွန်ုပ်ထင်မြင်သည် ။ ဆက်၍ ပါလာသော အကြမ်းပတမ်း အပျော်ကျူးမှုများကြောင့် ရေပက်ခြင်းသည် ရေဖြင့် သန့်စင်အောင် ဆေးကြောသည့်ပွဲမှ အရင်းခံလာသည်ဟု ကျွန်ုပ်မထင်ပေ ။

ပဝေသဏီမိုးဦးပွဲတော်မှ တနင်္ဂနွေဂြိုဟ်မင်းကို ပူဇော်သောပွဲအဖြစ် သို့ ထွန်းကားလာခဲ့သည် ။ ဗေဒင်ဆရာတို့ နှစ်စဉ် ထုတ်ဝေသော သင်္ကြန်စာ ( ၁၈၈၆ ခုနှစ် မတိုင်မီက မင်းမိန့်ဖြင့်ထုတ်ဝေခဲ့ပြီး ယခုအခါ ဗေဒင် ဆရာအဖွဲ့ချုပ်က ထုတ်ဝေသည် ) ဟူသည်ကား လာမည့်နှစ်အတွက် ၊ ကြိုတင်ခန့်မှန်းချက် ဟောကိန်းများသာ ဖြစ်သည် ။ ယင်းတွင် သင်္ကြန် ၊ ကာလအတွင်းတွင် ဆင်းလာပြီး ပြန်တက်သွားသော နတ်ကို တနင်္ဂနွေ ဂြိုဟ်နတ်ဟု အတိအကျဖော်ပြထားသည်။ ထိုဂြိုဟ်နတ်၏ ဝတ်စုံအရောင် ကိုင်ဆောင်လာသော စစ်ဖက်ဆိုင်ရာ လက်နက်ကိရိယာနှင့် စီးနင်းလာသော တိရစ္ဆာန်တို့သည် လာမည့်နှစ်၏ ယေဘုယျအသွင်အပြင်ကို ဖော်ပြသည် ။ ထို့ကြောင့် ဂြိုဟ်နတ်မင်းသည် နီရွှေသောဝတ်စုံကို ဝတ်၍ လက်တစ်ဖက်က သံလျက် တစ်ဖက်က တံစဉ် ကိုကိုင်၍ ယင်း၏စီးတော်ယာဉ် ဂဠုန်ငှက်ကို စီးနင်းလာပါက လာမည့်နှစ် သည် သာမန်နှစ် တစ်နှစ်သာဖြစ်မည် ။ ( ကောင်းလည်း မကောင်း ဆိုးလည် မဆိုး ) အကယ်၍ ရွှေရောင်ဝတ်စုံကို ဝတ်ကာ တစ်ဖက်က ပန်းစည်း တစ်ဖက်က သောက်ရေအိုးကို ကိုင်၍ နွား သို့မဟုတ် ကျွဲကို စီးလာပါက

ထိနှစ်သည် အထူးပင် ချမ်းသာယာဝပြောမည် ။ မီးလျှံနှင့်တူသော အနီ ရောင်ဝတ်စုံကို ဝတ်လာကာ တစ်ဖက်က မီးတုတ် ၊ တစ်ဖက်က လံ သို့မဟုတ် သံလျက် သို့မဟုတ် ရဲတင်းကို ကိုင်လာပြီး နဂါး သို့မဟုတ် ဘီလူးကိုစီး၍ ဆင်းလာပါက ထိုနှစ်တွင် သွေးထွက်သံယိုနှင့် ကပ်အန္တရာယ် များပြားမည်ဟု ဆိုကြသည် ။

တနင်္ဂနွေဂြိုဟ်နတ်ကို ပူဇော်သော ဤပွဲတွင် ဦးခေါင်းဆေးမင်္ဂလာသည် အရေးကြီးသည် ။ ရာဇဝင်များတွင် မြန်မာဘုရင်တို့သည် ဘိသိက်ခံ ပွဲနှင့် နှစ်စဉ် နှစ်သစ်ကူးချိန်တို့တွင် လူထုရှေ့မှောက်၌ ခေါင်းဆေးမင်္ဂလာပြု ကြကြောင်း ၊ တနင်္ဂနွေဂြိုဟ်မင်းက ကျန်ရာသီခွင် တစ်ခုမှ တစ်ခုသို့ ကူးပြောင်းသည့် ကျန်သင်္ကြန် ၁၁ ကြိမ်တို့တွင်လည်း ထိုမျှမကြီးကျယ်သော သီးသန့် ခေါင်းဆေးမင်္ဂလာများကို ပြုကြကြောင်း ဖော်ပြထားသည် ။ ငါးအရှင်များကို လွှတ်ခြင်းသည် ငါးရုပ်သင်္ကေတ အမှတ်အသားရှိသော မိန်ရာသီမှ နေမင်းထွက်လာခြင်းကို ဖော်ညွှန်းနေပေသည် ။ သို့သော် ဗုဒ္ဓ ဘာသာ နိုင်ငံတော်ဘာသာ ဖြစ်လာသောအခါ ဤဓလေ့ထုံးစံများသည် လည်း ဗုဒ္ဓဘာသာအကြိုက်ကိုလိုက်၍ ပြောင်းလဲလာသည် ။ ဥပုသ် စောင့် ခြင်း ၊ ရဟန်းများကို ဆွမ်းလှူခြင်း ၊ သက်ကြီးများကို ကန်တော့ခြင်း စသည် တို့ကို လုပ်ဆောင်လာကြသည် ။ ထို့ပြင် တနင်္ဂနွေမင်း ဟူသော သင်္ကြန်မင်းသည်လည်း ချက်ချင်းပင် ဗုဒ္ဓသာသနာစောင့် သက္ကရာဇာ သိကြားမင်း ဖြစ်သွားလေတော့သည် ။

#htoohtoolay






Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...