ပရဝိညာဉ်ဖြင့် ရောဂါကုသခြင်း
-----
ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံအားလုံးလိုလို၌ စိတ်တန်ခိုးဖြင့် အနာရောဂါများ ပျောက်ကင်းအောင် ကုသပေးနိုင်သည်ဆိုသော ဆရာများရှိကြ၏ ။ ထိုဆရာ အတော်များများမှာ လူလိမ်လူညာများ ဖြစ်ကောင်း ဖြစ်ပေမည် ။ သူတို့အားလုံးကို လိမ်ညာသော ဆရာတုဆရာယောင်များ ဖြစ်သည်ဟူ၍ကား သိမ်းကြုံး၍ စွပ်စွဲရန် မဖြစ်နိုင်ချေ ။
လူလိမ်ဆေးသမားသည် အချိန်ကာလ အနည်းငယ်အတွင်း၌ လူနာအနည်းငယ်ကိုသာ လိမ်ညာ၍ ကုသပေးနိုင်ပေမည် ။ စိတ်တန်ခိုးဖြင့် ကုသပေးနိုင်သည်ဟု အုတ်အော်သောင်းနင်းဖြစ်၍ လူနာအမြောက်အမြားက ယုံကြည်ကိုးစားသည်ဆိုပါက ယုံကြည်စရာအထောက်အထားတစ်ခုခု ရှိရပေမည် ။ စင်စစ် အချို့သော ထိုဆရာတို့သည် ရောဂါပျောက်အောင် ကုသပေးနိုင်ခြင်းမှာလည်း ယုံမှားသံသယဖြစ်ရန် အကြောင်းမရှိချေ ။
အမေရိကန်နိုင်ငံ၌ အထူးထင်ရှားခဲ့သော ပျောက်စေဆရာမှာ အက်ဒဂါကေစီဖြစ်၏ ။ ဤပုဂ္ဂိုလ်ထူး၏ အကြောင်းသည်
စိတ်ဝင်စားစရာကောင်းသည် ။ ကေစီသည် အသက် ၂၁ နှစ်၌ အသံဝင်သော ရောဂါတစ်ခု စွဲကပ်၍ အိပ်မွေ့ဆရာတစ်ဦးက အိပ်မွေ့ချပြီး ကုသပေးခဲ့၏ ။ အိပ်မွေ့ချထားစဉ် အသံ တစ်ခုက ရောဂါအခြေအနေကို ငါတို့မြင်နိုင်သည် ။ စိတ်တန်ခိုးဖြင့် အမိန့်ပေး၍ ကုသနိုင်သည်ဟု ပြောသံကြားရသည်ဆို၏ ။ အိပ်ရာမှနိုးသောအခါ သူ၏အသံ ရောဂါမှာ ပျောက်ကင်းသွား၏ ။ အိပ်မွေ့ဆရာအား ပြောပြရာ ဆရာက သူ့အား အိပ်မွေ့ချခံပြီး သူ ( ဆရာ ) ၌ စွဲကပ်နေသော အစာအိမ်ရောဂါကို စစ်ကြည့်၍ မည်သို့ ကုသရမည်ဟု ညွှန်ကြား၏ ။ ဆရာသည် ထိုညွှန်ကြားချက်နှင့်အညီ ကုသရာ ရောဂါ ရှင်းရှင်းပျောက်သွား၏ ။
ထိုအချိန်မှစ၍ ကေစီသည် မိမိကိုယ်မိမိ အိပ်မွေ့ချတတ်အောင်ပြုလုပ်၍ လူနာများကို ကုသ၏ ။ တစ်ခါတစ်ရံ ဆရာဝန်များလက်လျှော့ထားသော လူနာများကိုပင် ပျောက်ကင်းအောင် ကုသနိုင်သဖြင့် ထင်ရှားကျော်ကြားလာ၏ ။ အချို့လူနာများမှာ သူ့ထံမသွားရပဲ သူက အဝေးမှနေ၍ ကုသရာ ရောဂါ သက်သာသည်ဆို၏ ။ ကေစီသည် တမလွန်ဘုံသားတို့၏ အကူအညီဖြင့် ( မြန်မာအဆိုအားဖြင့်မူ အထက်ဆရာကြီးတို့၏ အမိန့်အရ ) ကုသပေးသည်ဟု ဆို၍ ပိုက်ဆံကြေးငွေမယူ ။ လူနာများပေးသရွေ့ သဒ္ဒါကြေးကို လက်ခံ၍ ၁၉၄၄ခုနှစ် ကွယ်လွန်သည်အထိ လူနာအမြောက်အမြားကို ကုသပေးခဲ့၏ ။ ကေစီကို လိမ်ညာပါသည်ဟု ဆရာဝန်များကပင် မစွပ်စွဲနိုင်ချေ ။
သမားတုသမားယောင်နှင့် နတ်ဝင်လူလိမ်များကို ဖော်ထုတ်ခြင်းဖြင့် နာမည် ကြီးနေသော ဟားဗတ်တက္ကသိုလ်မှ ဒေါက်တာဟူဂိုမန်စတားဘတ်သည် ကေစီ ၏ လုပ်နည်းလုပ်ဟန်ကို သုံးရက်ကြာမျှ လေ့လာဆန်းစစ်ပြီးနောက် သူ၏ ဖြူစင်ရိုးသားမှုကို ထောက်ခံအတည်ပြုခဲ့ပေသည် ။
အင်္ဂလန်နိုင်ငံ၌ ထင်ရှားကျော်စောသော ပျောက်စေဆရာမှာ ဟယ်ရီ အက်ဒဝပ်ဆိုသူဖြစ်၏ ။ သူ့ထံသို့ နှစ်စဉ် လူနာ ငါးထောင်ကျော်မျှ လာရောက် ကုသကြ၍ ၁၉၅၈ခုနှစ်၌ ကုသပေးသောလူနာပေါင်း ခြောက်သိန်းကျော်မျှရှိ၏ ။ သူသည် ရောဂါမျိုးစုံ ကုသပေးနိုင်သည်ဆိုသော မျက်မြင်သက်သေများရှိ၏ ။ နိုင်ငံအရပ်ရပ်သို့ လှည့်လည်ကုသပေး၍ ခန်းမ၌ လူပရိသတ်ရှေ့တွင် သူ၏ ၊ ပညာစွမ်းကို ပြသဖူး၏ ။ လေဖြတ်ထားသဖြင့် သူ့ထံသို့ လက်တွန်းလှည်း ယူလာသောလူနာအချို့မှာ စင်မြင့်ပေါ်မှ အောက်သို့ လူကောင်းပကတိကဲ့သို့ ဆင်းလျှောက်သွားသည်ကို မြင်ကြရသည်ဆို၏ ။
အနောက်နိုင်ငံများ၌ ယခုအခါ ပရဝိညာဉ်နည်းဖြင့် ဆေးကုသသော ဆရာတို့ အသုံးပြုသော ကုထုံးမှာ ရေဒီယာသိစိယာ သို့မဟုတ် ရေဒီဩနှစ် ( Radiesthesia
or Radionics ) ဟုခေါ်သော ကုထုံးဖြစ်၏ ။ သူတို့အဆိုကား မည်သည့်အရာဝတ္ထုမဆို ရေဒီယေးရှင်းတစ်မျိုးမျိုးကို ထုတ်လွှင့်၍ ထိုရေဒီယေးရှင်း အမျိုးအစားကို ပရဝိညာဉ်ဖြင့် သိရှိနိုင်၏ ။ ထိုသို့သိရှိရန် ချိန်သီးတစ်ခုကို
သုံးရ၍ ထိုချိန်သီးဖြင့် ရောဂါကို ဖော်ထုတ်နိုင်သည် ။ မည်သို့ကုရမည်ကို သိနိုင်သည်ဆို၏ ။ လူနာမရှိသော အခါ၌ပင် လူနာ၏ သွေး ၊ ဆီး သို့မဟုတ် နမူနာရရှိပါက ရောဂါကို သိရှိနိုင်၏ ။ ထို သွေး ၊ ဆီး စသည်တို့ကို ကတစ်ဖက်ကကိုင်၍ အခြားလက်တစ်ဖက်ဖြင့် ချိန်သီးကို
လူ့ခန္ဓာကိုယ်ဒီဇိုင်းရုပ်ပုံပေါ်၌ ကိုင်ထားပါက ချိန်သီးသည် လှုပ်ရှား၍ ရောဂါဖြစ်နေသော ကိုယ်ခန္ဓာအပိုင်းကို ညွှန်ပြသည်ဆို၏ ။
ကမ္ဘာအရပ်ရပ်၌ စိတ်တန်ခိုးဖြင့် ကုသ၍ ရောဂါပျောက်ကင်းသော လူနာများရှိသော်လည်း ဆရာဝန်များက အသိအမှတ်မပြုလိုကြချေ ။ စိတ်ဝိညာဉ် သုတေသီပညာရှင်တို့ကလည်း ထိုအမှုမျိုးကို စိတ်မဝင်စားဘဲ လျစ်လျူပြု ထားကြ၏ ။ စိတ်ကြောင့်ဖြစ်သော ရောဂါများကို ကုသရာ၌ ပရဝိညာဉ်သည် အရေးပါသည်မှန်သော်လည်း ရုပ်တရားဖောက်ပြန်မှုသက်သက်ဖြစ်သော ရောဂါ များကိုကား သိပ္ပံဆေးပညာကသာ ကုစွမ်းနိုင်သည်ဟု ခံယူထားကြဟန်ရှိ၏ ။
သို့ရာတွင် ရောဂါဝေဒနာတစ်ခု ဖြစ်ပေါ်ရာ၌ ရုပ်တရားနှင့် စိတ်ဝိညာဉ်ကို နေရာကဏ္ဍ တိတိကျကျ ခွဲခြား၍မရအပ်ဘဲ ယင်းတို့၏အကျိုးပြုမှုများသည် ရောထွေးယှက်တင် ဖြစ်နေခြင်းကို များစွာသောဆေးသိပ္ပံပညာရှင်တို့က အသိ အမှတ်ပြုထားကြပေပြီ ။
ရောဂါပျောက်ကင်းချမ်းသာမှုအတွက် လူနာ၏စိတ်ဓာတ် အရေးကြီးပုံကိုလည်း ဆရာဝန်တိုင်း သိရှိနားလည်ကြ၏ ။ အင်္ဂလန်နိုင်ငံရှိ အချို့သော ဆေးရုံများ၌ ယခုအခါ စိတ်တန်ခိုးဖြင့် ဆေးကုသပေးသော ဆရာများအား သူတို့လူနာများကို လာရောက်ကြည့်ရှုရန် ခွင့်ပြုထား၏ ။
နောင်မကြာမီသော တစ်နေ့၌ စိတ်ဝိညာဉ်သုတေသီတို့သည် ဆရာဝန်များနှင့်လက်တွဲ၍ စူးစမ်း လေ့လာခြင်းဖြင့် လူသတ္တဝါ၏ ကျန်းမာရေး၌ ပရဝိညာဉ်၏ အရေးပါမှု အတိုင်းအတာကို ကျွန်ုပ်တို့ သိရှိလိမ့်မည်ဟုမျှော်လင့်ရပေသည် ။
#htoohtoolay

Comments
Post a Comment