Skip to main content

အဂ္ဂိရတ်ပညာ ပေါက်ဖွားလာခြင်း နှင့် အဂ္ဂိရတ်ပညာရှင်၏ ရည်မှန်းချက်


အဂ္ဂိရတ်ပညာ ပေါက်ဖွားလာခြင်း နှင့် အဂ္ဂိရတ်ပညာရှင်၏ ရည်မှန်းချက်
-----
အဂ္ဂိရတ်ဆိုင်ရာ လက်တွေ့စမ်းသပ်ခြင်းများ၏ ဌာနမှာ အိန္ဒိယ နိုင်ငံဖြစ်သည်ဟု ထင်မြင်ရသည် ။ ထိုမှ အနောက်ဘက် အာရပ် ၊ အီဂျစ် ဂရိသို့ ၊ ထိုမှ အလယ်ခေတ်တွင် ဥရောပတိုင်အောင် ၊ အရှေ့ဘက်တွင် မြန်မာနှင့် ထိုထက်ပို၍ အရှေ့ကျသော တရုတ်တိုင်အောင် ပျံ့နှံ့သွားလေသည် ။ ၅ ရာစုခန့်သို့ ရောက်သော် အဂ္ဂိရတ်ပညာကို မြန်မာ နှင့် တရုတ် နိုင်ငံတို့တွင် လေ့လာလိုက်စားနေကြပြီး ကမ္ဘာနှင့်ချီ၍ အရတ်ပညာ ခေတ်ကောင်းခဲ့သည်မှာ ၅ရာစုမှ ၁၆ရာစုအတွင်းတွင် ဖြစ်သည် ။ ခေတ်သစ် သိပ္ပံပညာ ထွန်းကားလာသည်နှင့်အမျှ အဂ္ဂိရတ်ပညာလည်း ဆုတ်ယုတ် လာခဲ့သည် ။ မြန်မာနိုင်ငံတွင်ကား ၅ ရာစုမှ ၁၁ ရာစုအတွင်း အဂ္ဂိရတ်ပညာ ခေတ်ကောင်းခဲ့ရာ ဘာသာအယူဝါဒတစ်ရပ်နီးပါး ဖြစ်ခဲ့သည် ။ ၁၁ ရာစုတွင် ဗုဒ္ဓဘာသာ ရောက်ရှိလာပြီးနောက် အဂ္ဂိရတ်ပညာ၏ လူကြိုက်များမှုမှာ ဆုတ်ယုတ်လာခဲ့သည် ။ ဗုဒ္ဓဘာသာသည် အဂ္ဂိရတ်ပညာကို မျက်နှာသာ လုံးဝမပေးသောကြောင့် ဖြစ်သည် ။ ထို့ကြောင့် ၁၁ ရာစုနောက်ပိုင်း မှစ၍ အဂ္ဂိရတ်ပညာယိုယွင်းလာရာ လုံးဝ အမြစ်ပြတ် မသွားသော်လည်း ( ယနေ့တိုင် လိုက်စားနေကြသူတို့ ရှိနေဆဲ ) ဗုဒ္ဓဘာသာ ကိုကား မယှဉ် တော့ပေ ။

အဂ္ဂိရတ်ပညာရှင်၏ ရည်မှန်းချက် -

အဂ္ဂိရတ်ဆိုသည်မှာ မီးနှင့်လုပ်သောအလုပ်ဟု အဓိပ္ပာယ်ရသည် ။ ဤစကားသည်ပင် အဂ္ဂိရတ်ပညာ၏ အနှစ်ချုပ်ပင် ဖြစ်သည် ။ အကြောင်းမှာ ဤပညာ၌ သတ္တုတို့ကို ပြောင်းလဲသွားစေရန် မီးကိုသုံး၍ ကြိုးပမ်းရ သောကြောင့် ဖြစ်သည် ။ အခြေခံသတ္တုများကို အဖိုးတန်သတ္တုများဖြစ်အောင် ကြိုးပမ်းခြင်းမှာ မြန်မာအရတ်သမားတို့သာမက တစ်ကမ္ဘာလုံးမှ အဂ္ဂိရတ် သမားတို့ပါ လုပ်ဆောင်ကြသောလမ်းစဉ် ဖြစ်သည် ။

သို့သော် မြန်မာ အဂ္ဂိရတ်သမားတို့တွင် ထိုထက်ပို၍ လေးနက်သော သဘောတရားအခြေခံ ရှိသည် ။ လေးနက်လွန်းသဖြင့် တစ်ချိန်က ဘာသာအယူဝါဒတစ်ရပ် နီပါးမှု ထွန်းကားခဲ့ပေသည် ။ ခဲကို ငွေ ၊ ကြေးကို ရွှေ ဖြစ်စေခြင်းသည် မြန်မာ့ အဂ္ဂိရတ်ပညာ၏ ရည်မှန်းချက်ကြီးသို့ သွားရာလမ်း၏ ပထမခြေလှမ်း မျှသာ ရှိသေးသည် ။ ထိုရည်မှန်းချက်ကြီးမှာ သတ္တုရှင်လုံး ( ပြဒါးရှင်လုံး ) ကို ရအောင် စမ်းသပ်မှုများကို ဆက်လုပ်ရန် ဖြစ်သည် ။ ယင်းသည်လည်း ၊ အန္တိမ နောက်ဆုံးရည်မှန်းချက် မဟုတ်သေး ။ ယင်းအန္တိမ ရည်မှန်းချက်သည်ကား မအိုမနာမသေသော ခန္ဓာကိုယ်ကို ရရှိရေးပင် ဖြစ်သည် ။

အတော်အတန် ကြိုးပမ်းအားထုတ်ပြီးသောအခါ မြန်မာအဂ္ဂိရတ် သမားသည် ပထမအဆင့်ကို ရောက်လာပြီ ၊ အခြေခံသတ္တုကို အဖိုးတန် သတ္တုအဖြစ်သို့ ပြောင်းနိုင်ပြီ ဖြစ်သည် ။ ယင်းမှရသော ရလဒ်တို့ကို သုံး၍ သတ္တုနှင့် သတ္တုဓာတ်ပေါင်းတို့ကို အမျိုးမျိုးစမ်းသပ်၍ ပြဒါးရှင်လုံး ရသည်အထိ ကြိုးပမ်းပြန်သည် ။ ယင်းကို ပိုင်ဆိုင်ပါက လေထဲတွင်ပျံနိုင်သည် ။ ရေထဲသို့သာမက မြေထဲသို့ပါ လျှိုးဝင်နိုင်သည် ။ သူ့ကိုယ်ပေါ်တွင် ယင်းရှိနေသမျှ သူ့ကို အနာတရဖြစ်အောင် မည်သူမျှမလုပ်နိုင် ။ သူ့ကိုယ်ပေါ်တွင် ရှိနေသည်ဆိုရာတွင် ပါးစပ်ထဲ ၊ ဆံထုံးထဲ ၊ လက်ကတီးချိုင်းအောက်ထဲ စသည်တို့တွင် ရှိနေခြင်းကို ဆိုသည် ။ မောပန်းနွမ်းနယ်ခြင်းလည်း မရှိ ၊ ရောဂါကပ်ရောက်ခြင်းလည်း မရှိတော့ပေ ။ ထိုသို့ဖြစ်နေသည့်တိုင်အောင် သူ့ခန္ဓာကိုယ်မှာ သာမန်လူသားတစ်ဦး၏ ခန္ဓာကိုယ်အတိုင်းပင် ဖြစ်ကာ ၊ အထက်ပါစွမ်းအင်များကို ပြဒါးရှင်လုံးက ပိုင်ဆိုင်နေခြင်းသာ ဖြစ်သည် ။ ထိုပြဒါးရှင်လုံးနှင့် ထိရုံမျှဖြင့် ခဲကို ငွေ ၊ ကြေးကို ရွှေ ဖြစ်စေ နိုင်သည် ။

ဤအစွမ်းများကိုရရန်မှာ ပြဒါးရှင်လုံးကို မိမိလက်ဝယ်တွင် ထားရှိရုံမျှသာ လိုအပ်ပြီး ၊ မိမိကိုယ်တိုင်ရှာဖွေတွေ့ရှိရန် မလိုအပ် ။ တစ်ယောက်ယောက်က ရှာဖွေတွေ့ရှိပြီဆိုလျှင် သူ့ထံမှ လုယူပါ ။ မကောင်းဆိုးဝါးများနှင့် ပြိုင်ဖက်မှော်ဆရာများ ပေါ်လာလေသည် ။ ပြဒါးရှင်လုံးနှင့် ပတ်သက်သော မြန်မာ့ကျေးလက်ပုံပြင်များ အများအပြားပင် ရှိသည် ။ ရာဇဝင်များတွင်လည်း ဘင်္ဂလားမှ ကုလားမင်းသားတစ်ပါးက မြန်မာမင်းသမီးတစ်ဦးထံ ကောင်းကင်ခရီးမှ ပျံလာပြီး နေ့စဉ် လူပျိုလာလှည့် သည်ဟု ပါသည် ။ ယင်းသည် အဂ္ဂိရတ်သမားတစ်ဦးကား မဟုတ် ။ တစ်နည်းနည်းဖြင့် ပြဒါးရှင်လုံးကို ရရှိထားသည် ။ ထိုပြဒါးရှင်လုံးကို ပါးစပ်အတွင်းတွင် ငုံထားရုံမျှဖြင့် လေထဲတွင် ပျံနိုင်ခဲ့သည် ။

ဤပြဒါးရှင်လုံးကို ရပြီးသော်လည်း အဂ္ဂိရတ်သမားသည် ယင်းကို သုံးစွဲ၍ လက်တွေ့စမ်းသပ်မှုများ ဆက်လက်လုပ်ဆောင်နေရသည် ။ သူ့ခန္ဓာကိုယ်ကို လူသာမန်တို့ထက် ထူးကဲသော လူလွန်သားဖြစ်စေမည့် သတ္တု ဓာတ်ပေါင်းများကို ရရန် ဆက်လက် စူးစမ်းရှာဖွေနေရသည် ။ ယင်းတို့ကို ဖော်ထုတ်ရရှိပါက တတိယအဆင့်သို့ ရောက်ပြီ ဖြစ်သည် ။ လူလွန်သား ဖြစ်ရန်အတွက် ယင်းဆေးဓာတ်ပေါင်းများကို ဆေးသောက်သလို သောက် ရှိရုံဖြင့် မဖြစ်နိုင် ၊ ကိုယ်ခန္ဓာထဲတွင် စိမ့်ဝင်သွားအောင် ပြုလုပ်ရန် လိုသည် ။

ပထမဦးစွာ သောက်ချလိုက်ရသည် ။ ထိုအခါ သူ့ကိုယ်သည် လူသေကဲ့သို့ ဖြစ်သွားသည် ။ ထို့နောက် ခုနစ်ရက်လုံးလုံး မြှုပ်နှံထားရန် လိုသည် ။ ထိုရက်အတွင်း အဖော်ခံရပါက ယာယီအသေမှ အမြဲတမ်းအသေအဖြစ်သို့ ပြောင်းသွားမည် ဖြစ်သည် ။ ထို့ပြင် ဤကာလအတွင်းတွင် သူ့ရန်သူ မကောင်းဆိုးဝါးများ နှင့် မှော်ဆရာများပြုသမျှ နုရမည့်ဘဝတွင်ရှိနေသည် ။ မကောင်းဆိုးဝါးများက မနာလိုစိတ်နှင့် အကျိုးပျက်စီးအောင် နှောင့်ယှက်လိုခြင်းမျှသာ ဖြစ်သော်လည်း ၊ မှော်ဆရာများကမူ သူ့ကိုယ်ခန္ဓာကို စားလိုသောကြောင့် ရှာဖွေနေခြင်းဖြစ်သည် ။ သူ့ကိုယ်ခန္ဓာမှာ အကောင်းဆုံးနံ့သာများဖြင့် မွှေးနေပြီး စား၍လည်း အရသာရှိလှရုံမျှမက ၊ စားပါကသဘာဝ အင်အားများ ရနိုင်သောကြောင့် ဖြစ်သည် ။ သထုံပြည်တွင် မှော်ပညာ လေ့လာနေသော သူတို့ဆရာရဟန်းက စားရန်ပြင်နေသည့် အဂ္ဂိရတ် တစ်ဦး၏ အကောင်ကို စားမိသဖြင့် အစွမ်းသတ္တိထူးများ ရရှိခဲ့သော လူစွမ်းကောင်းနှစ်ယောက်၏ အကြောင်းကို ရာဇဝင်တို့ တွင် ဖော်ပြထားသည် ။

သို့ဖြစ်ရာ အဂ္ဂိရတ်သမားတစ်ဦး လိုအပ်သော ဆေးပေါင်းကို ရလျှင် ပထမဦးစွာ လုပ်ရသည်မှာ လူယုံတပည့်တစ်ဦးကို ရှာရန်ဖြစ်သည် ။ ထိုတပည့်သည် လူသူဝေးရာ တောထဲသို့သွားပြီး သူ့ဆရာကို မြေတွင် မြုပ်နှံခြင်း ၊ စောင့်ကြပ်ခြင်း ၊ မှော်ဆရာများနှင့် မကောင်းဆိုးဝါးများကို ခြောက်နှင်ခြင်း စသည့် တာဝန်များကို ထမ်းဆောင်ရသည် ။

ထိုသို့သစ္စာ ရှိသော တပည့်ကိုရလျှင် ကျင်းတစ်ကျင်း တူးခိုင်းသည် ။ ဓာတ်ပေါင်းဆေးဝါး များကိုမြိုချပြီး မြေကျင်းထဲသို့ ဆင်းသွားရာ တပည့်က မြေပြန်ဖို့ ထားရသည် ။ ခုနစ်ရက်ကြာသောအခါ ထိုအဂ္ဂိရတ်သမားသည် မြေကျင်းထဲမှ သူ့ဘာသာသူ ခုန်ပျံထွက်လာသည် ။ ယခုအခါ သူသည် လုံးဝပြီးပြည့်စုံသော အဂ္ဂိရတ်သမား ဇော်ဂျီဘဝသို့ ရောက်သွားပြီ ဖြစ်သည် ။

ပြဒါးရှင်လုံးတွင် ရှိသမျှသော စွမ်းအင်တို့သည် သူ့ကိုယ်တွင်းသို့ ရောက်သွားပြီ ဖြစ်ရာ သူ့အဖို့ မလိုအပ်တော့ပေ ။ သစ္စာရှိသောတပည့်ကို ပြဒါးရှင်လုံးကို ဆုအဖြစ် ပေးကာ တောထဲသို့ ဝင်သွားလေသည် ။ လူ့လောကသို့ တစ်ခါတစ်ရံမှသာ ပြန်လာပေတော့သည် ။

သူ့ခန္ဓာကိုယ်မှာ သဘာဝလွန် စွမ်းအားများ ရရှိပြီ ဖြစ်၍ သူအလိုရှိသလို လေထဲ မြေထဲတွင် သွားလာနိုင်ပြီ ၊ မောပန်းခြင်းလည်း မရှိတော့ ၊ မွတ်သိပ်ခြင်းလည်း မရှိတော့ပြီ ၊ သေသည်အထိ နုပျိုနေပြီး သေခြင်းဆိုသည်မှာလည်း အနှစ်ထောင်သောင်းကြာမှ ရောက်လာမည် ဖြစ်သည် ။ အရာခပ်သိမ်းသည် မမြဲသောသဘောရှိသည်ဆိုသည့် ဗုဒ္ဓဝါဒ မရောက်မီကဆိုလျှင် ထိုသို့ လုံးဝ အောင်မြင်သော အဂ္ဂိရတ်သမားတစ်ဦးသည် ထာဝရ နုပျိုသော ကိုယ်ခန္ဓာဖြင့် ထာဝရ အသက်ရှင် နေနိုင်သည်ဟု ယုံကြည်ခဲ့ကြသည် ။ ဗုဒ္ဓဝါဒသည် မြန်မာ့အဂ္ဂိရတ်သမားတို့သို့ သြဇာ သက်ရောက်လာသောအခါ သေခြင်းကား မလွှဲမရှောင်သာ ၊ အဂ္ဂိရတ် အောင်မြင်ပြီးသူပါ မကျန် သေရမည်သာ ၊ သို့သော် ရောဂါဖြင့်မသေ ၊ အိုမင်းယိုယွင်းပြီး မသေဟု ယူဆလာကြ၏ ။

#htoohtoolay

Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...