အဂ္ဂိရတ်ပညာ
ပေါက်ဖွားလာခြင်း နှင့် အဂ္ဂိရတ်ပညာရှင်၏ ရည်မှန်းချက်
-----
အဂ္ဂိရတ်ဆိုင်ရာ
လက်တွေ့စမ်းသပ်ခြင်းများ၏ ဌာနမှာ အိန္ဒိယ နိုင်ငံဖြစ်သည်ဟု ထင်မြင်ရသည် ။ ထိုမှ
အနောက်ဘက် အာရပ် ၊ အီဂျစ် ဂရိသို့ ၊ ထိုမှ အလယ်ခေတ်တွင် ဥရောပတိုင်အောင် ၊
အရှေ့ဘက်တွင် မြန်မာနှင့် ထိုထက်ပို၍ အရှေ့ကျသော တရုတ်တိုင်အောင် ပျံ့နှံ့သွားလေသည်
။ ၅ ရာစုခန့်သို့ ရောက်သော် အဂ္ဂိရတ်ပညာကို မြန်မာ နှင့် တရုတ် နိုင်ငံတို့တွင်
လေ့လာလိုက်စားနေကြပြီး ကမ္ဘာနှင့်ချီ၍ အရတ်ပညာ ခေတ်ကောင်းခဲ့သည်မှာ ၅ရာစုမှ
၁၆ရာစုအတွင်းတွင် ဖြစ်သည် ။ ခေတ်သစ် သိပ္ပံပညာ ထွန်းကားလာသည်နှင့်အမျှ အဂ္ဂိရတ်ပညာလည်း
ဆုတ်ယုတ် လာခဲ့သည် ။ မြန်မာနိုင်ငံတွင်ကား ၅ ရာစုမှ ၁၁ ရာစုအတွင်း အဂ္ဂိရတ်ပညာ
ခေတ်ကောင်းခဲ့ရာ ဘာသာအယူဝါဒတစ်ရပ်နီးပါး ဖြစ်ခဲ့သည် ။ ၁၁ ရာစုတွင် ဗုဒ္ဓဘာသာ
ရောက်ရှိလာပြီးနောက် အဂ္ဂိရတ်ပညာ၏ လူကြိုက်များမှုမှာ ဆုတ်ယုတ်လာခဲ့သည် ။
ဗုဒ္ဓဘာသာသည် အဂ္ဂိရတ်ပညာကို မျက်နှာသာ လုံးဝမပေးသောကြောင့် ဖြစ်သည် ။ ထို့ကြောင့်
၁၁ ရာစုနောက်ပိုင်း မှစ၍ အဂ္ဂိရတ်ပညာယိုယွင်းလာရာ လုံးဝ အမြစ်ပြတ် မသွားသော်လည်း (
ယနေ့တိုင် လိုက်စားနေကြသူတို့ ရှိနေဆဲ ) ဗုဒ္ဓဘာသာ ကိုကား မယှဉ် တော့ပေ ။
အဂ္ဂိရတ်ပညာရှင်၏
ရည်မှန်းချက် -
အဂ္ဂိရတ်ဆိုသည်မှာ
မီးနှင့်လုပ်သောအလုပ်ဟု အဓိပ္ပာယ်ရသည် ။ ဤစကားသည်ပင် အဂ္ဂိရတ်ပညာ၏ အနှစ်ချုပ်ပင်
ဖြစ်သည် ။ အကြောင်းမှာ ဤပညာ၌ သတ္တုတို့ကို ပြောင်းလဲသွားစေရန် မီးကိုသုံး၍
ကြိုးပမ်းရ သောကြောင့် ဖြစ်သည် ။ အခြေခံသတ္တုများကို အဖိုးတန်သတ္တုများဖြစ်အောင်
ကြိုးပမ်းခြင်းမှာ မြန်မာအရတ်သမားတို့သာမက တစ်ကမ္ဘာလုံးမှ အဂ္ဂိရတ် သမားတို့ပါ
လုပ်ဆောင်ကြသောလမ်းစဉ် ဖြစ်သည် ။
သို့သော်
မြန်မာ အဂ္ဂိရတ်သမားတို့တွင် ထိုထက်ပို၍ လေးနက်သော သဘောတရားအခြေခံ ရှိသည် ။ လေးနက်လွန်းသဖြင့်
တစ်ချိန်က ဘာသာအယူဝါဒတစ်ရပ် နီပါးမှု ထွန်းကားခဲ့ပေသည် ။ ခဲကို ငွေ ၊ ကြေးကို ရွှေ
ဖြစ်စေခြင်းသည် မြန်မာ့ အဂ္ဂိရတ်ပညာ၏ ရည်မှန်းချက်ကြီးသို့ သွားရာလမ်း၏
ပထမခြေလှမ်း မျှသာ ရှိသေးသည် ။ ထိုရည်မှန်းချက်ကြီးမှာ သတ္တုရှင်လုံး (
ပြဒါးရှင်လုံး ) ကို ရအောင် စမ်းသပ်မှုများကို ဆက်လုပ်ရန် ဖြစ်သည် ။ ယင်းသည်လည်း ၊
အန္တိမ နောက်ဆုံးရည်မှန်းချက် မဟုတ်သေး ။ ယင်းအန္တိမ ရည်မှန်းချက်သည်ကား
မအိုမနာမသေသော ခန္ဓာကိုယ်ကို ရရှိရေးပင် ဖြစ်သည် ။
အတော်အတန်
ကြိုးပမ်းအားထုတ်ပြီးသောအခါ မြန်မာအဂ္ဂိရတ် သမားသည် ပထမအဆင့်ကို ရောက်လာပြီ ၊
အခြေခံသတ္တုကို အဖိုးတန် သတ္တုအဖြစ်သို့ ပြောင်းနိုင်ပြီ ဖြစ်သည် ။ ယင်းမှရသော
ရလဒ်တို့ကို သုံး၍ သတ္တုနှင့် သတ္တုဓာတ်ပေါင်းတို့ကို အမျိုးမျိုးစမ်းသပ်၍
ပြဒါးရှင်လုံး ရသည်အထိ ကြိုးပမ်းပြန်သည် ။ ယင်းကို ပိုင်ဆိုင်ပါက လေထဲတွင်ပျံနိုင်သည်
။ ရေထဲသို့သာမက မြေထဲသို့ပါ လျှိုးဝင်နိုင်သည် ။ သူ့ကိုယ်ပေါ်တွင် ယင်းရှိနေသမျှ
သူ့ကို အနာတရဖြစ်အောင် မည်သူမျှမလုပ်နိုင် ။ သူ့ကိုယ်ပေါ်တွင် ရှိနေသည်ဆိုရာတွင်
ပါးစပ်ထဲ ၊ ဆံထုံးထဲ ၊ လက်ကတီးချိုင်းအောက်ထဲ စသည်တို့တွင် ရှိနေခြင်းကို ဆိုသည် ။
မောပန်းနွမ်းနယ်ခြင်းလည်း မရှိ ၊ ရောဂါကပ်ရောက်ခြင်းလည်း မရှိတော့ပေ ။
ထိုသို့ဖြစ်နေသည့်တိုင်အောင် သူ့ခန္ဓာကိုယ်မှာ သာမန်လူသားတစ်ဦး၏ ခန္ဓာကိုယ်အတိုင်းပင်
ဖြစ်ကာ ၊ အထက်ပါစွမ်းအင်များကို ပြဒါးရှင်လုံးက ပိုင်ဆိုင်နေခြင်းသာ ဖြစ်သည် ။
ထိုပြဒါးရှင်လုံးနှင့် ထိရုံမျှဖြင့် ခဲကို ငွေ ၊ ကြေးကို ရွှေ ဖြစ်စေ နိုင်သည် ။
ဤအစွမ်းများကိုရရန်မှာ
ပြဒါးရှင်လုံးကို မိမိလက်ဝယ်တွင် ထားရှိရုံမျှသာ လိုအပ်ပြီး ၊ မိမိကိုယ်တိုင်ရှာဖွေတွေ့ရှိရန်
မလိုအပ် ။ တစ်ယောက်ယောက်က ရှာဖွေတွေ့ရှိပြီဆိုလျှင် သူ့ထံမှ လုယူပါ ။
မကောင်းဆိုးဝါးများနှင့် ပြိုင်ဖက်မှော်ဆရာများ ပေါ်လာလေသည် ။ ပြဒါးရှင်လုံးနှင့်
ပတ်သက်သော မြန်မာ့ကျေးလက်ပုံပြင်များ အများအပြားပင် ရှိသည် ။ ရာဇဝင်များတွင်လည်း
ဘင်္ဂလားမှ ကုလားမင်းသားတစ်ပါးက မြန်မာမင်းသမီးတစ်ဦးထံ ကောင်းကင်ခရီးမှ ပျံလာပြီး
နေ့စဉ် လူပျိုလာလှည့် သည်ဟု ပါသည် ။ ယင်းသည် အဂ္ဂိရတ်သမားတစ်ဦးကား မဟုတ် ။ တစ်နည်းနည်းဖြင့်
ပြဒါးရှင်လုံးကို ရရှိထားသည် ။ ထိုပြဒါးရှင်လုံးကို ပါးစပ်အတွင်းတွင်
ငုံထားရုံမျှဖြင့် လေထဲတွင် ပျံနိုင်ခဲ့သည် ။
ဤပြဒါးရှင်လုံးကို
ရပြီးသော်လည်း အဂ္ဂိရတ်သမားသည် ယင်းကို သုံးစွဲ၍ လက်တွေ့စမ်းသပ်မှုများ ဆက်လက်လုပ်ဆောင်နေရသည်
။ သူ့ခန္ဓာကိုယ်ကို လူသာမန်တို့ထက် ထူးကဲသော လူလွန်သားဖြစ်စေမည့် သတ္တု
ဓာတ်ပေါင်းများကို ရရန် ဆက်လက် စူးစမ်းရှာဖွေနေရသည် ။ ယင်းတို့ကို ဖော်ထုတ်ရရှိပါက
တတိယအဆင့်သို့ ရောက်ပြီ ဖြစ်သည် ။ လူလွန်သား ဖြစ်ရန်အတွက်
ယင်းဆေးဓာတ်ပေါင်းများကို ဆေးသောက်သလို သောက် ရှိရုံဖြင့် မဖြစ်နိုင် ၊
ကိုယ်ခန္ဓာထဲတွင် စိမ့်ဝင်သွားအောင် ပြုလုပ်ရန် လိုသည် ။
ပထမဦးစွာ
သောက်ချလိုက်ရသည် ။ ထိုအခါ သူ့ကိုယ်သည် လူသေကဲ့သို့ ဖြစ်သွားသည် ။ ထို့နောက်
ခုနစ်ရက်လုံးလုံး မြှုပ်နှံထားရန် လိုသည် ။ ထိုရက်အတွင်း အဖော်ခံရပါက ယာယီအသေမှ
အမြဲတမ်းအသေအဖြစ်သို့ ပြောင်းသွားမည် ဖြစ်သည် ။ ထို့ပြင် ဤကာလအတွင်းတွင် သူ့ရန်သူ
မကောင်းဆိုးဝါးများ နှင့် မှော်ဆရာများပြုသမျှ နုရမည့်ဘဝတွင်ရှိနေသည် ။ မကောင်းဆိုးဝါးများက
မနာလိုစိတ်နှင့် အကျိုးပျက်စီးအောင် နှောင့်ယှက်လိုခြင်းမျှသာ ဖြစ်သော်လည်း ၊
မှော်ဆရာများကမူ သူ့ကိုယ်ခန္ဓာကို စားလိုသောကြောင့် ရှာဖွေနေခြင်းဖြစ်သည် ။
သူ့ကိုယ်ခန္ဓာမှာ အကောင်းဆုံးနံ့သာများဖြင့် မွှေးနေပြီး စား၍လည်း
အရသာရှိလှရုံမျှမက ၊ စားပါကသဘာဝ အင်အားများ ရနိုင်သောကြောင့် ဖြစ်သည် ။
သထုံပြည်တွင် မှော်ပညာ လေ့လာနေသော သူတို့ဆရာရဟန်းက စားရန်ပြင်နေသည့် အဂ္ဂိရတ်
တစ်ဦး၏ အကောင်ကို စားမိသဖြင့် အစွမ်းသတ္တိထူးများ ရရှိခဲ့သော လူစွမ်းကောင်းနှစ်ယောက်၏
အကြောင်းကို ရာဇဝင်တို့ တွင် ဖော်ပြထားသည် ။
သို့ဖြစ်ရာ
အဂ္ဂိရတ်သမားတစ်ဦး လိုအပ်သော ဆေးပေါင်းကို ရလျှင် ပထမဦးစွာ လုပ်ရသည်မှာ
လူယုံတပည့်တစ်ဦးကို ရှာရန်ဖြစ်သည် ။ ထိုတပည့်သည် လူသူဝေးရာ တောထဲသို့သွားပြီး
သူ့ဆရာကို မြေတွင် မြုပ်နှံခြင်း ၊ စောင့်ကြပ်ခြင်း ၊ မှော်ဆရာများနှင့်
မကောင်းဆိုးဝါးများကို ခြောက်နှင်ခြင်း စသည့် တာဝန်များကို ထမ်းဆောင်ရသည် ။
ထိုသို့သစ္စာ
ရှိသော တပည့်ကိုရလျှင် ကျင်းတစ်ကျင်း တူးခိုင်းသည် ။ ဓာတ်ပေါင်းဆေးဝါး များကိုမြိုချပြီး
မြေကျင်းထဲသို့ ဆင်းသွားရာ တပည့်က မြေပြန်ဖို့ ထားရသည် ။ ခုနစ်ရက်ကြာသောအခါ ထိုအဂ္ဂိရတ်သမားသည်
မြေကျင်းထဲမှ သူ့ဘာသာသူ ခုန်ပျံထွက်လာသည် ။ ယခုအခါ သူသည် လုံးဝပြီးပြည့်စုံသော
အဂ္ဂိရတ်သမား ဇော်ဂျီဘဝသို့ ရောက်သွားပြီ ဖြစ်သည် ။
ပြဒါးရှင်လုံးတွင်
ရှိသမျှသော စွမ်းအင်တို့သည် သူ့ကိုယ်တွင်းသို့ ရောက်သွားပြီ ဖြစ်ရာ သူ့အဖို့
မလိုအပ်တော့ပေ ။ သစ္စာရှိသောတပည့်ကို ပြဒါးရှင်လုံးကို ဆုအဖြစ် ပေးကာ တောထဲသို့
ဝင်သွားလေသည် ။ လူ့လောကသို့ တစ်ခါတစ်ရံမှသာ ပြန်လာပေတော့သည် ။
သူ့ခန္ဓာကိုယ်မှာ
သဘာဝလွန် စွမ်းအားများ ရရှိပြီ ဖြစ်၍ သူအလိုရှိသလို လေထဲ မြေထဲတွင် သွားလာနိုင်ပြီ
၊ မောပန်းခြင်းလည်း မရှိတော့ ၊ မွတ်သိပ်ခြင်းလည်း မရှိတော့ပြီ ၊ သေသည်အထိ
နုပျိုနေပြီး သေခြင်းဆိုသည်မှာလည်း အနှစ်ထောင်သောင်းကြာမှ ရောက်လာမည် ဖြစ်သည် ။
အရာခပ်သိမ်းသည် မမြဲသောသဘောရှိသည်ဆိုသည့် ဗုဒ္ဓဝါဒ မရောက်မီကဆိုလျှင် ထိုသို့
လုံးဝ အောင်မြင်သော အဂ္ဂိရတ်သမားတစ်ဦးသည် ထာဝရ နုပျိုသော ကိုယ်ခန္ဓာဖြင့် ထာဝရ
အသက်ရှင် နေနိုင်သည်ဟု ယုံကြည်ခဲ့ကြသည် ။ ဗုဒ္ဓဝါဒသည် မြန်မာ့အဂ္ဂိရတ်သမားတို့သို့
သြဇာ သက်ရောက်လာသောအခါ သေခြင်းကား မလွှဲမရှောင်သာ ၊ အဂ္ဂိရတ် အောင်မြင်ပြီးသူပါ
မကျန် သေရမည်သာ ၊ သို့သော် ရောဂါဖြင့်မသေ ၊ အိုမင်းယိုယွင်းပြီး မသေဟု ယူဆလာကြ၏ ။
#htoohtoolay

Comments
Post a Comment