Skip to main content

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ
-----
ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမှသာလျှင် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ဟု ခေါ်ဆိုနိုင်သော တတိယအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ပေသည် ။

ထို့ကြောင့် မရဏ ထုံကူးသောအခါတွင် အခရာဖြစ်သည့် ရုပ်ခန္ဓာကိုယ်မှ လိပ်ပြာခန္ဓါ​ခေါ် “ ကား ” ခန္ဓာကို ထွက်ခွာနိုင်သော လိပ်ပြာလွှင့် ၊ လိပ်ပြာခွာနည်းကို တတိယအဆင့် မတက်မီကပင် သဘောတရားနှင့် လက်တွေ့နှစ်ရပ်ပေါင်းကို ကြိုတင်လေ့ကျင့် သင်ကြားထားရမည် ။

လိပ်ပြာလွင့်ခြင်းသည် လေယာဉ်မှူးကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် ဆင်တူသည် ။ လေယာဉ်မောင်းပညာကို လေယာဉ်မှူးလောင်းတို့အား သင်ကြားသောအခါ လေယာဉ်စက်ပိုင်းနှင့် ပျံသန်းခြင်းဟူ၍ နှစ်ပိုင်းရှိသည် ။ လေယာဉ်တည်ဆောက်ပုံ ၊ လေထဲတွင် ရွေ့ လျားနိုင်ပုံ ၊ စက်ကိရိယာများ၏ အစွမ်းသတ္တိနှင့် မည်သို့ကိုင်တွယ် ထိမ်းသိမ်းရသည်တို့ကို သင်ကြားရသည် ။

လေယာဉ်နှင့် စက်ကိရိယာအကြောင်းကို သဘောတရားအားဖြင့် လည်းကောင်း ၊ ပုံစံငယ်များကို လက်တွေ့ကိုင်တွယ်ပြီး မြေပေါ်ရှိ လေယာဉ်တွင်ထိုင်ပြီး ကောင်းကင်တွင် ပျံသန်းရသည့်အလား လက်တွေ့ မောင်းနှင့် ကိုင်တွယ်ရသည် ။

ကောင်းကင်တွင် ပျံသန်းရေးအတွက် စက်မဲ့လေယာဉ် ဂလိုက်ဒါဖြင့် တက်ပုံ ၊ ဆင်းပုံ ၊ ကွေ့ပုံ ၊ ဂျွမ်းထိုးပုံ ၊ ဝဲပုံ ၊ လေဟုန်စီးပုံ ၊ လေတိုက်နှုန်း ၊ ရာသီဥတု ၊ မြေအနိမ့်အမြင့် စသည်တို့ကို တစ်ဖန် လေ့ကျင့်ရသည် ။

ယင်းသို့ လေ့ကျင့်သင်ကြားမှ နှစ်မျိုးစလုံး တတ်မြောက် သောအခါ လေယာဉ် အစစ်ဖြင့် ကောင်းကင် တွင် လက်တွေ့ ပျံသန်း လေ့ကျင့်ပြီး ကျွမ်းကျင်သောအခါမှသာလျှင် လေယာဉ်မှူးဖြစ်လာသည် ။

ထို့အတူပင် လိပ်ပြာလွင့်ရာတွင်လည်း ရုပ်ခန္ဓာ ၊ လိပ်ပြာခန္ဓတို့အကြောင်းကို သဘောတရားအားဖြင့်လည်းကောင်း လက်တွေ့အား ဖြင့်လည်းကောင်း လေ့လာရသည် ။

တစ်ဖန် ကောင်းကင် အာကာသတွင် လိပ်ပြာဖြင့် လိုရာသို့ ပျံသန်းနိုင်ရေးအတွက်လည်း လေ့ကျင့်ရသည် ။

ရုပ်ခန္ဓာနှင့် လိပ်ပြာခန္ဓာသည် မိတ္တူခန္ဓါများ ဖြစ်သည် ။ ရုပ်ခန္ဓာသည် ရုပ်လောကတွင် ကျက်စား သွားလာနိုင်သကဲ့သို့ ပရလောကတွင် လိပ်ပြာခန္ဓါဖြင့် ကျက်စားသွား လာနိုင်သည် ။

တစ်နည်းအားဖြင့် ရှေးမြန်မာ မိရိုးဖလားပညာဖြစ်သော ရုပ်ပြောင်း နာမ်​ပြောင်း ပညာသည် စင်စစ်အားဖြင့် လိပ်ပြာခန္ဓာဖြင့် ပရလောကသို့ ဝင်ရောက်ကျက်စားသော လိပ်ပြာလွင့် ပညာဖြစ်သည် ။

ကာလရှည်ကြာသောအခါ ဤပညာမှာ နာမည်သာကျန်ပြီး လက်တွေ့ကျင့်ကြံမှုများ ကွယ်ပျောက်မတတ် ဖြစ်သွားသည် ။

လိပ်ပြာခန္ဓါကို ရုပ်ကြမ်းခန္ဓာမှ ထွက်ခွာရန် နည်းလမ်းများစွာ ရှိသည်ကို လေ့လာရသည် ။

ယင်းနည်းလမ်းများမှာ မူးယစ် ဆေးဝါးဖြင့်လည်းကောင်း ၊ မန္တာန်ဖြင့် လည်းကောင်း ၊ လည်ပင်းရှိ ​မေ့​ကြောကို အတိုင်းအဆဖြင့် နှိပ်ခြင်းဖြင့်လည်းကောင်း ၊ သမာဓိအားကို အသုံးပြုခြင်းဖြင့်လည်းကောင်း အသုံးပြုကြသည် ။

အထက်လမ်း ထွက်ရပ်ပညာတွင် သမာဓိစွမ်းအား စေစားသော နည်းကိုသာ အသုံးပြုပြီး ကျန်နည်းလမ်းများကို အောက်လမ်းပညာတွင် အသုံးပြုကြသည် ။

ရုပ်ခန္ဓာမှ လိပ်ပြာ ထွက်ခွာသောအခါ မည်သည့်ခန္ဓာကိုယ် အစိတ်အပိုင်းမှ ခွာရသည် ။ ယင်း ခန္ဓာကိုယ် အစိတ်အပိုင်းရှိ ချက္ကရများကို လိပ်ပြာခန္ဓာခွာရန်အတွက် အသင့်ဖြစ်အောင် မည်သို့ လေ့ကျင့်ထားရမည် ။ ခွာထွက်သောအချိန်နှင့် ရုပ်ခန္ဓာသို့ လိပ်ပြာခန္ဓာ ဝင်သော အခါတွင် မည်သို့ အရှိန်ယူရမည် ၊ အရှိန်သတ်ရသည်တို့ကို လေ့ကျင့်သင်ကြားရသည် ။

တစ်ဖန် ပရလောကတွင်းသို့ လိပ်ပြာခန္ဓာ ဝင်ရောက်သွားသောအခါ တကယ် ရုပ်လောကနှင့် ပရလောကကို မည်သို့ခွဲခြားရမည်ကိုလည်း သတိထားရမည် ။

ပရလောကတွင် လိပ်ပြာခန္ဓာ ရောက်သွားသောအခါ တွေ့ရတတ်သောအခြေအနေ အမျိုးမျိုးကို သိရုံမျှမက ယင်းအခြေအနေတို့မှ မည်သို့မည်ပုံ ထွက်ခွာရမည် ၊ ရှောင်တိမ်းရမည်ကို လေ့ကျင့်ရသည် ။

ဥပမာ - လေးဘက်လေးတန် မှန်ချပ်ကြီးများဖြင့် အလုံပိတ်နေသောအခန်း သို့မဟုတ် နေရာမှ လိပ်ပြာခန္ဓာ မည်သို့ ထွက်ရမည် ။ ဆီးနှင်းမုန်တိုင်း လျှပ်စီးများအတွင်း ရောက်သွားသောအခါ မည်သို့ရှောင်တိမ်းရမည် စသည်တို့ကို နေ့စဉ် လက်တွေ့ လိပ်ပြာ လွင့်၍ လေ့လာရသည် ။

ဤသို့ ပရလောကသို့ လိပ်ပြာခန္ဓာဖြင့် ရောက်ရှိသွားသောအခါ ရုပ်ခန္ဓာဦးနှောက် မှတ်ညာဏ်ဖြင့် မလုံလောက်တော့ချေ ။ ထို့ကြောင့် ပရလောကတွင် အစွမ်းထက်လှသော အလင်းဓာတ်အကြောင်း ၊ အသံလှိုင်း၏စွမ်းအင်တို့ကို အသုံးပြုနိုင်ရန်အတွက် အလင်းနှင့် အသံစွမ်းအင်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် လေ့ကျင့်သင်ကြားရသည် ။

ရုပ်ခန္ဓာနှင့် လိပ်ပြာနှောသည့် သာမန်အချိန်များတွင် နှစ်ကိုယ့်တစ်စိတ် ပူးတွဲ နေသော်လည်း လိပ်ပြာခန္ဓာသည် အိပ်သောအချိန်နှင့် သေသောအချိန်တွင် ရုပ်ခန္ဓာမှ ထွက်ခွာသွားသည် ။

အိပ်သောအချိန်တွင် ထွက်ခွာသွားသော လိပ်ပြာခန္ဓာနှင့် ရုပ်ခန္ဓာတို့သည် ငွေကြိုး ခေါ် အလင်းဓာတ်ကြိုးဖြင့် ဆက်ထားပြီး နိုးသောအချိန်တွင် လိပ်ပြာခန္ဓာသည် ရုပ်ခန္ဓာ ကိုယ်အတွင်းသို့ ယင်းအလင်းဓာတ်ကြိုးအတိုင်း ပြန်ဝင်လာသည် ။

သေသော အခါတွင်ကား ရုပ်ခန္ဓာမှ လိပ်ပြာခန္ဓာ ထွက်သွားပြီးနောက်ပြန်မဝင်တော့ခြင်း ဖြစ်သည် ။

ဤသို့ လိပ်ပြာခန္ဓာ အပြီးထွက်သွားခြင်းကို မရဏ သေခြင်းဟုခေါ်သည် ။ ထို့ကြောင့် မရဏထုံကူးသောအခါ လိပ်ပြာခန္ဓာသည် ခေတ္တယာယီ ထွက်ခွာ သွားရသဖြင့် ခေတ္တယာယီ မရဏ သေခြင်းဖြစ်သွားသောကြောင့် မရဏထုံဟု ခေါ်ခြင်း ဖြစ်သည် ။

လိပ်ပြာလွှင့်ရာတွင် အခက်ခဲဆုံးမှာ မိမိတစ်သက်လုံး ငါဟု အရိုးစွဲအောင် ၊ ထင်ထားသော ရုပ်နာမ်ကို စွန့်ခွာရန်ဖြစ်သည် ။ တစ်နည်းအားဖြင့် ငါဟူသော အတ္တတည်ရာ ၊ မှီရာ ၊ စွဲလမ်းရာ ရုပ်ခန္ဓာကို စွန့်ခွာခြင်းသည် မရဏ သေခြင်းဟူ၍ သက္ကာယ လူသားတို့ စွဲလမ်းထားရာ မိမိရုပ်ခန္ဓာ မှ ခွဲခွာရန်မှာ မသိစိတ်တွင် စွဲကပ်နေသော အကြောက်တရား စင်စစ်ကြီး ဖြစ်လေသည် ။

မိမိ၏ ရုပ်ခန္ဓာကို မိမိ၏ဘဝ ဟူ၍ ဘဝတဏှာ စွဲအားကြီးသော လူသားများ အဖို့ မိမိ၏ စိတ်ဆန္ဒဖြင့် ဘဝတဏှာတည်ရာ ရုပ်ခန္ဓာကြီးကို စွန့်ခွာရန်မှာ လက်တွေ့ စမ်းကြည့်မှ မည်မျှခက်ခဲသည်ကို တွေ့ရသည် ။

ထို့ကြောင့် မရဏထုံ ဆိုသည်မှာ ရုပ် ခန္ဓာ သေသွားခြင်းကို ကျော်လွန်အောင်နိုင်သော ရုပ်ခန္ဓာကို မတွယ်တာတော့ဘဲ ဝိညာဉ် လွတ်မြောက်သွားသော အခြေအနေ ဖြစ်ပေသည် ။

ထို့ကြောင့် ရုပ်ခန္ဓာသည် တစ်ဘ၀တွင် တစ်ခါရသော ယာယီခန္ဓာ ဖြစ်၍ မက်မောစရာမရှိကြောင်း ၊ ခန္ဓာယာဉ်များအတွင်း ကိန်းဝပ်နေသော ဝိညာဉ်သာလျှင် ဘုရား၏ အလင်းဓာတ် ပရမတ်စစ် ဖြစ်ကြောင်းကို ဆရာသျှင်က နည်းပေးသည့်အတိုင်း ဘာ၀နာ ပွားရသည် ။ ဆင်ခြင်ရသည် ။ ဤသို့ အားထုတ်ရသည်မှာ နှစ်ရှည်လများ ကြာလာသောအခါ တရားကိုလည်း ပိုင် ၊ ဘဝတဏှာကိုလည်း စွန့်လွှတ်နိုင်သောအခါမှသာ မရဏထုံခေါ် တတိယအဆင့်ကို တက်လှမ်းရခြင်း ဖြစ်သည် ။

မရဏထုံဟု ခေါ်ရခြင်းမှာ အနိမ့်စား ဘဝတဏှာများ ခိုအောင်းရာ ရုပ်ခန္ဓာကို စွန့်လွှတ်ခြင်းဖြင့် ရုပ်ခန္ဓါ ​သေ​သောအခါ ၊ ရုပ်ခန္ဓါ မရဏ ဆိုက်​သောအခါ ရုပ်ခန္ဓါထက် တစ်ဆင့်မြင့်​သော လိပ်ပြာခန္ဓါဖြင့် တစ်ဖန်ပြန်လည်အသက်ရှင်ခြင်းကို ရှင်ပြန်ထမြောက် ခြင်း ဟူ၍လည်းကောင်း ၊ ထွက်ရပ်ပေါက်ခြင်း ဟူ၍လည်းကောင်း ခေါ်ကြခြင်း ဖြစ်သည် ။

နေ့စဉ်လိုပင် လိပ်ပြာလွင့် လေ့ကျင့်ရသဖြင့် နေ့စဉ် ရုပ်ခန္ဓာမှ လိပ်ပြာခန္ဓာ ဝိညာဉ် ထွက်လိုက် ၊ ပြန်ဝင်လိုက် ။ တစ်ဖန် ပြန်ထွက်လိုက်ဖြင့် လေ့ကျင့်ဖန်များသော အခါ ရုပ်ခန္ဓာကို တွယ်တာမှု ၊ ရုပ်ခန္ဓာအား အမှီပြု၍ ဖြစ်ပေါ်သော ရမ္မက်များ တဖြည်းဖြည်း ကုန်ခန်းလာသည် ။

ရုပ်လောကထက် နာမ်လောက ၊ မနောဝိညာဉ် လောကကိုသာ အာရုံဝင်စားလာသည် ။ လူသစ်စိတ်သစ် ဖြစ်လာသည် ။ မသေသေးဘဲနှင့် သူတော်ကောင်း အဖြစ် လူဝင်စားဖြစ်လာသည် ။ အလိုလောဘများ လျော့ပါးလာပြီးလျှင် အလင်းဓာတ် ဘုရားကြီးထံမှာပင် နေရသလို ကြည်နူးလာတော့သည် ။

#htoohtoolay


Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...