Skip to main content

ကမ္ဘာဦးက စက်မှုပစ္စည်း

၁၃ ။ ကမ္ဘာဦးက စက်မှုပစ္စည်း
-----
ရဟတ်ဘီးကို ပြုလုပ်ရန် ပထမဆုံး ကြံဆတီထွင်သူသည် ဤကမ္ဘာတွင် အကြီးကျယ်ဆုံး တီထွင်သူ ဖြစ်သည်ဟု ဆိုသင့်လေသည် ။

ဤစကားကို ရှင်းရလိမ့်မည် ။

လူသည် အံ့ဖွယ်သရဲ အရာဝတ္တုတို့ကို တီထွင်ကြောင်းပြဆိုခဲ့ပြီ ။ သို့ဖြစ်လျှင် ဘီးကိုတီထွင်သည့်အတွက် ဘာကြောင့် အကြီးကျယ်ဆုံးဟု ဆိုသင့်သနည်း ဟူ၍ မေးရန် အကြောင်းရှိသည် ။ အဖြေကား ဤသို့တည်း ။

ဘီးသည် အခြားအရာများထက် အဆများစွာ အရေးကြီး သည့် အရာဖြစ်လေသည် ။ လူသည် ဦးစွာပထမ အစားအစာကို တောကြီးမျက်မည်း၌ ရှာဖွေ စားသောက်ရသည် ။ ထိုမှတစ်ဆင့် အစားအစာကို စိုက်ပျိုးသည့်အဆင့်သို့ ကမ်းလှမ်းလာခဲ့သည် ။ ဤအဆင့်ကူးပြောင်းရေးသည် လူ့သမိုင်းတွင် ခေတ် ပြောင်း တော်လှန်ရေးကြီးတစ်ခု ဖြစ်လေသည် ။ သို့သော် အစားအစာ စိုက်ပျိုးသူဘ၀နှင့်သာ လူသည် တင်းတိမ်နေခဲ့သည် မဟုတ် ။ ထိုဘဝ၌သာ ရောင့်ရဲတင်းတိမ်ခဲ့လျှင် လူ့သမိုင်းသည် ရှေ့သို့ တစ်ဆင့်တက်လိမ့်မည် မဟုတ် ။

ဘီးကို တီထွင်ခဲ့သည့်အတွက်ကြောင့်သာလျှင် လူသည် သမိုင်း မှတ်တိုင်တွင် ခြေလှမ်းသစ်တစ်လှမ်း တိုးခဲ့ရခြင်းဖြစ်လေသည် ။

ဘီးကြောင့် ကျွန်တော်တို့ နေ့စဉ်စားသောက်ရာတွင် အသုံးပြုသည့် ပန်းကန်များ ၊ ခွက်များ ပေါ်ခဲ့ရသည် ။ ဘီးက ရေတွင်းထဲမှ ရေကို မြေပြင်သို့ ရောက်အောင် ပင့် ဆောင်ပေးကာ လယ်ယာကို ရေသွင်းပေးနိုင်ခဲ့သည် ။ ဘီးသည် နွားဆွဲသည့် လှည်းတွင် ခြေထောက်များဖြစ်လာသည် ။ ထို့အတူ မီးရထား ၊ မော်တော်ကား ၊ လေယာဉ်ပျံ စသည်တို့၏ စက်များလည်း ဖြစ်လာခဲ့သည် ။

စက်ရုံများ တွင် ဘီးပေါင်း အရာအထောင်တို့ကြောင့် ကျွန်တော်တို့ သုံးစွဲနေသည့် လူသုံးပစ္စည်းများ ဖြစ်လာရသည် ။ ၀တ်ဆင်သည့် အထည်အဝတ်များ ဖြစ်လာ ရသည် ။

ဤအရာ အားလုံးသည်ပင် ကျွန်တော်တို့ လူ့ယဉ်ကျေးမှုကို ဖန်တီး ပေးသည့် ပစ္စည်းများ ဖြစ်လာရသည် ။

သို့ဖြစ်လျှင် ဘီးကို အသက်ဆက် စကြာဟု အမည်ပေးသင့်သည် မဟုတ်လား ။ ကောင်းပြီ ။ ဘီးလည်ပုံကို ကျွန်တော်တို့ ကြည့်ကြစို့ ။ သို့မှသာ ဘီးက ကျွန်တော်တို့၏ အတွေးအခေါ် ၊ အသိအမြင်ကို မည်သို့ ခြယ်လှယ် ကြောင်း သိနားလည်နိုင်လိမ့်မည် ။

ယခင်က ဖော်ပြခဲ့သည့် အတိုင်းပင် ဘီး၏ အစကို ကျွန်တော်တို့ ကောင်းစွာ မသိရသေး ။ ဘယ်အချိန်တွင် ဘယ်သူက ဘီးကို တွေ့သည် ဟူ၍လည်း တိတိကျကျ မပြောနိုင် ။ သို့သော် ဘီးအကြောင်းကို ပုံပြင်ဝတ္ထု တစ်ခုဖွဲ့၍ကား ပြောနိုင်သည် ။

ဆိုကြပါစို့ ၊ တစ်နေ့သောကာလတွင် လူ တစ်ယောက်သည် မီးအလိုငှာ ထင်းခွေလာသည် ။ သူ့ပခုံးထက်တွင် သစ်တုံး ၊ တစ်တုံးပါလာသည် ။ သစ်တုံးကို သယ်ရသဖြင့် မောပန်းလတ်သော် မြေသို့ ချ၍ ဆွဲလာပြန်သည် ။ ထိုမှတစ်ဖန် တောင်စောင်းတစ်ခုရောက်လျှင် တောင် စောင်းအတိုင်း လှိမ့်ချလိုက်သည် ။

သစ်လုံးသည် တောင်စောင်း ဆင်ခြေလျှော တစ်လျှောက် လိမ့်၍ လိမ့်၍ ဆင်းသွားသည် ။ ဤသည်ကို လူကမြင်သည် ။ ယင်းသည်ပင် ဘီးဖြစ်လာရန် ပထမဆုံး ရသည့် အသိဉာဏ်ဟု ဆိုသင့်လေသည် ။

အမှန်စင်စစ် ပထမဆုံးဘီးသည် အိုးထိန်းသည်၏ ဘီးဖြစ်ဟန်တူသည် ။

လွန်ခဲ့သော နှစ်ပေါင်း ငါးထောင်ခန့်က ရှိနေခဲ့သည့် မိုဟင်ဂျိုဒါရိုမြို့သားတို့သည် ဤကဲ့သို့သော ဘီးများကို လည်အောင် လှည့်နိုင်ခဲ့သည် ။ အကြောင်း မှာ မိုဟင်ဂျိုဒါရိုမြို့ကြီးသားတို့သည် မြေအိုးအမျိုးမျိုးကို အသုံးပြုနေပြီဖြစ် သောကြောင့်တည်း ။

ထို အိုးများသည် အိုးထိန်းသည်၏ ဘီးမှ ဖြစ်ပေါ်လာရခြင်း ဖြစ်သည် ။

အီဂျစ်ပြည်တွင်မူ အိုးထိန်းသည်၏ ဘီးကို မိုဟင်ဂျိုဒါရိုထက် စော၍ အသုံးပြုခဲ့သည် ။ တရုတ်ပြည်တွင်လည်း ရှေးဟောင်းပစ္စည်းအဖြစ် တွေ့ရသည် ။ ကျွန်တော်တို့ မြန်မာများ၏ အနွယ်ဖြစ်သည့် မူလ မြန်မာဟု ခေါ်သော ကန်စုဒေသက ချီအန်လူမျိုးတို့သည် အလွန်လှပသော အိုးများ ကို အသုံးပြုခဲ့ကြသည် ။

ထိုကာလသည် ခရစ်မပေါ်မီ နှစ်ပေါင်း ၂၀၀၀ ခန့်ကဖြစ်သည်ဟု သမိုင်းသုတေသီတို့က ဆိုကြကုန်သည် ။ ထိုသူတို့ သုံးစွဲသော အိုးများတွင် အပြောက်အမွမ်းဖော်ပုံမှာ အထူးလှပကောင်းမွန်သဖြင့် ခေတ်ပြိုင်ချင်းယှဉ်လျှင် ယင်းတို့ကို သာမည့်သူ မရှိဟူ၍လည်း ပညာရှင်တို့ ဝေဖန်ဆန်းစစ်ကြသည် ။

ခရစ်ပေါ်ပြီး သုံးရာစုလောက်တွင် မြန်မာပြည် ဧရာဝတီမြစ်ဝှမ်း၌ အခြေစိုက်သော ပျူတို့သည်လည်း မြေအိုးများကို သုံးစွဲ နေကြပြီဖြစ်ကြောင်း သမိုင်းမှတ်တမ်းများ၌ တွေ့ရသည် ။ ပုဂံကျောက်စာ တို့၌ အိုးထိန်းသည်ဟူသော ဝေါဟာရကို တွေ့ရသည် ။ ယင်းကိုထောက်လျှင် ၊ ပုဂံသားတို့သည် အိုးထိန်းစက်ကို အသုံးပြုနေပြီဖြစ်သည်ဟု ယူသင့်လေသည် ။

အိုးထိန်းစက်နှင့် ပတ်သက်၍ ထူးခြားချက်တစ်ခုရှိသည် ။ အိုးထိန်း စက်ကြောင့် ဘီးအမျိုးမျိုး ပေါ်လာရသည် ။ သို့သော် အိုးထိန်းသည်၏ ဘီး ကား နှစ်ပေါင်း ထောင်ပေါင်းများစွာကြာသည့်တိုင် မပြောင်းလဲသည်မှာ ထူးဆန်းသည် ။ သို့ဖြစ်ရာ ယခုအခါတွင် အိုးထိန်းသည် တစ်ယောက် အိုးထိန်းစက် ကို လှည့်ရင်း လက်ဖြင့် ရွှံ့ကိုပြုပြင်ထိန်းကျောင်း ပေးသည်ကိုတွေ့ရလျှင် မိုဟင်ဂျိုဒါရိုမြို့၌လည်း အိုးထိန်းသည် တစ်ယောက် အိုးလုပ်နေပုံကို ထိုပုံအတိုင်း စိတ်ကူး ကြည့်နိုင်သည် ။

ရှေး အကျဆုံးအိုးထိန်းသည်တို့သည် အိုးထိန်းစက်ကို လက်တစ်ဖက်ဖြင့်လှည့်ကာ လက်တစ်ဖက်ကို ပုံဖော်ဟန်တူသည် ။

ထို့နောက် ဘီးကို ခြေဖြင့်လှည့်ကာ လက်နှစ်ဖက် စလုံး ရွှံ့တုံးပုံဖော်ရာ၌ အသုံးပြုလာဟန်တူသည် ။ သည့်နောက်ကား ဘီး ကြိုးတပ်ကာ အခြားဘီးတစ်ခုတွင် ဆက်စေပြီးလျှင် အခြားတစ်ယောက်က ခြေဖြင့်လှည့်သည် ။ တစ်ယောက်က အိုးကို ပုံဖော်သည် ။

ရှေးဟောင်း အိုးထိန်း သည်တို့၏ ပညာတို့ကား ချီးကျူးစရာ ကောင်းလှသည် ။ သူတို့၏ ကျွမ်းကျင်မှုသည်လည်း အံ့သြစရာကောင်းလှသည် ။ ထိုသို့ အိုးထိန်းစက်ကို လည်စေ နိုင်သည့်အချိန်တွင် လူသည် အခြားဘီးများကို တီထွင်ရန် ကြံဆလာသည် ။

ပထမဆုံး သစ်လုံးကို ဘီးပိုင်းများအဖြစ် ဖြတ်ယူသည် ။ ဘီးနှစ်ခုရလျှင် ဝင်ရိုးတုတ်တံ တပ်ဆင်၍ နွားဆွဲလှည်းတွင် ဘီးအဖြစ် တပ်ဆင်သည် ။ ယင်းတို့မှာ ပထမဆုံးနွားလှည်းများ ဖြစ်ကြလေသည် ။

မိုဟင်ဂျိုဒါရှိမြို့ ၊ တရုတ်ပြည် ၊ ရောမပြည်တို့တွင် နွားလှည်းများ အသုံးပြုကြောင်း တွေ့ရလေသည် ။ ပုဂံကျောက်စာတို့၌လည်း နွား ဟူသော ဝေါဟာရ ၊ လှည်းမောင်းသူ ဖြစ်သည့် “ လှည်းသည် ” ဟူသောဝေါဟာရတို့ တွေ့ရသည်ကို ထောက်သော် နွားဆွဲလှည်း ရှိနေပြီ ။ ထို့ကြောင့် ဘီးကို လှည်း၌ တပ်ဆင်အသုံးပြုနေပြီဟု ယူဆနိုင်လေသည် ။

#htoohtoolay


Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...