အသေထွက် အရှင်ထွက်
-----
မဟာဂန္ဓာရီပညာတွင် ထွက်ရပ်ပေါက် ကျင့်စဉ်သည် ဗဟိုမဏ္ဍိုင်ဖြစ်နေရာ ထွက်ရပ်ပေါက်ရာတွင် အရှင်ထွက် ၊ အသေထွက်ဟူ၍ ရှိသလောဟု မေးပုစ္ဆာများ ပေါ်ထွက်လာသည် ။ အချို့ ပုဂ္ဂိုလ်တို့မှာ ထွက်ရပ်ပေါက် ကျင့်စဉ် ကျင့်ကြံနေဆဲမှာပင် ကံတရားကြောင့် ကျင့်စဉ်တန်းလန်းဖြင့် ဘဝပြောင်းသွားရသူများ ရှိသည် ။ ထို့ကြောင့် ထွက်ရပ်စခန်းပြီးဆုံးခြင်း မရှိသေးသောကြောင့် သေပြီးနောက်မှ ထွက်ရပ်ပေါက်သွားသည်ဟု ဆိုသည်မှာ ကျန်ရစ်သူတပည့်များနှင့် မိတ်ဆွေများ၏ ထင်မြင်ချက်မျှသာ ဖြစ်သည် ။
တစ်ဖန် ထွက်ရပ်စခန်းကျင့်ကြံ အားထုတ်ပြီးသူ ၊ ကျင့်ကြံဆဲဖြစ်သူ ဖာရိုဘုရင်များ ကွယ်လွန်သောအခါတွင် သူတို့၏ ရုပ်အလောင်းများကို ဆေးစီမံပြီး မံမီရုပ်အလောင်း ၊ များအဖြစ် ထားရှိသည် ။ ဤရုပ်အလောင်းများကို ထောက်ထားပြီး အသေထွက်ဟူသော ဝေါဟာရ ဖြစ်ပေါ်လာခြင်းလည်းရှိသည် ။
စင်စစ်အားဖြင့် ထွက်ရပ်လမ်းဂန္ဓာရီကျင့်စဉ် ကျင့်ကြံလျက်ရှိသော ဖာရိုဘုရင်များ၏ အလောင်းကို မံမီအဖြစ်ထားရှိ သင်္ဂြိုဟ်ခြင်းမှာ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်၏ အလောင်းကို ထိန်းသိမ်းထားပြီး အသေထွက်ရပ်ပေါက်သွားသူ ပြန်လာပြီး အသက်တစ်ဖန် ရှင်လာမည်ဟု ဆိုလိုခြင်း မဟုတ်ပေ ။
ထွက်ရပ်ပေါက်ဘုရင်မင်းမြတ်၏ ရုပ်ခန္ဓာသည် လူသာမန်တို့၏ ခန္ဓာမျိုး မဟုတ် ၊ ထုံ အမျိုးမျိုး တက်ထားသော ခန္ဓာဖြစ်၍ တန်ခိုးသိဒ္ဓိတစ်စုံတစ်ရာ ရှိနေသည် ။ ယင်းတန်ခိုး ဝင်နေသော ရုပ်ကြွင်းခန္ဓာကို သိမ်းဆည်းမြှုပ်နှံထားခြင်းဖြင့် အီဂျစ်ပြည် လုံခြုံဘေးကင်းမှုနှင့် အီဂျစ်ပြည်သူတို့၏ ထွက်ရပ်လမ်း ကျင့်ကြံမှုကို စောင့်ရှောက်ကာကွယ်နေသည် ဟူသော ယုံကြည်ချက်ဖြင့် ရုပ်အလောင်းများကို ပိရမစ်ထဲတွင် ဆေးစီရင်ထားခဲ့ခြင်း ဖြစ်သည် ။
ထို့ကြောင့် မဟာဂန္ဓာရီပညာ တွက်ရပ်စခန်းတွင် အသေထွက် ဟူသည် မရှိ ။ ရုပ်ခန္ဓာကို အကောင်းပကတိအတိုင်း ထားခဲ့ပြီး နာမ်ဝိညာဉ်က စွန့်ခွာသွားခြင်းဖြစ်သော အရှင်ထွက်သာရှိသည် ။
တစ်စုံတစ်ရာသော တာဝန်ကို ထမ်းဆောင်ရန်အတွက်ကြောင့်ဖြစ်စေ ၊ ပညာရပ် များကို လေ့လာရန်အတွက် ကာလအပိုင်းအခြားတစ်ခုအတွင်း ရုပ်ခန္ဓာကို စွန့်ခွာသွား ခြင်း ဖြစ်သည် ။ မိမိ၏ တာဝန်ပြီးဆုံးပါက သို့မဟုတ် လေ့လာရန်ရှိသော ပညာရပ်များကို လေ့လာသင်ကြားပြီးပါက လိပ်ပြာဝိညာဉ်သည် ရုပ်ခန္ဓာဟောင်းအတွင်းသို့ ပြန်ဝင်မည် ဖြစ်သည် ။ ဤသို့ လိပ်ပြာဝိညာဉ် ထွက်ခွာသွားချိန်တွင် ကျန်ရစ်ခဲ့သော ရုပ်ခန္ဓာကိုယ်အား တပည့်သာဝကများနှင့် ထွက်ရပ်ပေါက်ပြီးသော မိတ်ဆွေများက မပျက်စီး မထိခိုက်အောင် စောင့်ရှောက်ရသည် ။ အချို့ ပုဂ္ဂိုလ်တို့သည် နှစ်ကာလ အတော်ရှည်ကြာစွာ စွန့်ခွာသွားကြသည် ။
ဘီစီ ၂၀၀ ခန့်မှစ၍ ရုပ်ခန္ဓာကို စွန့်ခွာသွားသူများ ၊ အချို့မှာ နှစ်ပေါင်း ၃၀၀၀ ကျော်မျှ ရုပ်ခန္ဓာကိုယ်အား စွန့်ခွာသွားကြသူများ၏ ရုပ်ခန္ဓါများသည် ယနေ့တိုင် အီဂျစ် ပိရမစ်များထဲတွင် ရှိနေသည်ဟု ကိုယ်တိုင်လေ့လာခဲ့သော ပေါလ်ဘရန်တန် က ရေးသားခဲ့သည် ။
ယင်းသို့သော ရုပ်ခန္ဓာများကို သဘောမပေါက်သူများက အသေထွက် ထွက်ရပ်ပေါ်က်သွားသည်ဟု ထင်မြင်ကြသည် ။
ဤသို့ ရုပ်ခန္ဓာကိုယ်အား စွန့်ခွာသွားကြသူများသည် ဆောင်ရွက်ရန် ကိစ္စပြီးစီး သောအချိန် အနာဂတ်ကာလတွင် မိမိ၏ ရုပ်ခန္ဓာကိုယ်အတွင်းသို့ ပြန်ဝင်လာမည်ဟုဆိုသည် ။
အိန္ဒိယပြည်တွင် ပရိသတ်ဗိုလ်ပုံအလယ်တွင် မြေမြှုပ်ခံပြသောယောဂီများ ၊ ဆာဒူးများ မရှားလှပါ ။
ဓာတ်ပုံစသောသက်သေအထောက်အထားများနှင့် လေ့လာသူများက မှတ်တမ်းတင် ထားပါသည် ။ တစ်လနှစ်လ မြေမြှုပ်ထားရာမှ ပြန်လည်အသက်ဝင်လာပြီး နဂိုအတိုင်း လှုပ်ရှားသွားလာနိုင်သည်ကို တွေ့ရသည် ။
အိန္ဒိယနိုင်ငံမှ ဝေဒန္တဂိုဏ်းချုပ် ဆန်ကာရသည်လည်း ဤသို့ ရုပ်ခန္ဓာကိုယ်အား အကြာကြီး စွန့်ခွာသွားခဲ့သည် ။ တစ်နေ့တွင် ဆန်ကာရနှင့် အခြားဂိုဏ်းမှ ပုဂ္ဂိုလ်တစ်ဦးတို့ သည် ဝါဒပြိုင်ကြရာ ဆန်ကာရ အနိုင်ရသည် ။ ရှုံးသူက ကျွန်ခံစတမ်းဟူသော အိန္ဒိယ ထုံးစံအရ ပြိုင်ဘက်က ကျွန်ခံရတော့မည့် အချိန်တွင် ပြိုင်ဘက်၏ ဇနီးဖြစ်သူ ဘာရတီက လင်မယားနှစ်ဦးပေါင်းမှ တစ်ဦးတည်း ဖြစ်သည်ဟူသော ရှေးဟောင်းနီတိအရ လင်ကို အနိုင်ရခြင်းသည် တစ်ဝက်သာ နိုင်သေးသည် ။ မယားကို နိုင်မှ အားလုံးနိုင်မည် ။ ထို့ကြောင့် သူမနှင့် ဆက်လက်၍ ပညာယှဉ်ပြိုင်မည်ဟု စိန်ခေါ်သည် ။ စိန်ခေါ်ခြင်းကို မငြင်းပယ်နိုင်သော ဆန်ကာရက စိန်ခေါ်မှုကို လက်ခံလိုက်သည် ။ ဆန်ကာရသည် ။ အိန္ဒိယ မဟာဂန္ဓာရီပညာကို ငယ်စဉ်ကပင် လေ့ကျင့်တတ်မြောက်ထားသူဖြစ်ရာငယ်ဖြူ ဖြစ်သည် ။
ထို့ကြောင့် လောကီရေးရာ ကာမပညာကို မကျွမ်းကျင်ပေ ။ ယင်းအားနည်းချက်ကို သိမြင်သော ဘာရတီက ဆန်ကာရအား ကာမသုံး ကျမ်းဂန်လာ အချက်များကို ကိုးကား၍ ပညာပြိုင်ရာ အတွေ့အကြုံမရှိသော ဆန်ကာရ အရေးမလှဘဲ ဖြစ်နေသည် ။ ထိုကြောင့် ဆန်ကာရက သူ့မအား ပညာ လေ့လာဖို့ အချိန်တောင်းဆိုပြီး ပြိုင်ပွဲကို ခေတ္တရပ်နားသည် ။ ဆန်ကာရသည် သူ့စခန်းသို့ ပြန်သွားပြီး တပည့်များကို စုဝေးကာ သူသည် ကာမသုတ္တန်လာ ပညာရပ်များကို လေ့လာရန်အတွက် လိပ်ပြာလွင့်မည် ၊ သူ လိပ်ပြာ လွင့်နေစဉ်အတွင်း သူ့ရုပ်ခန္ဓာကို စောင့်ရှောက်ထားရန် တပည့်များအား တာဝန်ပေး လျက် လိပ်ပြာလွင့်သွားသည် ။
တောင်နံရံတစ်ခုတွင်ရှိသော ဂူတွင် သူ၏ရုပ်အလောင်းကို တပည့်များက အလှည့်ကျ ထိုစဉ်တွင် ပြည်နယ်တစ်နယ်မှ မဟာရာဇာကြီးတစ်ပါး ကွယ်လွန်သွားရာ သူ၏ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ရန် ပြင်ဆင်နေခိုက် ဖြစ်သည် ။ ဆန်ကာရ၏ လိပ်ပြာဝိညာဉ်သည် မီးရှို့ အံ့ဆဲဆဲ ထင်းပုံပေါ်ရှိ မဟာရာဇာကြီး၏ ရုပ်ကလာပ် အတွင်းသို့ ဝင်ရောက်သွားပြီး လှုပ်ရှားလာရာ မှူးမတ်ပရိသတ်များက မဟာရာဇာကြီး အသက်ပြန်ဝင်လာသည်ဟု ထင်မှတ်လျက် အားရဝမ်းသာစွာဖြင့် နန်းတော်သို့ သယ်ဆောင်သွားသည် ။ မဟာရာဇာကြီး၏ ထီးနန်းစည်းစိမ်ကို ခံစားရခိုက် ဆန်ကာရသည် မိဖုရားမောင်းမ မိဿ ကိုယ်လုပ်တော်များနှင့်အတူ ကာမဂုဏ်ခံစားရင်း ကာမသုတ္တန်ကျမ်းကို လက်တွေ့ လေ့လာလျက်ရှိရာ မောင်းမမိဿံများနှင့်တကွ နန်းတွင်းသားအပေါင်းက ယခင်ကနှင့် မတူသော မဟာရာဇာကြီး၏ ကာမအင်အားကို များစွာအံ့သြကုန်ကြသည် ။
မဟာရာဇာကြီး၏ ရုပ်ခန္ဓာကို ဆောင်ထားသော ဆန်ကာရမှာ ဘဝဟောင်းမေ့ပြီး ၊ ကာမဂုဏ်ပင်လယ်ကြောတွင် နစ်မျောလျက်ရှိရာ ပြန်လာချိန်တန်သော်လည်း ရောက်မလာ သဖြင့် စောင့်မျှော်နေသော တပည့်သာဝကများက အနယ်နယ်အရပ်ရပ်သို့ ထွက်ပြီး ဆရာရှာပုံတော် ဖွင့်ကြသည် ။ ဤသို့ ရှာပုံတော်ခရီးထွက်သောအခါ တပည့်များက ဆန်ကာရ ရေးသားခဲ့သော ဓမ္မတေးသံဝေဂ ကဗျာများကို ရွတ်ဆိုရှာဖွေကြသည် ။ နောက်ဆုံးတွင် မဟာရာဇာကြီး သည် တပည့်တစ်ဦး သီဆိုသော သံဝေဂ ဓမ္မတေးကို ကြားရသောအခါ သတိရပြီး ဘဝဟောင်းကို ပြန်ပြောင်းမှတ်မိလာသည် ။
ထို့ကြောင့် မဟာရာဇာကြီး၏ ရုပ်ခန္ဓာမှ ထွက်ခွာပြီး မူလမိမိ၏ ရုပ်ခန္ဓာအတွင်း သို့ ပြန်ဝင်ကာ ဘာရတီနှင့် ပညာချင်း ယှဉ်သည် ။
ဆန်ကာရ၏ ဤအဖြစ်အပျက်မှာ အလွန်ကျော်ကြား လူသိများသော်လည်း ဆန်ကာရလို ဂန္ဓာရီပညာ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်တစ်ဦးအဖို့ ဤသို့ လိပ်ပြာခန္ဓာဖြင့် ဝိညာဉ်ထွက်လိုက် ၊ မိမိခန္ဓာအတွင်းသို့ ပြန်ဝင်လိုက်ဖြင့် စိတ်ကြိုက်သွားလာလှုပ်ရှားနိုင်သည်ကိုမူ ဆက်စပ်စဉ်းစားခြင်း မရှိချေ ။
#htoohtoolay
မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...
Comments
Post a Comment