Skip to main content

စတင်တိုးတက်လာ​သော ​ခေတ်ဦးလူသားများ

၆ ။ စတင်တိုးတက်လာ​သော ​ခေတ်ဦးလူသားများ
-----
ကမ္ဘာမြေ၏ မြစ်ကြီးငါးသွယ်ပတ်ဝန်းကျင်သည် ရာသီဥတု နွေးထွေးသည် ။ စိုစွတ်သည် ။ ထိုအချိန်တွင် ဥရောပတိုက် နေရာများများ၌ ရေခဲများ ဖုံးလွှမ်းနေခဲ့သည် ။

ယင်းမြစ်ဝှမ်းဒေသများတွင် လူသည် အစားအစာအတွက် အသီးအနှံပင်များကို စိုက်ပျိုးနေချိန်၌ ပြင်သစ်ပြည်က ဂူအောင်းလူတို့မှာ ရိန်းဒီးယားခေါ် နို့စား ဒရယ်များ ၊ မြင်းရိုင်းများကို ပစ်ခတ် စားသောက်နေကြဆဲ ရှိသေးသည် ။

ထိုမြစ်ဝှမ်းဒေသများတွင် ရေလည်းပေါသည် ။ နုန်းတင်မြေနုဖြစ်၍ မြေသြဇာကလည်း ကောင်းသည် ။

ထို့ပြင် ကျူးကျော်တိုက်ခိုက်ခံရခြင်းများနှင့်လည်း ကင်းသည် ။ ထို့ကြောင့် ထိုဒေသတွင် လူတို့သည် နှစ်ပေါင်း ရာပေါင်း များစွာပင် ထွန်ယက်စားသောက်နေထိုင်ကြကာ အတွေ့အကြုံသစ်များ အသိဉာဏ်သစ်များကို ရှာဖွေသင်ကြားကြလေသည် ။

ဥပမာဆိုလျှင် နိုင်းမြစ်ဝှမ်းဒေသတွင် မိုးကြီးသည်းထန်စွာရွာသွန်းပြီးနောက် နိုင်းမြစ်ရေလျှံကာ ရေ ကျသွားသည့်အခါ ကောက်ပင်များ သန်စွမ်းစွာပေါက်ကြသည် ။ ထိုအခါ သူတို့သည် ရေမြောင်း များ တူးကာ မြေနေရာများသို့ ရေရောက်အောင် သယ်ယူကြသည် ။

ထိုရေမြောင်းများသည် ပထမဆုံး တူးမြောင်းများဖြစ်ကြသည် ။ အစားအစာ စိုက်ပျိုးသည့် ဇာတ်လမ်းတွင် ဤဆည်မြောင်း ရေသွင်းစနစ်သည် အလွန် တိုးတက်လာသည့် ခြေလှမ်းပင် ဖြစ်သည် ။ မုယောစပါးသည် လူတို့စိုက်ပျိုးကြသည့် ပထမဆုံးသီးနှံဖြစ်သည်ဟု အဆိုရှိသည် ။

သို့ရာတွင် အရှေ့တိုင်းဒေသ အများအပြား၌ ဂျုံစပါးကိုလည်း စိုက်ပျိုးကြသည် ။

အီဂျစ် ပြည်က လူများသည် လွန်ခဲ့သည့် နှစ်ပေါင်း ခြောက်ထောင်ကပင် မည်သို့ ဂျုံစပါး စိုက်ပျိုးရမည် ကို သိခဲ့ကြသည် ဆိုသည့် အချက်မှာ ထင်ရှားသည် ။ အီဂျစ်ဘုရင်များ၏သင်္ချိုင်း များ၌ ကြိတ်ဆုံတွင် ဂျုံကြိတ်နေသည့်လူရုပ်ပုံများ ၊ ဦးချိုကား နွားမကြီးများကို နို့ညှစ်နေသည့် လူရုပ်ပုံများ ၊ လယ်မြေ တူးဆွ နေသည့် လယ်သမားရုပ်ပုံများ ၊ ထယ်ထိုးနေသည့် လယ်သမားရုပ်ပုံများကို တွေ့ရသည် ။

အစားအစာအတွက် သီးနှံစိုက်ပျိုးလာသောအခါ လူသည် လက်ကိုင် ရဲတင်းများ ၊ ခြစ်များ ၊ မြေတူးဆွသည့် တုတ်များကို စွန့်ပစ်လာကြသည် ။ ထိုနောက် တူးရွင်းငန်းပြားကို အသုံးပြုလာသည် ။ တူးရွင်းငန်းပြားသည် ပထမဆုံး တီထွင်သော လယ်ယာအသုံးအဆောင် ဖြစ်သည် ။ ရှေးအကျဆုံး အီဂျစ်တူးရွင်းပြားသည် ယခု ကျွန်တော်တို့ အသုံးပြုနေကြသော တူးရွင်း ငန်းပြားနှင့် အတူတူပင် ဖြစ်သည် ။ သို့သော် ယင်းမှာ သံအစား မီးခတ် ကျောက်ဖြင့် ပြုလုပ်ထားသည် ။

သစ်စေ့ကိုစိုက်ပျိုးရန် တူးရွင်းငန်းပြား၏အကူအညီဖြင့် ထယ်ကြောင်း နက်နက်များ တူးရသည် ။ ထိုအလုပ်သည် ပင်ပန်းလှသည် ။ အထူးသဖြင့် လယ်မြေကျယ်ဝန်းသည့်အခါ ပို၍ ပင်ပန်းသည် ။ ထိုကြောင့် လူသည် ထယ် ကြောင်း တူးဖော်ရန် အခြားနည်းလမ်းများကို ရှာဖွေပြန်သည် ။

ဦးစွာပထမ သစ်တုံးကြီးတစ်လုံးကို အဖျားတစ်ဖက်၌ ချွန်အောင်လုပ်သည် ။ ထိုနောက် မြေတွင် စိုက်ကာဆွဲသည် ။ မြေကြီးက မာကျောသည့်အခါ ထိုကိရိယာသည် အသုံးမဝင် ဖြစ်လာသည် ။ ထိုကြောင့် ယင်းသစ်တုံးချွန်ကို အပေါ်ဘက်တွင် လက်ကိုင်တပ်ကာ လူတစ်ယောက်ကို လက်ကိုင်မှမြေတွင် ဖိထားစေပြီးလျှင် ရှေ့က လူတစ်ယောက်က ဆွဲသည် ။ ယင်းမှာ ပထမဆုံးထယ် ဖြစ်သည် ။

ဤသို့ ထယ်ကို တီထွင်ခြင်းသည် လူ့သမိုင်းတွင် တီထွင်ခြင်းကြီးများအနက် အရေးပါသော တီထွင်ချက်တစ်ခုဖြစ်သည် ။ လူသည် အခြားအရာဝတ္ထုများ မရှိဘဲ အသက်ရှင်နေနိုင်ငြားလည်း အစားမရှိဘဲ အသက်ရှင် မနေနိုင် ။ ထို့ကြောင့်ပင် ဤတီထွင်ချက်သည် လူ့သမိုင်းတွင် အရေးပါသော တီထွင်ချက် ဖြစ်လာသည် ။

ထယ်ကို ခေတ်အဆက်ဆက်တွင် တိုးတက်ကောင်းမွန်လာအောင် ၊ ကြံစည်ကြသည် ။ ထို့ပြင် လူသည် အခြား လယ်ယာကိရိယာများကိုလည်း တီထွင်ပြန်သည် ။

ယင်းတို့မှာ ကောက်သိမ်းရန်အတွက် ချိတ်များ ၊ ကောက် နယ်ရန်အတွက် ကောက်ရိုက်တုတ်များဖြစ်သည် ။ သူတို့၏ လယ်ယာလုပ်ငန်း တွင် တိရစ္ဆာန်များ၏ အကူအညီကိုလည်း အသုံးပြုကြသည် ။ အီဂျစ်ပြည် တွင် နွားများကိုလည်းကောင်း ၊ တရုတ်ပြည်တွင် မြည်းများကိုလည်းကောင်း ၊ တိုက်ဂရစ် မြစ်ဝှမ်းဒေသနှင့် ယူဖရေတီ မြစ်ဝှမ်းဒေသတို့တွင် ကုလားအုတ် များကိုလည်းကောင်း ၊ အိန္ဒုမြစ်ဝှမ်းဒေသတွင် နွားသိုးများကိုလည်းကောင်း အသုံးပြုကြသည် ။ ဆူရီးယားဒေသတွင် မြင်းများကိုလည်းကောင်း လယ်ယာလုပ်ငန်း၌ အသုံးပြုကြသည် ။

ထိုလူများ ၊ အထူးသဖြင့် အီဂျစ်ပြည်နှင့် မြေထဲ ပင်လယ်ဒေသရှိ ကျွန်းများမှ လူများသည် ဆိတ်နှင့်သိုး များကို အစာအတွက် လည်းကောင်း ၊ အဝတ်အထည်ရက်လုပ်ရန် သိုးမွေးအတွက် လည်းကောင်း မွေးမြူကြသည် ။

ထို့ပြင် သူတို့သည် ပိုလျှံသောအစာများကို အခြားဒေသများသို့ ပို့ကြသည် ။ သို့ဖြစ်ရာ လယ်ယာ စိုက်ပျိုးရေးကို အခြေခံလျက် ကုန်စည် ရောင်းဝယ်ဖောက်ကားခြင်း ၊ ကုန်သွယ် ခြင်း ၊ ကုန်စည်များကို ချိန်တွယ်ရန် အချိန်အတွယ် အတိုင်းအတာများကို တီထွင်ခြင်း ၊ အိမ်များ ၊ နန်းတော်များ ၊ ဘုရား ပုထိုးများ ဆောက်လုပ်ခြင်း ၊ အဝတ်အထည်များ ရက်လုပ်ခြင်း ၊ လက်ဝတ်လက်စား ဘယက်တန်ဆာများ ၊ ပြုလုပ်ခြင်း ၊ ကျောက်အိုး ၊ သစ်သားအိုး ၊ ကြေးညိုအိုး ၊ သံအိုး များ ပြုလုပ်ခြင်းတို့ ဖြစ်ပေါ် လာရပေသည် ။

မိုဟင်ဂျိုဒါရှိ မြို့နှင့် ဟာရပ္ပမြို့တို့တွင် ကြီးကျယ် ခမ်းနားလှသော ရှေးမြို့ဟောင်းကြီးများ၏ အမှတ် အသား အကြွင်းအကျန်တို့ကို ကျွန်တော်တို့ တွေ့ ရသည် ။

ထို့ပြင် ကျွန်တော်တို့ ရှေးဟောင်းအာရှတိုက်တွင် လည်း ကြီးကျယ်ခမ်းနားသော ယဉ်ကျေးမှုတစ်ရပ် ရှိခဲ့သည်ကို တွေ့ရသေးသည် ။

အိန္ဒုမြစ်ဝှမ်းဒေသက လူတို့သည် အစောဦးစွာကပင် ယဉ်ကျေး တက်ခဲ့ကြသည် ။ သူတို့သာမက တရုတ်ပြည် အနှံ့အပြားတွင် နေထိုင်ခဲ့သော လူတို့သည်လည်း သူတို့နည်းတူပင် ယဉ်ကျေးတိုးတက်ခဲ့ကြသည် ။

ဒေသတိုင်းတွင် လယ်ယာအသုံးအဆောင် လက်နက်ကိရိယာကောင်းများ ပြုလုပ်နိုင်သဖြင့် လယ်ယာလုပ်ငန်း တိုးတက်လာခဲ့ရခြင်း ဖြစ်သည် ။

ရှေးဦးစွာ ကောက်နှံကို လက်ဖြင့်သာ ဆွတ်ခူးရိတ်သိမ်းခဲ့သည် ။ ထိုနောက် မီးခတ်ကျောက်ကို အစိတ်စိတ် ထုထွင်းပြုလုပ်ထားသည့် ကျောက် တံစဉ်ဖြင့် ရိတ်သိမ်းသည် ။ ရိတ်သိမ်းပြီး အသီးအနှံကို ပထမတွင် သရွတ် ကိုင်ထားသော ခြင်းကြီးများ၌ သိမ်းဆည်းသည် ။ ထိုနောက် ရွှံ့စေးဖြင့် ပြုလုပ်ထားသော အိုးစရည်းကြီးများတွင် သိမ်းဆည်းသည် ။

ဤပစ္စည်းများ ပြုလုပ်ရာတွင် မိန်းမများ၏ တီထွင်ချက်များလည်း အများအပြား ပါဝင်တန်ရာသည် ။ ယောက်ျားများက အမဲလိုက်နေစဉ် မိန်းမ များက ကောက်နှံကို အမှုန့်ဖြစ်အောင် ကြိတ်နေရသည် ။

အစတွင် ဂျုံမှုန့် ကြိတ်ရာ၌ ကျောက်ပြားတစ်ခုပေါ်တွင် ကျောက်လှိမ့်တုံးတစ်ခုဖြင့်သာ ကြိတ်သည် ။ ထိုနောက် သူတို့သည် ကြိတ်ဆုံများကို အသုံးပြုလာကြသည် ။ အိမ်တွင် မွေးမြူထားသည့် တိရစ္ဆာန်များမှ နို့ညှစ်ခြင်းအလုပ်ကိုလည်း ကမ္ဘာ့နေရာ အနှံ့အပြားတွင် မိန်းမများကသာ လုပ်ကိုင်ကြသည် ။ သို့ရာတွင် ကျွဲနွားများကို စားကျက်မြက်ခင်းပြင်များ၌ ထိန်းကျောင်းခြင်း အလုပ်ကိုမူ ယောက်ျားများသာ လုပ်ကိုင်ကြသည် ။

ကောက်ပဲသီးနှံကို စိုက်ပျိုးသူများသာမက နွားကျောင်းသား ၊ သိုးကျောင်းသားတို့သည်လည်း အစားအစာဖြစ်မြောက်အောင် လုပ်ဆောင်ကြသူတို့တွင် အရေးကြီးသော သူများဖြစ်လာသည် ။

ကျွဲနွား ဦးရေ အကောင်မည်မျှ ရှိသည်ဆိုသည်မှာလည်း ချမ်းသာကြွယ်ဝခြင်း တစ်မျိုး ဖြစ်လေရာ လူတို့သည် မိမိတို့ ပိုင်ဆိုင်သော ကျွဲနွားတိရစ္ဆာန်များကို ခံတပ် များ ဆောက်လုပ်၍ အကာအကွယ်ပြုကြသည် ။

ခံတပ်များ ပတ်လည်တွင် ရေမြောင်းများ ၊ ကျုံးများ တူးကြသည် ။ ထိုအချိန်မှာပင် လူသည် ရာသီဥတုများကို မှတ်သားကာ ရာသီ အလိုက် ကောက်ပဲသီးနှံကို စိုက်ပျိုးရန် အရေးကြီးကြောင်း သိရှိလာကြသည် ။

ဥပမာဆိုလျှင် မိုးကုန်သော ဆောင်းဦးပေါက်ရာသီ၌ လယ်မြေကို ထွန်ကြသည် ။ မြေစိုင်ခဲများကို သစ်သားငန်းပြားများ၏ အကူအညီဖြင့် ရိုက်နှက်ခြေမွသည် ။ ထိုနောက် လယ်ကွက်ပေါ်တွင် တိရစ္ဆာန်များကို မောင်းနှင်စေသည် ။ တိရစ္ဆာန် တို့၏ ခြေဖြင့် နှင်းဆွဲခြင်းဖြင့် သစ်စေ့များကို မြေကြီးထဲသို့ ဝင်သွားစေသည် ။ ကောက်ပင်ပေါက်၍ ကြီးထွားရင့်မှည့်လာလျှင် ရိတ်သိမ်းကာ ကောက်နယ် တလင်းသို့ ယူဆောင်လာသည် ။ တလင်း၌ ကောက်နယ်ပြီးလျှင် ကောက်သီးကောက်နှံများကို မိန်းမသားများက ကောက်ရိုး ဗန်းများ ၊ သစ်သားဗန်းများတွင် ထည့်ကာ လေတွင် စပါး​မွေ့ကြ သည် ။ ထိုအခါ လေ နှင့်အတူ စပါးခွံဖွဲကြမ်း များ ပါသွားပြီးလျှင် ကောက်သီး သန့်သန့် သာ ကျန်ရစ်ခဲ့သည် ။

နိုင်းမြစ်ရေ စီးဆင်းသည့်အတိုင်း ဆိုလျှင် အီဂျစ်သားတို့၌ ရာသီသုံးခု ကို ကြုံရသည် ။ ယင်းတို့မှာ နိုင်းမြစ်ရေလျှံသည့်ရာသီ ၊ အေးသော ဆောင်း ရာသီ ၊ ပူသောနွေရာသီတို့ ဖြစ်သည် ။ ထို့ပြင် ဒေသတိုင်းမှာကဲ့သို့ပင် အီဂျစ်ပြည်၌လည်း နှစ် လ အပိုင်းအခြားသည် လဆန်းသည်မှစ၍ နောက်တစ်ကြိမ် လသစ်ဆန်းသည်အထိ ဖြစ်သည် ။

တစ်လတွင် သုံးပတ်ရှိ၍ တစ်ပတ်သည် ၊ ဆယ်ရက်ရှည်သည် ။ ရက်သုံးဆယ်စီ ရှိသော ဆယ့်နှစ်လကို ပေါင်းလျှင် ရက်ပေါင်း ၃၆၀ ရှိသော တစ်နှစ်ဖြစ်လာသည် ။ ယင်းတွင် အားလပ်သည့် ၊ ပွဲနေ့ပွဲရက် ငါးရက် ထည့်ပေါင်းလိုက်သည် ။ ထိုအခါ ၃၆၅ ရက်ဖြစ်လာသည် ။

နောက်ပိုင်းတွင် နှစ်ကို ' နေ နှင့် ပိုင်းခြား ရေတွက်သည့်နည်းကို တွေ့လာသည် ။ ယနေ့ထက်တိုင် ကျွန်တော်တို့သည် ထို နေပြက္ခဒိန်ကို အနည်းငယ် ပြောင်းလဲပြင်ဆင်ကာ အသုံးပြုနေကြသည် ။

#htoohtoolay


Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...