Skip to main content

ကမ္ဘာဦးက ပန်ချီကား

၁၁ ။ ကမ္ဘာဦးက ပန်ချီကား
-----
ပြီးခဲ့သည့် ကဏ္ဍတွင်ကဲ့သို့ပင် ကျွန်တော်တို့သည် အချိန်စက်ပေါ်၌တက်၍ လိုက်ကြမည်ဆိုလျှင် ရှေးအကျဆုံး လူ့ အနွယ်တို့ နေထိုင်သည့် တောင်စောင်းက ကျောက်ဂူတစ်ခုသို့ ရောက်သွားလိမ့်မည် ။ ကျောက်ဂူများမှာ ရှေးနှစ်ပေါင်း ထောင်ပေါင်းများစွာက တည်ရှိခဲ့သည့် သဘာဝက ဆောက်လုပ်ပေးထားသော အိမ်များသာ ဖြစ်ကြသည် ။

ထိုကျောက်ဂူထဲတွင် ပစ္စည်းမျိုးစုံကို တွေ့နိုင်သည် ။

ကျောက်လက်နက်များ ၊ ကျွဲ ၊ နွားချိုများ ၊ အရိုးလက်နက်များ ။ ထို့ပြင် ကျောက်ဂူအောင်းလူတို့၏ စားကြွင်းများဖြစ်သည့် အရိုးများကို တွေ့နိုင်မည် ဖြစ်ပါသည် ။

ထို့ပြင် ကျောက်ဂူ နံရံများပေါ်တွင် ရေးဆွဲထားသည့် နွားသိုး ရုပ်ပုံ ၊ သမင်ရုပ်ပုံ ၊ မြင်းရုပ်ပုံ ၊ ငှက်အမျိုးမျိုးတို့၏ ရုပ်ပုံများကိုလည်း တွေ့ နိုင်ပါသည် ။

ဤရုပ်ပုံများ အကြောင်းမှာ အလွန်ထူးအံ့သြဖွယ် ဖြစ်သည် ။ အချို့ ရုပ်ပုံများတွင် မြားများသည် သားကောင်၏ကိုယ်တွင်းသို့ စူးဝင်နေကြသည် ။ သို့ဖြစ်ရာ ကျွန်တော်တို့၏ ရှေးအနွယ်တို့သည် အမဲမလိုက်မီ သားကောင်ကို အသေသတ်ဟန် တူပါသည် ။ ဟန်ဆောင်ခြင်းသာ ဖြစ်ပါသည် ။ အဦးဆုံး ပေါ်သည့် ဂီတ ၊ အကနှင့် ဇာတ်သဘင်တို့မှာ အမဲလိုက်ရန် သတ္တိမွေးရာမှ ဖြစ်ပေါ်လာသည် ။ ထို့အတူ ရှေးအကျဆုံး တွေ့ရသည့် ဤရုပ်ပုံများ ၊ ပန်းချီကားများသည်လည်း အမဲလိုက်ခြင်းနှင့် သက်ဆိုင်နေလေသည် ။

အစပထမတွင် အမဲလိုက်ရန်အတွက် သားကောင်ကို သေစေဟန် ရေးဆွဲသည် ။ မြားချက်တို့ စူးဝင်နေဟန် ရေးဆွဲသည် ။ နောင်သော် ထိုအ​လေ့အထသည် လုပ်ရင်းကိုင်ရင်း ပျော်စရာကောင်းလာသည်နှင့် ဖန်တီးရေးဆွဲ ကြဟန် တူသည် ။

နောက်ပိုင်းတွင်ကား လုပ်ငန်းသဘောတွင် တာဝန်ခွဲဝေမှုသဘော ကိုပါ တွေ့လာရသည် ။ အုပ်စုတစ်စုတွင် ခွန်အားကြီးမားသူက အမဲလိုက်ထွက်ရသည် ။ ထိုအခါ ကျန်ရစ်သည့်အထဲက နုနယ်သေးကွေးသောသူက ကျွမ်းကျင်ရာ အလုပ်ကို လုပ်ရသည် ။

မည်သို့ပင်ဖြစ်စေ ကျောက်ဂူနံရံတို့တွင် ကျွန်တော်တို့ တွေ့ရသည့် အရုပ်ကားများမှာ ထင်ရှားပီသသည် ။ အသက်ဝင် လှုပ်ရှားနေကြသည် ။ ဂါထာ မန္တရား ရွတ်ဖတ်မန်းမှုတ်နေဟန် ပန်းချီကားမှာ ပို၍ အံ့ဖွယ်သရဲပင် ဖြစ်သည် ။

နေမင်းနှင့် မိုးမင်းကို ထိန်းချုပ်ကာ ကောက်ပဲသီးနှံ အောင်မြင်စေခြင်း ၊ အမဲလိုက်ရာတွင် သားငါး ပေါများစွာ ရစေခြင်းတို့အတွက် ဖြစ်သည် ။

ဤပန်းချီကားက ကျောက်ဂူအောင်း လူတို့၏ စိတ်ဓာတ်ကို တက်ကြွစေကာ အရာရာကို ပြီးမြောက်အောင်မြင်စွာ လုပ်ကိုင်ဖို့ နှိုးဆွပေးဟန်တူပါသည် ။

ကျောက်ဂူအောင်း လူတို့သည် လုပ်ငန်းတစ်ခုကို ကျွမ်းကျင်စွာ လုပ်ကိုင်နိုင် သည့် အဖြစ်မှ စိတ်ကူးစိတ်သန်း ကြွယ်ဝကောင်းမွန်လာသည့် အဖြစ်သို့ တက်လှမ်းလာခဲ့ရဟန်တူသည် ။ ဤစိတ်ကူးစိတ်သန်းကြောင့် အရာဝတ္ထု တစ်ခုကို ရေးဆွဲသည့်အခါ ထိုအရာဝတ္ထုနှင့် တူသည်ဆိုသည့် အဆင့်ထက် အဆင့်မြင့်လာသည်ကို တွေ့ရှိလာရသည် ။ ရုပ်ပုံကို ကြည့်လျှင် ကြည့်သူ၏ စိတ်နှလုံး ကို နှိုးဆွပေးပါသည် ။ ခံစားမှုတစ်ခုခုကို ဖြစ်ပေါ်စေပါသည် ။

ထိုရုပ်ပုံကားမှတစ်ဆင့် တစ်စုံတစ်ခုကို စိတ်မျက်စီတွင် ပေါ်လာသည်အထိ ထိခိုက်လှုပ်ရှားစေပါသည် ။

ရေးဆွဲထားသည့် မျဉ်းကြောင်း ၊ ကောက်ကြောင်းတို့မှာ ထင်ရှား ပီသလွန်းသဖြင့် တက်ကြွလှုပ်ရှားကာ မြူးထူးနေသည်ဟုပင် ထင်ရပါသည် ။

သမိုင်းမပေါ်မီခေတ်က တွေ့ရသည့် ဂူများမှာ ဥတ္တပြာဒက်ဂူနှင့် စပိန်ပြည်ရှိ အလတာမရဂူတို့ ဖြစ်ပါသည် ။ ယင်းတို့တွင် လည်းကောင်း ၊ ထို့ပြင် အခြားတို့တွင်လည်းကောင်း အမဲလိုက်ဟန် ရေးဆွဲထားသော ရုပ်ပုံ များကို တွေ့ရပါသည် ။

အမဲကောင်တို့ ပြေးလွှားနေသည်ကို လိုက်လံဖမ်းဆီးဟန် ၊ အမဲကောင်က ခြေဖြင့် ကန်ကျောက်နေဟန် ၊ မြားလှံလက်နက်များ အမဲကောင်၏ ကိုယ်တွင်းသို့ စူးဝင်သွားဟန်တို့ ဖြစ်ပါသည် ။

ထိုပန်းချီကား တို့၌ ရှေးဟောင်းလူ၏ ထူးခြားသည့် စိတ်သန္တာန်သည် ပေါ်လွင်လျက် ရှိ ပါသည် ။ သူ၏ ဇာတိစိတ်သည် ပေါ်လွင်လျက် ရှိသည် ။

ရုပ်ပုံများ တွေ့ရသည့် အချို့ကျောက်ဂူများမှာ အလွန်မှောင်သည် ။ ထို့ကြောင့် ယင်းဂူများတွင် ရေးဆွဲသည့် အရုပ်များ၌ အလွန်တောက်ပသည့် အနီရောင် ၊ အဝါရောင် သို့မဟုတ် ညိုမှောင်သော ကွေ့နီရောင်တို့ကို အသုံး ပြုကြသည် ။ ထိုအရောင်ခြယ် ဆေးတို့ကို ကျောက်တုံး ကျောက်မှုန့်များမှ ပြုလုပ်သည်မှာ ယုံမှားစရာမရှိပါ ။ ကျောက်မှုန့်ကို ကျောက်ပြားတစ်ခုပေါ် ကြိတ်ကာ အမဲဆီတစ်ခုခုနှင့် ရောစပ်ထားခြင်း ဖြစ်သည် ။ ဆေးခြယ်သည့် စုတ်တံကိုကား ယခုခေတ်တွင် ပြုလုပ်ကြသည့်အတိုင်း ရှဉ့်မွေးအနုကလေးများဖြင့် ပြုလုပ်သည် ။

ရေခဲခေတ်များ ကုန်လွန်သည့်အခါ လူတို့သည် ကျောက်ဂူတို့ကို စွန့်ပစ်၍ အိုးသစ် အိမ်သစ် တည်ဆောက် နေထိုင်ကြလေသည် ။ အိုးအိမ် ဆောက်သည့်အခါ မြက် ၊ ဝါး ၊ သားရေ ။ ရွှံ့စေးတို့ကို အသုံးပြုကြသည် ။

ထိုအခါ သူတို့ရေးဆွဲသည့် ပန်းချီကားတို့သည်လည်း ပြောင်းလဲလာကြပြန်သည် ။

ရှေးအခါက ဆိုလျှင် လူတို့သည် ယခုထက် ပို၍ ပန်းချီဆွဲကြသည် ။ အိမ်များ ဆောက်ကြသည် ။ သစ်သားရုပ်များ ထုထွင်းကြသည် ။ ကျောက်ရုပ်များ ထုထွင်းကြသည် ။ သူတို့ အသုံးပြုသည့် ပစ္စည်းမှာ သူတို့ပတ်ဝန်းကျင်တွင် အလွယ်တကူ ရှာဖွေရနိုင်သည့် ပစ္စည်းများပင် ဖြစ်သည် ။

လူတို့သည် မိမိ တို့ နေထိုင်ရာ တိုက်တာ အိမ်ခြေတို့တွင် အလှအပတို့ကို တန်ဆာဆင်ကြသည် ။ မွမ်းမံခြယ်မှုန်းကြသည် ။ အထုအထည် ကြီးမားသော တိုက်တာ အိမ်ခြေတို့ကို တည်ဆောက်ကြသည် ။ ဘုရားကျောင်းများ ၊ ပုထိုးများ ၊ စေတီ များ ၊ ဓမ္မာရုံကြီးများကို တည်ဆောက်ကြသည် ။ ဤနည်းဖြင့် လူ့သမိုင်းတွင် အနုပညာ ထွန်းကားလာသည်ဟု ပြောစမှတ် ပြုကြလေသည် ။

#htoohtoolay


Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...