Skip to main content

နာဇီပါတီနှင့် ဟစ်တလာ

နာဇီပါတီနှင့် ဟစ်တလာ
-----
နာဇီပါတီ၌ မိမိ၏ သြဇာအာဏာ အရှိန်အဝါ ပိုမိုကြီးထွားအောင် လုပ်ဆောင်ရာ၌ ဟစ်တလာသည် ဗိုလ်ကြီးရုမ်း ( Capt Ernst Relim ) ဆိုသူ၏ အကူအညီများစွာ ရခဲ့သည် ။ ဗိုလ်ကြီးရုမ်းသည် မြူးနစ်မြို့ခရိုင် စစ်ဌာနချုပ်မှ စစ်ဗိုလ်တစ်ယောက်ဖြစ်၍ သူသည် ဟစ်တလာထက် စောပြီး နာဇီပါတီသို့ ဝင်ခဲ့သူ ဖြစ်သည် ။

သူသည် “ လွတ်လပ်သောတပ်ဖွဲ့များ ၊ မုန်တိုင်း တပ်ဖွဲ့များကို အထူး အားထားသူ တစ်ဦးဖြစ်သည် ။ နိုင်ငံရေး လုပ်ကြံမှုများကိုလည်း လိုလားသူဖြစ်သည် ။ သူ့ အယူအဆမှာ ဂျာမန်လူထုကြီး တစ်ရပ်လုံးက အဖနိုင်ငံနှင့် တပ်မတော်ကို တကယ် လှိုက်လှိုက်လှဲလှဲ ချစ်ခင်မြတ်နိုးခြင်း ၊ အားကိုးမရှိဘဲနှင့် ခိုင်မာတောင့်တင်းသော ဂျာမန် အမျိုးသားနိုင်ငံတော်ကြီးကို မတည်ဆောက်နိုင်ဟူ၍ဖြစ်သည် ။

ထိုသို့ အမျိုးသားရေးစိတ်ဓာတ်နှင့် စစ်ရေးစိတ်ဓာတ်တို့ ပေါင်းစပ်၍ လုပ်ကိုင်နေသော ပါတီမှန်သမျှ စိတ်ဝင်စားသူ တစ်ယောက်ဖြစ်သည် ။

ဤသို့ဖြင့် ဗိုလ်ကြီးရုမ်းသည် ဟစ်တလာ တစ်နေ့တခြား တွင်ကျယ် လာနေသော နာဇီပါတီအတွင်းသို့ သူ၏ လွတ်လပ်သော တပ်ဖွဲ့ဝင်ဟောင်းများနှင့် စစ်မှုထမ်းဟောင်းများကို အစုလိုက် အပြုံလိုက် ဝင်ကြရန် လှုံ့ဆော် တိုက်တွန်းခဲ့သည် ။ ထို လွတ်လပ်သော တပ်ဖွဲ့ဝင်ဟောင်းများနှင့် စစ်သား ဟောင်းများသည်ပင်လျှင် နောင်အခါ၌ နာဇီပါတီ၏ ကျောရိုးများဖြစ်သော “ မုန်တိုင်းတပ်ဖွဲ့ဝင်များနှင့် “ ဂတ်စတာပို စုံထောက်များ ဖြစ်လာကြသည် ။

ဟစ်တလာ၏ အရှိန်အဝါ သြဇာအာဏာ ကြီးမားလာရာ၌ ထိုသို့သော အပြင်အပမှ ကူညီမှုများရှိခဲ့သည်မှန်သော်လည်း တကယ့်တကယ် အားဖြင့်ဆိုရသော် ဟစ်တလာကိုယ်တိုင် အရည်အချင်း အစွမ်းအစမရှိဘဲ ပျော့ညံ့နေပါက ပြင်ပအကူအညီသည် မည်မျှပင်ကြီးမားစေကာမူ အရေးပါ အရာရောက်မည်မဟုတ်ပေ ။

ဟစ်တလာသည် နိုင်ငံရေးသမားပီသစွာ ` ကွက်ကျော် ” မြင်တတ်သူ ဖြစ်သည် ။ လူထုကြီးကို မည်သို့ မည်ပုံ စည်းရုံးရမည် ၊ ဝါဒဖြန့်ရမည်ကို ကြိုတင်တွက်ချက် သိရှိထားပြီးဖြစ်သည် ။ သူသည် ဘဝ၏ အောက်ခြေမှ တက်လာသူဖြစ်၍ အောက်သက်ကျေပြီးဖြစ်သည် ။ သူသည် ပရိသတ်အကဲကို ခတ်တတ်သည် ။ ဘယ်လူတန်းစားရှေ့ မှောက်ရောက်လျှင် ဘယ်စကားလုံးကိုရွေး၍ သုံးရမည်ကိုသိသည် ။ ဘယ် ပရိသတ်၏ စိတ်ဓာတ်ကို ဘယ်အချက်ဖြင့် ထိုးနှက်ရမည်ကို နားလည်သည် ။ ထို့ကြောင့် ဟစ်တလာ စကားပြောကောင်းသည်ကို တစ်ခါကကြုံတွေ့ခဲ့ရသော ဒေါက်တာစချာချက်ဆိုသူက “ ဒီလူဟာ အင်မတန် ကျွမ်းကျင် တဲ့ ဂီတသမားတစ်ယောက်က တော်တော်အသံသာယာတဲ့ စန္ဒရားတစ်လုံးကို တီးခတ်သွားသလို ၊ လူလတ်တန်းစား အောက်ဆုံးအလွှာတွေရဲ့ နှလုံးကို တီးခတ်နိုင်တဲ့ လူတစ်ယောက်ပါပဲ ” ဟူ၍ ပြောကြားခဲ့သည် ။

ဤသို့ဖြင့် သူသည် ဂျာမနီနိုင်ငံနှင့် ဂျာမန်လူမျိုးများ အကြောင်းကို ခေတ်အဆက်ဆက်က အခြားအခြားသော နိုင်ငံရေးခေါင်းဆောင်ကြီးများထက်ပို၍ သိနားလည်ခဲ့သည် ။ သူမကြာခဏ ပြောခဲ့ အဆိုတစ်ရပ်မှာ -

' ခေါင်းဆောင်တစ်ယောက် ဖြစ်ရန်ဆိုသည်မှာ လူထုကြီးကို လှုပ်ရှား ရွေ့လျားအောင် ပြုလုပ်နိုင်ရန်ပင် ဖြစ်သည် ” ဟူ၍ ဆိုခဲ့သည် ။

ဟစ်တလာသည် ပါတီတွင်း၌ တွင်ကျယ်လာသော်လည်း ပါတီတွင်း ပဋိပက္ခကို ရင်ဆိုင်ခဲ့ရသေးသည် ။ ၁၉၁၂ ခုနှစ် ၊ နွေရာသီတွင် ဟစ်တလာ သည် မြူးနစ်မြို့မှ ဘာလင်မြို့ သို့ တာဝန်ဖြင့် ခေတ္တသွားရောက်နေစဉ် အတွင်းပါတီကော်မတီအချို့သည် ဟစ်တလာကို ဝိုင်းပယ်ရန် ကြိုးပမ်းလာခဲ့သည် ။

သူတို့သည် ဟစ်တလာရှိနေစဉ်က ဟစ်တလာ အလုပ်ကို ဘဝင် မကျသော်လည်း မပြောရဲ မဝေဖန်ရဲဘဲရှိသည် ။ ထိုသို့ မဝေဖန်ရဲသည်မှာ လည်း ဟစ်တလာ ကြိုးစားလုပ်ဆောင်ခဲ့မှုကြောင့် ပါတီသည် နေ့ချင်း ညချင်း တိုးတက်ကြီးပွားလာခဲ့သည်ကို လူတိုင်းသိကြသည် ။ သို့ဖြစ်ရာ သူတို့သည် ဟစ်တလာရှိစဉ်က ဟစ်တလာ၏ အရှိန်အဝါ ကို မလှန်နိုင်ဘဲ မှောင်ထဲ ၊ ချောင်ထဲတွင် ဝပ်နေခဲ့ကြရာမှ ယခု ဟစ်တလာ ဘာလင်မြို့သို့ တာဝန်ဖြင့် ခရီးထွက်နေခိုက် ဟစ်တလာရှိစဉ်က ပယ်ချခဲ့သော အဆိုများကို ပြန်တင်လာကြသည် ။

ထိုအရာမှာ မိမိတို့ နာဇီပါတီနှင့် အခြားဂျာမန် ဆိုရှယ်လစ်ပါတီ နှစ်ခုတို့ပူးပေါင်းရေး အဆိုပင်ဖြစ်သည် ။ ထိုဂျာမန် ဆိုရှယ်လစ်ပါတီများမှာ ဘရန်းနားနှင့် စထရိုက်များဆိုသူ နှစ်ဦး ခေါင်းဆောင်နေကြသည့် ပါတီဖြစ်သည် ။

ထိုပါတီများနှင့် ပူးပေါင်းလိုက်ခြင်းဖြင့် ဆိုရှယ်လစ်အင်အားစုများ ညီညွတ်ရေးကို တည်ဆောက်ရာရောက်မည်ဟု ပါတီကော်မတီ အများစုက ယူဆကြသည် ။ အချို့ကမူ ပါတီချင်း ပူးပေါင်းလိုက်ပါက လောလောဆယ် သူထင်ရာ သူလုပ်နေသော ဟစ်တလာကိုလည်း ထိန်းချုပ်နိုင်မည်ဟု တွက် ဆခဲ့ကြသည် ။

ဟစ်တလာသည် မိမိမြူးနစ်တွင်ရှိစဉ်က ပယ်ချထားခဲ့သော အဆိုများကို မိမိမရှိသည့်နောက်ပိုင်းတွင် ပါတီကော်မတီက ထပ်မံတင်သွင်း၍ ဆုံးဖြတ်ကြသည်ဆိုသော သတင်းကိုကြားလျှင် ကြားချင်း ဘာလင် မြို့သို့ ချက်ချင်းပြန်လာခဲ့သည် ။ ရောက်လျှင်ရောက်ချင်း ဟစ်တလာသည် အပေါ်စီးရအောင် ယူလိုက်သည် ။

ယင်းမှာ သူသည် ပါတီမှ နှုတ်ထွက်စာ တင်လိုက်ရာ ကျန်ကော်မတီများမှ ဘာလုပ်ရမှန်းမသိအောင် ခွကျသွားသည် ။ အထူးသဖြင့် ပါတီကို ပါတီဝင်အများအပြားဖြင့် ကြီးထွားလာအောင် စည်းရုံးလာခဲ့သည်မှာ ဟစ်တလာပင်ဖြစ်သည် ။ နောက်ဆုံးပါတီ ဘဏ္ဍာရေး တောင့်တင်းအောင် ရှာဖွေလာခဲ့သူမှာလည်း ဟစ်တလာပင်ဖြစ်သည် ။

သို့ဖြစ်ရာ ဟစ်တလာပါတီမှ ယခုလို နှုတ်ထွက်သွားလျှင် ပါတီ၏ စည်းရုံးရေး ၊ လှုံ့ဆော်ရေး ၊ ဘဏ္ဍာရေး အခြေအနေများ ပြိုကျသွားမည်မှာ မုချပင်ဖြစ်သည် ။ ထို့ကြောင့် ပါတီကော်မတီသည် ဟစ်တလာ၏ အကျပ်ကိုင်မှုကြောင့် တစ်ထစ်လျှော့ကာ ဟစ်တလာကို ပါတီမှမထွက်ရန် စေ့စပ်ရေး လုပ်လာ ကြရသည် ။ သူက တစ်ကွက်ရွှေ့လျှင် မိမိကနှစ်ကွက်ရွှေ့၍ နှစ်ကောင် စားလိုက်မည်ဟူသော အကြံဖြင့် ဟစ်တလာသည် ယင်းတို့၏ ပျော့ကွက်ကို ချက်ကောင်းယူကာ စေ့စပ်ရေးကိုပို၍ ဈေးကိုင်လိုက်သည် ။ ပို၍ “ မာ ” လိုက် သည် ။ မိမိကို ပါတီမှမထွက်စေလိုလျှင် ပါတီကော်မတီကိုလည်း ဖျက်သိမ်းပြီး အငြိမ်းစားပေးပစ်ရမည်ဟူ၍ အရေးဆိုလိုက်သည် ။

ဝက်အူတစ်ထစ်ချင်း ထပ်၍ ရစ်လိုက်သည် ။

ဤသို့ဖြင့် ပါတီတွင် ပဋိပက္ခ နောက်ဆုံးတိုက်ပွဲတွင် ဟစ်တလာ သည် အောင်ပွဲဆင်နိုင်ခဲ့သည် ။ ပါတီကို စတင်တည်ထောင်ခဲ့သော ဒရက်စ်လာကိုလည်း ပါတီ၏ ဂုဏ်ထူးဆောင်ဥက္ကဌအဖြစ် အပေါ်ထပ်သို့ ခြေဖြင့် ကန်၍တင်လိုက်ပြီး ၊ ပါတီဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းရယူလိုက်သည် ။ ထို့ပြင် သူ့အပေါ်တွင် အကန့်အသတ် အချုပ်အချယ်မရှိ လုံးဝအာဏာကုန် လွှဲအပ်မှုကိုပင် ရရှိလိုက်သည် ။

#htoohtoolay


Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...