Skip to main content

တား​ရော့ပညာ

တား​ရော့ပညာ
-----
တားရော့ဆိုတာ ဖဲဗေဒင်ပဲ ။ ဘယ့်နှယ့် တားရော့ ဂန္ဓာရီပညာလဲဟု ခေါင်းစဉ်ကြည့်၍ မေးခွန်းထုတ်ကောင်းထုတ်မည် ။ - မှန်ပါသည် ။ တားရော့ခေါ် ဖဲထုပ်ဖြင့် ဗေဒင်ဟောခြင်းကို ဂျစ်ပဆီများက ၁၅ ရာစုခန့်တွင် အနောက်နိုင်ငံများတွင် လှည့်လည်ဟောပြောရာမှ တားရော့ဖဲဗေဒင်ဟု လူသိများလာခြင်း ဖြစ်ပါသည် ။

တားရော့ဂန္ဓာရီပညာကိုမူကား လူသိနည်းလှသည် ။ စင်စစ်အားဖြင့် တားရော့ဂန္ဓာရီပညာသည် သီးခြားဂန္ဓာရီပညာကားမဟုတ် ၊ ကဗာလာ ပညာစခန်းတစ်ရပ်သာ ဖြစ်သည် ။ ကဗာလာမဟာဂန္ဓာရီ ဂိုဏ်းကြီးအကြောင်း ရေးခဲ့စဉ်က ကဗာလာ မဟာဂန္ဓာရီဂိုဏ်းကြီးမှာ ယခုအခါတွင် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားသောအခါတွင် ကဗာလာမဟာဂန္ဓာရီ ပညာရပ်အဖြစ်လည်းကောင်း ၊ နော့ဆစ်ခေါ် ခရစ်ယာန်ဘာသာ အတွင်းဂိုဏ်းပညာ အဖြစ်လည်းကောင်း ၊ ရိုဆီကရုဆီယံဂိုဏ်းအဖြစ်လည်းကောင်း အမည် အမျိုးမျိုးဖြင့် ပြန့်ပွားသွားရာတွင် တားရော့ဂန္ဓာရီပညာလည်း အပါအဝင်ဖြစ်သည်ဟု ဖော်ပြခဲ့သည် ။

ကဗာလာ မဟာဂန္ဓာရီပညာသည် အဆင့်မြင့်ပညာဖြစ်ပြီး တားရော့ ဂန္ဓာရီပညာ မှာ ကဗာလာနှင့် နှိုင်းစာပါက စူဠဂန္ဓာရီပညာအဆင့်သာ ဖြစ်သည် ။

အဘယ့်ကြောင့်ဆိုသော် တားရော့ ဂန္ဓါရီပညာမှာ ကဗာလာဂန္ဓာရီပညာကြီး၏ ဒဿနကိုပင် မှီခိုနေပြီး ကဗာလာဂန္ဓာရီပညာ၏ အဓိက မဏ္ဍိုင်ဖြစ်သော ' ဘဝသစ်ပင် " ဒဿနကိုပင် အခြေပြုထားသောကြောင့် ဖြစ်သည် ။

ဘဝသစ်ပင် " အယူအရ ဂန္ဓာရီပညာစခန်းတွင် ရောင်ခြည် ၁၀ ပါး ကျင့်စဉ်သည် ကဗာလာ၏မဏ္ဍိုင်ဖြစ်သည် ။ နိမ့်ရာမှနေပြီး တစ်ဆင့်ပြီးတစ်ဆင့် တက်သွားပြီး နောက်ဆုံး လောကီမှ လောကုတ္တရာသို့ ထွက်ရပ်လမ်းအဖြစ် ရောင်ခြည် ၁၀ပါးသို့မဟုတ် တက်စဉ် ၁၀ပါးဖြင့် ဒုက္ခဘုံကြီးမှ လွတ်မြောက်ရာ ထွက်ရပ်စခန်းသို့ ရောက်ရှိရေးပင် ဖြစ်သည် ။

တားရော့ဂန္ဓါရီစခန်းအနေဖြင့် ယင်းကဗာလာ ဂန္ဓာရီပညာစခန်းဖြစ်သော ရောင်ခြည် ၁၀ ပါး ' ဘဝသစ်ပင် ” ကျင့်စဉ်ကိုပင်လျှင် အနုစိတ်ပြီး တက်စဉ် ၂၂ ပါး ဖြင့် ထွက်ရပ် လမ်းသို့ တစ်ဆင့်ပြီးတစ်ဆင့် လှမ်းတက်ခြင်းပင် ဖြစ်သည် ။

ဘဝသစ်ပင်သင်္ကေတတွင် ရောင်ခြည် ၁၀ ပါးကို တြိဂံသုံးခုဆင့်ထားသော သင်္ကေတပေါ်တွင် တားရော့တက်စဉ် ၂၂ ပါးကို တင်ထားပြီး ကျင့်ကြံအားထုတ်ခြင်း ဖြစ်သည် ။

ကဗာလာ၏ မိခင်ကြီးဖြစ်သော ဟီဘရူးအက္ခရာ ၂၂ လုံး ရှိသည်ကိုအစွဲပြု၍ တားရော့ တက်စဉ် ၂၂ ပါး ဖြစ်လာခြင်းဖြစ်သည် ။ ယင်းတားရော့တက်စဉ် ၂၂ ပါးကို ကျင့်ကြံလိုသူများ လက်သို့ ပေးပို့ဖြန့်ချိရာတွင် တားရော့ကဒ်ပြား ၊ ကားရောဖဲချပ်ကို အသုံးပြု၍ ဖြန့်ချိခြင်းဖြစ်သည် ။

တားရော့ကဒ်ပြား ၂၂ ချပ်တွင် တစ်ချပ်စီ၏ အမှတ်စဉ်နံပါတ်နှင့် ကဒ်ပြားတစ်ပြားစီတွင် ဖော်ပြထားသော အရုပ်တို့၏ သင်္ကေတများသည် တားရော့တက်စဉ်များကို ဖော်ပြနေသည် ။ သို့သော် ဂန္ဓာရီပညာရပ်ဖြစ်သည်နှင့်အညီ ယင်းနံပါတ် ၊ ကိန်းဂဏန်းများ ၊ သင်္ကေတ အရုပ်များကို သာမန်လူများအနေဖြင့် နားမလည်နိုင်ပေ ။

ယင်းဂဏန်းသင်္ချာနှင့် သင်္ကေတများမှာ လျှို့ဝှက်အန္တဝါသိကနည်းဖြင့်သာ ကဗာလာပညာကိုအခြေပြု၍ ဖွင့်ရမည်ဖြစ်သည် ။

တားရော့ဖဲထုပ်တွင် ဖဲချပ်ပေါင်း ၇၄ ချပ် ပါဝင်သည် ။ မေဂျာအာကာနာ ၂၂ ချပ် နှင့် မိုင်နာအာကာနာ ၅၂ ချပ် ၊ စုစုပေါင်း ၇၄ ချပ်ဖြင့် ဂျစ်ပဆီတို့ ရှေ့ဖြစ်ဟောကြသည် ။

တားရော့ဂန္ဓာရီပညာတွင်မူ major ARCANA ၂၂ ချပ်ကိုသာ အသုံးပြုသည် ။ ဟီဘရူး ၊ အက္ခရာ ၂၂ လုံး ရှိသည်ကို အစွဲပြု၍ ဖဲချပ် ၂၂ ချပ်ကို အသုံးပြုသည်ဟု ထင်ရသော်လည်း ၂၂ ဟူသော ကိန်းဂဏန်းသည် လျှို့ဝှက်ဆန်းကြယ်သော ဂန္ဓာရီပညာအရ အလွန်ထူးခြား သောကိန်းဖြစ်သည် ။

ဂဏန်းဗေဒင်တွင် ၂၂ ဟူသောကိန်းမှာ အထူးခြားဆုံး ၊ အနက်နဲဆုံး ဖြစ်သည်ကို အားလုံးအသိပင်ဖြစ်သည် ။ ထို့ကြောင့် တားရော့ဂန္ဓာရီပညာကို လေ့လာမည်ဆိုပါက Numerology ခေါ် ကိန်းဂဏန်းစွမ်းအင်နှင့် Symbology ခေါ် သင်္ကေတဗေဒကို ခြေခြေမြစ်မြစ် နားလည် ထားရန်လိုသည် ။

အကြောင်းအရာတစ်ခု ၊ ပုဂ္ဂိုလ်တစ်ဦးအား သင်္ကေတဖြင့် ကိုယ်စားပြု စာပေရေးသားရာတွင် သုံးစွဲဖော်ပြသည်ကို symbolism သင်္ကေတဝါဒဟု သိကြသည် ။ ဂန္ဓာရီပညာစခန်းမှာ သင်္ကေတဝါဒဟူသော သင်္ကေတကိုယ်စားပြုသော အရာဝတ္တု ပုဂ္ဂိုလ်တို့ကို ဖော်ပြရုံဖြင့် မလုံလောက်တော့ချေ ။

ပညာစခန်းတွင် အသုံးပြုသော သင်္ကေတ၏ မူရင်းဇာစ်မြစ် ၊ သင်္ကေတ၏ အစွမ်းသတ္တိနှင့် သင်္ကေတကို အသုံးပြုနည်းများကို ဖော်ပြသော သင်္ကေတဗေဒကို လေ့လာထားရန် လိုအပ်ပါသည် ။ ဤသို့ ကိန်းဂဏန်းများ၏ အဓိပ္ပာယ် ၊ တန်ဖိုးကို သဘောပေါက်မှသာလျှင် တားရော့တက်စဉ် ၂၂ ပါးတွင် တက်စဉ် တစ်ပါးစီ၏ ကိန်းဂဏန်းအရ ယင်းတက်စဉ်၏ သဘာဝနှင့် အသုံးဝင်မှုကို သိရမည်ဖြစ်သည် ။

တစ်ဖန် တားရော့တက်စဉ် တစ်ပါးစီအလိုက်ရှိသော တားရော့ကဒ်ပြားပေါ်တွင် ဖော်ပြထားသော သရုပ်ဖော် သင်္ကေတ၏ သဘာဝနှင့် စွမ်းအင်ကို နက်နဲစွာ နားလည် သဘောပေါက်မှသာလျှင် တက်စဉ်၏ အဓိပ္ပာယ် ၊ ရည်ရွယ်ချက် ၊ ရှောင်ရန်ဆောင်ရန် တို့ကို နားလည်ပြီး တက်စဉ်၏ ညွှန်ပြချက်အတိုင်း ကျင့်ကြံနိုင်မည်ဖြစ်သည် ။

- ခြင်္သေ့ တားရော့တက်စဉ် ၂၂ ပါး စဉ် အမည် သင်္ကေတ အရောင်ကို ​လေ့လာကြမည် ။

၁ ။ ဖာတစ်လုံးခေါင်းကြား , သိန်းငှက်လူ , အဝါနု
၂ ။ မှော်ဆရာ , လူဝံ , အဝါ
၃ ။ အမျိုးသမီးဂိုဏ်းချုပ် , ခွေး , အပြာ
၄ ။ ဧကရီဘုရင်မ , ချိုးငှက် , မြစိမ်းရောင်
၅ ။ ဘုရင် , ဆိတ် , ကြက်သွေးရောင်
၆ ။ ရဟန်းမင်း , နွားလား , လိမ္မော်ရင့်ရောင်
၇ ။ ချစ်သူများ , သပိတ်လွယ်ငှက် , လိမ္မော်နုရောင်
၈ ။ ယာဉ်ရထား , ဂဏန်းကောင် , ပယင်းရောင်
၉ ။ အင်အား , ခြ​င်္သေ့ , ဖက်ဖူးရောင်
၁၀ ။ ရသေ့ , ကညာ , ငှက်ပျောညွန့်ရောင်
၁၁ ။ ကြမ္မာရဟတ် , သိန်းငှက် , မရမ်းရောင်
၁၂ ။ တရားသူကြီး , ဆင် , အစိမ်းရောင်
၁၃ ။ ကြိုးဆွဲချသူ , ​မြွေ , အပြာရင့်
၁၄ ။ မရဏ , ကင်းမြီးကောက် , စိမ်းပြာရောင်
၁၅ ။ ချိုးခြံခြင်း , မြင်း , အပြော
၁၆ ။ နတ်မိစ္ဆာ , မြည်း , မဲနယ်ရောင်
၁၇ ။ ပျိုကျသောရဲတိုက် , ဝက်ဝံ , ကြက်သွေး
၁၈ ။ ကြယ်တာရာ , ဒေါင်း , ခရမ်းရောင်
၁၉ ။ လ , ငါး , ပန်းရောင်
၂၀ ။ နေ , ခြင်္သေ့ , လိမ္မော်ရောင်
၂၁ ။ ရှင်ပြန်ထမြောက်ခြင်း , ခြင်္သေ့ , ကြက်သွေး + လိမ္မော်
၂၂ ။ ကမ္ဘာ , မိချောင်း , မဲနယ်ရောင်

အထက်ပါ တား​ရော့ ကဒ်ပြားများကို ' ဘဝ သစ်ပင် " ပုံတွင် ဖော်ပြထားသော တားရော့တက်စဉ် ၂၂ ပါးကို ကဗာလာ ဘဝသစ်ပင်ရောင် ခြည် ၁၀ပါးကျင့်စဉ်နှင့် ယှဉ်တွဲ ကြည့်ရန် ဖော်ပြလိုက်ပါသည် ။ ပုံတွင် ဖော်ပြသည့် အတိုင်း ကာလာဂန္ဓာရီပညာ ရောင်ခြည် ၁၀ပါး ကျင့်စဉ်အရ ဘဝသစ်ပင်တြိဂံ သုံးခုဖြင့် ခွဲခြားပြီး ယင်းတြိဂံသုံးခုကို ဆက်စပ် လိုက်သောအခါ အမှတ်တစ်မှ တစ်ဆယ်ထိ ရောင်ခြည် ၁၀ ပါးကျင့် စဉ် ဖြစ်လာသည်ကို ကဗာလာ ဂန္ဒာရီပညာ ဆောင်းပါးတွင် ဖော်ပြ ပြီးဖြစ်သည် ။

ယခု တားရော့တက်စဉ် ၂၂ပါးသည် ယင်းတြိဂံသုံးခုဖြင့် ဖွဲ့စည်းထားသော ဘ၀သစ်ပင် သရုပ်ဖော် သင်္ကေတပုံတွင် အမှတ်တစ်မှ တစ်ဆယ်သို့ အမှတ် တစ်ခုမှ အခြားအမှတ် တစ်ခုသို့ ဆက်သွယ်ခြင်းအားဖြင့် ဆက်သွယ်မှု လမ်းကြောင်း ၂၂ ခု ဖြစ်လာသည် ။ ယင်း ဆက်သွယ်မှုလမ်းကြောင်း ၂၂ခုသည် တားရော့တက်စဉ် ၂၂ပါးဖြစ်သည် ။

အောက်ခြေအမှတ် ၁၀ မှ အမှတ် ၉ သို့ ဆက်သွယ်သော တက်စဉ်မှာ တားရော့တက်စဉ်အမှတ် ၂၂ ဖြစ်သည် ။ အမှတ် ၁၀ မှ အမှတ် ၈ သို့ ဆက်သွယ်သော လမ်းကြောင်းမှာ တက်စဉ် ၂၁ ဖြစ် သည် ။ အမှတ် ၈ မှ အမှတ် ၉သို့ ဆက်သွယ်သော လမ်းကြောင်းမှာ တက်စဉ် ၂၀ ဖြစ်သည် ။ အမှတ် ၁၀မှ အမှတ်စဉ် ၇သို့ ဆက်သွယ်သော လမ်းကြောင်းမှာ တက်စဉ် ၁၉ ဖြစ်သည် ။

ဤနည်းအတိုင်း တက်စဉ်တစ်ခုချင်းကို တစ်ဆင့်စီ တက်သွားရာ နောက်ဆုံး အမြင့်ဆုံးအဆင့်ဖြစ်သော အမှတ် ၂မှ အမှတ် ၁သို့ ဆက်သွယ်သော တက်စဉ် ၁ အထိ ဖြစ်သည် ။

တက်စဉ် တစ်ခုစီ၏ သဘာဝနှင့် အဆင့်တက်ပုံကို ဖော်ပြမှသာ သဘောပေါက်မည်ဖြစ်ရာ ပထမဆုံး အောက်ခြေအဆင့်ဖြစ်သော တက်စဉ် ၂၂ကို တင်ပြရန်ဖြစ်သည် ။ နက်နဲလှသော ဂန္ဓာရီပညာကို မိမိဉာဏ်မီသ၍ တင်ပြခြင်းဖြစ်ရာ လက်တစ်ဆုံး နှိုက်လိုသူများသည် မူရင်းကျမ်းများကို လေ့လာရန်ဖြစ်သည် ။

တက်စဉ် ၂၂ သည် မလာကွတ်ခေါ် အမှတ် ၁၅ မှ အမှတ် ၉ ဖြစ်သော ယဲ​ဆော့ စခန်းသို့ တက်လှမ်းရန် ဖြစ်သည် ။ အမှတ် ၁၀ မလာကွတ်သည် လောကလူ့ဘုံဖြစ်၍ ယဲ​ဆော့အမှတ် ၉ စခန်းသည် နတ်ပြည်နတ်ရွာ၏ ပထမဆုံး အဝင်ပေါက်ဖြစ်သည် ။ မြန်မာတို့အလိုအားဖြင့် နတ်ပြည် ၆ ထပ်၏ အောက်ဆုံး စတုမဟာရာဇ်ဘုံနှင့် အလားတူ သည် ။

တားရော့ကဒ်အမှတ် ၂၂ ၏ ရုပ်ပုံမှာ ပန်းမွေ့ရာပေါ်တွင် ဝတ်လစ်စားလစ် ကညာပျို ကခုန်နေပုံ ဖြစ်သည် ။ ပျော်ရွှင်ခြင်း ၊ မြူးကြွခြင်း ၊ လွတ်မြောက်ခြင်း အဓိပ္ပာယ် ဆောင်သည် ။ တစ်နည်းအားဖြင့် နိမ့်ကျသော အနှောင်အဖွဲ့မှ လွတ်မြောက်ခြင်းကို ဖော်ကျူးသော သင်္ကေတဖြစ်သည် ။ လူ့ဘုံထက်မြင့်သော နတ်ဘုံသို့ ဝင်ရောက်ခြင်းဟု ဆိုလိုသည် ။ တစ်နည်းအားဖြင့် ရုပ်ခန္ဓာကိုယ် အနှောင်အဖွဲ့မှ လွတ်မြောက်ခြင်းဖြစ်၍ မရဏ ဟုလည်း အဓိပ္ပာယ်ဖွင့်သည် ။ ရုပ်ခန္ဓာကို စွန့်ပြီး ဝိညာဉ်ဖြင့် နတ်ဘုံသို့ တက်လှမ်းခြင်းဟု ဆိုနိုင်သည် ။

တက်စဉ် ၂၂ သည် သင်္ကေတအားဖြင့် မိချောင်းဖြစ်သည် ။ မိချောင်းသည် ကုန်းရော ရေမှာပါနေနိုင်သော သတ္တဝါ ဖြစ်သည် ။ ကုန်းမြေမှနေ၍ ရေထဲသို့ မိချောင်းများ ဆင်းသကဲ့သို့ တက်စဉ် ၂၂ကို ကျင့်သော ပုဂ္ဂိုလ်သည်လည်း ရေဓာတ် ၊ အာပေါဓာတ်ဖြစ်သော နတ်ဘုံသို့ တက်လှမ်းနိုင်သည်ဟု ဆိုလိုသည် ။ အမှန်စင်စစ်အားဖြင့် တက်စဉ်အားထုတ်နေသူသည် ဘ၀ပြောင်းသော သေခြင်း မျိုး မဟုတ် ။ ရုန့်ရင်းကြမ်းတမ်းသော ဒုစရိုက်များ ၊ နိမ့်ကျသောစိတ်ဓာတ်များ လျော့ပါး ပျောက်ကွယ်သွားခြင်းကို သေခြင်းဖြင့် သရုပ်တင်ခြင်းသာ ဖြစ်သည် ။

ဤသို့ ကြမ်းတမ်း သော စိတ်ဓာတ်စရိုက်များ လျော့ပါးသွားမှသာလျှင် နတ်ပြည်နတ်ရွာသို့ ရောက်နိုင်မည် မဟုတ်ပါလော ။

လူ့ပြည်ထက် နတ်ပြည်က သာယာ၍ ဘုရားနှင့် ပိုနီးသည်ဟု တားရော့ ပညာရှင်က ယုံကြည်ကြသည် ။ ထို့ကြောင့် ပထမဆုံး တက်စဉ်အဖြစ် လူ့စိတ် ၊ လူ့သမာဓိမှ နတ်စိတ် ၊ နတ်သမာဓိကို သမထနည်းဖြင့် မွေးမြူဆောက်တည်ရန် ဖြစ်သည် ။

တားရော့ကတ် ၂၁ ၏ သင်္ကေတသရုပ်မှာ နတ်သမီးကလေးက ခရာမှုတ်နေပုံ ဖြစ်သည် ။ ယင်းခရာသံကြားရသော သေသူများသည် သူတို့ သင်္ချိုင်းမှ ထလာကြသည် ။ တားရော့ကတ်တွင် သေခြင်းကို ညွှန်းသောကတ် လေး ငါးကတ် ပါဝင်သည် ။ ယခုကတ် ၂၁ ကတ်၏ သရုပ်မှာ သေပြီးသူများ ရှင်ပြန်ထမြောက်သကဲ့သို့ ဒုစရိုက်များကို သုတ်သင်ပြီး သူသည် သာမန် အန္ဓပုထုဇဉ်အဖြစ်မှ သေပြီးနောက် သူတော်ကောင်းအဖြစ် ရှင်ပြန်ထမြောက်ခြင်းကို ရည်ညွှန်းခြင်းဖြစ်သည် ။ တက်စဉ် ၂၁ စခန်းကို တက်လှမ်းခြင်းအားဖြင့် သာမန် အန္ဓပုထုဇဉ် ဘဝမှ သူတော်ကောင်းဘ၀ ( သို့မဟုတ် ) ဒုစရိုက်သားတို့၏ စိတ် သမာဓိမှ သူတော်ကောင်းတို့၏ စိတ်သမာဓိ ( ဝါ ) နတ်သမာဓိ အဖြစ်သို့ရောက်အောင် တက်လှမ်းသော ပညာစခန်းဖြစ်သည် ။

ဤသို့ တက်စဉ်များကို အစဉ်အတိုင်း တက်လှမ်းသွားသောအခါ မိမိရောက်ရှိနေသော တက်စဉ်၏ သဘာဝအတိုင်း သမထအာရုံ နိမိတ်များကို တွေ့မြင်ရမည်ဖြစ်သည် ။

ဥပမာတက်စဉ် ၂၂ တွင် ရောက်ရှိနေသူ၏ သမထ စခန်းအာရုံတွင် ဇယားတွင် ဖော်ပြထားသည့်အတိုင်း သိန်းငှက်၏ သဏ္ဌာန် အာရုံနိမိတ်ကို မြင်တွေ့ရမည် ။ အရောင်အားဖြင့် လည်း အဝါနုရောင် တွေ့ရမည်ဖြစ်သည် ။ ထို့အတူ တက်စဉ် ၂၁ စခန်းသို့ ရောက်ရှိသူ၏ သမထအာရုံတွင် လူဝံ တွေ့မြင်ရပြီး အရောင်အားဖြင့် အဝါရောင် တွေ့ရမည် ဖြစ်သည် ။ ကျန်တက်စဉ်များတွင်လည်း ဇယားတွင် ပြထားသည့်အတိုင်းပင် တွေ့မြင်ရမည် ဖြစ်သည် ။

မူလဇယားတွင် ဟီဘရူးအက္ခရာစဉ် ၊ ရာသီနက္ခတ် ၊ အပင် ၊ အရောင်နှင့် နိမိတ်ပုံများ ဖြစ်သည် ။ နောက်ထပ်တက်အံ့သော စခန်းများ တက်စဉ်များတွင်လည်း ယင်းတက်စဉ်တို့၏ ဝိသေသ သင်္ကေတအတိုင်း ကျင့်ကြံတက်လှမ်းရန် ဖြစ်သည် ။ တက်စဉ်စခန်း တစ်ခုစီကို တက်လှမ်းရာတွင် သမထ ကျင့်စဉ်များမှာ ကာဗလာ ကျင့်စဉ်အတိုင်းပင် ဖြစ်သည် ။ စိတ်အာရုံ စူးစိုက်ခြင်း ၊ စိတ်ဖြင့် သရုပ်ဖော်ခြင်း ၊ စိတ်ကူး သရုပ်ဖော်ခြင်း ၊ မိမိ၏ စိတ်ကို မိမိ၏ကိုယ်ပွား နာမ်ခန္ဓာခေါ် လိပ်ပြာခန္ဓာသို့ ရွှေ့ပြောင်းခြင်း စသည်တို့ ဖြစ်သည် ။

ဤသို့ ပညာစခန်းကို တစ်စခန်းပြီး တစ်စခန်း တက်လှမ်းပြီးလျှင် နောက်ဆုံး အလင်းဓာတ် ဘုရားကြီးထံသို့ တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက် ဆိုက်ရောက်သွားသော ထွက်ရပ်လမ်းကျင့်စဉ် ဖြစ်ပေသည် ။

စင်စစ်အားဖြင့် ဤဆောင်းပါးမှာ တားရော့ဂန္ဓာရီပညာရပ်၏ အမြည်းသဘောမျှသာ ဖြစ်ပါမည် ။ အရသာ အပြည့်အဝခံလိုသူများသည် မူရင်းကျမ်းများကို ဆက်လက် လေ့လာရန် ဖြစ်ပါသည် ။

#htoohtoolay


Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...