ဂန္ဓာရီပညာတက်စဉ်
-----
ဂန္ဓာရီပညာသည် ဆရာရှင်က တပည့်သာဝကအား လျှို့ဝှက်စွာ လက်ဆင့်ကမ်း သင်ပေးပြီး သူ၏ မဟိဒ္ဓိတန်ခိုးဖြင့် ကူညီဖေးမဓါတ်ဖွင့်ပေးသော ဆရာနှင့် တပည့် နှစ်ဦးသာသိခွင့်ရသော အန္တဝါသိက ပညာတက်စဉ် ဖြစ်သည် ။
ပညာစခန်းအဆင့်ဆင့် တက်ရာတွင် အကြမ်းအားဖြင့် သုံးဆင့် ။ အသေးစိတ်အားဖြင့် ခုနစ်ဆင့်ဖြစ်သည် ။
အကြမ်းအားဖြင့် သုံးဆင့်မှာ -
၁ ။ အစမ်းခံသာဝကအဆင့် . . .
ယင်းအဆင့်တွင် သဘောတရားနှင့် စည်းကမ်းများကို လေ့လာရသည် ။
၂ ။ လက်ခံက ယင်းအဆင့်တွင် စိတ်နှင့် စိတ်တန်ခိုးအဘိညာဉ် တန်ခိုးတို့ကို လေ့ကျင့်သင်ကြားရသည် ။
၃ ။ အထက်ပါ ကျင့်စဉ်အောင်မြင်ပါက အလင်းဓာတ်ရရှိပြီး အလင်းဓာတ်ဘုရားကြီး နှင့် တစ်သားတည်း ပေါင်းစပ်သွားသည် ။
အသေးစိတ် တက်စဉ် ခုနစ်ဆင့်မှာ ပထမအဆင့် ၊ ဒုတိယအဆင့် ၊ တတိယ အဆင့်မှသည် သတ္တမအဆင့်ထိ ဖြစ်သည် ။
သာဝကတစ်ဦးသည် အရည်အချင်း ခုနစ်ပါးဖြင့် ပြည့်စုံရမည် ။
၁ ။ မိမိ၏ မဇ္ဈတ္တတွင် ဘုရားဓာတ်ရှိသည်ကို သိမြင်ပြီး ဘုရားထံ စိတ်ညွတ်ထားရမည် ။
၂ ။ ဘုရား ၊ ဘွဲ့တော်များနှင့် ဂုဏ်တော်တွေကို နားလည်သဘောပေါက်ပြီး အာဂုံဆောင် ထားရမည် ။
၃ ။ မေတ္တာတရားနှင့်တကွ ကြင်နာမှု ၊ နူးညံ့သိမ်မွေ့မှု ၊ တရားမျှတမှုကို လက်ကိုင်ထားရမည် ။
၄ ။ ဘုရားကို အမြဲကိုးကွယ်ဆည်းကပ်ပြီး ဘုရားဟောပြောညွှန်ကြားသည့်အတိုင်း လိုက်နာရမည် ။
၅ ။ အတ္တကို လျှော့ချရမည် ။ မိမိကိုယ်ကို နှိမ့်ချရမည် ။
၆ ။ ဘုရားနှင့် တစ်သားတည်းအဖြစ် နေနိုင်အောင် လောကီအာရုံများ ကင်းရှင်းရမည် ။
၇ ။ ပရမတ္တသစ္စာတရားကိုယ်ကြီးကို သိမြင်ရမည် ။
ဤအရည်အချင်းများနှင့် ပြည့်ပြီးနောက် တက်စဉ် ခုနစ်ဆင့်ကို တက်ရာတွင် သာဝကလောင်း၏ စိတ်သမာဓိတက်စဉ် ခုနစ်ဆင့်ကိုလည်း တစ်ဆင့်ပြီး တစ်ဆင့် တက်ရမည် ။
၁ ။ သာမန်ဘာသာရေး ကျင့်ကြံသူများကဲ့သို့ ကျင့်ကြံသော တက်စဉ်နှေး အဆင့်မှ ကျော်လွန်ကာ အန္တိမပန်းတိုင်ကို ယခုဘ၀အတွင်း ပေါက်မြောက်အောင် ကျင့်ကြံနိုင်သော ဇွဲ ၊ သတ္တိရှိခြင်း ၊
၂ ။ ဘုရားရှိရာ တစ်ဖက်ကမ်းသို့ ကူးရန်အတွက် တစ်ဖက်ကမ်းသို့ ပို့ဆောင်ပေးနိုင်သော ဖောင်ကူးတို့နှင့် တူသော ဥပဇ္ဈာယ်ဆရာရှင်အား ဆည်းကပ် ၊ တပည့်သာဝက နိုင်ခြင်း ၊
၃ ။ ဈာန်ဘုရားကြီးအား အာရုံပြု၍ ကြည်ညိုသဒ္ဓါတရားဖြင့် ဂုဏ်တော်ကို ပွားများနိုင်ခြင်း ၊
၄ ။ နေဈာန်ဘုရားထံ ရောက်ရှိစေရန်အတွက် အလင်းလှေကားဖြင့် တက်လှမ်းခြင်း ၊ ဈာန်သမာဓိ ထူတောင်ရာတွင် အလင်းဓာတ်ရအောင် ကြိုးစားပြီး ယင်းအလင်း အဆင့်ဆင့်ကို လှေကားထစ် ၁၁ဖြင့် တစ်ဆင့်ပြီး တစ်ဆင့် တက်ခြင်းဖြင့် အလင်း ဘုရားထံ ရောက်ရှိခြင်း ၊
၅ ။ ယင်းသို့ သမာဓိကို အခြေခံ၍ အလင်းဓာတ် ဘာဝနာပွားသောအခါ ဘုရား ၊ ဉာဏ်အလင်းရောင်ကို ရသည်အထိ တက်လှမ်းခြင်း ၊
၆ ။ ဈာန်ဘုရား၏ ခြေတော်ရင်းသို့ ဈာန်သမာဓိဖြင့် ရောက်ရှိပြီးလျှင် လောကီ လူသားဘဝ ချုပ်ငြိမ်းကွယ်လွန်ပြီး ဘုရားသားတော်အဖြစ် မွေးဖွားလာခြင်း ၊
၇ ။ ဈာန်ဘုရားထံမှ အဘိညာဉ်တန်ခိုးများ ရရှိခြင်းတို့ ဖြစ်သည် ။
ဤကျင့်စဉ် သဘောတရား ၊ အရည်အချင်းများကို လက်ခံလိုက်နာနိုင်ပါက အီဂျစ်ဘုရင်ထံသို့ သွားရောက်ပြီး တပည့်သာဝကအဖြစ် လက်ခံပညာသင်ကြားပေးရန် လျှောက်ထားရသည် ။
အီဂျစ်ဘုရင်က ဂန္ဓာရီသင်ကြားရန်အတွက် ရိုးသားဖြောင့်မတ်မှု ၊ မျိုးရိုးဇာတိစသော ပဏာမစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး သင့်လျော်သည်ဟု ထင်မြင်ပါက ဟယ်လီယိုပိုလစ်မြို့ တွင် ကျောင်းထိုင်သော မင်းဖစ်ဘုန်းတော်ကြီးထံသို့ ထောက်ခံချက်ဖြင့် စေလွှတ်လိုက်သည် ။
မင်းဖစ်ဆရာတော်က တစ်ဖန်စစ်ဆေးပြီး သင့်လျော်ပါက ဂန္ဓာရီပညာရပ်နှင့်တကွ ပညာရပ်ပေါင်းစုံတို့ စုဝေးရာ သီးဘီးစ်မြို့ရှိ ဂိုဏ်းချုပ်ဆရာတော်ကြီးထံသို့ ပို့ပေးလိုက်သည် ။
သီးဘီးစ်မြို့ ၊ အိုးဆီးရစ်ကျောင်းတော်သို့ ရောက်သောအခါ ဂိုဏ်းချုပ်ကြီးလည်း ဖြစ် ၊ ဥပဇ္ဈာယ်ဆရာလည်းဖြစ်သော ဘုန်းတော်ကြီးက သားလောင်းအား အစမ်းခံ သာဝကအဖြစ် ပဏာမ ကျင့်စဉ်များကို ကျင့် စေသည် ။
သာဝကလောင်းသည် ထိုစဉ်က အီဂျစ်ဘာသာရေးဘုန်းကြီးများ ကျင့်ဝတ်ဖြစ်သော သီလနှင့် ဝိနည်းသိက္ခာများကို ဆောင်သော သာသနာ့ဝန်ထမ်း ရဟန်းအဖြစ် အသွင်ပြောင်း၍ သီလသိက္ခာများကို ဆောင်ယူ ရသည် ။
အရက်သေစာ သောက်စားခြင်း ၊ သားငါးစားခြင်းတို့ကို ရှောင်ကြဉ်၍ တစ်နေ့လျှင် ရေနှစ်ခါချိုးရသည် ။ အစားအစာကို လိုအပ်သမျှသာ စားပြီး ဥပုသ်စောင့် ရသည် ။ လိင် အရေပြား လှီးဖြတ်ရသည် ။ လောကီအာရုံ ကာမဂုဏ်တို့ကို ပယ်ရသည် ။ ဥပဇ္ဈာယ်ဆရာက ပေးအပ်သော ကမ္မဋ္ဌာန်း ဘာဝနာကို ပွားများရသည် ။ ဘာဝနာပွားစဉ် တွေ့ရသော အာရုံနိမိတ်များ ၊ စိတ်အာရုံများကို မှတ်သား တင်ပြရသည် ။
ဤသို့ လေ့လာသင်ကြားနေရသည်မှာ ဘုရားကျောင်း စသော အဆောက်အအုံအတွင်း၌ မဟုတ် ။ မှောင်နေသော မြေအောက်လိုဏ်ဂူထဲတွင် မိမိတစ်ဦးတည်းသာ နေရင်း အားထုတ်ရသော အလုပ်ဖြစ်သည် ။
ဤသို့ လပေါင်းများစွာ လေ့လာပြီးနောက် မိမိရရှိသော ဉာဏ်စဉ်မှတ်တမ်းကို ကျေနပ်ပြီဆိုပါက တစ်ထစ်တက်ရသည် ။
ဟားမီးစ်တိုင်ကြီးများဟု ခေါ်သော တိုင်များဖြင့် ဆောက်လုပ်ထားသော စင်္ကြံလမ်း တစ်လျှောက် ခေါ်သွားပြီးလျှင် အနက်ရောင်ဟာမီးစ်တိုင်နှင့် အနီရောင် ဟာမီးစ်တိုင်နှစ်လုံးတွင် ထွင်းထုထားသော ဂန္ဓာရီပညာရပ်များကို လေ့လာရသည် ။
ထိုအပြင် သဒ္ဒဗေဒအသိပညာ ၊ မန္တန်ပညာစသော အခြေခံပညာရပ်များကို လေ့လာရသည် ။
- အထက်ပါ အကျင့်သိက္ခာများ လေ့လာကျင့်ကြံအားထုတ်မှုများကို ဥပဇ္ဈာယ် ဆရာက ကျေနပ်ပြီဆိုပါက ပထမအဆင့် သိဒ္ဓိတင် ဘိသိက်ပွဲတက်ရန် ခွင့်ပြုသည် ။
ပထမအဆင့် မြင့်တင်ပေးသော ဘိသိက်ပွဲ အခမ်းအနား မစမီတွင် ပထမအဆင့်နှင့် ထိုက်တန်သော အရည်အချင်း ရှိမရှိကို စနစ်တကျ ဂိုဏ်းထောက် ၊ ဂိုဏ်းမများ စုံညီဖြင့် စမ်းသပ်စစ်ဆေးခြင်း ဖြစ်သည် ။
ဥပဇ္စျာယ်ဆရာက သာဝကလေ့လာခဲ့သော ဂန္ဓာရီပညာနှင့် သက်ဆိုင်သော မေးခွန်းများ ၊ အာရုံနိမိတ်များကို အထပ်ထပ်အခါခါ စစ်ဆေးမေးမြန်းပြီး ဂန္ဓာရီပညာ ဆက်လက် လေ့လာရန် မထိုက်တန်ဟု ယူဆပါက စကားပြန်မပြောတော့ဘဲ အခန်းတွင်းမှ ထွက်ခွာသွားရန် တံခါးပေါက်ကို လက်ညှိုးညွှန်ပြ၍ နှင်ထုတ်မည် ။
အကယ်၍ လက်ခံမည်ဆိုပါက မြေအောက်လိုဏ်ဂူအတွင်းသို့ ခေါ်ဆောင်သွားပြီး ဘုရားကျောင်းဆောင်တစ်ခု အဝင်တံခါးတွင်ရှိသော အိုက်ဇစ်ဘုရားရုပ်တုရှေ့သို့ ရောက်သွားသည် ။ အိုက်ဇစ်အစ်မတော်ဘုရား ဈာန်ဝင်စားနေဟန် ရုပ်ထု၏ မျက်နှာပေါ်တွင် ဇာပ၀ါပါးပါးကလေး ဖုံးလွှမ်းထားသည် ။ ရုပ်တု၏ အောက်ခြေတွင် -
“ ငါ၏ ဇာပဝါကို ပုထုဇဉ်တို့၏ လက်ဖြင့် မထိရ ” ဟုရေးထားသည် ။
ဤရုပ်တုရှိရာ တံခါးဝသည် မဟာဂန္ဓာရီပညာစခန်း အဆင့်ဆင့် တက်လှမ်းဖို့ ၊ ဓာတ်စခန်းကြီး အ၀င်ဝမုခ်ဦးဖြစ်သည် ။
ဂန္ဓာရီပညာ လေ့လာလိုသူသည် မိမိအသက်ကို ၊ စွန့်လွှတ်ရဲသော သူရသတ္တိရှိမှဖြစ်မည် ။ ထို့ကြောင့် ဤမုခ်ဦးထဲကို ဝင်ရောက်လာသူ ဒုစရိုက်သမားနှင့် စိတ်ဓာတ်မခိုင်မာသူတွေသည် ရူးလျှင် ရူး ၊ မရူးလျှင် သေသွားမည် ။
စိတ်ဓာတ်ခိုင်မာရဲရင့်သူ ၊ စိတ်ထားဖြူစင်သူသာလျှင် အသက်ရှင်ကျန်ပြီး နောက်ဆုံး မှာ လောကီမှ လွတ်မြောက်စေနိုင်သော ထွက်ရပ်လမ်းဖြင့် မအိုမနာ ၊ မသေသော ဈာန်ဘုရားတို့၏ အမတရွှေပြည်ကို ရောက်မည် ဖြစ်သည် ။
မဆင်မခြင် ဝင်သွားသူများဟာ အသက်ရှင်ရက်နဲ့ ပြန်မထွက်နိုင်တော့ဘူး ။ ဒါကြောင့် အန္တရာယ်များလှသော ခရီးကို မဝင်မီ ဆင်ခြင်လော့ ။ ဘာမထီသော သတ္တိ မရှိက အချိန်မီ နောက်ပြန်ဆုတ်နိုင်သည် ။ နောက်က တံခါးပိတ်သွားလျှင် ပြန်ဆုတ်နိုင် တော့မည် မဟုတ်ဟု ဥပဇ္ဈာယ်ဆရာက သတိပေးလိုက်သည် ။
သာကလောင်းသည် နောက်မဆုတ်တော့ဘူးဆိုလျှင် သာဝကလောင်း ယင်းအိုက်ဇစ်ဘုရားကျောင်းစောင့် ဘုန်းကြီးများထံ အပ်နှံထားခဲ့ပြီး ဥပဇ္ဈာယ်ဆရာနှင့် ဂိုဏ်းထောက်များ ပြန်ထွက်သွားကြသည် ။
ယင်းကျောင်းဆောင်တွင် တစ်ပတ်မျှ နေရစဉ်အတွင်း ဘုရားရှိခိုးခြင်း ၊ ဓမ္မတေးများ သီဆိုခြင်း ၊ ဝတ်ပြုပူဇော်မှု အစီအရင်များ ၊ ဝေယျာဝစ္စများကို ဆောင်ရွက်ရခြင်း စသော အနိမ့်ကျဆုံး လုပ်ငန်းများကို ဆောင်ရွက်ရင်း စကားလုံးဝ မပြောရသော ၀စီပိတ်ကျင့်စဉ်ကို စောင့်ထိန်းရသည် ။
ထို့အပြင် ယန္တရားအတတ်ပညာဖြင့် စီရင်ထားသော မိုးကြီးသည်းထန်စွာ ရွာပြီး မိုးမှောင်ကြီးကျခြင်း ၊ လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်း ၊ လျှပ်စီး လျှပ်စစ်များ တဝင်းဝင်း လင်းလက်ပြီး မိုးကြိုးများ မရပ်မနား ပစ်ခြင်း စသော စမ်းသပ်မှုများကို မကြောက်မရွံ့ မတွန့်မဆုတ် ရဲဝံ့စွာ ရင်ဆိုင်နိုင်ပြီဆိုပါက ဂန္ဓာရီဂိုဏ်းဝင် ပထမအဆင့်သာဝကအဖြစ် လက်ခံသော ဂိုဏ်းတက်ပွဲ အစီအစဉ် ဘိသိက်သဘင်ကို ကျင်းပသည် ။
စမ်းသပ်မှုများ ပြီးစီးသွားသောအခါ ပွဲတက်ဘိသိက်အခမ်းအနား ကျင်းပရန် သီးသန့်ထားသော ကျောင်းဆောင်အတွင်းသို့ ဥပဇ္ဈာယ်ဆရာသည် ဂိုဏ်းထောက် ဂိုဏ်းမ ဂိုဏ်းဝင်ထွက်ရပ်ပေါက်မြောက်ပြီး ပုဂ္ဂိုလ်များနှင့်အတူ သာဝကကိုပါ ခေါ်ဆောင်လာပြီးလျှင် အသီးသီး နေရာယူကြသည် ။
ဒူးထောက်နေသော သာဝကအား ဥပဇ္ဈာယ်ဆရာ အမှူးရှိသော ဘုန်းကြီးများက ဝန်းရံလျက် ဘုရားပင့်ခြင်း ၊ ဂုဏ်တော်ပွားများခြင်း ၊ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းပြုပြီးသော် ဂိုဏ်းချုပ်ဥပဇ္ဈာယ်ဆရာက တပည့်အား လက်နှစ်ဖက်သပ်၍ သမာဓိအား မြှင့်တင်ပေးသည် ။ ဝိုင်းရံလျက်ရှိသော ဂိုဏ်းထောက်များကလည်း တစ်ညီတစ်ညွတ်တည်း သာဝကကို အာရုံညွတ်၍ သမာဓိမြှင့်ပေးသည် ။
နောက်ဆုံးတွင် ဂိုဏ်းချုပ်ဆရာတော်က ဓမ္မလှံတံ သို့မဟုတ် သံလိုက်တောင်ဝှေးဖြင့် သာဝက၏ ကျောမြှောင်ရိုးကို လည်းကောင်း ၊ ငယ်ထိပ်ရှိ သဟဇချက္ကရကိုလည်းကောင်း ထိပေးလိုက်သည် ။
ထိုအချိန်တွင် သာဝက၏မူလစိတ် ပျောက်သွားပြီး အရှင်လတ်လတ် နတ် ၊ ဗြဟ္မာ ပြည်သို့လည်းကောင်း ဈာန်ဘုရားများထံသို့လည်းကောင်း ရောက်သွားသကဲ့သို့ ခံစားရသည် ။
ထို့နောက်တွင်ကား တဖြည်းဖြည်း သတိပြန်ဝင်လာပြီး မူလစိတ်အခြေအနေသို့ ရောက်လာသည် ။
ထိုအခါ ဂိုဏ်းချုပ်ကြီးက ယခု တွေ့ကြုံခဲ့ရသော ပွဲတက်ဘိသိက်သဘင် အစီအရင်နှင့် လျှို့ဝှက်ပညာရပ်များကို မပေါက်ကြားစေရပါဟု သာဝက၏ လည်ပင်းတွင် ဓားဦးဖြင့်တေ့၍ သစ္စာဆိုစေသည် ။ သာဝကအနေဖြင့် နေလနက္ခတ်တာရာများကို တိုင်တည်၍ လျှို့ဝှက်ချက်များကို ထုတ်ဖော်မပြောပါဟု ကတိသစ္စာပြုရသည် ။
#htoohtoolay
မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...
Comments
Post a Comment