Skip to main content

ထွက်ရပ်လွန် အဆင့်များ

ထွက်ရပ်လွန်အဆင့်များ
-----
အီဂျစ် မဟာဂန္ဓာရီအဆင့် ခုနစ်ဆင့် ရှိရာတွင် တတိယအဆင့်မှာ ထွက်ရပ်ပေါက် အဆင့်ဖြစ်ကြောင်း ဖော်ပြပြီးဖြစ်သည် ။ ကျန်လေးဆင့်မှာ ထွက်ရပ်ပေါက် အဆင့်ထက် ကျော်လွန်နေသောကြောင့် ထွက်ရပ်လွန်အဆင့်များဟု ခေါ်တွင်ခြင်းဖြစ်သည် ။

တတိယအဆင့် အောင်မြင်ပြီးသည့်နောက် သေခြင်းတရားကို အောင်နိုင်ခဲ့ပြီးပြီ ဖြစ်၍ ခန္ဓာကိုယ်ပျက်စီးဆုံးရှုံးသွားသည့်တိုင်အောင် မိမိ၏ ယုံကြည်ကိုးကွယ်မှု ၊ အတွေး အခေါ်နှင့် ဂန္ဓာရီပညာရပ်များကို ရုပ်ခန္ဓာဖြင့်ရှိစဉ်ကကဲ့သို့ပင် တစ်ဆံခြည်မျှင်မျှ မလျော့ဘဲ လိပ်ပြာခန္ဓါဖြင့် ဆက်လက် သယ်ဆောင်ထားနိုင်သည် ။

နောက်တစ်ဖန် လူ့ဘဝသို့ ပြန်လည် ဝင်စားရလျှင်လည်း ယင်းပညာများ ၊ အယူအဆများ ၊ ယုံကြည်မှုများကို ဆက်လက် သယ်ယူ မှတ်မိနေသေးကြောင်းကို ယခုခေတ် သက်ရှိလူသားတို့၏ ဘဝက သာဓကများဖြင့် ပြသခဲ့ပြီးဖြစ်၏ ။

တတိယအဆင့် ပြီးဆုံးသွားသောအခါ စတုတ္ထအဆင့်ကို တက်ရန်အတွက် လေ့လာပြင်ဆင်ရသည် ။ စတုတ္ထအဆင့် ကာလကို “ ဥပုသ်ဆောင်ကာလ ” ဟု သတ်မှတ်ပြီး မြေအောက်လိုဏ်ဂူထဲတွင် တစ်နှစ်ခွဲခန့်နေ၍ လေ့လာကျင့်ကြံရသည် ။

မရဏထူု ဝင်သော ခေါင်းစီရင်ပုံများ ၊ အလောင်းကို မပုပ်မသိုးစေရန်နှင့် ပိုးမွှားအန္တရာယ်မှ ကာကွယ်ရန်အတွက် ပရဆေးအမယ်ခုနစ်မျိုး ပါဝင်သော ဆေးဖြင့် စီရင်ပုံများ ၊ ပရလောကတွင် အသုံးပြုသော သင်္ကေတများ ၊ အရုပ်စာများကို လေ့လာရသည် ။

ဤသို့ လေ့လာသည်ဆိုရာတွင် ရုပ်ခန္ဓာကိုယ်ဖြင့် လေ့လာရခြင်း မဟုတ်ဘဲ လိပ်ပြာခန္တာဖြင့် မရဏပြည်ခေါ် လိပ်ပြာခန္ဓာကျက်စားရာ လိပ်ပြာဘုံ ၊ နတ်ဘုံတွင် လိပ်ပြာခန္ဓာဖြင့် လေ့လာရခြင်းဖြစ်သည် ။

လေ့လာသင်ကြားမှုများ ပြည့်စုံသောအခါ စတုတ္ထအဆင့် တက်ရမည်ဖြစ်သော စတုတ္ထစမ်းသပ်မှုဖြစ်သော “ ဆာယာထုံ ” တက်ရသည် ။

ဆာယာထုံဟူသည် တမလွန်ပရလောကတွင် ရှိသော နာနာဘာဝများ ၊ ပြိတ္တာများ ၊ လမိုင်းများ ၊ မိမိပိုင် ခန္ဓာမရှိဘဲ သူတစ်ပါးစွန့်ပစ်ခဲ့သော ပရလောကအလောင်းများ ၊ ယင်း အလောင်းများမှာ တမလွန်ပရလောကသားများ ၊ ပရလောကမှ စွန့်ခွာသောအခါ ( ဝါ ) ဒုတိယအကြိမ် သေရသောအခါ လိပ်ပြာခန္ဓာအလောင်းကြီးကို စွန့်ပစ်သွားရသည် ။

လူ့ပြည်မှာ သေသောအခါ ရုပ်ခန္ဓာကို စွန့်ခွာသွားရသကဲ့သို့ပင် ဖြစ်သည် ။

လူ့ပြည်တွင် နေ့စဉ်နှင့်အမျှ ရုပ်ခန္ဓာအလောင်းများ အသုဘချနေသကဲ့သို့ပင် လိပ်ပြာ လောကတွင်လည်း လိပ်ပြာခန္ဓာကို စွန့်၍ ဘ၀ကူးသွားသူများ ရှိသည်ဟု ရှေးဟောင်း အီဂျစ်တို့က ယုံကြည်သည် ။

ထို့ပြင် လိပ်ပြာလောကတွင် လိပ်ပြာခန္ဓာကိုယ်မရှိသော အမျိုးမျိုးသော နာနာဘာဝ Elemental ခေါ် သတ္တဝါများလည်း ရှိသည် ။ ဘူတကောင်း ဖုတ်ကောင်ဟုလည်း ခေါ်သည် ။

ယင်းဘုတကောင် ဆာယာများသည် တွေ့ရာလိပ်ပြာအလောင်းထဲသို့ ၀င်ရောက်၍ လိပ်ပြာလောကတွင် ကျက်စားသည် ။ ယင်းတို့၏ သဘာဝမှာ လိပ်ပြာလောကသို့ ဝင်ရောက်လာပြီး လိပ်ပြာလောကကို စိုးမိုးရန် ရောက်လာသော ထွက်ရပ်ပေါက် ပုဂ္ဂိုလ်တို့၏ လိပ်ပြာဝိညာဉ်ကို နှောင့်ယှက်ရန် ၊ ရန်ပြုရန်ဖြစ်သည် ။ ထို့ကြောင့် စတုတ္ထအဆင့် တက်မည့်သူသည် ယင်းဆာယာဘူတတို့နှင့် လိပ်ပြာ လောကတွင် တွေ့ဆုံယှဉ်ပြိုင် တိုက်ခိုက်ရသည် ။

ဘူတဆာယာများနှင့် တိုက်ပွဲဝင်ရန်အတွက် စတုတ္ထအဆင့်တက်မည့်သူအား သူ၏ ဥပဇ္ဈာယ်ဆရာက ဆာယာဘူတကောင်များကို နှိမ်နင်းရန် ဂန္ဓာရီပညာများ ၊ ဆာယာဘူတ၏ တိုက်ခိုက်မှုကို ကာကွယ်ရန် ဒိုင်းသဖွယ် အကာအကွယ် ပညာများကို သင်ကြားပေးအပ်ပြီး ဆာယာတို့ကို နှိမ်နင်းရသည် ။

ဤသို့ ဆာယာဘူတကောင်များဖြင့် တိုက်ခိုက်ခြင်းကို ' ဆာယာထုံ ” ဟု ခေါ်သည် ။

ယင်းထုံကို အောင်မြင်သောအခါ ပရလိပ်ပြာဘုံတွင် နေထိုင်ကျက်စားရန် ပညာများ တတ်မြောက်ပြီဟု အသိအမှတ်ပြုပြီး ဂိုဏ်းချုပ်ကြီးနှင့်တကွ ဂိုဏ်းဝင်ပုဂ္ဂိုလ်များက စတုတ္ထသိဒ္ဓိတင် ဘိသိက်ပွဲများ ကျင်းပပြီး ဈာန်ဘုရား အိုက်ဇစ်၏ ဒိုင်းကို ချီးမြှင့်သည် ။

စတုတ္တအဆင့်အတွက် သတ်မှတ်ထားသော ဇီးကွက်ရုပ်သဏ္ဌာန်ရှိ အိုက်ဇစ်၏ တံဆိပ်ပေးအပ်ပြီးလျှင် စတုတ္ထအဆင့်၏ စကားဝှက် “ ဂျိုအာ ” ကို ပေးအပ်သည် ။

ရရှိပြီးလျှင် တရားသူကြီးအဖြစ် ခန့်အပ်သည် ။

စတုတ္ထအဆင့် အောင်မြင်ပြီးသောအခါ ဘုရင်မင်းမြတ်နှင့် အချိန်မရွေး ဆက်သွယ်ခွင့် ဂန္ဓာရီပညာရပ်များကို အခြားသော အဆင့်တူ စတုတ္ထအဆင့်ဝင်များနှင့်အတူ လေ့လာရသည် ။

လေ့လာရသော ဘာသာရပ်မှာ ဈာန်ဘုရားများ၏ ဖြစ်စဉ်တန်ခိုးနှင့် သဘာဝများကို လေ့လာရသည် ။ အီဂျစ်ဈာန်ဘုရားဖြစ်သော အိုဆီးရစ်သည် သူ၏ ယောက်ဖဖြစ်သူ တိုင်ဖုံးက သတ်၍ သေရသည်ဟု ဘုရားသမိုင်းက ဆိုသည် ။

အမှန်စင်စစ်အားဖြင့် ဈာန်ဘုရားများသည် လူသားမဟုတ်သည့်အပြင် နတ်လောက ကိုပင် ကျော်လွန်နေသော ဘုရားငယ်များဖြစ်ရာ လူသားများကဲ့သို့ ဒေါသဖြင့် သတ်ဖြတ် ခြင်းမျိုး မရှိချေ ။ လူသားတို့အနေဖြင့် နားလည်ရန်ခက်ခဲသော ဈာန်ဘုရား တို့၏သဘာဝကို ' သရုပ်ထင် ' ပြသည့်အနေဖြင့်သာ အိုဆီးရစ်ဘုရားကို တိုင်ဖုံးက သတ်သည်ဟု ဆိုခြင်း ဖြစ်သည် ။

ထို့အတူပင် ဈာန်ဘုရားလောက၌ ဣတ္ထိလိင် ၊ ပုလ္လိင် ကွဲပြားခြင်းမရှိ ၊ လိင်ကိစ္စ မရှိစေကာမူ ဈာန်ဘုရားတို့၏ တန်ခိုးဣဒ္ဓိကို ဖော်ပြရာတွင် လင်မယားသန္တာန် ၊ လိင်သန္တာန် တို့ဖြင့် ဖော်ပြခြင်းဖြစ်သည် ။ အိုက်ဇစ်နှင့် အိုဆီးရစ်တို့ကို တစ်ခါတစ်ရံ မောင်နှမဟူ၍ လည်းကောင်း ၊ တစ်ခါတစ်ရံတွင် အကြင်လင်မယားဟူ၍လည်းကောင်း ဖော်ပြတတ်သည် ။ သရုပ်ဖော်တင်ပြခြင်းဟု နားမလည်ပါက ဈာန်ဘုရားတွေမှာ လိင်ကိစ္စတွေ ရှိနေသေးသည်ဟု အထင်လွဲစရာဖြစ်သည် ။

တန်ခိုးဣဒ္ဓိနှင့် လိင်သ​​​​ေ င်္ကတကို ဆက်နွယ်ပုံမှာ အလွန် ကျယ်ဝန်းလှ၍ သီးခြားရေးသားမှသာလျှင် သဘောပေါက်မည်ဖြစ်သည် ။

ဈာန်ဘုရားတို့၏ သဘာဝနှင့် တန်ခိုးဣဒ္ဓိပါဒ်ကို လေ့လာသင်ကြား တတ်မြောက်သောအခါ ပဉ္စမအဆင့် သိဒ္ဓိတင်ဘိသိက်ပွဲ ကျင်းပ၍ ပဉ္စမအဆင့် ထွက်ရပ်ပေါက်ပုဂ္ဂိုလ် အဖြစ် အသိအမှတ်ပြုပြီး စကားဝှက် “ ချိမယား ' ကို ပေးအပ်သည် ။

ပဉ္စမအဆင့်သို့ ရောက်ရှိပြီးနောက် ဆဌမအဆင့် တက်စဉ်ကာလကို ' ဘုရားမုခ်ဦး မှ နက္ခတ်ပညာရှင် ” ဟု ခေါ်သည် ။ ရုပ်ဒြပ်များရှိသော ဂြိုဟ်နက္ခတ်များသာမက ရုပ်ဒြပ်မရှိသော နာမ်ဖြစ်ဖြင့် တည်ရှိသော ဂြိုဟ်နက္ခတ်များကို လေ့လာသင်ကြားရသည် ။ သာမန်မျက်စိဖြင့် မမြင်နိုင်သော “ ကွာစာများ ၊ ကွင်းမည်းကြီးများအကြောင်းကို သိပ္ပံပညာက ယခုအခါ သိရှိပြီးဖြစ်ရာ ထိုနက္ခတ်ပညာမှာ ရုပ်လွန်နက္ခတ်ပညာဖြစ်ကြောင်း ၊ ခေတ်​ရှေ့များစွာ ပြေးလျက်ရှိကြောင်းကို ပြောရန်လိုမည် မဟုတ်ချေ ။

ယနေ့ခေက် ရူပဗေဒသိပ္ပံပညာတွင် ( gravity ) ခေါ် ကမ္ဘာ့ဆွဲငင်အားကို လေ့လာခြင်းဖြင့် အိုင်စတိုင်း၏ သဘောတရားကို ကျော်လွန်သွားပြီဖြစ်သော ဒုက္ခိတ ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်၏ ဆွဲငင်အား ” စွမ်းအင်သဘောတရားသည် အီဂျစ် ၊ ဂန္ဓာရီပညာ ရုပ်လွန်နက္ခတ်ဗေဒပညာနယ်ပယ်သို့ ဝင်ရောက်သွားပြီလောဟု တွေးစရာ ဖြစ်လာသည် ။

ထို့အပြင် လောကုတ္တရာဘုံကို ရည်ညွှန်းသော သင်္ကေတများနှင့် ဘာသာရေး အကများကို လေ့လာရသည် ။ ဘာသာရေးအကဆိုရာတွင် ခေါမခေတ်နှင့် တိဗက်ဘုန်းတော် ကြီးများ ၊ ဘာသာရေးကိစ္စများ ဆောင်ရွက်သောအခါ ဘုရားပူဇော်သည့်အနေဖြင့် လှုပ်ရှားရ သော လှုပ်ရှားမှု ဟန်ပန် ( ဝါ ) အကများ ဖြစ်သည် ။ ခြေလက်ကိုယ်အင်္ဂါများကို နရီစည်းကိုက် လှုပ်ရှားခြင်းဖြင့် နာမ်စွမ်းအင်များ ထွက်ပေါ်လာသောအကမျိုး ဖြစ်သည် ။

လောကီပသာဒအကမျိုး မဟုတ် ။

ယခုအခါတွင် အိုလံပစ်ပွဲတော်ကျင်းပသည့်အခါ၌ အိုလံပစ်တောင်ပေါ်တွင် မိန်းမပျိုသည် အဝတ်များ ၀တ်ပြီး ညင်သာသိမ်မွေ့စွာ ကရသော အကမျိုးဖြစ်သည် ။

ဘဲလေးအကတွင် နာမည်ကျော်သော နီဂျင်စကီသည် ကကွက်တစ်ခုတွင် အထက် သို့ ခုန်ပြီး ပြန်အကျတွင် ငှက်မွေးကလေး ဝဲပြီး ကျလာသလို ကပြနိုင်သောကြောင့် ကမ္ဘာ့ သဘင်လောကတွင် Nijinsky ' s Fall နီဂျင်စကီ၏အကျဟု ကျော်ကြားသည် ။

စည်းဝါးကိုက် နရီကိုက်အရာကို စနစ်တကျ လေ့လာနိုင်ပါက သာမန်လောကီ အကသည်ပင် ဈာန်ပျံနိုင်သကဲ့သို့ စွမ်းရည်ပြနိုင်သော အထောက်အထား ဖြစ်သည် ။ အချို့က နီဂျင်စကီသည် အထက်သို့ ခုန်လိုက်သောအခါ အမြင့်ဆုံးရောက်ပြီး ပြန်မကျမီ တွင် တဒင်္ဂမျှ ရပ်တန့်နေသည်ဟုပင် ကျွမ်းကျင်သူများက ဆိုကြသည် ။

ဆဋ္ဌမအဆင့် ကုန်ဆုံးခါနီးသောအခါ တစ်ကမ္ဘာလုံးရှိ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် များ၏ အမည်မှတ်ပုံတင်စာရင်းကို ကြည့်ခွင့်ရပြီး ဆက်သွယ်ခွင့်ရသွားသည် ။

ဆဌမအဆင့် အောင်မြင်သွားသောအခါတွင်လည်း ထုံးစံအတိုင်း သိဒ္ဓိတင်ဘိသိက်ပွဲ ကျင်းပပြီး ဆဌမအဆင့် အောင်မြင်ကြောင်း အသိအမှတ် ပြုသည့် ' အိုက်ဘစ် ” ဟူသော စကားဝှက် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ချင်း ဆက်သွယ်နိုင်သော စကားဝှက်ကို မပေးအပ်သည် ။

သတ္တမအဆင့်ကို ပရော်ဖက်က ပရောဟိတ်ဟု ခေါ်သည် ။ အဆင့်အမြင့်ဆုံး ဖြစ်၍ လျှို့ဝှက်ချက်အားလုံး ၊ ဂန္ဓာရီပညာရပ်အားလုံးကို တတ်မြောက်ကျွမ်းကျင်အောင် လေ့လာရသည် ။

စမ်းသပ်ချက်မျိုးစုံဖြင့်လည်း စမ်းသပ်သည် ။ လူသေများစံစားရာ စံအိမ်ကြီးတွင်လည်းကောင်း ၊ နာနာဘာဝများဖြင့်လည်းကောင်း အတူနေပြီး စမ်းသပ်မှုများ တစ်ခုပြီးတစ်ခု တွေ့ရသည် ။

ဈာန်ဘုရားများ၏ ခြေတော်ရင်းသို့ ရောက်ရှိပြီး ဈာန်ဘုရားတို့က အသိအမှတ်ပြု သောအခါတွင် သတ္တမအဆင့်ကို အောင်မြင်၍ သိဒ္ဓိတင် ဘိသိက်ပွဲ ကျင်းပလျက် ဂိုဏ်းချုပ်ကြီးက သိဒ္ဓိရေစင်တိုက်သည် ။ ပရောဟိတ်ဘွဲ့အပ်သည် ။ ထွက်ရပ်ပေါက် ဂန္ဓာရီပညာ၏ အဆင့်အမြင့်ဆုံး သင်္ကေတဖြစ်သော ' Tau Cross ခေါ် တောကားတိုင် တံဆိပ်ကို အမြဲဝတ်ဆင်ရန် ချီးမြင့်သည် ။

Tပုံသဏ္ဌာန်ရှိပြီး မြန်မာပြည်တွင် ဂန္ဓာရီပညာရပ်များ ရေးသားနေသော စာရေး ဆရာကြီးများ၏ လက်တွင် အမြဲဝတ်ဆင်ထားသည်ကို ယနေ့တိုင် တွေ့မြင်နေရပါသည် ။

' ​တော ' သင်္ကေတမှာ ဈာန်ဘုရားကြီးများ၏ အသက်ဓာတ်ကို ရည်ညွှန်းပြီး အသက် ရှည်ခြင်း ၊ အာယုသိဒ္ဓိပြီးခြင်း ( ဝါ ) သေခြင်းတရားကို အောင်နိုင်ခြင်းဟု ရည်ညွှန်းသည် ။ ထို့ကြောင့် အီဂျစ်ဂန္ဓာရီပညာမှာသာမက အခြား ဂန္ဓာရီပညာများတွင်လည်း “ တော " သင်္ကေတကို အမြတ်တနိုး သုံးစွဲကြသည် ။ ယခုခေတ်အထိပင် ဂန္ဓာရီဂိုဏ်းများတွင် “ တော ” သင်္ကေတကို သုံးစွဲလျက်ရှိကြသည် ။

သတ္တမ အဆင့်ခေါ် အန္တိမအဆင့် အောင်မြင်ပြီးသူသည် အဖြူစင်းဝတ်ရုံကြီးကို ဝတ်ဆင်ခွင့်ရပြီးလျှင် အင်္ကျီလက်အတွင်းသို့ လက်နှစ်ဖက်ယှက်ပြီး လက်ချင်းဆက်သော သင်္ကေတကိုလည်း ဆောင်ရသည် ။ သတ္တမအန္တိမ အဆင့်ချင်းနှင့် ဂိုဏ်းဝင်ချင်း ဆက်သွယ်ရာ တွင် ' အဒွန် ' ဟူသော စကားဝှက်ကို အသုံးပြုရသည် ။ ဘုရင်တစ်ပါး နတ်ရွာစံလျှင် နောက်ထပ်ဘုရင်တစ်ပါး ရွေးချယ်ပွဲတွင် မဲပေးခွင့်ကိုလည်း ရရှိသွားသည် ။

စတုတ္ထအဆင့်မှ သတ္တမအန္တိမအဆင့်ထိ ထွက်ရပ်ပေါက်စခန်းကျင့်စဉ်နှင့် ဘိသိက်ပွဲ များမှာ အဆင့်လွန် ထွက်ရပ်စခန်းဖြစ်သဖြင့် အတိအကျ အကုန်အစင် ရေးသားမှတ်တမ်း တင်ခဲ့ခြင်း မရှိချေ ။

' သရုပ်တင် ' သည့် အနေဖြင့်သာလျှင် အမြွက်မျှ ရေးသားထားသည်ဖြစ်၍ ဗဟုသုတ ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် သာမန်ရေးသားထားသည်ကိုသာ တွေ့ရသည် ။

ထို့ကြောင့် နက်နဲလှသော မဟာဂန္ဓာရီပညာမှာ လျှို့ဝှက်သင့်သည်တို့ကို ယနေ့ အထိ လျှို့ဝှက်ထားဆဲဖြစ်ကြောင်း ၊ သိသင့်သိခွင့်ရှိသမျှကိုသာလျှင် သိခွင့်ရကြောင်းကို မမေ့အပ်ပေ ။

#htoohtoolay


Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...