၉ ။ ကမ္ဘာဦးက အဝတ်အထည် !
-----
“ လူ၏ တိုးတက်မှုသည် အမယ်ဘုတ် သူ့ချည်ခင်မှ တစ်စတစ်မျှင် ရှင်းလင်း လာသလို ရှုပ်ရာမှရှင်း ၊ နိမ့်ရာမှ မြင့်လာသည် ” ဟု ပညာရှိတစ်ယောက် က ပြောဖူးသည် ။
လူဆိုသည့် သတ္တဝါသည် တလှုပ်လှုပ် တရွရွ လုပ်ကိုင်နေသည် ။ အစားအစာ စိုက်ပျိုးသည် ။ အသုံးအဆောင်များ ပြုလုပ်သည် ။ နေထိုင်ရန် အဆောက်အအုံကို ဆောက်လုပ်သည် ။ ဤသို့ လုပ်ကိုင်ကြရာတွင် လူသည် ၊ မိမိအတွက် သက်သာရာ ကြံစည် ဖန်တီးကြခြင်းသာ ဖြစ်သည် ။ ဤသည်မှာ အံ့သြစရာ မရှိ ။ ထူးလည်း ထူးဆန်းသည် မဟုတ်ဟု ဆိုချင်သည် ။
လူသည် ၊ မိမိ လူအဖြစ်ကို မိမိဘာသာ ကြည်နူးနေသော သတ္တဝါမျှသာ ဖြစ်သည် ။ တစ်နည်းဆိုလျှင် လူသည် မိမိကိုယ်မိမိချစ်သော သတ္တဝါတစ်ယောက်မျှသာ ဖြစ်သည် ။
ကမ္ဘာဦးက လူရိုင်းတို့သည်လည်း ယနေ့ရှိနေကြသော လူယဉ်ကျေးတို့ကဲ့သို့ပင် စားဝတ်နေရေးအတွက် ရှာဖွေလုပ်ကိုင်ခဲ့ကြသည် ။
ထိုအခါ ယင်းလူရိုင်းသည် စိုက်ပျိုးရ ရှာရဖွေရ ဆောက်လုပ်ရသည့်အတွက် စိတ်ဆင်း ရဲခြင်း မဖြစ်ရပေ ။ ထို့အတွက် ပို၍ပင် ကြည်နူးပျော်ရွှင်လာသည်ဟု မှတ်ယူအပ်သည် ။
ထိုလူရိုင်းတို့သည် စားစရာ အစာရှာဖွေကြသည် ။ နွေးထွေးရန် မီးကို တောမှ ကူးယူ ဖန်တီးကြသည် ။ ကိုယ်ခန္ဓာကို ကာကွယ်ရန် အထည်အဝတ် ရက်လုပ်ကြသည် ။ သို့သော် လူတို့၏ ပြုမူလုပ်ကိုင်ခြင်းတွင် ထူးခြားသည့် အချက်တစ်ခုကား ရှိသည် ။ ယင်းမှာ လူသည် မိမိနေထိုင်ရန် အဆောက်အအုံ ဆောက်လုပ်သည်ဖြစ်စေ ၊ မိမိဝတ်ဆင်ရန် အထည်အဝတ် ရက်လုပ်သည်ဖြစ်စေ တစ်ခါထက် တစ်ခါ ပို၍ လှပတင့်တယ်လာအောင် အချိန်ရှိသမျှ မနားမနေ ခွန်အားစိုက်ထုတ် ကြိုးပမ်းကြသည်ဆိုသည့် အချက်ပင် ဖြစ်လေသည် ။
သို့သော် လူတို့ဖန်တီးခဲ့သည့် အရာဝတ္ထုတို့တွင် အဆင်တန်ဆာအားဖြင့် အရုပ်ဆိုး အကျည်းတန်သည်တို့ ပါရှိခဲ့သည့် အခါလည်း ပါရှိသည် ။ ထိုအခါမျိုးမှာ ယင်းတို့ကို ဖန်တီးသည့် လူဆိုသည့် သတ္တဝါတွင် အမှောင့်ပယောဂ ဝင်၍ ပူးခိုက် ( ဝါ ) အားအင်ကုန်ခန်း နွမ်းနယ်ခိုက်နှင့် ကြုံကြိုက်သောအခါမျိုး ဖြစ်ပါလိမ့်မည် ။
ကျွန်တော်တို့၏ ဘေးဘိုးဘီဘင်များ ဖြစ်ကြသည့် ရှေးဦးလူ့အနွယ် တို့သည် သဘာဝ၏ဒဏ်ကို ကြံ့ကြံ့ခံရန် ကြိုးစားအားထုတ်သည့် အချိန်မျိုး ကြုံခဲ့ရဟန်တူသည် ။
သဘာဝက မိုးကြီးသည်းထန်စွာ ရွာစေသည် ။ အသည်း ခိုက်အောင် အေးသောလေအေးများ တိုက်ခတ်သည် ။ ထိုအခါ လူသည် နေရေး ထိုင်ရေး ခက်ခဲလာဟန်တူသည် ။
မိုးရွာလျှင် သို့မဟုတ် အေးလျှင် မြေကျင်းထဲသို့ ဝင်ရောက် ခိုလှုံခဲ့သည် ။ သို့တည်း မဟုတ် တောင်စောင်းရှိ ဂူများထဲသို့ ပြေးဝင်ခိုလှုံခဲ့သည် ။ သို့မဟုတ် သူတို့ကိုယ်ကိုသစ် ရွက်များဖြင့်လည်းကောင်း ၊ သားရေများဖြင့် လည်းကောင်း ကာဆီးခဲ့သည် ။
ထို့ပြင် ကမ္ဘာဦး လူရိုင်းတို့၏ ကိုယ်ခန္ဓာ၌ ထူထဲသော အမွေးအမှင်သည် ကာလအတန်ကြာ အထိ ရှိနေခဲ့ဟန်တူသည် ။ ထို့ကြောင့် တော်ရုံတန်ရုံ အအေးဒဏ်ကို ခံနိုင်ရည် ရှိကြဟန်တူသည် ။
သို့ရာတွင် ရာသီဥတု ပြောင်းလဲလာသည်နှင့်အမျှ လူ၏ ကိုယ်ခန္ဓာသည်လည်း ပြောင်းလဲလာရသည် ။ နဂိုကရှိခဲ့သည့် အမွေး အမှင်တို့သည် ထူရာမှ ပါးလာခဲ့ဟန်တူသည် ။
ထိုအခါမျိုး ရောက်လျှင် လူသည် ခိုလုံနားနေရန် နေအိမ် သို့မဟုတ် အဆောက်အအုံ တစ်ခုခု လိုလာပေလိမ့်မည် ။ အချိန်မရွေး ရာသီဥတု ဖောက်ပြန်၍ အေးလာပြီဆိုလျှင် လူသည် မိမိသွားလေရာ အရပ်တိုင်းသို့ တောင်စောင်းကိုကြီးကို သယ်ယူသွားနိုင် မည် မဟုတ် ။ ထိုအခါ အအေးဒဏ်ကိုကာရန် နွေးထွေးသည့် ခိုလှုံအိမ်တစ်ခု လိုလာလိမ့်မည် ။ အခြားတစ်နည်းတစ်လမ်းအားဖြင့် ခိုလှုံအိမ် ဖန်တီးရမည် ။
ဤနည်းဖြင့် လူတို့ ဝတ်ဆင်သော သစ်ရွက်အဝတ် ၊ သားရေအ၀တ် ၊ ရက်ထည်အဝတ်တို့ ပေါ်လာရသည်ဟု ဆိုရမည် ။
လူတို့ ဝတ်ဆင်သည့် အဝတ်အထည်သည် တစ်နည်းအားဖြင့် လူတို့ကို ရာသီဥတုဒဏ်မှ ကာကွယ်ပေးသည့် ခိုလှုံအိမ်အဖြစ် မယူဆနိုင်ပေဘူးလား ။
ဤသဘောကို ကျွန်တော်တို့ တစ်ခါမှ ဆင်ခြင်မကြည့်ကြဘူးလား ။ မည်သို့ပင် ဖြစ်စေ အဝတ်အထည်တို့သည် လူတို့၏ ခိုလှုံအိမ်များအဖြစ် စတင်ဖြစ်ပေါ်လာရသည်ဟု နိုင်နိုင် မာမာ ဆိုချင်သည် ။
လူ၏ လုံးတီးပလာကျင်းနေသော ကိုယ်ခန္ဓာကို ဖုံးလွှမ်းရန် အဝတ်အထည်တို့ ပေါ်လာရသည်ဟုဆိုလျှင် မိုက်မဲရာရောက်ပေမည် ။
အင်မတန် ပူပြင်းသည့် ရာသီဥတုမျိုးတွင် အဝတ်အထည်ကို လုံးတီးကိုယ်၌ အဘယ်သူလျှင် လွှမ်းချင်ပါအံ့နည်း ။ ထို့ပြင် ခိုက်ခိုက်တုန်အောင် အေးသည့် အခါ အဝတ်အထည် မဖုံးလျှင် ထိုသူသည် သေတွင်းကျမည် အမှန်သာတည်း ။
ရှေးအခါကဆိုလျှင် လူတို့သည် အိုးအိမ်ဆောက်လုပ်ရာ၌ လည်းကောင်း ၊ အဝတ်အထည် ပြုလုပ်ရာ၌လည်းကောင်း ပျော့ပြောင်းသော သစ်တိုသစ်ခက်များကို ပထမဆုံး အသုံးပြုကြသည် ။ ထို ပျော့ပြောင်းသည့် သစ်ကိုင်း သစ်ရွက်တို့တွင် ရှည်မြောမြော မြက်ရိုင်းပင်တို့သည် လူတို့ အသုံးပြုသည့် သစ်ခက်များ ဖြစ်ကြလိမ့်မည် ။ မြက်ရိုင်းတို့အပြင် ထုရိုက်ရန် လွယ်ကူသည့် ပျော့ပျောင်းသော သစ်ခေါက်တို့ကိုလည်း အဝတ်အထည်အဖြစ် အသုံးပြုကြပေလိမ့်မည် ။
ဤသည်မှာ လူတို့ အသုံးပြုသည့် ပထမဆုံး ချည်မျှင်ကြမ်း ဖြစ်ပေလိမ့်မည် ။
ထို သစ်ခေါက်ကိုပင် ငါးမျှားရန် ငါးမျှားတံကြီးအဖြစ်လည်း အသုံးပြုကြဟန် တူသည် ။ ထို့ပြင် မြက်ရိုင်းပင်တို့ကိုလည်း ကြိုးအဖြစ် အသုံးပြုရန် ကျစ်ကြဟန် တူသည် ။
ထိုနောက်တွင်မူ ကမ္ဘာဦးမိန်းမသားတို့သည် မြက်ရိုင်းပင်များ ကို တောင်းများ ၊ ခြင်း များအဖြစ် ရက်လုပ်ကြ ပေလိမ့်မည် ။ ထို လုပ် ငန်းကား ယနေ့ ကျွန်တော်တို့ မြင်တွေ့နေသည့် ခြင်း ၊ တောင်း ရက်လုပ်ခြင်းတို့နှင့် ခြားနားခြင်းမရှိလှပေ ။
မြက်ရိုင်းပင် ၊ သစ်ပင်၏ အခေါက် စသည်တို့ကို ခြင်းတောင်း ရက်လုပ်ခြင်းမှသည် ကာလ အတန်ကြာသော် ရှေးဟောင်းလူ့အနွယ်တို့သည် အတတ်ပညာဘက်တွင် တီထွင်ဖန်တီးမှုများ တစ်ခုပြီးတစ်ခု စမ်းသပ်လုပ်ကိုင်ခဲ့သည် ။
ခြင်းတောင်း ရက်သည့် မြက်ရိုင်းကို ကြမ်းတမ်းသည့် အ၀တ်စတစ်ခုဖြစ်အောင် ရက်၍ ကြည့်သည် ။ ယနေ့ မဒါဂတ်စကား ကျွန်းသူကျွန်းသားများ ဝတ်ဆင်ထားသည့် အထည်အဝတ်မျိုးသည် မြက်ရိုင်းပင်တို့မှ ရက်လုပ်ထားသည့် အ၀တ်မျိုးပင် ဖြစ်သည် ။
ထိုမှတစ်ဆင့် ချောမွေ့သည့်အမျှင် ၊ ခိုင်ခံ့သည့်အမျှင်တို့ကို လူတို့ ကြံကြပြန်သည် ။ ထိုအခါ မြက်ရိုင်းထက် ပိုမိုချောမွေ့ခိုင်ခံ့သည့် လျှော်ပင်ကို လူတို့ တွေ့လာဟန်တူသည် ။
ယခုကာလတွင် ထိုလျှော်ကို ဘီသွားလျှော်ဟူ၍ လည်းကောင်း ၊ ပိုက်ဆံလျှော်ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြသည် ။ ထိုအခါ ကား လူတို့သည် ကောက်ပဲသီးနှံတို့ကို စိုက်ပျိုးသည့်အခါ ဂျုံ ၊ စပါး ၊ ပြောင်းနှံတို့နှင့်အတူ လျှော်ပင်ကိုပါ စိုက်ပျိုးကြလေသည် ။
ရှေးယခင်က ချည်မျှင်တစ်ခု ဖြစ်လာရန် သစ်ခေါက်ကို လည်းကောင်း ၊ မြက်ရိုင်းကို လည်းကောင်း မြေတွင် ပွတ်တိုက်ခြေမွရသည် ။ ထိုနောက် ချည်မျှင်ဖြစ်အောင် ဗိုင်းငင့်သည့်အတတ် ၊ ချည်ငင်သည့် အတတ်သည်လည်း ပေါ်ပေါက်လာလေသည် ။ ဤသို့ ချည်ငင် ဗိုင်းငင်နိုင်ရန် စိုက်ပျိုးထားသည့် လျှော်ကိုလည်း တစ်နည်းတစ်ဖုံ ပြုပြင်ပေးရသည် ။
လျှော်ပင် ရင့်လာပြီး ဆိုလျှင် မြေမှနုတ်ကာ အပင်များကို စည်းနှောင်ပြီးနောက် ရေတွင် စိမ်ထား ရသည် ။ ရက်အတန်ကြာလျှင် လျှော်ပင်တို့သည် ပျော့ပျောင်းလာကာ ပွထ လာသည် ။ ထိုအခြေအနေတွင် အပင်၏ အချွဲအကျိတို့သည် ရေတွင် ပျော်ဝင်ကျန်နေရစ်ခဲ့ကာ လျှော်မျှင်များသည် တသီးတခြားဖြစ်၍လာသည် ။ ထိုအခါ လျှော်စည်းကို လက်ဖြင့် ရိုက်ပုတ် ထုနှက်ရလေသည် ။ ထိုမှသာ အမျှင်နှင့် အသား တခြားစီကွဲလာမည် ။
ယင်းသည့်နောက် ချည်မျှင်တို့ကိုငင်ရန် သီးခြား ခွဲထုတ်ရယူနိုင်သည် ။ လျှော်ပင်မှ လျှော်မျှင် ထုတ်ယူသည့် ဤလုပ်ကိုင်နည်း သည် ရှေးကျလှပြီဖြစ်သောနည်း ဖြစ်သည် ။
သို့သော် ယနေ့တိုင် ဤနည်းကို အသုံးပြုနေဆဲပင်ဖြစ်သည် ။
ယနေ့ကား စက်မှု ခေတ် ဖြစ်သည် ။ သို့ဖြစ်ရာ လျှော်မျှင်တို့ကို ရွေးထုတ်သည့် လုပ်ငန်းတွင် လူ၏လက်အစား ၊ စက်ကို အသုံးပြုချင်လျှင် အသုံးပြုနိုင်သည် ။ သို့သော် လျှော်ပင်ကို ရေပုပ်စိမ်သည့်နည်းသည်ကား သမားရိုးကျနည်းပင် ဖြစ်၏ ။
ချည်ငင်ခြင်းအတတ် ( ဝါ ) ဗိုင်းငင့်ခြင်း အတတ်သည် ရှေးခေတ်ကဆိုလျှင် အလွန်လွယ်ကူသော အတတ်ပညာတစ်ခု ဖြစ်သည် ။
ဦးစွာ ပထမ လျှော်မျှင်များကို တုတ်တစ်ချောင်းတွင် ရစ်ပတ်သည် ။ ယင်းမှာ တစ်နည်းအားဖြင့် ဗိုင်းငင့်သည့် တုတ်တံပင် ဖြစ်သည် ။ ချည်ငင်မည့်သူ ( ဝါ ) ဗိုင်းငင့်မည့်သူ သည် ထိုတုတ်တံကို လက်ဝဲဘက် လက်မောင်းအကြားတွင် ညှပ်ထားရသည် ။ တုတ်တံ၏ အစွန်းတစ်ဖက်သည် ရှေ့သို့ အနည်ငယ် ထွက်နေသည် ။ ထိုတုတ်တံမှ လျှော်မျှင်အချို့ကို ဆွဲထုတ်ကာ ရစ်ရ လိမ်ရသည် ။
ဤသို့ ရစ်လိမ်သည့် အခါ လက်ယာဘက် တွင် ရှိနေသည့် ချည်ဝင် သို့မဟုတ် ဝင်ရိုး သည် အရေးကြီးသည့် ကိရိယာတစ်ခု ဖြစ်လာသည် ။ ဤဝင်ရိုးကို မဏ္ဍိုင်ပြုကာ ဝဲဘက်ချည်မျှင်များကို လည်နေသော ဝင်ရိုးတွင် တင်၍ ကျစ်ခြင်းပင်ဖြစ်သည် ။
လက်ယာဘက်လက်က ဝင်ရိုး၌ လည်အောင် လှည့်ပေးရသည် ။ ဤနည်းဖြင့် လျှော်မျှင်သည် ခိုင်သော မာသော ကျစ်သော ချည်မျှင်ဖြစ်လာသည် ။
အထည်ရက်မည့်သူ၏ လက်ထဲတွင် ချည်ခင်အချို့ရှိနေသည် ။ ရက်သူသည် ဦးစွာပထမ အတိုင်ချည်ပင်များကို တစ်ကြိမ်တွင် တစ်ပင်ဖြစ်စေ ၊ နှစ်ပင်ဖြစ်စေယူကာ သူ့လက်ထဲက အဖောက်ချည်ပင်များကို ဟိုဘက် သည် ဘက် အပြန်အလှန်သွင်းပေးသည် ။ နှောင်းခေတ်တွင်မူ လူက လက်ဖြင့်ကိုင် ကာ သွင်းမပေးတော့ဘဲ လွန်းကို အသုံးပြုလာကြသည် ။ လွန်းကို အမဲရိုးဖြင့် လည်းကောင်း ၊ သစ်သားဖြင့်လည်းကောင်း ပြုလုပ်သည် ။
လွန်းကလေး သည် အတိုင်ချည်များအကြားတွင် ဝဲမှယာ ၊ ယာမှဝဲသို့ ခေါက်တုံ့ခေါက်ပြန် ပြေးသွားသည် ။ ကျွန်တော်တို့ မြန်မာစကားထာ ဝှက်ကြရာတွင် “ ကျူပင်ကြို ကျူပင်ကြား လောင်းကလေးနှင့်သွား ” ဟူသည်မှာ လွန်းကလေး အတိုင်ချည် အကြားတွင် ပြေးသွားနေသည်ကို ဆိုလိုရင်းပင် ဖြစ်သည် ။
ရှေးခေတ်က အသုံးပြုသော ချည်ငင်သည့်ရစ်များကို ရှာဖွေတွေ့ရှိကြ သည် ။ အချို့ ရစ်များတွင် ချည်ပင်စကလေးများကိုပါ တွေ့ရသည် ။ ကျွန်တောတို့ အရှေ့တိုင်းပြည်များတွင်ကား တောရွာများ၌ ချည်ငင်ခြင်းအတတ် ( ဝါ ) ဗိုင်းငင့်ခြင်းအတတ်သည် ယနေ့တိုင် မတိမ်မြုပ်သေးဘဲ ထွန်းကားနေသေးသည် ။
ကမ္ဘာအရပ်ရပ်ရှိ မဖွံ့ဖြိုးသည့် ဒေသများတွင်လည်း ဤရှေးဟောင်း ချည်ငင်ခြင်းအတတ်သည် ယခုတိုင် မတိမ်ကောသေးပေ ။
ချည်ငင်ခြင်းအတတ် စတင် ထွန်းကားသည့်ခေတ်၌ မိန်းမသားများနှင့် ကလေးသူငယ်များသည် ရက်ကန်းစင်က ရက်လုပ်ပြီး အဝတ်ကို ပထမဆုံး ဝတ်ဆင်သည့်သူများ ဖြစ်ဟန်တူသည် ။
ထိုအချိန်တွင် ယောက်ျားများမှာ သားရေအ၀တ်ကိုသာ ဝတ်ဆင်ကြဟန် တူသည် ။ လျှော်ကို လက်တင်ဘာသာတွင် လိုင်နမ်ဟု ခေါ်သည် ။ လျှော်ပင်က ဖြစ်သည့် အဝတ်စကို အင်္ဂလိပ် တို့က လီနင်စဟု ခေါ်ကြသည် ။ ယင်းမှာ လက်တင်စကား လိုင်နင်မှ ရွေ့လျော ဆင်းသက်လာခြင်းပင် ဖြစ်သည် ။
#htoohtoolay
မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...
Comments
Post a Comment