၁ ။ သမိုင်းမတင်မီ ကာလက လူသားဖြစ်လာပုံ !
-----
ကျွန်တော်တို့ နေသော ဤကမ္ဘာမြေသည် တစ်ခါက တရှိန်ရှိန် တောက်လောင်နေသော လုံးဝိုင်းသောသဏ္ဌာန်ရှိသည့် အရာတစ်ခု ဟု ကျွန်တော်တို့ ထင်မှတ်နိုင်သည် ။ ကမ္ဘာမြေသည် အစအဆုံးမရှိသော အာကာသတွင် အခြား ဂြိုဟ်များ အလယ်၌ ရပ်တည်နေသည့်ဂြိုဟ် တစ်ခုသာဖြစ်ပေသည် ။
တစ်ဖန် ဤကမ္ဘာလုံး သည် နေကမ္ဘာမှ ပဲ့ ကျလာသော အစိတ် အပိုင်း တစ်ခုဖြစ်သည် ။ နေကမ္ဘာသည် အခြားဂြိုဟ်တစ်ခုနှင့် တိုက်မိရာမှ လွင့်စဉ် ပဲ့ကျလာခြင်း ဖြစ်ပြီးလျှင် ကမ္ဘာသည် ကာလအတော်ကြာအထိပင် တောက်လောင်နေသည် ဟူသော ဒဏ္ဍာရီတစ်ခုလည်း ရှိသေးသည် ။
ထိုနောက် ကမ္ဘာမြေပြင်၌ တောက်လောင်နေသော မီးသည် နှစ်ပေါင်း သန်းပေါင်းများစွာ ကြာသောအခါ အလိုအလျောက် ငြိမ်းသွားသည် ။ တစ်ဖန် ကမ္ဘာမြေပြင်တွင် မာကျောသော ကျောက်သားတို့ဖြင့် ဖုံးလွှမ်းလျက် ကျန်ရစ် ခဲ့လေသည် ။
ဤကျောက်များပေါ်သို့ မိုးရေပေါက်များ သည်းထန်စွာ ရွာချသည့် အခါ ပူလောင်လျက် မီးခိုးမှိုင်းများ ထ နေသည့် တောင်ကြိုတောင်ကြား တစ်လျှောက် မိုးရေက ပြာများနှင့် ဖုန်မှုန့်များကို သယ်ယူသွားလေသည် ။ နောက်ဆုံး၌ မီးခိုးမှိုင်းနှင့် ဆီးနှင်းတို့အကြားမှ နေ၏အပူရှိန် ရသည်တွင် ကျွန်တော်တို့၏ ကမ္ဘာမြေမျက်နှာပြင်သည်လည်း အနည်းငယ် ပြောင်းလဲစ ပြုလာလေသည် ။
ဤသို့ဖြင့် နှစ်ပေါင်း သန်းပေါင်း များစွာအတွင်း တစ်ခုသော အချိန်၌ အံ့ဖွယ်သရဲ အဖြစ်အပျက်တစ်ခု ပေါ်ပေါက်ခဲ့လေသည် ။ ယင်းမှာ အပူကြောင့် သက်မဲ့ဒြဗ်မှ သက်ရှိကလာပ်စည်းတစ်ခု ပေါက်ဖွားလာခြင်းပင်ဖြစ်ပေသည် ။
ထိုသက်ရှိ ကလာပ်စည်းသည် တောင်ကမ်းပါးယံကြီးများအကြား ရေပေါ်၌ မျောပါနေခဲ့လေသည် ။ ထိုသက်ရှိကလာပ်စည်းကလေးနှင့် ယင်းနှင့်အလားတူ အခြားသက်ရှိ ကလာပ်စည်းများ ပင်လယ်ရေပြင်ကြီးများ၌ နှစ်ပေါင်း သန်းပေါင်းမည်မျှ ကြာအောင် မျောပါနေကြသည်ကို ကျွန်တော်တို့ မသိပေ ။ သို့သော် ယင်း သက်ရှိ ကလာပ်စည်းကလေးသည် ရေပြင်ကြီးများအောက်ခြေ၌ မှီခိုကပ်နေ ခြင်းဖြင့် လည်းကောင်း ၊ ရွှံ့နွံများအကြား၌ ခိုကပ်နေကာ အပင်များအဖြစ် ကြီးထွားနေခြင်းဖြင့်လည်းကောင်း အသက်ရှင်လျက်ရှိကြဟန် တူပေသည် ။
ထိုနောက် သက်ရှိ ကလာပ်စည်းများတွင် ခြေထောက်များပေါက်လာ ကြပြီးလျှင် ရွံ့ပြင်ကျယ်ကြီးများအတွင်း တွားသွားနိုင်ကြလေသည် ။ အချို့မှာ လည်း ဂျယ်လီငါးဖြစ်သွားကြလေသည် ။ အခြားသက်ရှိကလာပ်စည်းများတွင် အကြေးခွံများ ထွက်လာပြီးလျှင် ရေထဲ၌ ကူးယက်လာကြသည် ။ ဤ သည်တို့မှာ ငါးများ ဖြစ်ကြလေသည် ။ ပင်လယ်အောက်ခြေ၌ မနေနိုင်သော သစ်ပင်များ ဖြစ်သွားသည့် သက်ရှိကလာပ်စည်းများသည် တောင်ကြီးများအကြားရှိ ရွှံ့နွံများ ၊ ရေအိုင်များ တွင် နေထိုင်ကြလေသည် ။
ယင်းတို့သည် အဆင့်ဆင့်ပွားဖန်များလတ်သော် အလွန်လှပသော ပန်းများပွင့်ဖူးသည့် ချုံပုတ်များ ၊ သစ်ပင်ကြီးများ ဖြစ်လာကြလေသည် ။
ဤသို့ ချစ်စဖွယ်ပန်းပွင့်များရှိရာ သစ်ပင်များဆီသို့ အင်းဆက်ပိုးနှင့် ကျေးငှက်များ ဖြစ်သွားကြသည့် သက်ရှိကလာပ်စည်းတို့ လာရောက်စုရုံးကြပြန်သည် ။ ဤ သို့ဖြင့် အင်းဆက်ပိုးနှင့် ကျေးငှက်တို့က သစ်စေ့ မျိုးစေ့များကို ကမ္ဘာမြေ၏ အခြားဝေးလံသော အရပ်ဒေသများသို့ ဆောင်ယူသွားကြပြန်သည် ။ ထိုသို့ ဖြစ်ရာမှ ကမ္ဘာမြေတွင် သစ်ပင် ချုံနွယ် ပိတ်ပေါင်းနှင့် မြက်ပင်တို့သည် အရေအတွက်အားဖြင့် သန်းပေါင်းများစွာအထိ ပွားများခဲ့လေသည် ။
အချို့သော ငါးတို့သည် ရေမှခွာ၍ လေကို ရှူကြပြန်သည် ။ ဤသို့ လေကိုရှူနိုင်ရန် ယင်းတို့တွင် ပါးဟက်များအပြင် အဆုတ်များလည်း ဖွံ့ဖြိုး လာရပြန်သည် ။ ဤသတ္တဝါမျိုးကို ရေတစ်ပိုင်း ကုန်းတစ်ပိုင်း သတ္တဝါဟု ခေါ်ကြ၏ ။ အကြောင်းမှာ သူတို့သည် ရေတွင်သာမက ကုန်းအရပ်တွင်လည်း နေနိုင်သောကြောင့်တည်း ။ ကျွန်တော်တို့၏ မိတ်ဆွေဖြစ်သော တအုံအင်အင် အော်သည့် ဖားသည် ယင်းကဲ့သို့သော ရေတစ်ပိုင်း ကုန်းတစ်ပိုင်း သတ္တဝါမျိုး ပင် ဖြစ်လေသည် ။
သို့သော် ရေ၌ အနေအကျင့် နည်းပါးကာ ကုန်းအရပ်၌သာ အနေ အကျင့် များလာသော အခြားသော သတ္တဝါများလည်း အများအပြား ပေါ် ပေါက်လာသည် ။ ယင်းတို့မှာ တွားသွားကောင်များ ဖြစ်ကြပြီးလျှင် မြက် တောကြီးများ အကြား၌လည်းကောင်း ၊ ရွှံ့မြေများပေါ်၌လည်းကောင်း တွား သွားနေထိုင်ကြသည် ။
ယင်းတို့၌ ခြေများပေါက်လာကာ ကိုယ်ခန္ဓာလည်း ကြီးထွားလာခဲ့လေသည် ။ ယင်းတို့အနက် အင့်သိုင်ယိုဆောရပ် ၊ မက်ဂလို ဆောရပ်နှင့် ဗရွန်တိုဆောရပ်ဟုခေါ်သော အကောင်တို့သည်ကား ပေပေါင်း ၊ သုံးဆယ်မှ လေးဆယ်အထိ ကြီးမား ရှည်လျားကြ၏ ။ တစ်နည်းဆိုလျှင် သူတို့သည် ဆင် သို့မဟုတ် ကုလားအုတ်ထက် ခြောက်ဆပို၍ ကြီးကြ လေသည် ။
သစ်ပင်ပေါ်တွင် နေထိုင်လေ့ရှိသည့် အခြား တွားသွားကောင်တို့ လည်း ရှိသေးသည် ။ သူတို့အဖို့ လမ်းလျှောက်ရန် ခြေထောက်သာ လိုလာ သည် မဟုတ်ဘဲ သစ်တစ်ပင်မှ အခြားသစ်တစ်ပင်သို့ ကူးသန်းရန် အတောင်ပံ လည်း လိုလာလေသည် ။ သို့ဖြစ်ရာ ထိုသတ္တဝါတို့၏ ခန္ဓာကိုယ်တွင် တောင်ပံယောင် အစိတ်အပိုင်းတစ်ခု ပေါ်ပေါက်လာရသည် ။ နောင်တွင်ကား ယင်း အစိတ်အပိုင်း၌ အမွေးများဖုံးလွှမ်းကာ အတောင်ပံ ဖြစ်လာလေသည် ။ သူတို့၏ အမြီးသည်လည်း ပဲ့သဖွယ် ဖြစ်လာသည် ။ ဤသည်တို့မှာ ကျွန်တော်တို့ သိသော ငှက်အမျိုးမျိုး၏ ဘိုးဘွားအနွယ်များ ဖြစ်ကြပေသည် ။
ဤသို့ တိုးတက်ဖွံ့ဖြိုးလာပြီးနောက် တစ်ခုသောအချိန်တွင် ရာသီ ဥတုသည် ရုတ်တရက် ပြောင်းလဲသွားလေသည် ။ သို့မဟုတ် အခြားအဖြစ် အပျက်ကြီး တစ်ခုကြောင့် အပြောင်းအလဲများစွာ ဖြစ်ပေါ်လာခဲ့လေသည် ။
ထိုအခါ အလွန်ကြီးမားလှသည့် ဤတွားသွားကောင်ကြီးများအားလုံး သေကျေ ၊ ပျက်စီးကြကုန်သည် ။ ထိုအခါတွင် ကမ္ဘာမြေ၌ အခြား တွားသွားကောင်တစ်မျိုး အများအပြား ၊ ပေါက်ဖွားလာပြန်သည် ။ ယင်းတို့ကို မင်မယ်ဟု ခေါ်၏ ။ တစ်နည်းအားဖြင့် ယင်းတို့၌ နို့ရှိသဖြင့် နို့တိုက်သတ္တဝါ ဟူ၍လည်း ခေါ်လေသည် ။ သူတို့တွင် ငါးတွင်ကဲ့သို့ အကြေးလည်း မရှိ ။ ငှက်များတွင်ကဲ့သို့ ငှက်မွေးလည်း မရှိပေ ။ သူတို့၏ခန္ဓာကိုယ်တွင် အမွေးများ ဖုံးလျက်ရှိသည် ။ အခြားသတ္တဝါတို့နှင့် ယှဉ်ပြိုင်ရာတွင် အဆင့်အတန်း မြင့်လာသည် ။
ထို့ပြင် အမျိုးလိုက် မပျက်ပြုန်းနိုင်အောင် သူတို့၌ ထူးဆန်းသော အလေ့အကျင့်များ တတ်သိလာခဲ့သည် ။ ပုံစံဆိုလျှင် အမသည် မိမိ၏ သန္ဓေဥကို မိမိကိုယ်တွင်း ၌ ဆောင်ယူတတ်၏ ။ အခြားသတ္တဝါများ၏ သန္ဓေသားများမှာ ဥက ထွက် လာပြီးနောက် အပူအအေးနှင့် သားရဲတို့၏ ဘေးရန်ကို မကာကွယ်တတ် ကြ ။ သူတို့၏ သားငယ်များမှာမူ ထိုရန်တို့ကို ကာကွယ်တတ်သည် ။
သို့ဖြစ်ရာ နို့တိုက်သတ္တဝါမျိုးနွယ်သည် ကြေပျက်နိုင်ရန် ခဲယဉ်းလေသည် ။ တစ်ဖန် နို့တိုက်သတ္တဝါငယ်ကလေးများသည် သူတို့မိခင်များထံမှ ဘ၀အတွေ့အကြုံ များကို လေ့လာသင်ကြားနိုင်ခွင့် ရခဲ့သည် ။ ယခုအခါ ကျွန်တော်တို့ပတ်ဝန်းကျင်တွင် တွေ့မြင်နေရသမျှသတ္တဝါ တို့သည်လည်းကောင်း ၊ တိရစ္ဆာန်ရုံတွင် တွေ့မြင်ရသမျှ သတ္တဝါတို့သည်လည်းကောင်း အားလုံးလိုလိုပင် နို့တိုက်သတ္တဝါမျိုးနွယ်များသာ ဖြစ်ကြလေသည် ။
ဤနို့တိုက်သတ္တဝါမျိုးနွယ်များထဲမှ တစ်နွယ်သောအမျိုးသည် အခြား အနွယ်များထက် ဖွံ့ဖြိုးလာကာ လူအဖြစ်သို့ ပြောင်းလဲလာခဲ့လေသည် ။
ကာလကြာညောင်းလာသည်နှင့်အမျှ ထိုလူသည် မိမိ၏ ရှေ့ခြေနှစ်ချောင်းကို သား ကောင် ဖမ်းရာတွင် အသုံးပြုလာတတ်သည် ။ သားငါးရှာဖွေ ဖမ်းဆီးရာမှ အတွေ့ကြုံ များလာသည့်အခါ ဤရှေ့ခြေနှစ်ချောင်းသည် လက်နှစ်ချောင်း အဖြစ်သို့ ပြောင်းလဲလာလေသည် ။ ထိုနောက် အခက်အခဲအမျိုးမျိုးကို ကျော်လွှားရင်း လူသည် နောက်ခြေနှစ်ချောင်းဖြင့် မတ်မတ်ရပ်နိုင်သည့်အဖြစ်သို့ တိုးတက်ဖွံ့ဖြိုးလာခဲ့ဟန် တူလေသည် ။
လူဝံ သို့မဟုတ် မျောက်နှင့် တူဟန်ရှိသော်လည်း ယင်းတို့ထက် အဆင့်မြင့်သော ဤနို့တိုက်သတ္တဝါသည် သားငါးရှာဖွေ ဖမ်းဆီးရာ၌ ပိုမို ကျွမ်းကျင်လာသည် ။
ရာသီဥတုမရွေး အပူအအေးဒဏ်ကို ခံနိုင်ရည်ရှိလာ သည် ။
ဤနို့တိုက်သတ္တဝါသည် အခြားမျိုးတူများနှင့်အတူ အသက်မွေး နေ ထိုင်ခဲ့ရင်း နောက်ထပ်ပေါ်ပေါက်လာသော မျိုးနွယ်သစ်များ၏ ဘေးရန်မှလည်း မိမိကိုယ်မိမိ ကာကွယ်တတ်လာသည် ။
ထိုနောက် ဤသတ္တဝါသည် အသံပြု၍ ညည်းညူလာတတ်ပြီးလျှင် မိမိသားငယ်များကိုလည်း မမြင်တွေ့ နိုင်သည့် ဘေးအန္တရာယ်အမျိုးမျိုးကို ရှောင်ရှားနိုင်ရန် သတိပေး နှိုးဆော် တတ်လာသည် ။
အမွေးအမှင်ထူထဲသော ဤသတ္တဝါငယ်သည် ကျွန်တော်တို့၏ ရှေးဦး ဆုံး လူ့အနွယ်ပင် ဖြစ်ပေသတည်း ။
#htoohtoolay
မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...
Comments
Post a Comment