ချင်ခေတ် ဝတ်စုံ နဲ့ ကျန်ရှီ ခုန်ဆွ သရဲ သမိုင်းကြောင်း
================================
ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ လင်ချန်ယင် နဲ့ ခုန်ဆွ သရဲဇာတ်ကားတွေဟာ အသည်းစွဲ ဖြစ်ခဲ့ရပါတယ်။ တကယ်တော့ အဲ့ဒီ ခုန်ဆွ သရဲဇာတ်ကားတွေဟာ ဒဏ္ဍာရီ နဲ့ ပုံပြင်တွေထဲက သရဲတွေကို ပြန် ရိုက်ကူးခဲ့တာပါ။ ကျန်ရှီဟာ တရုတ်တင်မကပဲ အရှေ့တောင် အာရှမှာလည်း ပုံစံတူ ဆင်တူယိုးမှား နာမည်တွေနဲ့ ရှိနေပါတယ်။
သူတို့ကို ဒေသအလိုက် ဘယ်လို ခေါ်လဲ
==========================
တရုတ် ကန်တုံလို ဂန်စီ၊ ဗီယက်နမ်လို ခရုန်သီ (အနီးစပ်ဆုံး အသံထွက်သာ ဖြစ်)၊ ထိုင်းလို ဖီဒစ်ရှင်၊ မလေးရှားလို ဟန်တုပိုကွန်၊ အင်ဒိုနီးရှားလို ဗန်ပါ စိန လို့ ခေါ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကျန်ရှီ တွေကို ချင်ခေတ် က အထက်တန်းစားတွေ ဝတ်လေ့ ရှိတဲ့ ဝတ်စုံနဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ သူတို့ဟာ ညအချိန်မှာ ထွက်လာပြီး သက်ရှိ သတ္တဝါ ရဲ့ Qi ဒါမှမဟုတ် အသက်ဓာတ်ကို စုပ်ယူ စားသုံးတာ ဖြစ်ပါတယ်။ နေ့အချိန်မှာတော့ သူတို့ဟာ အခေါင်း ဒါမှမဟုတ် မှောင်မိုက်တဲ့ ဂူတွေထဲမှာ ပုန်းအောင်း နေကြလေ့ ရှိပါတယ်။
ကျန်ရှီဖြစ်ဖို့ ဘာတွေ လိုသလဲ
=====================
ကျန်ရှီ နဲ့ ပတ်သက်ပြီး ချင်ခေတ် က ပညာရှင် Ji Xiaolan က သူရဲ့ စာအုပ်ဖြစ်တဲ့ Yuewei Caotang Biji (閱微草堂筆記) မှာ ကျန်ရှီ အဆင့်ထိ ဖြစ်လာမယ့် အလောင်းအသက်ဝင်ပုံ နဲ့ ပတ်သက်ပြီး အကြောင်းအရင်းတွေကို ရေးသားခဲ့ပါတယ်။ အကြမ်းဖျင်း အနေနဲ့ ကျန်ရှီ ဖြစ်ဖို့ အခြေခံ လိုအပ်ချက် ၂ ခု ရှိပါတယ်။ အဲ့ဒါကတော့ လတ်တလော သေဆုံး တဲ့ အလောင်း နဲ့ နှစ်များစွာ တည်းက သေဆုံးခဲ့ပြီးပေမယ့် မပျက်စီးတဲ့ အလောင်း ဖြစ်နေဖို့ ပါ။
ရှေးခေတ် တရုတ်အယူအဆ အရ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ မကောင်းဓာတ် ခုနှစ်ခု၊ သူတော်ကောင်းဓာတ် သုံးခု ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လူဟာ သေတဲ့ အခါ ကောင်းဓာတ်က ထွက်သွားပြီး မကောင်းဓာတ်က ကျန်ရစ်ခဲ့ရင် အလောင်းကောင်ဟာ ကျန်ရှီ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ အလောင်းကို မီးသဂြိုဟ်တာ မလုပ်ခဲ့ရင် အဲ့ဒီ အလောင်းကို မိုးကြိုးပစ်ခံရတာ ဖြစ်စေ၊ ကိုယ်ဝန်ဆောင် (ဒါမှမဟုတ်) ကြောင်နက်တစ်ကောင်က ကျော်မိရင် ဖြစ်စေ ကျန်ရှီ ဖြစ်သွားတတ်တယ်လို့ ဆိုပါတယ်။
ကိုယ့်ကိုယ်ကိုယ် သတ်သေတာ နဲ့ တခြားကျော်မကောင်း ကြားမကောင်း သေတာမျိုး ဆိုရင်လည်း ဝိညာဉ် ထွက်ပြီးသွားတဲ့ အခါ ကျန်ရှီ ဖြစ်သွားတတ်ပြီး ကျန်ရှီ အကိုက်ခံရရင်လည်း အလားတူ ကျန်ရှီ ဖြစ်သွားတတ်တယ် ဆိုပါတယ်။ (ဒါကတော့ တရုတ် ရဲ့ ခုန်ဆွ ဇာတ်ကားတွေမှာ ပါတာပါ။)
သူတို့ သွင်ပြင် ဘယ်လို ရှိလဲ
=====================
ယေဘူယျအားဖြင့် ကျန်ရှီတွေရဲ့ ပုံစံကို ကြည့်မယ် ဆိုရင် မကြာသေးခင်က သေထားတာမို့ မပျက်စီးသေးတဲ့ ရုပ်သွင်ကို တွေ့နိုင်သလို သေတာ နှစ်ပေါင်းများစွာ ကြာပြီမို့ ပုပ်ပွနေတဲ့ အသားအရေတွေ ရှိနေတာလည်း တွေ့နိုင်ပါတယ်။ ကျန်ရှီ ဆိုတဲ့အခေါ်ရဲ့ တရုတ်စာလုံးပေါင်းကို ကြည့်မယ် ဆိုရင် "jiang" (僵) ဆိုတာက တောင့်တင်းတာကို ဆိုလိုတာပါ။ ကျန်ရှီတွေဟာ သူလို ကိုယ်လို ခြေထောင် နဲ့ လမ်းမလျှောက်နိုင်ပဲ တောင့်တင်းနေတာမို့ ခုန်ဆွ ခုန်ဆွ သွားရပါတယ်။ သူ့မှာ ယူနီဖောင်းလို ပုံစံ ဝတ်ထားတာကို အမြဲတမ်းတွေ့နိုင်ပြီး ဦးထုပ်ကတော့ ချင်ခေတ်က အရာရှိဆောင်း ဦးထုပ် ဖြစ်ပါတယ်။
ထင်ရှားတဲ့ အသွင်အပြင်ကတော့ သူ့မှာ အစိမ်းရောင်နဲ့ အဖြူရောင် ရောနေတဲ့ အသားအရေမျိုး ရှိပြီး ခေါင်းပေါ်မှာ ဆံပင်ဖြူတွေ ဝဲကျနေတာကို တွေ့ရမှာပါ။ နောက်ပြီး ကျန်ရှီ ဟာ တိရိစ္ဆာန်လိုလည်း ပြုမူနိုင်ပါတယ်။
သူတို့ကို ဘယ်လို သတ်မလဲ
===============
သင့် အနေနဲ့ ကျန်ရှီ တစ်ကောင်နဲ့ ထိပ်တိုက် တွေ့ပြီ ဆိုပါစို့။ အကောင်းဆုံးကတော့ သင့်ရဲ့ မိုဘိုင်းဖုန်းက Back camera ကို ဖွင့်ပြီး ဆဲလ်ဖီ ရိုက်လိုက်ပါ။ ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ မှန်ထဲမှာ မြင်ရတဲ့ သူတို့ရဲ့ သွင်ပြင်ကို ပြန်ကြောက်တတ်လို့ ဖြစ်ပါတယ်။ မက်မွန်ပင်က အသားနဲ့ လုပ်ထားတဲ့ အစို့ ကလည်း သူ့ကို ကြောက်ရွံ့စေပါတယ်။ လင်းကြက်တွန်သံ ဟာလည်း သူတို့ အတွက် သေမင်းခေါ်သံ ပါ။ လင်းကြက်တွန်သံ ကြားရင် သူတို့ လန့်ပြီး ပြေးပါတယ်။ သင်အချိန်ပို ဆွဲထားနိုင်ရင်တော့ ကျန်ရှီ သေသွားမှာပါ။ Jujube အစေ့ ကို ကျန်ရှီရဲ့ ကျောဘက် က တရုတ်အပ်စိုက် ပညာ မှာ ထိုးသွင်းတဲ့ နေရာခုနှစ်ခုမှာ သံနဲ့ ရိုက်လိုက်ရင်လည်း ကျန်ရှီ သေမှာပါ။ ခွေးနက်ရဲ့ သွေး ကို အသုံးပြုတဲ့ နည်းတို့လို သူတို့ကို သတ်လို့ ရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါသေးတယ်။ ဒါကြောင့် လင်ချမ်းရင် ရဲ့ မစ္စတာ ဗန်ပိုင်းယား ထဲက ကျန်ရှီတွေထက် အပြင်က ကျန်ရှီတွေက ပိုသတ်ရ လွယ်မှာပါ။
ကျန်ရှီ ဇာတ်လမ်း အစ
================
ကျန်ရှီ တွေရဲ့ အစကတော့ မွေးရပ်မြေကနေ အဝေးတစ်နေရာမှာ ခွာပြီး အလုပ်လုပ်ရလို့ သေတဲ့ အခါ အိမ်ကို မဖြစ်မနေ ပြန်ယူရပါတယ်။ ဘာကြောင့်လည်း ဆိုတော့ သူစိမ်း နေရာမှာ မြုပ်ရင် ကွယ်လွန်သူအတွက် ကံမကောင်းဘူး ယူဆကြလို့ပါ။ ဒါကြောင့် တာအို ဘုန်းတော်ကြီး တပါးကို ပင့်ပြီး အလောင်းအိမ်ပြန်ရောက်ရေး ဆောင်ရွက်ကြရပါသတဲ့။ အဲ့ဒါကတော့ အလောင်းကို အသက်ဝင်အောင် စီမံပြီး အိမ်ပြန်ပို့ရတာပါ။ ပြီးတော့ အလောင်းဒီလို လာနေမှန်းသိအောင်လည်း ခေါင်းလောင်းကလေးချိတ်ပေးလိုက်ပြီး အသံကြားရင် လူတွေက ကြောက်လို့ ပုန်းကြတယ်ဆိုပါတယ်။ အလောင်းကလည်း ည ကျမှ ခရီးသွားပြီး နေ့ဘက်ဆို နားနေမှာပါ။ အိမ်ရောက်ရင်တော့ အလောင်းကောင်ဆီ ပူးကပ်နေတဲ့ အပ က ထွက်သွားပြီး မိသားစုက သဂြိုဟ် ရကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီထက် ဖြစ်နိုင်ခြေ ရှိတဲ့ အကြောင်းအရာ တစ်ခု ရှိပါတယ်။ ပထမ ဖြစ်စဉ်လိုပါပဲ။ ဒါပေမယ့် လက်တွေ့နဲ့ ပိုနီးစပ်ပါတယ်။ ခုနက ပြောတဲ့ ဓလေ့ အရ နယ်ကို အလောင်းပို့တဲ့ အခါ အလောင်းတွေကို တန်းစီပြီး ဝါးတွေနဲ့ ချိတ်လိုက်ပါတယ်။ ပြီးတော့ အရှေ့တစ်ယောက် အနောက်တစ်ယောက် ထိန်းကိုင်း လမ်းလျှောက် မ သွားတာမို့ အဝေးက ကြည့်ရင်အလောင်းအုပ်စုလိုက် သွားနေတယ် ထင်ရပါတယ်တဲ့။
ကျွန်တော်တို့ ဇာတ်လမ်းတွေ ထဲမှာ မြင်ရသလို ညပိုင်းမှာ တာအို ဘုန်းတော်ကြီးက အတားအဆီးတွေ၊ ခလုတ်ကန်သင်း တွေကို ခေါင်းလောင်းကလေး တီးပြီး သတိပေးရင်း အုပ်စုလိုက်ကြီး အလောင်းပို့တာလည်း ရှိတယ်လို့ မှတ်တမ်းတွေမှာ ဆိုပါတယ်။ ဒါပေမယ့် နောက်ပိုင်း ယူဆချက်တွေမှာတော့ ဥပဒေစိုးမိုးရေး အရာရှိတွေ ထိတ်လန့်အောင် မှောင်ခိုသမားတွေက ဇာတ်လမ်းထွင်တာ ဖြစ်မယ်လို့ ပြောကြပါတယ်။
နောက်တစ်ခုကတော့ ကျန်ရှီတွေဟာ ချင် အရာရှိတွေ ဝတ်တဲ့ ပုံစံ ဖြစ်နေတာမို့ ပြည်သူတွေက သူတို့ကို နှိပ်စက်တဲ့ အရာရှိတွေကို သွေးဆာနေတဲ့ သရဲတွေလို ပုံဖော်တာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။
ထက်အောင်ဖြိုး
မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...
Comments
Post a Comment