၇ ။ ပထမဆုံး မြို့ပြယဥ်ကျေးမှု
------
အီဂျစ်ပြည်သား တို့သည် အစားအစာ ထုတ်လုပ်သည့် အတတ်တွင် များစွာ တိုး တက်လာသည် ။ ထို့ကြောင့် သူတို့သည် တစ်နေ့တခြား ချမ်းသာသည်ထက် ချမ်းသာလာကြသည် ။ သူတို့ထဲတွင် အချမ်းသာဆုံးနှင့် အားအရှိဆုံး သူသည် ဘုရင် ဖြစ်လာသည် ။ သို့မဟုတ် သူတို့ အခေါ်အဝေါ်အားဖြင့် ဖာရိုး ဖြစ်လာသည် ။
အီဂျစ်ပြည်သားတို့သည် မင်ဖစ်မြို့နှင့် သီဗီးမြို့ တို့ကဲ့သို့ လှပသော မြို့ကြီးများကို တည်ဆောက်ကြသည် ။ နိုင်းမြစ်ဝှမ်းဒေသတွင် နေထိုင်ကြသော လူဆင်းရဲတို့မှာမူ ချမ်းသာ သူတို့လောက် ကံမကောင်းကြပေ ။ များစွာသော ထိုလူဆင်းရဲတို့မှာ ကျေး ကျွန်များ ဖြစ်လာကြသည် ။
သို့ငြားလည်း အမဲလိုက် ရှာဖွေစားသောက်နေကြရသည့် လူရိုင်းတို့နှင့် ယှဉ်သော် ကျေးကျွန်တို့၏ အခြေအနေမှာ မဆိုးရွားလှ သေးပေ ။
အမဲလိုက် ရှာဖွေစားသောက်နေကြရသူတို့မှာ အစားအစာရှားပါး သဖြင့် အမြဲပင် သေဘေးနှင့်နီးလှသည် ။ ထို့ပြင် အချို့သော အီဂျစ်မြေရှင်ကြီးများသည် ဆင်းရဲသောလယ်သမားများအပေါ် စိတ်ကောင်းထားကြသည် ။
ပုံစံဆိုသော် သူတို့အထဲမှ မင်းသားတစ်ပါးသည် ခရစ်မပေါ်မီ ဆယ့်ကိုးရာစု ခန့်တွင် အောက်ပါအတိုင်း ရေးသားခဲ့သည်ကို တွေ့ရသည် ။
“ မည်သည့် အလုပ်သမားကိုမျှလည်း ငါ မဖမ်းဆီးခဲ့ပါ ။ မည်သည့် နွားကျောင်းသားကိုမျှလည်း ငါ့တိုင်းပြည်မှ နှင်ထုတ်ခြင်း မပြုခဲ့ပါ ။ မည်သည့် အလုပ်သမား အကြီးအကဲ တစ်ယောက်ထံမှလည်း သူ့အလုပ်သမားများကို ခေါ်ယူ၍ ငါ့အတွက် မစေခိုင်းခဲ့ပါ ။ ငါအုပ်စိုးစဉ် ကာလတွင် ဆင်းရဲသူဟူ၍ မရှိ ။ ငတ်မွတ်ခေါင်းပါးသည့် ဒုဗိက္ခန္တရကပ် ကျရောက်သည့်အခါ နယ်ပယ် တွင် တောင်ဘက်နယ်နိမိတ်အစွန်မှသည် မြောက်ဘက်နယ်နိမိတ်အစွန်အထိ မြေအားလုံးကို ထွန်ယက်စိုက်ပျိုးစေခဲ့ပါသည် ။ ဤသို့လျှင် ငါ့နယ်ပယ်တွင် နေထိုင်သူ အပေါင်းကို အသက်ရှင်စေခဲ့ပါသည် ။ သူတို့အားလုံး တစ်ယောက်မျှ မငတ်ရအောင် အစားအစာ ပေးခဲ့ပါသည် ။ မုဆိုးမကိုတည်း ဖြစ်စေ ၊ လင်ရှိမယားကဲ့သို့ ပေးကမ်းစွန့်ကြဲပါသည် ။ ထို့ပြင် ငါသည် အကြီးအငယ် မျက်နှာမရွေးခဲ့ပါ ။ ”
အီဂျစ်ပြည်သားတို့သည် ကောက်ပဲသီးနှံအမျိုးမျိုး ၊ တိရစ္ဆာန်အမျိုး မျိုးတို့ကို အခြေပြု၍ တီတွင် စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြသည် ။ သူတို့သည် မုယောစပါးကို စိုက်ပျိုးကာ ယင်းမှ ဘီယာလုပ်ငန်းကို သိနားလည်ခဲ့ကြသည် ။
သူတို့သည် စပျစ်ပင်များကို စိုက်ပျိုးကာ စပျစ်သီးမှ ဝိုင်အရက် လုပ်ကြသည် ။ သူတို့၏ အစားအစာတွင် စွန်ပလွန်သီး ၊ သဖန်းသီးတို့ကို တိုးပွားလာသည် ။ ထိုနောက် ပဲအမျိုးမျိုးကိုလည်း စိုက်ပျိုးကြသည် ။ ထို့ပြင် စလပ်ရွက်ကိုလည်း စိုက်ပျိုးခဲ့သည် ။ သူတို့သည် ငန်းများ ၊ ဝမ်းဘဲများကိုလည်း မွေးမြူ ကြသည် ။ ငန်းကင်သည် သူတို့ အနှစ်သက်ဆုံး အစာတစ်ခု ဖြစ်သည် ။
သူတို့သည် ရက်ထည် ပိတ်ထည်တို့အတွက် ဘီသွာလျှော်ပင် ၊ ပိုက်ဆံလျော်ပင်များကို စိုက်ပျိုးခဲ့သည် ။
ထို့ပြင် စက္ကူကျူပင်ကို စိုက်ပျိုးကာ ယင်းမှ ဖယောင်းတိုင်နှင့် စက္ကူတို့ အပါအဝင် ပစ္စည်းအမျိုးမျိုးကို ပြုလုပ်ခဲ့သည် ။
ဤသို့ဖြင့် အီဂျစ်သားတို့သည် လူ့ယဉ်ကျေးမှုတွင် ပထမဆုံး အတတ်ပညာတို့ကို တီထွင် ဖန်တီးခဲ့ကြသည် ။
လက်နက်ကိရိယာ ပြုလုပ်ရာ၌ ကျောက်တုံးအစား သတ္တုကို အသုံးပြုလာတတ်သည့်အခါ သူတို့သည် ဧရာမ ကျောက်တုံးကြီးများကို အပိုင်းပိုင်း ဖြတ်လျက် အလွန်လှပသော အဆောက်အအုံများကို တည်ဆောက်ခဲ့ကြပြန်သည် ။
အီဂျစ်ဘုရင်များ၏ ထင်ရှားကျော် ကြားလှသည့် ပိရမစ် သင်္ချိုင်းကြီးများသည် ကမ္ဘာ့အံ့ဖွယ် ခုနစ်ပါးတွင် တစ်ပါး အပါအဝင် ဖြစ်လေသည် ။
ပိရမစ်သင်္ချိုင်းများကို ဆောက်လုပ်ရန် လူပေါင်း ထောင်ပေါင်းများစွာ လုပ်ကိုင်ရသည် ။ ထို့ပြင် ယင်းတို့ကို တည်ဆောက်ရန်လည်း နှစ်ပေါင်းများစွာ အချိန်ကြာလေသည် ။ ဧရာမ ပီရမစ် သင်္ချိုင်းကြီးတစ်ခုကို လူတစ်သိန်းလုပ်အားဖြင့် အနှစ်နှစ်ဆယ်နီးပါး တည်ဆောက်ရသည် ။ ကျေးကျွန်များသည် အိမ်ငယ်လေးတစ်လုံးလောက်ကြီးသည့် ကျောက်တုံးကြီးများကို ပိရမစ်သင်္ချိုင်းဆောက်လုပ်မည့် နေရာသို့ ရောက်အောင် သဲကန္တာရများကို ဖြတ်လျက် မိုင်ပေါင်းများစွာ သယ်ယူရသည် ။ ထိုနောက် ကျောက်တုံးကြီးများကို ပိရမစ်သင်္ချိုင်းတွင် နေသားတကျရှိအောင် တွန်းရ ဆွဲရပြန်သည် ။
ပိရမစ်သင်္ချိုင်းကြီးတစ်ခု အနီးတွင် ဧရာမခြင်္သေ့ကျောက်ရုပ်ကြီးတစ်ခုရှိသည် ။ ခြင်္သေ့၏ကိုယ်တွင် လူခေါင်းတပ်ထားသည် ။ ယင်းကို စဖင့် ဟု ခေါ်ကြသည် ။ ယင်းတို့အပြင် ဘုရားပုထိုးတို့၌ နိုင်းမြစ်ဝှမ်းဒေသသားတို့ ဆောက်လုပ်သော မိုးထိနီးပါး ကျောက်ရုပ်ကြီးများ အပါအဝင် တည်ဆောက်ခြင်း မှန်သမျှတို့သည် အီဂျစ်ယဉ်ကျေးမှု၏ ကြီးစွာသော ဂုဏ်ကျက်သရေပင် ဖြစ်ပေသည် ။
ဤဆောက်လုပ်ခြင်း မှန်သမျှသည် နိုင်းမြစ်ဝှမ်းဒေသ၏ မြေဆီသြဇာက ကောက်ပဲသီးနှံဖွံ့ဖြိုးအောင် ထောက်ကူသည့်အတွက် ဘုရားသခင် အား ကျေးဇူးတုံ့ပြန်ခြင်း ဖြစ်သည်ဟု ယူဆကြသည် ။ (အယူအဆများ ကွဲလွဲနိုင်သည်။)
#htoohtoolay
မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...
Comments
Post a Comment