ကဗာလာ မဟာဂန္ဓါရီဂိုဏ်း
-----
ကဗာလာ ဟူသောအမည်မှာ နားစိမ်းနေကြဦးမည် ဖြစ်သော်လည်း ကဗာလာ ပညာရှင်များဖြစ်ကြသော နောစတြဒါမတ် ၊ ဆော်လမွန်ဘုရင်ကြီးတို့ကို မြန်မာနားတွင် ယဉ်နေပြီး ဖြစ်သည် ။ ကမ္ဘာပေါ်တွင် လူပေါ်သည့်အချိန်မှစ၍ ဘာသာတရားများ ပေါ်ပေါက်လာသကဲ့ သို့ပင် ဂန္ဓာရီပညာရှင်များလည်း ပေါ်ပေါက်လာခဲ့သည် ။ ထိုဘာသာရေးခေါင်းဆောင် ၊ တမန်တော်စသည်တို့မှာ ဂန္ဓာရီပညာရှင်များ ဖြစ်ကြသည် ။
ကဗလာပညာသည် အစ္စရေး ၊ လူမျိုးတို့၏ ရှေးဟောင်း ဟီဘရူး ဘာသာဝင်တို့က စတင်သည်ဟု ဆိုသည် ။ အာဒမ်နှင့် ဧဝတို့၏ အနွယ်တော် အီဗရာဟမ်သည် အီဂျစ်သို့ ရောက်လာပြီးနောက် ကဗာလာ ဂန္ဓာရီပညာကို ဂျူးတို့အား လက်ဆင့်ကမ်းပေးခဲ့သည် ။
ကဗာလာ ဟူသော ဝေါဟာရသည် ဟီဘရူးဘာသာဖြင့် “ ရှေးရိုးစဉ်လာ ” ဟု အဓိပ္ပာယ်ထွက်သည် ။ တမန်တော် မိုးဇက်လက်ထက်တွင် မိုးဇက်သည် ပထမဆုံး ကဗာလာဂန္ဓာရီပညာ ဂိုဏ်းဝင်တစ်ဦး ဖြစ်ပြီးလျှင် တပည့် ၇၀ ကို တစ်ဖန် လက်ဆင့်ကမ်း၍ ကဗာလာဂန္ဓာရီ ပညာကို လက်ဆင့်ကမ်းခဲ့ရာ ခရစ်ယာန်ဘာသာ ပေါ်ထွန်းလာသောအခါတွင် အနောက် နိုင်ငံများနှင့်တကွ အာရပ်လောကပါ ပျံ့နှံ့သွားသည် ။
ခရစ်ယာန်ဘာသာ အတွင်းလမ်းဖြစ်သော နော့ဆစ်ဂိုဏ်းကြီးကို ထူထောင်ခဲ့သော တီယာနာသည် ကဗာလာပညာရှင်တစ်ဦးဖြစ်သည် ။ ထို့ကြောင့် ကာလာဂန္ဓာရီပညာသည် ခရစ်ယံနော်ဆစ် ဝါဒီနှင့် ရှိဆီခရစ်ဆီယံဂိုဏ်းတို့မှတစ်ဆင့် ပြန့်ပွားသွားရာ ခေတ်လယ်ခေတ်တွင် အာရှ အလယ်ပိုင်းဒေသသာမက အနောက်ကမ္ဘာတစ်ဝန်းသို့ပါ ပျံ့နှံ့သွားလေသည် ။
ယနေ့ကမ္ဘာပေါ်တွင်ရှိသော ထင်ရှားသည့် ဂန္ဓာရီဂိုဏ်းများထဲတွင် ကဗာလာ ဂန္ဓာရီပညာမှာ ရှေးအကျဆုံး ဖြစ်ပေသည် ။ အချို့သောသုတေသီများ၏ အဆိုအရ ဂျူး တို့သည် ကဗာလာပညာကို အာရှအရှေ့ပိုင်း ဟိမဝန္တာရှိ သူတော်စင်ဂိုဏ်းကြီးမှ စတင် ရရှိခဲ့သည်ဟုဆိုသည် ။ သို့ရာတွင်ကဗာလာဂိုဏ်းကြီး မည်သည့်အချိန်က စတင်သည် , မည်သူ စတင်သည်ကိုမူ ယနေ့တိုင် သုတေသနပြုဆဲပင် ဖြစ်သည် ။
ကဗာလာဂန္ဓာရီပညာနှင့် ပတ်သက်သော ကျမ်းများအနက် ဆီပါရေးဗီးယားခေါ် ( sepher yetzi rah နှင့် zoher ) ကျမ်းနှစ်စောင်မှာ ၉ ရာစုတွင် ပေါ်ပေါက်လာပြီး အထင်ရှားဆုံးနှင့် ပဓာနအကျဆုံးကျမ်းများဖြစ်သည် ။
အမှန်စင်စစ်အားဖြင့် မူလပညာရှင်များက ကဗာလာပညာကို စာဖြင့် ရေးသား ခဲ့ခြင်း မဟုတ်ပေ ။ ဂန္ဓာရီပညာတို့၏ သဘာဝအရ ဆရာ၏ နှုတ်ကပတ်ကို တပည့်နားတွင် မှတ်သားထားရသော အန္တေဝါသိက လျှို့ဝှက်ပညာစခန်းသာ ဖြစ်သည် ။ နောင်ကာလ ကြာမြင့်လာသောအခါမှသာလျှင် ကျမ်းများအဖြစ် ရေးသားခဲ့ခြင်းဖြစ်သည် ။
ကဗာလာပညာနှင့် ပတ်သက်၍ သမားစဉ်ကျမ်းဂန်လာ ကဗာလာပညာ ၊ လက်တွေ့ ကဗာလာပညာနှင့် စာဖြင့် ရေးသားမှတ်တမ်းတင်ခြင်းမပြုသော အန္တေဝါတိက ကဗာလာ ဟု သုံးမျိုးဖြစ်လာသည် ။
ယခုအခါတွင် ဘာသာရေးခေါင်းဆောင်များသည် ကဗာလာ ပညာကို လက်မခံကြတော့ပါ ။ ကဗာလာပညာမှာ ယနေ့ကမ္ဘာပေါ်တွင် လူမျိုးပညာ မဟုတ်တော့ဘဲ တစ်ကမ္ဘာလုံးက ပိုင်ဆိုင်သော ဂန္ဓာရီပညာဖြစ်လာပါသည် ။
မြန်မာပြည် တွင်လည်း ကဗာလာပညာရှင်များ ရှိခဲ့ဖူးပါသည် ။ သို့ရာတွင် ရွက်ပုန်းသီးများ ၊ ဝင့်ဝါ လိုသူများ မဟုတ်ကြ၍ လူသိနည်းခဲ့သည် ။ ကျမ်းဂန်လာ ကဗာလာပညာမှာ မူလဓာတ်ဘုရားနှင့် လူသားတို့ ဆက်သွယ်ပုံကို ( Tree of life ) ခေါ် ' ဘဝသစ်ပင် ” ဖြင့် သရုပ်ပြ သင်ကြားပေးသည် ။
မူလဓါတ်ဘုရားကြီးသည် လောကီနှင့်မဆိုင် ၊ ဇာတိမရှိ ၊ ဇရာမရှိ အစဉ်သဖြင့် တည်ရှိနေသော အလင်းဓာတ်ကြီး ဖြစ်သည် ။ ယင်းအလင်းဓါတ်ကြီးမှနေ၍ ဈာန်ဘုရားများ ဗြဟ္မာ ၊ နတ် ၊ လူတို့ ဖြစ်လာကြသည် ။ ဓာတ်ဘုရားကြီးက ခရစ်ယာန်ဘာသာကဲ့သို့ လူသားများကို တိုက်ရိုက်ဖန်ဆင်းခြင်းမျိုး မဟုတ် ။ အိမ်ဆိုခေါ် ယင်းဓာတ်ဘုရား၏ ဘုန်းတော်အနန္တအရ ဘုရား၏ ဉာဏ်တော်အနှံ့ အလင်းဓာတ်ကြီးသည် အထက်မှ အောက်သို့ ကွန့်မြူးဖြာထွက် လာခြင်း ဖြစ်သည်ဆို၏ ။
လက်တွေ့ကဗာလာပညာတွင် ခေတ်လယ်ခေတ်မှ ပေါ်ထွက်ခဲ့သော ရိုစီခရစ်ယာန် ဂန္ဓာရီဂိုဏ်း ၊ မော့ဆစ်ဂိုဏ်းနှင့် အဂ္ဂိရတ်ပညာတို့က မိမိတို့အခြေအနေ ၊ ခေတ်နှင့်ဆီလျော်အောင် လက်တွေ့ကျင့်သုံးကြသည် ။
ဤသို့ အထက်လမ်းကျင့်စဉ်များကို ကျင့်ကြံရင်း လမ်းချော်သွားသူများသည် အောက်လမ်းသို့ ရောက်သွားပြီးနောက် ကဗာလာပညာဖြင့် စီရင်ထားသော အဆောင် ၊ လက်ဖွဲ့ ၊ အင်း ၊ မန္တန်များကို အသုံးပြုကြသည် ။
ထို့ကြောင့် ကမ္ဘာ့ ပညာတတ်လောကနှင့် သိပ္ပံလောကမှ ကဗာလာပညာကို အောက်လမ်းမှော်ပညာဟု ထင်မြင်နေကြခြင်း ဖြစ်သည် ။
ယင်းလက်တွေ့ပညာထဲမှ မြန်မာပြည်အပါအဝင် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားသော ကဗာလာ လက်တွေ့ပညာတွင် “ တားရော ” ခေါ် ဖဲဗေဒင်ပညာသည် လူသိအများဆုံး ဖြစ်သည် ။
တားရော့၏ မူလရည်ရွယ်ချက်မှာ ကဗာလာဂန္ဓာရီ ပညာစခန်း တက်လှမ်းရာတွင် တက်စဉ် ( ၂၂ ) ပါး ဖြစ်သည် ။ ယင်းတက်စဉ်မှာ သင်္ကေတနည်းဖြင့် ဖော်ပြရာ ယင်း သင်္ကေတများကို ဖဲချပ်ပြုလုပ်ပြီး ကဗာလာလမ်းစဉ်မှ ချော်ထွက်သွားသူများက ဖဲဗေဒင် လုပ်၍ ဟောပြောကြခြင်း ဖြစ်သည် ။
တားရော့တက်စဉ် ( ၂၂ ) ပါးမှာ ကျယ်ဝန်းလှ၍ သီးခြားတင်ပြမှသာလျှင် သဘောပေါက်နိုင်ပါလိမ့်မည် ။ တတိယ ကဗာလာပညာဖြစ်သော အန္တဝါသိကနည်းမှာ ဆရာက တပည့်ကို လက်ထပ်သင်သောနည်းဖြစ်၍ ရေးသားဖော်ပြရန် မလွယ်ကူပါ ။ ဆရာနှင့်တပည့် နှစ်ဦး သာလျှင် နားလည်နိုင်သောကြောင့် ဖြစ်သည် ။
ကဗာလာ၏ အဓိကမဏ္ဍိုင်မှာ ' ဘ၀သစ်ပင် ” သဘောတရားပင်ဖြစ်၍ ယင်းဘဝသစ်ပင်တရားသည်ပင်လျှင် ကာလာဂန္ဓာရီပညာဖြစ်ပေသည် ။ ယင်းဘ၀သစ်ပင်ကို အောက်ပါအတိုင်း သရုပ်ဖော်ပုံဖြင့် သင်ကြားပေးသည် ။
ကဗာလာဂန္ဓာရီပညာ၏ ဒဿနအရ စကြဝဠာဟူ၍ မဖြစ်ပေါ်မီကအစ ပထမဆုံး ရှိသည်မှာ “ အိမ်ဆို ” ခေါ် ဓာတ်ဘုရားကြီးရှိသည် ။ ယင်းဓာတ်ဘုရားကြီး၏ ဉာဏ်အလင်း ကွန့်မြူးလိုက်သဖြင့် “ ၃၁ " ဘုံသောလောကီဘုံများ ၊ ဘုံသားများ ဖြစ်ပေါ်လာရကာ နောက်ဆုံး ကမ္ဘာမြေကြီးနှင့် လူသားများ ဖြစ်ပေါ်လာရသည် ။ ယင်းသို့ အနန္တဉာဏ်တော်အလင်းမှ လူသားအထိ နောက်ဆုံးကမ္ဘာမြေကြီးနှင့်လူသားများ ဖြစ်ပေါ်လာရသည် ။
သစ်ပင်တစ်ပင် သည် အရင်းအမြစ် မှ သည် ပင်စည် ၊ ယင်းမှ အကိုင်း အခက် ၊ တစ်ဖန် ကိုင်းဖျား ကိုင်းနား နှင့် အသီးအပွင့်တို့ ဖြစ်သည် ။ ထို့အတူပင် စကြဝဠာလောကီ ဘုံသားများသည်လည်း အမြစ်တည်း ဟူသော ဓာတ် ဘုရားကြီးမှ ဆင်းသက်လာကြောင်းကို သစ်ပင်နှင့် နှိုင်း ယှဉ် သရုပ်ဖော်ခြင်း ဖြစ်သည် ။
ဘ၀သစ်ပင် သရုပ်ပြပုံတွင် တြိဂံသုံးခု ပါဝင်သည် ။ ပထမဆုံး ဘုရားထံမှ ကွန့်မြူးထွက်ပေါ်လာသော ဉာဏ်အလင်းဓာတ်ကြီးကို “ ကေသာ´ဟုခေါ်၏ ။ ဒုတိယထွက် ပေါ်လာသော အလင်းဓာတ်ကို ' ဟုတ်မာ ” ဟု ခေါ်သည် ။ တတိယ အလင်းဓာတ်မှာ “ ဘင်နာ ' ဖြစ်၍ ဟုတ်မာမှာ အဖိုဓာတ်အတိုက်ဓာတ်ဖြစ်ပြီး တင်နာမှာ အခံဓာတ်အမဓာတ် ဖြစ်သည် ။ ယင်းအတိုက်ဓာတ်နှင့် အမဓာတ်တို့တစ်ခုနှင့်တစ်ခု ဆန့်ကျင်မှုအားပြိုင်မှုတို့ ကြောင့် ဒုတိယတြိဂံဖြစ်ပေါ်လာရသည် ။
ဒဿနနည်းအားဖြင့်ဆိုရလျှင်မူ မူလဓာတ်နှင့် ပဋိပက္ခဓာတ်တို့၏ ဆန့်ကျင်ဘက်စွမ်းအား ပြိုင်ဆိုင်မှုကြောင့် တတိယစွမ်းအားဖြစ်သော သမူဟဓာတ်ဖြစ်ပေါ်လာရသည် ။ သမူဟဓာတ်သည် မူလဓာတ်မဟုတ် ၊ ပဋိပက္ခဓာတ် မဟုတ်သော ယင်းဓာတ်နှစ်ပါး ပေါင်းစပ်စွမ်းအင်သစ်တစ်ခုသာ ဖြစ်သည် ။
ယင်းဒုတိယမှသည် လူ ၊ နတ် ၊ ဗြဟ္မာဈာန်ဘုရားများ ဖြစ်ပေါ်လာသည် ။
ဒုတိယတြိဂံတွင် ဟေဆက် ( ၄ ) သည် ဖခင်မေတ္တာ ၊ ကရုဏာဖြစ်ပြီး “ ဂေဘူရ ” ( ၅ ) သည် မဓာတ် ၊ အဖျက်ဓာတ် ၊ ရက်စက်ကြမ်းကြုတ်မှု ဖြစ်သည် ။ ဤသို့မတူသော ဟေဆက် ( ၄ ) နှင့် ဂေဘူရ ( ၅ ) တို့ ပဋိပက္ခဖြစ်မှု အတိုက်အခံဖြစ်မှုတို့ကြောင့် ယင်းဓာတ် နှစ်ပါးတို့ သမူဟဖြစ်ရာ “ တိပါရက် ” ( ၆ ) ဖြစ်ပေါ်လာရသည် ။
တတိယတြိဂံတွင် ' နက်ဆာ ” ( ၇ ) သည် အဖို ၊ အောင်နိုင်ခြင်းနှင့် ခံနိုင်ရည် ဇွဲသတ္တိစွမ်းအင်ဖြစ်ပြီး “ ဟော့ဒ် ' ( ၈ ) သည် “ နက်ဆာ ' ( ၇ ) ၏ ဆန့်ကျင်ဘက် အမဓာတ် ၊ စိတ်စွမ်းအင် ၊ တဏှာရာဂစွမ်းအင်များကို ဖော်ဆောင်သည် ။ ယင်းဓာတ်နှစ်ပါး ပဋိပက္ခ ကြောင့် တတိယစွမ်းအင်ဖြစ်သော “ ယယ်ဆော့ ” ( ၉ ) သမူဟဓါတ်သစ် ဖြစ်ထွန်းလာသည် ။
ယင်းသမူဟဓာတ် “ ယယ်ဆော့ ” ( ၉ ) မှနေ၍ “ မာလ်ကွက် ' ( ၁၀ ) ခေါ် လူလောက ( ဝါ ) စကြ၀ဠာကြီး ဖြစ်ပေါ်လာသည် ။
တြိဂံသုံးခု၏ ဆက်သွယ်မှု သဘောအကျဉ်းမှာ
( ၁ ) ပထမတြိဂံတွင် အဖိုစွမ်းအင်နှင့် အမစွမ်းအင်တို့ နှစ်ရပ်ပေါင်းစပ်၍ အာကာသနှင့် စကြဝဠာ စတင်ဖြစ်ပေါ်လာသည် ။
( ၂ ) ဒုတိယတြိဂံတွင် လောက၏ ဖခင်ဓာတ်နှင့် မိခင်ဓာတ်တို့၏ ပြုစုစောင့်ရှောက် မှုဖြင့် လောကတည်းဟူသော သားသည် မွေးဖွားလာသည် ။
( ၃ ) တတိယတြိဂံတွင် မွေးဖွားလာသော သားစကြဝဠာသည် ကြီးပြင်းအရွယ် ရောက်လာပြီး လောက၏ အထွတ်အထိပ်သို့ ရောက်သွားသည် ။
ဘဝသစ်ပင်အဖြစ် ဖွဲ့တည်ထားသော တြိဂံသုံးခု၏ ညာဘက်အစွန်ရှိ အလင်း ဓာတ်မှာ အခံဓာတ် ၊ အမဓာတ်ဖြစ်သည် ။ ယင်းအခံဓာတ်နှင့်အတိုက်ဓာတ် ( ဝါ ) မူလနှင့် ပဋိပက္ခဓာတ်တို့ ညီညွတ်သမမျှတသွားသောအခါ အလယ်ဗဟိုရှိ အလင်းဓာတ်အသစ်များ ဖြစ်ပေါ်လာသည် ။
ဤသို့ အလင်းဓာတ်များ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာရာမှ စကြဝဠာကြီး ဖြစ်လာခြင်းဖြစ်သည် ။
ထို့ကြောင့် ကဗာလာပညာ၏ အခြေခံသည် အတိုက်ဓာတ်နှင့် အခံဓာတ်တို့၏ မူလဓာတ်ဖြစ်သည့် သဟဇာတတရားကို အခြေခံခြင်းဖြစ်သည် ။
ဉာဏ်အလင်းရောင် ကွန့်မြူးရာတွင် ပထမကွန့်မြူးခြင်းမှစ၍ ( ၁၀ ) ကြိမ်မြောက် သမကွန့်မြူးခြင်းအထိ ဆယ်ဆင့်ထားသည် ။ ယင်းအဆင့်အလိုက် ဘဝသစ်ပင် သရုပ်ပြပုံ တွင် ကွန့်မြူးသော ဉာဏ်အလင်းရောင်ကိုလည်း အစဉ်လိုက် ( ၁ ) မှ ( ၁၀ ) အထိ ဖော်ပြ ထားသည် ။
ဓာတ်ဘုရားကြီး၏ ထိပ်ဆုံးမှနေ၍ “ ကေသာ ” ဉာဏ်အလင်းရောင် ကွန့်မြူးရာမှ နောက်ဆုံး ( ၁၀ ) ကြိမ်မြောက် “ မဲလ်ကွတ် ' ဉာဏ်အလင်းရောင် ကွန့်မြူးလိုက်သောအခါ ပြီးဆုံးသွားသည် ။ ယင်းဉာဏ်လင်းရောင် တစ်ခုစီ၏ ဂုဏ်ပုဒ်တို့မှာ -
၁ ။ ကေသာ ၊ ပထမဆုံး ကွန့်မြူးမှု ၊ သင်္ချာအားဖြင့် ၁ ။ အာကာသ ၊ သရဖူ၏ သင်္ကေတ ။
၂ ။ ဟုတ်မာ ၊ အဖိုဓာတ် ၊ အသက်ဓာတ် ၊ စပထမဆုံးလှုပ်ရှားမှု ( logos ) ဈာန်ဘုရား ။
၃ ။ ဘင်နာ ၊ အခံဓာတ် ၊ အမဓာတ် ၊ မိခင် ၊ ကမ္ဘာမယ်တော်ဓာတ် ( မာရီယာနှင့် ကွမ်းယင် ) သိနားလည်မှု ၊ သင်္ချာအားဖြင့် ၃ ၊ သင်္ကေတအားဖြင့် မအင်္ဂါဇတ် ။
၄ ။ ဟေဆက် ၊ ဖခင်၏ ကြင်နာမှု ၊ သားကို လမ်းညွှန် ၊ ကာကွယ်စောင့်ရှောက်မှု နှင့် တည်ဆောက်မှုစွမ်းအင် ၊
၅ ။ ဂေဘူရာ ၊ မဓာတ် ၊ အမုန်း ၊ ဒေါသ ၊ ဖျက်ဆီးမှုဓာတ် ( ကာလီဓာတ် ) ။
၆ ။ တီဖာရက် ။ ဟေဆက်နှင့် ဘုရားတို့ကို ညီညွတ်မျှတစေသောသမူဟဓာတ် ၊ ပရာနဓာတ် ၊ သဟဇာတဓာတ် ။
၇ ။ နက်ဆာ ၊ ဖိုဓာတ် ၊ အောင်မြင်မှု ၊ ဇွဲသတ္တိ ရာဂ ၊ တဏှာ ။
၈ ။ ဟော့ဒ် ၊ မဓာတ် ၊ နက်ဆာ၏ ဆန့်ကျင်ဘက်စိတ်စွမ်းအင် ။
၉ ။ ယေဆော့ ၊ နက်ဆာနှင့် ဟော့ဒ်ကို သမမျှတအောင် ပြုလုပ်သောစွမ်းအင် ၊ သဟဇာတဓာတ် ၊ သင်္ချာအားဖြင့် ( ၉ ) ။ အမှောင်ထဲရှိအလင်း ၊ မဟိဒ္ဓိတန်ခိုး ၊ နက်ဆာနှင့် ဟော့ဒ်ဓာတ်နှစ်ပါးကို သမူဟဖြစ်စေသော စွမ်းအင် ။ ။
၁၀ ။ မာလ်ကွတ် ၊ မြေကြီး ၊ မြေသြဇာ ၊ စိုက်ပျိုးရေး ၊ အသီးအပွင့် ၊ သင်္ချာအားဖြင့် ( ၁၀ ) ၊ ကျန်ရောင်ခြည် ကိုးပါးစလုံးတို့ စုပေါင်းပါဝင်သောစွမ်းအင် ဉာဏ်ရောင်ခြည် ၁ဝ ပါးရှိရာသို့ တက်လှမ်းရန် ကျင့်ကြံအားထုတ်ခြင်းသည် ကဗာလာကျင့်စဉ် ဖြစ်သည် ။
နောက်ဆုံးရောင်ခြည် ၁၀ ပါး ကုန်သောအခါ ဓာတ်ဘုရားထံ ရောက်ရှိရန်ဖြစ်သည် ။ ထို့ကြောင့် ရောင်ခြည် ၁၀ ပါးအဆင့် တစ်ဆင့်စီ တက်ခြင်းကို တက်စဉ် ၁၀ ပါးဟု ခေါ်သည် ။
ယင်းရောင်ခြည် ၁၀ ပါးသို့ တက်လှမ်းရန်အတွက် ပဏာမလမ်းစဉ်ခေါ် ကျင့်စဉ် ၂၂ ပါးရှိသည် ။ ရောင်ခြည် ၁၀ ပါးနှင့် တက်စဉ် ၂၂ပါး စုစုပေါင်း တက်စဉ် ၃၂ ပါးဖြစ်သည် ။ တက်စဉ် ၂၂ ပါးသည် ဟီဘရူးအက္ခရာ ၂၂လုံး ဖြစ်သည် ။ တစ်နည်းအားဖြင့် တားရော့ကတ်ပြား ၂၂ပြားဖြစ်သည် ။
တားရော့ကတ်တွင် ဖော်ပြထားသော သင်္ကေတအရုပ်များမှာ တက်စဉ်တစ်ခုစီကို ရည်ညွှန်းခြင်းဖြစ်၍ ဆောင်းပါး တွင် အသေးစိတ် ဖော်ပြရန် မဖြစ်နိုင်ပေ ။
တက်စဉ် ၂၂ ပါး ရေးသားရာတွင် ကဗာလာပညာရှင်တို့က cipher ခေါ် လျှို့ဝှက်ရေးနည်းဖြင့်သာ ရေးသားသည် ။ မသက်ဆိုင်သူများ မသိစေရန် ၊ အလွဲသုံးစားပြုမည့်သူများ အသုံးမပြုနိုင်စေရန်ရည်ရွယ်ခြင်းဖြစ်သည် ။ အက္ခရာ များကို သင်္ချာသဘောဖြင့်ယူ၍ရေးသည် ။ အက္ခရာတစ်လုံးကျော် ၊ နှစ်လုံးကျော် ၊ ထိပ်စီးအက္ခရာ ယူ၍ အဓိပ္ပာယ်ဖွင့် ရသော နည်းမျိုးဖြစ်သည် ။
မြန်မာတို့၏ ရှေးကသုံးခဲ့သော ဒူးဂဏန်း ၊ ကြေးဂဏန်းနှင့် အလားတူသည် ။ အထူးသဖြင့် ဂဏန်းသင်္ချာ၏ စွမ်းအင်ကို အသုံးချသည် ။
ပညာစ၍ တက်စဉ်များ ခက်ခဲလှသောကြောင့် စူဠဂန္ဓာရီနှင့် မဟာဂန္ဓာရီတွင် အခြေခံသဘောတရား ဘဝသစ်ပင်နှင့် အခြေခံကျင့်စဉ်များကို ကျင့်ရပြီး နောင်အဆင့် တက်သောအခါမှသာလျှင် မဟာဂန္ဓာရီအဆင့်သို့ ရောက်သည် ။
မဟာဂန္ဓာရီစခန်းရောက် သောအခါ ဘဝသစ်ပင်သဘောတရားကို လက်တွေ့ကျင့်ရသည် ။ ဘဝသစ်ပင်ကို ရောင်ခြည် ၁၀ ဆင့်အဖြစ်သာမကတော့ဘဲ လူတို့ခန္ဓာကိုယ်တွင်ရှိသော ချက္ကရစက်များအဖြစ် အောက် စက်မှစ၍ သရုပ်ပြပုံအတိုင်း တစ်ဆင့်စီ အထက်ချက္ကရများကို စနစ်တကျ နှိုးရသည် ။ တစ်ဆင့်စီ ၊ အထက်ချက္ကရများကို စနစ်တကျ နှိုးရသည် ။ အလယ်မဏ္ဍိုင်သည် သုစုမနခေါ် ပင်မနဒီကြိုးဖြစ်ပြီး ဘယ်ညာရှိ ရောင်ခြည်တို့မှာ က္ကုဒါနှင့် မင်္ဂလခေါ် နဒီကြီးနှစ်ခု ဖြစ်သည် ။
ယင်းနဒီကြီးတစ်လျှောက်တွင် ချက္ကရစက်များ တည်ရှိသည် ။ နောက်ဆုံးတွင် ဦးခေါင်းထိပ်ရှိ ချက္ကရသို့ ရောက်သောအခါ အမြင့်ဆုံး ဉာဏ်အလင်းရောင်ခြည်ကို ရရှိမည်ဖြစ်သည် ။
#htoohtoolay
မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...
Comments
Post a Comment