Skip to main content

အစားအစာ စတင်ရှာ​ဖွေကြခြင်း

၅ ။ အစားအစာ စတင်ရှာ​ဖွေကြခြင်း
-----
လူသည် သူ၏ အပဖြစ်သော ကမ္ဘာမြေရှိ ဖန်ဆင်းထားသည့် အဖြစ်သနစ် အားလုံး ၊ အရာဝတ္ထု အားလုံးနှင့် မည်သို့ အဆင်ပြေအောင် နေထိုင်ခဲ့သနည်း ။ သူ့အတွက် အစားအစာကို မည်သို့ ရှာဖွေခဲ့သနည်း ။ သူ မွေးမြူထားသော အိမ်သုံး တိရစ္ဆာန်များအတွက် အစာကို မည်ကဲ့သို့ ရှာဖွေခဲ့သနည်း ။ အစဦးတွင် လူသည် ပါးစပ်နှင့်လက် မပြတ် စားသောက်နေသည့် သတ္တဝါတစ်ဦးအဖြစ်သာ တည်နေခဲ့သည် ။ လူသည် သစ်သီးများကို ခူးဆွတ် စားသောက်ခဲ့သည် ။ ထို့ပြင် သစ်သီးကို နွှာ၍ သစ်စေ့များကို စားခဲ့သည် ။

တစ်ခါတစ်ရံ ငှက်ဥများကို ရှာဖွေစားသောက်သည် ။ တစ်ခါတစ်ရံ ပျားများ ပျံသန်းရာ နောက်သို့လိုက်ကာ ပျားအုံများတွင် သိုမှီးထားသည့် ပန်းဝတ်ရည် ဖြစ်သော ပျားရည်ကို ခိုးယူစားသောက်သည် ။ ထိုနောက် လူသည် အမဲလိုက်ရာ၌ သားရိုင်းတိရစ္ဆာန်များကို သတ်ဖြတ်ရန် ကျောက်လွှာလက်နက် ကျောက်တုံးလက်နက် ပြုလုပ်နည်းများကို တတ်ကျွမ်းလာသည် ။

အချို့တိရိစ္ဆာန်များသည် ဘေးရန် အန္တရာယ်များကို မမြင်ဘဲ မြက်များကို အေးဆေးစွာ စားသောက်နေကြစဉ် သားရိုင်းများက ချောင်းမြောင်းခုန်အုပ်ကာ ယင်းတို့၏ အသွေးအသားကို စားသောက်ကြသည် ။

ထိုအဖြစ်ကို လူက မြင်တွေ့ခဲ့သည် ။ ဆောင်းဥတု ရောက်သည့်အခါ အသီးအနှံများ ၊ အပင်များ နည်းပါးလာသည်ကို တွေ့ရသည် ။ ထိုအခါ လူသည် အမဲလိုက်၍ ရသည့် သားစိမ်းများကိုသာ စားသောက်နေခဲ့ရသည် ။

ဂူရှေ့က မြေကွက်လပ်တွင်ထိုင်ကာ ကျောက်တုံးတစ်ခုကို ခုတ်ထစ် ထွင်းထုနေသော လူ၏ ပုံသဏ္ဍာန်ကို ကျွန်တော်တို့ စိတ်ကူးကြည့်နိုင်သည် ။

ထိုအခါ ကျောက်တုံးကို လက်နက်ဖြစ်လာအောင် ပြုလုပ်ရာ၌ လူ၏ စိုးရိမ်မှု ကြီးမားနေပုံအဖြစ်ကို ကျွန်တော်တို့ တွေ့နိုင်မည်ဖြစ်သည် ။

ကျောက်တုံးကို လက်နက်ဖြစ်အောင် ပြုလုပ်ရာ၌ မချွန်ထက်ခဲ့သော် အမဲလိုက်ရာတွင် အမဲ ကောင်၏ အသားကို စူးဝင်အောင် ထိုးဖောက်နိုင်မည် မဟုတ် ။ ထိုအခါ အမဲသေမည်မဟုတ် ။ အမဲမသေလျှင် သူ့တွင် အစာမရတော့ဘဲ ငတ်မွတ်ရန် အကြောင်းသာရှိတော့သည် ။

ထို့ကြောင့် သူသည် လက်နက်ကို ချွန်ထက် အောင် စိုးရိမ်တကြီး ထုထွင်းနေရခြင်းဖြစ်သည် ။ ထို့ပြင် မီးခတ်ကျောက်တုံး အကြမ်းစားသည်လည်း အမဲကောင်ကို ပစ်ခတ်ရာ၌ အလွန်အသုံးဝင်သည် ကို တွေ့လာသည် ။

ထိုလူသည် ပစ်ခတ်၍ရသည့် အမဲကောင်ကို ဖျက်ရန် ရဲတင်းတစ်ခု လိုလာသည်ကို စဉ်းစားမိပြန်သည် ။ ထို့ကြောင့် သူသည် ကျောက်တုံးများကို ထုဆစ်ကာ ရဲတင်းများ လုပ်ပြန်သည် ။ ရှေးအကျဆုံး လက်နက်များကို ပစ်လယ်ခရုခွံများ ၊ ယောက်သွားခွံများနှင့်အတူ ကျွန်တော်တို့ တွေ့ရသည် ။

ပင်လယ်ကောင်များဖြစ်သည့် ခရုကမာကောင် ၊ ​ယောက်သွားကောင်တို့ထဲမှ ငါးကိုသာရွေး၍ ပစ်ခတ်သတ်ဖြတ်သည် ။ ထိုအခါတွင် ထိုကျောက်လွှာလက်နက်ကို အသုံးပြုခဲ့ဟန် တူသည် ။

သားစိမ်း ငါးစိမ်းသည် စား၍ မကောင်း ။ သားစိမ်း ငါးစိမ်းကို မီးတွင် ဖုတ်ကင်သည့်အခါ အရသာပို၍ ရှိလာကြောင်း လူသည် ရုတ်တရက် တွေ့ရှိလာ ဟန်တူသည် ။

တစ်နေ့သောအခါတွင် ပတ္တမြားရောင် တောက်နေသည့် မီးကျီး ရဲရဲထဲသို့ ဝက်ငယ်ကလေးတစ်ကောင် ကျသွားသည်ဟု ဒဏ္ဍာရီတစ်ခုက ဆိုလေသည် ။ ထိုဝက်ငယ်ကလေးကို မီးကျီးရဲရဲထဲမှ ဆွဲထုတ်လိုက်သည့်အခါ အနံ့တသင်းသင်းထွက်နေသည် ။ စားလိုက်ရလျှင် အလွန်အရသာရှိလိမ့်မည် ထင်ကာ ထိုလူသည် နှုတ်ခမ်းပါးနားကို လျက်လေသည် ။ ထိုအခိုက် အခြား ဂူအောင်းလူတစ်ယောက်က ဝက်ကင်ကလေးကို လုယူသွားလေသည် ။ ဤ နည်းဖြင့် လူသည် ဟင်းလျာသစ်တစ်ခုကို တွေ့ရှိလာခဲ့သည် ။

နောက်အခန်း များတွင် မီးကို ရှာဖွေတွေ့ရှိပုံ ကျွန်တော်တို့ တွေ့ကြရမည် ။ သို့ရာတွင် ရှေးဟောင်းလူသည် မိမိအသက်ရှင်နေရေးအတွက် အားထုတ်ကြိုးပမ်းရာ၌ မီးကိုတွေ့ရှိခြင်းသည် အရေးကြီးသော ခြေလှမ်းသစ်တစ်ခု ဖြစ်သည်ကိုကား မှတ်တမ်းတင်ရပေမည် ။

သစ်သီးများကို ရှာဖွေပြီးသည့်အခါ ယင်းတို့အနက် အခွံမာသော အသီး ၊ ဝက်သစ်ချသီး ၊ သစ်စေ့ စသည်တို့ကို ကာလအတော်ကြာသည်အထိ သိမ်းဆည်းထားနိုင်ကြောင်းကို ကျောက်သစ်ခေတ်လူတို့ တွေ့ရှိခဲ့သည် ။

ဤသည်မှာလည်း အသုံးဝင်သော ရှာဖွေတွေ့ရှိချက် တစ်ရပ်ပင်ဖြစ်သည် ။ သို့ ဖြစ်ရာ သစ်သီးများမရှိသည့် ဆောင်းဥတုတွင်ဖြစ်စေ ၊ အမဲမရသည့်အခါတွင် ဖြစ်စေ စားသောက်နိုင်ရန် အစားအစာများကို စုဆောင်းသိမ်းဆည်းတတ်စ ပြုလာသည် ။

သို့ရာတွင် ကျောက်ခေတ်အား တော်လှန်လိုက်သည့် အသစ်ရှာဖွေ တွေ့ရှိချက်ကြီးတစ်ခုကို လူသည်ကြုံတွေ့ရပြန်သည် ။ ယင်းမှာ မြေကြီးထဲတွင် မြှုပ်ထားသော သစ်စေ့များမှ အပင်သစ်များ ပေါက်လာခြင်းပင် ဖြစ်သည် ။

ထိုအချိန်က လူသေလျှင် လူနှင့်အတူ သစ်စေ့များကို အလောင်းအနီးတွင် မြှုပ်နှံသော အလေ့အထ တစ်ခု ရှိခဲ့သည် ။ ထိုသစ်စေ့မှ အပင်သစ်များ အညှောင့်ထွက်လာသည် ။ သို့ဖြစ်ရာ အစားအစာ ရှာဖွေသည့်အဆင့်မှ အစား အစာ သိုလှောင်သိမ်းဆည်းသည့်အဆင့် ၊ ထိုမှတစ်ဖန် အစားအစာ စိုက်ပျိုးသောအဆင့်သို့ ကူးပြောင်းလာခဲ့သည် ။

ဤရှာဖွေတွေ့ရှိချက်များသည် နှစ်ပေါင်းထောင်ပေါင်းများစွာ အားထုတ်ကြိုးစားရာမှ အောင်မြင်လာခြင်းဖြစ်သည်ဟု ကျွန်တော်တို့ နားလည်ထားရမည် ။

ထို့ပြင် အလုပ်လုပ်ခြင်းမှာ ယဉ်ကျေးမှုတစ်ရပ်ပင် ဖြစ်လေရာ အစားအစာ စိုက်ပျိုးခြင်း ၊ သို့မဟုတ် လယ်ယာစိုက်ပျိုးခြင်းသည် ကမ္ဘာ့ ပထမဆုံး ယဉ်ကျေးမှုတစ်ရပ်ပင် ဖြစ်ပေသည် ။ အစားအစာအတွက် အသီးအနှံကို စိုက်ပျိုးပြီးသည့်နောက် လူသည် သူ့ဘဝအဆင်ပြေရေးအတွက် အခြား အရာများ လိုအပ်လာပြန်သည် ။

ထို့ကြောင့် လူသည် ယဉ်ကျေးသည်ဟု ယူဆရသည့်အရာများကို တီထွင်ဖန်တီးစ ပြုလာသည် ။

ကျွန်တော်တို့၏ ဘိုးဘေး ဘီဘင်များ ဖြစ်ကြသော လူရိုင်းအနွယ်တို့၏ ယဉ်ကျေးမှုသည် ကျွန်တော်တို့၏ ယခုမျက်မှောက်ခေတ် ယဉ်ကျေးမှုနှင့် မတူနိုင်​ပေ ။ သို့ရာတွင် သူတို့၏ ယဉ်ကျေးမှုသည်လည်း သူတို့ခေတ်ကာလ “ ယဉ်ကျေးမှုတစ်မျိုးပင် ဖြစ်ပေသည် ။

အစားအစာကို မစိုက်ပျိုးနိုင်မီကမူ လူသည် တစ်နေရာမှ တစ်နေရာ သို့ လှည့်လည်သွားလာကာ အစာရှာဖွေစုဆောင်းခဲ့သည် ။ အမဲ သားငါး ပစ်ခတ် စားသောက်ခဲ့သည် ။ သို့သော် မြေကြီးတွင် အစေ့စိုက်လျှင် အပင် ပေါက်လာသည်ကို တွေ့ရသောအခါ လူသည် တစ်နေရာတည်း ဓားမဦးချ နေထိုင်ရန် စဉ်းစားလာသည် ။

ထိုကြောင့် စပါးနှံကို စိုက်ပျိုးနိုင်ခဲ့သူ လူသည် တဲအိမ်ကလေးများ အစုဖွဲ့ကာ နေထိုင်လာကြသည် ။

ထိုနောက် သူတို့သည် နို့ထွက်သည့် တိရစ္ဆာန်များကို ယဉ်ပါးအောင် မွေးမြူခဲ့ပြန်သည် ။ တဲအစု ကလေးများ ဖွဲ့ကာ နေထိုင်ခြင်းဖြင့် ရွာများဖြစ်လာသည် ။

ထိုအချိန်တွင် ရွာဖွဲ့ကာနေမှလည်း သားရဲတိရစ္ဆာန်များ၏ အန္တရာယ်နှင့် ရန်သူများ၏ တိုက်ခိုက်ခြင်း အန္တရာယ်တို့မှ လွတ်ကင်းနိုင်မည်ဖြစ်သည် ။

ထို့ပြင် တစ်နေရာတည်း မပြောင်းမရွှေ့ဘဲ နေထိုင်ခြင်းသည် လှည့်လည်သွားလာနေထိုင်ခြင်းထက် ပိုမိုကောင်းမွန်သည်ကိုလည်း သိလာသည် ။

လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်း အချိန်ခန့်က ဆိုလျှင် ကျွန်တော်တို့ ကမ္ဘာမြေတွင် ဘေးရန် အလုံခြုံဆုံး ၊ မြေသြဇာအကောင်းဆုံး ဒေသများဟူ၍ ရှိခဲ့သည် ။ ယင်းတို့မှာ မြစ်ကြီးငါးသွယ်ဖြစ်သော နိုင်းမြစ်ဝှမ်းဒေသ ၊ ယူဖရေတိမြစ်ဝှမ်းဒေသ ၊ တိုက်ဂရစ် မြစ်ဝှမ်းဒေသ ၊ ဟိုဝှမ်ဟိုမြစ်ဝှမ်းဒေသ နှင့် အိန္ဒုမြစ်ဝှမ်းဒေသတို့ ဖြစ်သည် ဟု ယူဆရပေသည် ။

#htoohtoolay


Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...