Skip to main content

ကျွန်​တော်တို့၏ ဘိုး​ဘေးဘီဘင်များ

၂ ။ ကျွန်တော်တို့၏ ဘိုးဘေးဘီဘင်များ !
-----
ကျွန်တော်တို့အကြောင်း မိမိ အဘိုး၏ အကြောင်း မည်မျှ သိသနည်းဟု သင့်ကိုယ် သင် မေးကြည့်ပါ ။ ထို့အတူ မိမိအဘေး ၊ ထို့နောက် အဘိုး၏ အဘိုး ဖြစ်သော မိမိ အဘီတို့၏ အကြောင်းကို သင်မည်မျှ သိပါသနည်းဟု မေးလျှင် မိမိ၏ ဆွေစဉ်မျိုးဆက် များ အကြောင်းကို အနည်းငယ်မျှသာ သိသည် ။ သို့မဟုတ် ဘာမျှ မသိဟု ဖြေရပေလိမ့်မည် ။

သို့ဖြစ်ရာ မိမိ၏ ဘိုးဘေးဘီဘင်တို့နှင့် လွန်ခဲ့သော နှစ်ပေါင်း သန်းပေါင်းများစွာက အမွေးအမှင် ထူထဲသည့် ပထမဆုံး လူ၏ အဆက်အနွယ်များအကြောင်းကို အနည်းငယ်မျှ သိနိုင်ရန်ပင် မည်မျှ ခက်ခဲမည်ကို သင် တွေးကြည့်နိုင်သည် ။

သို့သော်လည်း ဤကမ္ဘာ၏ အရပ်ရပ်တွင် မြေ၌မြုပ်လျက်တွေ့ရသော ကျွန်တော်တို့ လူ့အနွယ်များ၏ ဦးခေါင်းခွံများကို ကြည့်ကာ လူ့အကြောင်းကို တစ်စုံတစ်ရာ မည်မည်ရရ ပြောဆိုနိုင်အောင် ပညာရှိများ ကြံဆကြည့်ကြလေသည် ။

ဟိုးရှေ့မည်သော အနောက်တိုင်း ရှေးပညာရှိတစ်ဦးက ' ကျွန်တော် ခရီးသွားသည့်အခါ ရာသီဥတုကိုလိုက်၍ ကျွန်တော်တို့၏ အတွေးအခေါ် အယူအဆများ ပြောင်းလဲသည် ” ဟု ဆိုခဲ့၏ ။

ဤသို့ဖြစ်က အတိတ်ခရီးကို တန်ပြန်၍လျှောက်သွားမည်ဆိုလျှင် ရာသီဥတုက လူ၏ ဘဝကို ပြောင်းလဲ စေသည်ဟူသော အချက်ကို ကျွန်တော်တို့ တွေ့မြင်ရမည် ဖြစ်လေသည် ။

သို့ဖြစ်ရာ မင်မယ် - လူ၏ ဇာတ်လမ်းအစပျိုးသည်ဆိုသည့် လွန်ခဲ့သော နှစ်ပေါင်းတစ်သန်းခရီးမှ ပြန်၍စကြမည်ဆိုလျှင် ထိုနှစ်ပေါင်း တစ်သန်းက ရေခဲခေတ် လေးခေတ်ရှိကြောင်း ၊ ထိုရေခဲခေတ် လေးခေတ်တို့သည် တစ်ခေတ်နှင့် တစ်ခေတ် မတူကြောင်း ၊ တစ်ဖန် ထိုရေခဲခေတ် လေးခေတ်ကို နှစ်ပေါင်း ထောင်ပေါင်းများစွာ ကြာသည့် အနွေးခေတ်များက ပိုင်းခြားထားကြောင်းတို့ကို သိရလေသည် ။

ထိုရေခဲခေတ်များသည် ကမ္ဘာမြေသို့ ကျရောက် သောနေ၏ အပူရှိန် လျော့နည်းသွားခြင်းကြောင့် ဖြစ်ပေါ်လာဟန် တူလေသည် ။

ကြားကာလဖြစ်သော အ​​နွေးခေတ်များ ဖြစ်ပေါ်ခြင်းမှာ နေ၏ အပူ စွမ်းအင် တိုးလာခြင်းကြောင့် ဖြစ်ဟန်တူလေသည် ။

သို့ရာတွင် ခရစ်မပေါ်မီ နှစ်ပေါင်းခြောက်သောင်း ရှစ်ထောင်ခန့်ကမူ အအေးဓာတ် ထူးခြားစွာ လွန်ကဲဖူးလေသည် ။ ထိုနောက် ခရစ်မပေါ်မီ နှစ်ပေါင်း ၃ဝဝဝ ခန့်တွင်ကား ရာသီဥတု ပြောင်းလဲလာခဲ့သည် ။ အအေးဓာတ် လွန်ကဲခြင်းကိုလည်း များစွာ မကြုံရ ။ အပူရှိန် တိုးလာခြင်းကိုလည်း မကြာ ခဏ မတွေ့ရတော့ပေ ။

ထိုအခါက ရာသီဥတုမှာ ယနေ့ ကျွန်တော်တို့ ကြုံတွေ့နေရသော ရာသီဥတုမျိုးပင် ဖြစ်လာပေပြီ ။ အမွေးအမှင်ထူထူ နို့တိုက်သတ္တဝါကို ကျွန်တော်တို့၏အနွယ်ဟု ခေါ်ဆို ရသည်မှာ ထိုနို့တိုက်သတ္တဝါသည် အသံပြု၍ ညည်းညူတတ်လာပြီးလျှင် စကားပါ ပြောတတ်လာကာ လက်နက်များကို လုပ်ကိုင်လာတတ်ပြီဖြစ်​​သောကြောင့်တည်း ။

ကျွန်တော်တို့၏ ပထမဦး အနွယ်သည် ယခုအခါ တိရစ္ဆာန်ရုံထဲတွင် သင်တို့ မြင်တွေ့နေကျဖြစ်သော အခြားနို့တိုက်သတ္တဝါများ ၊ လူဝံများ ၊ ​​ဂေါ်ရီလာ လူဝံကြီးများ ၊ ချင်ပန်ဇီလူဝံငယ်များ ၊ အိုရင်းဂူတန်း လူဝံများ ၊ ​မျောက်လွှဲကျော် မျိုးနွယ်များနှင့် အတူတူပင် ဆိုကြ​သော်လည်း များစွာ ​မေးခွန်းထုတ်စရာ ရှိ​နေ​သေးသည် ။ (တစ်ချို့က ဒါဝင်၏အဆိုကို လက်မခံကြ​သေးပါ)

ကျွန်တော်တို့၏ ပထမဆုံးအနွယ်သည် လူနှင့် များစွာနီးစစ်၍ လူဝံနှင့် မနီးစပ်ကြောင်း ကြည့်နိုင်သည် ။ သူ၏ ပုံပန်းသဏ္ဍာန်သည် လူဝံ၏ ပုံပန်းသဏ္ဍာန်ထက် ပို၍ ကြည့်ပျော်ရှုပျော် မရှိလှပေ ။ သို့သော် လူဝံသည် သစ်တစ်ပင်မှတစ်ပင်သို့ ကျော်လွှားကူးသန်းနေစဉ် ဤအမွေးထူထဲသောလူ မှာ မြေပြင်၌ လမ်းလျှောက်စပြု၍ အစားအစာကိုပင် ရှာဖွေစားသောက်နေပြီ ဖြစ်လေသည် ။

အလွန်အတွေးရခက်သော ကျွန်တော်တို့ ပထမဆုံး လူ့ အနွယ်၏ ၊ ပုံပန်းသဏ္ဍာန် အရွယ်အစားတို့ အကြောင်းကို သိနားလည်နိုင်ရန် ကမ္ဘာမြေ အရပ်ရပ်တို့၌ သဲလွန်စများ တွေ့ရှိထားပေပြီ ။

ပုံစံဆိုလျှင် အိန္ဒိယပြည် အနောက်မြောက်ပိုင်းရှိ သိဝလစ်တောင်ကုန်းဒေသ ၊ ကင်ညာပြည် ၊ အာဖရိက တိုက် အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများ ၊ ပီကင်းမြို့ ၊ ဂျာဗားကျွန်းတို့တွင် ဦးခေါင်းခွံများကို တွေ့ရသည် ။ ယင်းတို့သည် လူဝံနှင့် လူတို့၏ အနွယ်တူ မျိုးရင်းများ၏ ဦးခေါင်းခွံများ ဖြစ်ဟန်တူပေသည် ။

ဦးခေါင်းခွံများနှင့် အရိုးများကိုကြည့်ကာ မျောက်၏ ခေါင်းခွံနှင့် အရိုးဖြစ်သည် ။ သို့မဟုတ် လူ၏ ခေါင်းခွံနှင့်အရိုး ဖြစ်သည်ဟူ၍ မည်သို့ခွဲခြား ပြောဆိုနိုင်မည်နည်း ။

လူသည် မိမိ၏ဘဝကို မိမိ ဖန်တီးသည်ဟူသော ပါမောက္ခ ဂေါ်ဒန်ချိုင်း၏ စကားသာလျှင် အထက်ပါမေးခွန်း၏ အဖြေဖြစ်ပေသည် ။ လူသည် သူ၏လက်နှင့် ဦးနှောက်ကိုသာ အသုံးပြုသည် ။ ကျွန်တော်တို့၏ ပထမဆုံးအနွယ်ဖြစ်သော လူသည် သားကောင်များ နှင့် ရန်သူများကို သတ်ဖြတ်ရန် အလို့ငှာလည်းကောင်း ၊ တောကြီးမျက်မည်း ၌ သစ်ပင်ခုတ်ရန်အလို့ငှာလည်းကောင်း လက်ကိုင်ရဲတင်းနှင့် ကျောက်လွှာ လက်နက် စသည့် လက်နက်တို့ကို လုပ်ကိုင်စ ပြုလာသည့်အခါ တိရစ္ဆာန်များနှင့် သိသိသာသာ ကွဲပြားခြားနားလာပေပြီ ။ “ ကျောက်လွှာလက်နက်ကို အသုံးပြုသူသည် ရှေးဆန်ဟန်တူ၏ ။ “ လက်ကိုင်ရဲတင်းကို အသုံးပြုသူကိုကား ခေတ်ဆန်လာပြီဟု ဆိုရပေမည် ။

“ ရှေးအကျဆုံးလူ ” ၌ ကြီးမား သော အောက်မေးရိုးများရှိ၏ ။ ဤမေး ရိုး၏ အကူအညီဖြင့် သူသည် သားစိမ်း ငါးစိမ်းကို ဝါးစားပေမည် ။ ပြင်သစ်ပြည် ဖွန်တရှ်ဗေးဟုခေါ်သောဂူ၌ တွေ့ ရသည့် ရှေးအကျဆုံး ပြင်သစ်တစ်ယောက်၏ ဦးခေါင်းခွံကို ကြည့်လျှင် သူ၏မေးရိုးသည် ယခုခေတ်လူများ၏ မေးရိုးနှင့် တူပြီးလျှင် ထိုမေးရိုးတွင် သူသူငါငါတို့၌ရှိသော ရိုးရိုးသွားများ ရှိသည်ကို တွေ့ရပေသည် ။

လွန်ခဲ့သော နှစ်ပေါင်း ထောင် ပေါင်းများစွာက ဤလိုလူမျိုး ရှိခဲ့သည် ဆိုသည့်အဖြစ်ကို တွေးကြည့်လျှင်ပင် ဦးနှောက် ရှုပ်စရာ ကောင်းလှပေပြီ ။ သို့ဖြစ်လေရာ လူဟူသောသတ္တဝါ တိုးတက်ပြောင်းလဲလာခဲ့သည့် ခေတ်တို့၏ သဘောကို အကြမ်းအားဖြင့် ငုံမိစေရန် ပညာရှိတို့သည် ကျွန်တော်တို့၏ လူ့အနွယ်များ အသုံးပြုသည့် လက်နက်များကို အခြေပြုကာ သမိုင်းမပေါ်မီခေတ် ၊ သမိုင်းပေါ်ပြီးခေတ် အသီးသီးတို့ကို အကျယ်ဝိတ္ထာရ ပြုကြလေသည် ။

#htoohtoolay


Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...