Skip to main content

ကမ္ဘာဦးက မီးတစ်စ

၈ ။ ကမ္ဘာဦးက မီးတစ်စ !
-----
မီးစတင် ဖြစ်ပေါ်လာပုံသည် ရှေးနှစ်ပေါင်း ထောင်ပေါင်းများစွာက အစချီ၍ ပြောရမည့် ဒဏ္ဍာရီစကား ဖြစ်သောကြောင့် အရင်က လူကြီးမိဘများသည် သူတို့၏ က​လေးငယ်တို့အား ပုံပြင်အ​နေဖြင့်ပင် မ​ပြောနိုင်ကြ​ပေ ။

မီးအကြောင်း ပုံဝတ္ထုကို ယခု စတင်ကြစို့ ။

ဟိုးရှေးရှေး လွန်လေပြီးသောအခါက အမွေးအမှင် ထူထပ်သောလူသည် ဂူတွင်းအောင်းသည့် သတ္တဝါတစ်ဦးသာဖြစ်သည် ။ အချို့ဒေသများတွင် လူသည် သစ်ခေါင်းကြီးများ၌ အိမ်လုပ်၍ နေသည် ။ လူသည် မိမိတို့ ပတ်ဝန်းကျင်ကို ကောင်းစွာ သတိမမူမိသေး ။

ထို့ကြောင့် ပတ်ဝန်းကျင်သဘောကို မသိရကား ကြောက်လန့်စိုးရိမ်ခြင်း ကြီးစွာဖြင့် ရပ်တည်နေခဲ့ကြသည် ။ သဘာဝကိုလည်း မလေ့ကျက်မိသေး ။ မိုး လေ ပြင်းထန်၍ လျှပ်ပြက်သောအခါတွင် လည်းကောင်း ၊ မိုးချုန်းသော အခါတွင် လည်းကောင်း ၊ မုန်တိုင်းထန်သောအခါတွင် လည်းကောင်း လူသည် အသက်ဘေးလုံခြုံရာ တွင်းသို့ ပြေးဝင် ခိုအောင်းနေတတ်လေသည် ။

ထို ကာလတွင် လူသည် အနီးဝန်းကျင်ရှိ သစ်တောကြီးများအတွင်း လှည့်လည်ကာ အစာရှာဖွေ စားသောက်နေသည် ။ ထိုလူသည် တိရစ္ဆာန်နှင့် မည်သို့မျှ မကွာခြားလှပေ ။

ထိုလူတွင် ကျောက်တုံးလက်နက် ၊ ကျောက်လက်နက် များသာ ရှိသည် ။ အမဲသားကောင်ကို ပစ်ခတ်စားသောက်သည် ။ အမဲ ရရှိလာခဲ့လျှင် အသားစိမ်းကိုဖဲ့၍ သွေးစိမ်းရှင်ရှင် စီးနေသောအသားကို ကိုက်ဝါး စားသောက်သည် ။ လက်သည်းများဖြင့် ကုတ်ဖဲ့ထုတ်သည် ။ သူ၏ အသွား မာကြီးများသည် များစွာ အသုံးဝင်လှသည် ။

အသားကိုကင်ရန် ၊ ချက်ရန် နားမလည်သေး ။ အကြောင်းမှာ မီးကိုအသုံးပြုရန် မသိသေးသောကြောင့်တည်း ။

ဘာကြောင့် မီး၏ အသုံးဝင်ပုံကို မသိရသနည်း ။ အကြောင်းကား ဤသို့ ဖြစ်လေသည် ။

ယခင်အခန်းများတွင် ပြဆိုပြီးခဲ့သည့်အတိုင်း ကျွန်တော်တို့ နေထိုင်သော ဤကမ္ဘာမြေသည် နေကမ္ဘာမှ လွင့်စဉ်ပုံကျလာသော မီးလုံးကြီးတစ်ခုမျှသာ ဖြစ်သည် ။ နေကမ္ဘာမှ ပဲ့ကျလာပြီးနောက် ထိုမီးလုံးကြီးသည် အာကာသအတွင်း နှစ်ပေါင်းသန်းပေါင်းများစွာ ကြာသည်အထိ လည်ပတ်လှည့်လည် နေခဲ့သည် ။ ကာလအတန်ကြာသည့်အခါ ထိုမီးလုံးကြီးသည် အေးနွေးလာပြီးလျှင် ယခု ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာမြေဖြစ်လာသည် ။

ယင်းမီးလုံးကြီးတွင် ရေနှင့် အခြားဒြပ်စင်များသည် ယခုရှိနေသည့်အတိုင်း ကနဦးကတည်းကပင် ရှိနေခဲ့သည်ဟု ဆိုလေသည် ။

မီးလုံးကြီးသည် ကျွန်တော်တို့၏ ကမ္ဘာမြေ ဖြစ်လာသည် ။ ယင်း၏ အပေါ်ယံမြေလွှာသည် ရေခဲခေတ်များစွာအတွင်း ခဲ၍ နေခဲ့သည် ။ သို့ရာတွင် ကမ္ဘာမြေ၏ အလယ်ဗဟို၌ကား မီးတောင်၏ ချော်ရည် ၊ ​ချော်မြှုပ်ကဲ့သို့ပင် ပူလောင်လျက် ရှိနေသည်ဟု ဆိုကြသည် ။

ထို​ချော်ရည် ၊ ​​ချော်မြှုပ်ကဲ့သို့ ပူသောမီးသည် ကမ္ဘာ၏ အလယ်ဗဟို၌ ကိန်းဝပ် နေခဲ့ရာ ယင်းကို ဂူအောင်းလူများ မသိခြင်းမှာ အဆိုး မဆိုသာပေ ။

မီး၏ ပုံဝတ္ထုက သည်အတိုင်းဆက်၍ ဆိုပြန်သည် ။

တစ်နေ့သောအချိန်တွင် လျှပ်ပြက်မိုးချုန်းသဖြင့် သစ်တော တစ်ခုသည် မီးသင့်လောင်လေသည် ။ ထိုအခါ သစ်ရွက်ကို မီးလောင်သဖြင့် မြည်သံသည် လည်းကောင်း ၊ သစ်သားများ ကွဲအက်သံသည် လည်းကောင်း အနီးပတ်ဝန်းကျင်ကို ခြောက် လှန့်လေသည် ။

ဂူအောင်းလူသည် ထိုအသံဗလံများကို ကြားရလေသည် ။

ဂူဝမှထွက်၍ ကြည့်သည့်အခါ မီးသင့်နေသော သစ်တောကို မြင်ရသည် ။ သူ၏ စိတ်ထဲတွင် လျှာနီနီရဲရဲရှိသော သတ္တဝါကြီးတစ်ခုသည် ဆံပင်နက်နက် များကို လေထဲတွင်ဖြန့်ကြဲလျက် သစ်ပင်အုပ်ကြီးများကို ကျော်ကာ လွှားကာ အပြေးလာနေသည် ။ သူ၏ လမ်းကြောင်းတွင် တွေ့ ရသမျှတို့ကိုလည်း ဝါးမျိုနေသည်ဟု ထင်မိသည် ။

ယင်းကား အမျိုးအမည်မသိသော ရန်သူကြီးတစ်ကောင်ပင်တည်းဟုထင်သည် ။

ထိုကြောင့် ဂူအောင်းလူသည် အခြားအပေါင်း အဖော်များထံသို့ အပြေးအလွှားသွားကာ ရန်သူသတ္တဝါကြီးတစ်ခုအကြောင်းကို သတင်းပေးလေသည် ။

ထိုအခါ ဂူအောင်းလူများသည် သူတို့တွင် ပိုင်ဆိုင်လေသမျှ ကျောက် လက်နက် ၊ ကျောက်ရဲတင်းများကို ကိုင်ဆောင်ကာ ရန်သူကို ချေမှုန်းရန် ထွက်လာကြသည် ။

သို့ရာတွင် ထိုအချိန်၌ သစ်တောကြီး တစ်ခုလုံးသည် တဟုန်းဟုန်း တောက်လောင်နေပြီးလျှင် သစ်ရွက်မီးပွားသံ ၊ သစ်သားအက် သံတို့ ဆူညံလျက် ရှိနေသည် ။

ထိုအခိုက် ဂူအောင်းလူ တစ်ယောက်သည် လက်ကိုင်ထားသော ကျောက်တင်းပုတ်ဖြင့် အနီးရှိ သစ်ကိုင်းတစ်ခုကို လွှဲ၍ ရိုက်လိုက်သည် ။ မီးလောင်နေသော သစ်ကိုင်းသည် မြေသို့ကျလာသည် ။ ထိုအခါ ဂူအောင်း လူများသည် မီးသင့်နေသည့် သစ်ကိုင်းကို ချုပ်နှောင်ကာ ဂူတွင်းဆီသို့ အောင်မြင်စွာ ဆွဲယူသွားကြသည် ။

သူတို့သည် ရန်သူတစ်ဦးကို အောင်ပွဲရ လိုက်သဖြင့် ပီတိဖြစ်နေကြသည် ။ ထိုရန်သူ မီးသင့်သစ်ကိုင်းကို ဂူလွတ် တစ်ခုထဲတွင် ထည့်ကာ အပြင်ဘက်က ကျောက်တုံးတစ်ခုဖြင့် ဂူဝကို ပိတ် ဆို့ ထားလိုက်သည် ။ ထိုရန်သူ ဘယ်ကိုများ ထွက်ပြေးနိုင်ဦးမည်နည်း ။

နောက်တစ်နေ့နံနက်တွင် ဂူဝ၌ဆို့ထားသော ကျောက်တုံးကို ဖယ်ရှား ၍ စောင့်ကြည့်ကြသောအခါ ရန်သူကြီးမီးသည် သေနေသည်ကို တွေ့ရလေသည် ။

တဖြည်းဖြည်း မီးသေနေသည်ကို ကျောက်ဂူဝမှ တစ်ညလုံး ချမ်းချမ်း အေးအေးဖြင့် စောင့်ကြည့်နေကြရသည် ။ ထိုနောက် သူတို့သည် ဂူထဲသို့ ရင်တမမဖြင့် ဝင်၍ သွားကြသည် ။

သစ်ကိုင်ကြီးတွင် စွဲနေသောမီးကား သေသွားပြီ ။ သစ်ကိုင်းနေရာတွင် ပြာများ ဖုံးနေသည်ကိုသာ တွေ့ရသည် ။ ထိုပြာများမှာမူ နွေးထွေးလျက် ရှိလေသည် ။ ဂူပြင်ဘက်တွင် ချမ်းချမ်းစီးစီး သွား တကြိတ်ကြိတ်ဖြင့် စောင့်နေ ခဲ့ကြရသော ဂူအောင်းလူတို့သည် ဂူထဲ၌ နွေးထွေးသော အငွေ့ကို ခံစားကြရသည် ။

ထို့ကြောင့် သူတို့သည် ပြာပူပုံနံဘေးတွင် ထိုင်ကာ ၊ လဲလျောင်းကာ အပန်းဖြေကြရင်း သူတို့၏ ရန်သူတော်ကြီးတစ်ကောင် ဇီဝိန်ချုပ်သွားသည် ကို အံ့ဩတွေးတောနေကြလေသည် ။

ရန်သူတော်ကြီးက နွေးထွေးသောအငွေ့ ကို ပေးစွမ်းနိုင်သည့် အဖြစ်ကိုလည်း သိမြင်လာကြသည် ။ ထိုအခါ ဂူအောင်းလူတို့သည် တောထဲသို့ ပြေးဝင်ကာ မီးသင့်နေသော သစ်ကိုင်းများကို ဂူထဲသို့ဆွဲယူလာကြပြန်သည် ။

ချစ်ချစ်တောက်လျက် ဒေါသ ခက်ထန်လျက်ရှိသော ရန်သူသည် ယခုအခါ သူတို့၏ မိတ်ဆွေ ဖြစ်လာသည် ။ ထို့ကြောင့် ဂူအောင်းလူတို့သည် ရန်သူတော် မီးပုံကြီးကို ပတ်လည် ဝိုင်းကာ ပျော်မြူး က ခုန်ကြသည် ။

သို့သော်လည်း ဤမီး မည်သို့ ဖြစ်ပေါ်လာသည်ကိုမူ သူတို့ မသိကြသေး ။ သို့နှင့် မိုးရွာသွန်း၍ မီးသေသွားသောအခါ ဂူအောင်းလူတို့သည် နွေးထွေးသော မိတ်ဆွေသစ်နှင့် ကွေကွင်းကြရပြန်လေသည် ။

ကာလအတန်ကြာပြီးနောက် တစ်ခုသောအချိန်တွင် မမျှော်လင့်သော အဖြစ် တစ်ခုကို ဂူအောင်းလူတို့သည် ကြုံတွေ့ရပြန်သည် ။

ဂူအောင်းလူသည် သား ငါး ရှာဖွေရန် ကျောက်လက်နက်တစ်ခုကို ထုထွင်းနေသည် ။ ထိုသို့ ထုထွင်း ရိုက်ခတ်စဉ် ကျောက်တုံးမှ မီးပွားများ လွင့်စဉ်လာသည်ကို တအံ့ တသြ တွေ့ရသည် ။ ထိုအခါ ဂူအောင်းလူသည် ထိုအံ့ဖွယ်သရဲအဖြစ်ကို ပြရန် သူ၏ အပေါင်းအဖော်များထံ ပြေးသွားခေါ်ငင်သည် ။ အခြား ဂူအောင်း လူများက ထိုအဖြစ်ကို မြင်လျှင် မီးပွားများ ထွက်လာအောင် သတိကြီးစွာဖြင့် ရိုက်ခတ်ကြည့်ကြသည် ။ ထိုအတွေ့အကြုံမှသည် အသိအမြင်တစ်ခုကို ရရှိလာ ခဲ့လေသည် ။

ကျောက်တုံးအချင်းချင်း ရိုက်ခတ်ပွတ်တိုက်သည့်အခါ မီးပွင့်သည် ။

ထိုမီးပွင့် မီးပွားကြောင့် သစ်ရွက်ခြောက်များ ၊ သွေ့ယောင်းသော သစ်ပင်များ မီးသင့်သည် ။ ဤသို့ဖြင့် ကာလအတန်ကြာ အိပ်ပျော်နေခဲ့သော သူတို့၏ မိတ်ဆွေဟောင်းကြီး မီးသည် ပြန်လည် နိုးကြားလာလေပြီ ။

ထို့ကြောင့် ဂူအောင်းလူတို့သည် အလွန်အမင်း ပျော်ရွှင်သွားကြပြန်သည် ။ ဤသည်မှာ မီးကို စတင်တွေ့သိကြပုံပင်တည်း ။

ရာစုနှစ်ပေါင်းများစွာပင် လူတို့သည် မီးခတ်ကျောက်နှစ်ခုကို ရိုက်ခတ်ပွတ်တိုက်ခြင်းဖြင့် မီးကို ရရှိခဲ့ကြသည် ။ အလွန်မာကျောသည့် ကျောက်တုံးထဲတွင် သွယ်ပျောင်းသည့် အလျှံနီနီရဲရဲပိုင်ရှင် မီးကိန်းအောင်းနေနိုင်သည်မှာ အံ့သြစရာ မဟုတ်လား ။ မည်သို့ပင်ဖြစ်စေ ဤအတွေ့အကြုံသစ်ကို ရာဇဝင်မပေါ်မီ ကာလအတန် ကြာကပင် အီဂျစ်ပြည် ၊ ဘေဘီလုံ ၊ တရုတ်ပြည် ၊ အိန္ဒိယပြည်တို့တွင် နေထိုင်ကြသော ရှေးဟောင်းလူတို့သည် တွေ့ရှိခဲ့ကြပြီး ဖြစ်သည်ဟု ယူဆနိုင်လေသည် ။

ထိုနောက်တွင်ကား မီးခတ်ပုံတစ်ခုကို တီထွင်ခဲ့ကြသည် ။ ယင်းကို ​လောင်စာသေတ္တာ သို့မဟုတ် မီးစာသေတ္တာဟု ခေါ်ကြသည် ။ ယင်းတွင် မီးခက်​ကျောက်တစ်ခု ၊ သံမဏိချောင်း ငယ်ငယ်တစ်ခု ၊ လျှော် သို့မဟုတ် ဂွမ်းဖတ် အနည်းငယ်တို့ ပါရှိလေသည် ။

သံမဏိဖြင့် ကျောက်ကို ခတ်လိုက်လျှင် မီးပွား မီးပွင့်များ ထွက်လာသည် ။ မီးပွားကို ဂွမ်းဖတ်ဖြင့် ကူးယူလိုက်သောအခါ မီးတောက်မီးလျှံ ရလာသည် ။ ဤသို့ဖြင့် မီးကို အလွယ်တကူ ​မွှေးယူနိုင်လေသည် ။

လောင်စာသေတ္တာကို ခရီးဝေးသို့ သယ်ယူရန် ကရိကထများလှသည် ။ သို့ဖြစ်ရာ မီးခြစ်ကို တီထွင်ပြန်သည် ။ ထင်းရှူးသားကို အချောင်းအတံ ကလေးများဖြစ်အောင် စိတ်ပိုင်းပြီးနောက် ဖယောင်းရည်တွင် စိမ်သည် ။ သို့မှသာ ကောင်းစွာ မီးတောက်လောင်နိုင်မည် ။ ဖယောင်းရည် ခြောက်လျှင် ကော်ရည်နှင့် မီးစုန်းဓာတ် ( ဖော့စဖရပ် ) တို့၏ ဒြပ်နှောတွင် အဖျားကလေးများ ကို စိမ်လိုက်ပြန်သည် ။

ယင်းဒြပ်နှောတွင် ဖော့စဖရပ်သည် အရေးကြီးသော ဒြပ်စင်တစ်ခုဖြစ်သည် ။ ဖော့စဖရပ်ကြောင့် အလွယ်တကူ မီးတောက်လောင် စေခြင်း ဖြစ်သည် ။

ယင်းမီးခြစ်ဆံများ သွေ့ခြောက်လျှင် မီးခြစ်ပုံးများထဲသို့ ထည့်သည် ။ ဤလုပ်ငန်းအားလုံးကို လူက မလုပ်ရ ။ စက်ကသာ လုပ်ပေးသွားသည် ။ ဤသည်မှာ ခေတ်အမီဆုံး မီးခြစ်လုပ်ငန်းပင် ဖြစ်လေသည် ။

ဤသို့ ဖြင့် ကျွန်တော်တို့သည် မီးကို အင်္ကျီအိတ်ကပ်ထဲတွင် သယ်ဆောင်နိုင်လေပြီဖြစ်၏ ။

#htoohtoolay


Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...