မုဒြစွမ်းအင်
-----
အစီအရင် ဂန္ဓာရီပညာတွင် မုဒြခေါ် လက်အနေအထား ၊ ခန္ဓာကိုယ် အနေအထားတို့မှ ထွက်ပေါ်လာသော စွမ်းအင်ကိုလည်း သူ့နေရာနှင့်သူ အံဝင်ခွင်ကျ သုံးစွဲသည် ။ ဂိုဏ်းသား တစ်ဦးနှင့်တစ်ဦး တွေ့ဆုံ၍ လက်ဆွဲနှုတ်ဆက်သောအခါ လက်မအဆစ် အတိုအရှည်အလိုက် ညှစ်၍ လက်ဆွဲနှုတ်ဆက်ရကြောင်းကို တွေ့ရှိရသည် ။ အခမ်းအနား အစီအစဉ်တစ်ခုသို့ ပြောင်းသောအခါ လက်ထောက်များက ခေါင်းဆောင်အား ခွင့်ပြုမိန့် တောင်းရသည် ။
ဤသို့ တောင်းဆိုသည့်အခါတွင် ညာဘက်လက်ကို ဖြန့်ပြီး လည်ပင်းရှေ့သို့ လည်ဖြတ်ဟန် မုဒြကို အသုံးပြုရသည် ။ ဆုတောင်းပတ္ထနာပြုခြင်း ၊ ကောင်းချီးပေးခြင်းတို့ ပြုသောအခါတွင် လက်နှစ်ဖက်ကို ဖြန့်၍ အထက်သို့ မြှောက်သော မုဒြကို အသုံးပြုသည် ။ ညာဘက်လက်မဖြင့် ချက်ကို ထိထားသော မုဒြကိုလည်း သက်ဆိုင်ရာအခမ်းအနားတွင် အသုံးပြုရသည် ။
တတိယ အဆင့်တက်သောဂိုဏ်းသားကို သေခြင်းမှရှင်ပြန်ထမြောက်သောဘိသိက်ပွဲအခမ်းအနားတွင် ခေါင်းထဲ၌ သေဟန်ပြုနေရသော တတိယအဆင့်ဂိုဏ်သားကို အာစရိယခေါင်းဆောင်းက သေခြင်းမှ ပြန်လည်ရှင်သန်အောင် ပြုရသောအချိန်တွင် သေသူ၏ ခြေနှစ်ဖက်နှင့် ခေါင်းဆောင်၏ ခြေနှစ်ဖက် ၊ ဒူးနှစ်ဖက်ကို ခေါင်းဆောင်၏ခြေ ၊ ဒူးတို့ဖြင့် ပူးကပ်ပြီး ရင်ချင်း အပ်ရသည် ။
ခေါင်းဆောင်၏ ညာဘက်လက်က သေဟန်ပြုသူ၏ ကျောဘက်သို့ ဖက်၍ မြှောက်ယူရသော မုဒြကို အသုံးပြုရသည် ။
ပထမဆင့် ၊ ဒုတိယဆင့် ၊ တတိယဆင့် အဆင့် အသီးသီး ရ , ထားသော ဂိုဏ်းသားများက အာစရိယခေါင်းဆောင်အား ဂါရဝပြုသော အခါတွင် မိမိတို့ အဆင့်အလိုက် ကိုယ်ဟန်ကိုယိမ်းနွဲ့လှုပ်ရှားရသည် ။
အိုလံပစ် အားကစား ပွဲတော်များတွင် ကပြလှုပ်ရှားရသော ခေါမခေတ် နတ်ကသကဲ့သို့လည်းကောင်း ၊ တိဘက် လားမားများ မဏ္ဍလခင်းသောအခါတွင် လှုပ်ရှားရသော ကိုယ်ဟန်ကဲ့သို့လည်းကောင်း ၊ လှုပ်ရှားရခြင်းဖြစ်သည် ။
ခန္ဓာကိုယ်တွင်း၌ အဘိဉာဏ်စွမ်းအင်များကို ဖြစ်ပေါ်စေသော ကုန္တလိနီခေါ် ခန္ဓာကိုယ်မှ ပေါ်ထွက်သော စိတ်စွမ်းအင်ရှိ၏ ။ ယင်းကုန္တလိနီစွမ်းအင်သည် မြီးညောင့်ရိုးထိပ်တွင် ကိန်းပြီး တစ်ကိုယ်လုံးသို့ စီးဆင်းဖြာထွက်သော တံခါးပေါက်များ ရှိ၏ ။ ယင်းတံခါးပေါက်များကို ချက္ကရဟု သက္ကတဘာသာဖြင့် ခေါ်၏ ။
ချက္ကရကြီး ခုနစ်ခု ၊ ချက္ကရလတ် ၂၁ ပေါက် ၊ ချက္ကရငယ် ၄၉ ပေါက် ရှိ၏ ။ ချက္ကရလတ်နှင့် ချက္ကရ ငယ်များသည် အာရုံကြောများ နှစ်ခုထက်ပိုပြီး ဆုံမိသောနေရာ Plexus တွင်ရှိ၏ ။ ခြေ ဖဝါး ၊ လက်ဖဝါး ၊ ပခုံး ၊ ဒူးဆစ် ၊ တင်ပါးဆုံတို့သည် ချက္ကရငယ်များရှိရာ အစိတ်အပိုင်း ဖြစ်၏ ။ ခန္ဓာကိုယ်အင်္ဂါများ စနစ်တစ်ရပ်ဖြင့် လှုပ်ရှားလိုက်သောအခါတွင် ယင်းချက္ကရငယ် များပွင့်သွားတတ်သည် ။
စနစ်တစ်ရပ်ဆိုသည်မှာ လှုပ်ရှားမှု နှေးကွေးပြီး ရစ်သမ်ညီညွတ်မှု ကို ဆိုလိုသည် ။ တိုက်ချိချွမ် သိုင်းကွက်လှုပ်ရှားမှု ၊ အိုလံပစ် နတ်ကကွက်လှုပ်ရှားမှု ၊ မြန်မာ ယိုးဒယား ( ထိုင်း ) ကကွက် လှုပ်ရှားမှု ၊ ဘဲလေးကကွက်မှ အချို့သော လှုပ်ရှားဟန်များမှာ ချက္ကငယ် ၊ ချက္ကရလတ်များကို ပွင့်စေသော လှုပ်ရှားမှုဖြစ်သည် ။
ထို့ကြောင့် ကမ္ဘာကျော် ဘဲလေးအကပညာရှင် နီဂျင်စကီသည် ဈာန်ပျံပုံနှင့် ဆင်တူသော “ အကျ ကကွက်ဖြင့် ကမ္ဘာကျော်သူ ဖြစ်သည် ။ နီဂျင်စကီသည် အထက်သို့ခုန်တက်ရင်း ထိပ်သို့ရောက်သော အခါ ငါဟာဘုရားပဲဟု ကြွေးကြော်သည်ကို မေဆင် ဂန္ဓာရီပညာရှင်များကသာ သဘောပေါက်နိုင်ကြသည် ။
ကိုယ် ၊ လက် ၊ ခြေ အင်္ဂါရပ်များကို ဤသို့ လှုပ်ရှားယိမ်းနွဲ့ခြင်းဖြင့် ပရနဓာတ်များစီးဝင်ရာ နဒီများကို ချောမွေ့ဖြောင့်မတ်စေခြင်းဖြင့် ချက္ကရများ နိုးကြား ပွင့်လင်းစေသော ခြေ ၊ လက်ဟန်ကို မုဒြဟုခေါ်သည် ။
ယင်းမုဒြများကို အစီအရင် ဂန္ဓာရီပညာ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် မေဆင်တို့ အသုံးပြုခြင်းဖြစ်သည် ။ ဆီမီးထွန်းခြင်း ၊ အမွှေးတိုင်ထွန်းခြင်းတို့သည်လည်း အစီအရင် ပညာတွင် မပါလျှင်မပြီးသော ကဏ္ဍဖြစ်သည် ။ ဆီမီးထွန်းခြင်းဖြင့် အဂ္ဂနီဒေဝခေါ် တေဇော ဓာတ်ပိုင် ဒေဝတာကြီးများ ကြွလာသည် ။ အဂ္ဂနိဒေဝ၏ ကွပ်ကဲမှုအောက်ရှိ ဆလေမင်ဒါခေါ် တေဇောဓာတ်ဘူတများလည်း အခမ်းအနားသို့တက်ရောက်ပြီး လူတို့နှင့် ပူးပေါင်းဆောင် ရွက်ကြသည် ။ အဂ္ဂနိဒေ၀များသည် ကိုယ်ရောင်ကိုယ်ဝါ အလွန်ကြီးမား အားကောင်းသူများဖြစ်ရာ အဂ္ဂနိဒေဝ ကြွရောက်လာသောအခါ အဂ္ဂနိဒေဝ၏ ကိုယ်ရောင်ကိုယ်ဝါနှင့် ဂန္ဓာရီပညာရှင်တို့၏ ကိုယ်ရောင်ကိုယ်ဝါ ပေါင်းစပ်လိုက်သောအခါ ပေါင်းစပ် ကိုယ်ရောင် ကိုယ်ဝါ စွမ်းအင်သည် အတိုင်းမသိ တိုးတက်သွားသည် ။
ကိုယ်ရောင်ကိုယ်ဝါပေါ်တွင် အမှီပြုနေသော ဈာန်စွမ်းအင် ၊ အဘိညာဉ်စွမ်းအင်တို့လည်း အတိုင်းမသိ ယာယီမျှ တိုးတက်သွားသည် ။ ယာယီတိုးတက်မှု များပြားလာသော အခါတွင် ထာဝရစွမ်းအင်တစ်ရပ်အဖြစ်သို့ ပြောင်းလဲသွားသည် ။ လျှပ်စစ်အင်အား ရှိသော်လည်း စက်နှိုးနိုင်လောက်အောင် အင်အားမရှိသော ဘက်ထရီတစ်လုံးအား လျှပ်စစ်အင်အားပြည့်ဝသော ဘက်ထရီတစ်လုံးနှင့် ပူးတွဲပြီး စက်နှိုးလိုက်သောအခါတွင် အင်အား နည်းသော ဘက်ထရီသည် အင်အားတိုးတက်လာသကဲ့သို့ပင် ဖြစ်သည် ။
ယာဉ်မောင်းများနှင့် ကားဝပ်ရှော့ ဆရာတို့၏ လက်သုံးနည်းပင် ဖြစ်သည် ။
ထို့ကြောင့် ဂန္ဓာရီ လောကတွင် ကိုယ်ရောင်ကိုယ်ဝါ ချိုးသုံးခြင်း Aura bathနှင့် ကုန္တလိနီ ချိုးသုံးခြင်း Kundalini bath ဟူသော နည်းပညာရပ်ကို လျှို့ဝှက်ထားခြင်း ဖြစ်သည် ။
ဓာတ်ခန်း အဆောင်အယောင် ပစ္စည်း ပရိဘောဂများတွင် တိုင်သုံးလုံး ထားရှိခြင်းမှာလည်း ကျောမြောင်ရိုးနှင့် ဝဲယာ တစ်ဖက်စီတွင် အီဒါနှင့်ပင်္ဂလခေါ် ကုန္တလိနီ ဖြတ်သန်းရာ နဒီကြီးသုံးချောင်းကို ရည်ညွှန်း၍ ထားခြင်းဖြစ်သည် ။ ရှေးခေတ် အီဂျစ်ဂန္ဓာရီပညာမှ စတင်ခဲ့သော သင်္ကေတဖြစ်သည် ။
အီဂျစ်တွင် ဂန္ဓာရီပညာရှင် ဟာမီးက တောင်ဝှေးကို မြွေနှစ်ကောင်ပတ်နေပုံဖြင့် သရုပ်တင်ခဲ့သည်ကို ယခုခေတ်တွင် ဆေးပညာ၏ သင်္ကေတအဖြစ် အသုံးပြုနေကြသည် ။ ယင်းသင်္ကေတကို ၊ Cauducusဟု ခေါ်သည် ။
ဆုတောင်းပတ္တနာပြုသောအခါတွင်လည်းကောင်း ၊ အခမ်းအနား အစီအရင်ကျင်းပ၍ ဒေ၀များ ရောက်ရှိလာသောအခါတွင် လည်းကောင်း ၊ အာကာသ အလင်းဓာတ်လှိုင်းကြီးသည် ဦးခေါင်းငယ်ထိပ်မှနေ၍ ယင်းနဒီကြောင်းကြီး သုံးကြောင်း အတိုင်း ခန္ဓာကိုယ်အတွင်းသို့ စီးဝင်ပြီး ကုန္တလိနီဓာတ်များ နိုးကြားထကြွစေသည် ။ ထို့နောက် အာကာသဓာတ်လှိုင်းများသည် ခန္ဓာကိုယ်မှ ထွက်ပြီး ကမ္ဘာမြေအတွင်း သို့ စီးဝင်သွားရာ လူသည် အာကာသနှင့် ပထဝီမြေကြီးတို့၏ ကုန္တလိနီစီးကြောင်းကြီးကို ဆက်သွယ်ပေးသော “ ဖြူးစ် " ဖြစ်သွားသဖြင့် သိဒ္ဓိမြောက် အလင်းဓာတ်လှိုင်းကြီး ဖြတ်စီးခြင်းခံရသော လူ၏ ခန္ဓာကိုယ်စွမ်းအင်မှာလည်း သိဒ္ဓိမြောက်သွားလေသည် ။
အချုပ်အားဖြင့် အစီအရင် ဂန္ဓာရီပညာသည် အယူသီးယုံကြည်မှုမဟုတ် ၊ သာမန်အားဖြင့် မမြင်နိုင် ၊ မကြားနိုင်သော အသံစွမ်းအင် ၊ အလင်းစွမ်းအင် ၊ စွမ်းအင်သင်္ကေတစွမ်းအင် ၊ သဘင် စွမ်းအင်တို့ကို စနစ်တကျ သူ့နေရာနှင့်သူ အသုံးချသော ဂန္ဓာရီပညာသာ ဖြစ်ပေသည် ။
#htoohtoolay
မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...
Comments
Post a Comment