မရဏကျမ်း
-----
အီဂျစ်မရဏကျမ်းသည် ဤ “ ကား ” ခန္ဓာအတွက် အဓိကထားရေးသော ကျမ်း ဖြစ်သည် ။ လူသေသောအခါ ဝိညာဉ်သည် ကားခန္ဓာကို ယာဉ်အဖြစ် အသုံးပြု၍ တမလွန် လောကသို့ သွားရာတွင် လမ်းခရီးတွင် တွေ့ရမည် ဖြစ်သော အခက်အခဲများ ၊ အနှောင့် အယှက်များကို မည်သို့မည်ပုံ ကျော်လွန်ရမည် ၊ တမလွန်လောကတွင် ဝင်ရောက်ရမည် ဖြစ်သော ဘုံအသီးသီးတို့၏ ခရီး ဝင်ပေါက်များရှိ တံခါးမှူးများ၏ အမည် ၊ ဘုံဗိမာန်များကို စောင့်နေသော နတ်မင်းကြီးများ၏ အမည် စသည်တို့ကို အပြည့်အစုံ ဖော်ပြထားသည် ။
ရှေးဟောင်း အီဂျစ်တို့၏ ယုံကြည်မှုမှာ ဘုရားနှင့် လူသားကြားတွင် ဘုံခုနစ်ဆင့် ခြားပြီး ယင်းဘုံများတွင် နေ ထိုင်ကျက်စားရန်အတွက် လူတွင် ခန္ဓာယာဉ် ခုနစ်ပါး ရှိသည် ။
ဘုံတစ်ဘုံသို့ရောက်လျှင် ယင်းဘုံနှင့် သက်ဆိုင်သော ခန္ဓာယာဉ်ဖြင့် ဝင်ရောက် သွားလာလှုပ်ရှားရန် ဖြစ်သည် ။ ခန္ဓာယာဉ်ဟူသော ဝေါဟာရမှာ လူ၏ အဇ္ဈတ္တသန္တာန်တွင် ရှိသော ဘုရားဓာတ်ကို ဘုံအသီးသီးသို့ သယ်ဆောင်သွားရန် ယာဉ်အဖြစ် အသုံးပြုသော ခန္ဓာဟုဆိုလိုသည် ။
ယင်း ခန္ဓာယာဉ်များမှာ -
၁ ။ ခတ်
၂ ။ ကား
၃ ။ ဘား
၄ ။ အက်ဘ်
၅ ။ ခေဘစ်
၆ ။ ခူ
၇ ။ ဆာဟူ
ဟူ၍ ခုနစ်ပါးဖြစ်ပြီးလျှင် ဆီခင်ဆိုသော ပရာဏခန္ဓာနှင့် အမည်တူသော အရန် ခန္ဓာနှစ်ပါးကိုလည်း ထည့်သွင်းထားသည် ။
ခန္ဓာခုနစ်ပါးတွင် အမှတ် ( ၁ ) ခန္ဓာ ' ခတ် ” သည် အကြမ်းဆုံး ၊ အထင်ရှားဆုံး ရုပ်ခန္ဓာဖြစ်ပြီး အမှတ် ( ၇ ) ဆာဟူခန္ဓာမှာ ဝိညာဉ်ဟု အဓိပ္ပာယ်ရပြီး အနူးညံ့ဆုံး ခန္ဓာ ဖြစ်သည် ။
အမှတ် ( ၂ ) “ ကား ” ဟူသော ခန္ဓာမှာ ရုပ်ခန္ဓာ၏ကိုယ်ပွားခန္ဓာဖြစ်ပြီး လူ့ပြည်မှ တမလွန်လောကသို့ ရောက်သောအခါတွင် ဆောင်ယူထားသောခန္ဓာဖြစ်သည် ။ မြန်မာ့ရိုးရာ တွင် လိပ်ပြာ ( သို့ ) လိပ်ပြာခန္ဓာဟု ခေါ်သော ဝေါဟာရနှင့် နီးစပ်သည် ။ ရုပ်ခန္ဓာပုံသဏ္ဌာန် အတိုင်းရှိသော မိတ္တူခန္ဓာ ဖြစ်သည် ။ လူသေသောအခါ ရုပ်ကြမ်းခန္ဓာကြီးကို စွန့်ခွာပြီး ဝိညာဉ်သည် ကား ခန္ဓာခေါ် လိပ်ပြာဖြင့် တမလွန်လောကသို့ ဝင်ရောက်သွားရသည် ။
ဤသို့ လူ့ဘဝမှ လိပ်ပြာခန္ဓာဖြင့် တမလွန်လောကသို့ အဝင်တွင် ယမမင်းကြီး တာဝန်ကို ထမ်းဆောင်နေသော အိုဆီရစ်ဈာန်ဘုရားက တမလွန်လောကသို့ ရောက်လာသူ လိပ်ပြာဝိညာဉ်အား လူ့ဘဝကကောင်းမှု ၊ မကောင်းမှုများကို မည်မျှလုပ်ခဲ့သည်ကို စစ်ဆေးသည် ။ လူ၏ စိတ်သည် နှလုံးသားတွင် ကိန်းသည်ဟု ယုံကြည်သော အီဂျစ်များက တမလွန်လောကသို့ ဝင်ရောက်လာသူ စိတ်စေတနာကို သိရန်အတွက် အသည်းနှလုံးကို ချိန်ခွင်တွင်တင်၍ တစ်ဖက်ချိန်ခွင်ခွက်တွင် ငှက်မွေးကို အလေးပြုလုပ်၍ ချိန်သည်ဟု သရုပ်ဆောင် ရေးမှတ်ထားသည် ။
ကောင်းမှုကုသိုလ်များလျှင် အထက်ဘုံများသို့ တစ်ဆင့်ပြီးတစ်ဆင့် တက်ခွင့်ရမည် ။ စိတ်ရင်းညံ့ဖျင်းပြီး အကုသိုလ်များလျှင် အထက်ဘုံများသို့ တက်ခွင့် မရတော့ချေ ။ ဤသို့ ယမမင်းကြီးဖြစ်သော အိုဆီရစ်ဈာန်ဘုရား စစ်ဆေးသောအခါတွင် မည်သို့ မည်ပုံ ဖြေကြားရမည် ၊ မည်သည့်မန္တန်ကို ရွတ်ဆိုရမည်တို့ကို ရေးသားဖော်ပြထားသည် ။
ထို့အတူပင် ဘုံအသီးသီးနှင့် မုခ်ပေါက်အဝင်များတွင် စောင့်နေသော နတ်မင်းကြီးများ ၊ ဈာန်ဘုရားများနှင့် တွေ့လျှင်လည်း သူ့နေရာနှင့်သူ ဖြေဆိုရန် ၊ ရွတ်ဖတ်ရန် မန္တန်များကို ရေးသားထားသည် ။ ဤသို့သော မန္တန်များကို ရေးသားရာတွင် တွေ့ဆုံရမည့် ဈာန်ဘုရားများ ၊ နတ် မင်းကြီးများ၏ အမည်ကို မမှားမယွင်းရအောင် အလေးထားဖော်ပြထားသည် ။ အမည် နာမများတွင် ဟိတ်တန်ခိုးများ ရှိသည် ။ အမည်များ ၊ ဘွဲ့များသည် ဘုရား၏နှုတ်ကပါတ် တော်များဖြစ်၍ အလွန်အစွမ်းထက်သည် ။ ယင်းနှုတ်ကပါတ်တော်များကို မှန်ကန်စွာ ရွတ်ဖတ်နိုင်မှသာ မုခ်အဝင်ဝတွင်ရှိသော တံခါးမှူးများက ဝင်ခွင့်ပြုမည် ဖြစ်သည် ။
တမလွန်ဘ၀မှာ လိပ်ပြာခန္ဓာဖြင့် ဒုတိယဘုံတွင် နေပြီးနောက် တတိယဘုံဖြစ်သော “ ဘာ ” ဘုံသို့ တက်သောအခါ တစ်ဖန် ဒုတိယအကြိမ် သေရပြီး “ ကား ” ခန္ဓာကို စွန့်ရသည် ။ “ ဘာ ” ခန္ဓာကို တစ်ဖန် ဆောင် ယူရပြန်သည် ။ ဤသို့ဖြင့် အန္တိမအဆင့်သို့ မရောက်မီ အတွင်း အကြိမ်ကြိမ်သေရပြီး ခန္ဓာယာဉ်အမျိုးမျိုးကို ဆောင် ယူရပြန်သည် ။
ဤသို့ တစ်ဘုံ တွင် တစ်ကြိမ်သေပြီးနောက် တစ်ဆင့်မြင့်သောဘုံသို့ တက်ရသော လမ်းစဉ်ကို ညွှန်ပြရေး သားထားခြင်းကြောင့် မရဏ ကျမ်း Book of Dead ဟု ခေါ်ခြင်း ဖြစ်သည် ။
စင်စစ်အားဖြင့် သေခြင်း ကို အောက်ဘုံမှနေ၍ကြည့် လျှင် အနိဋ္ဌာရုံဟု ခေါ်နိုင်သော်လည်း တစ်ကြိမ်သေလျှင် တစ်ကြိမ်အဆင့်မြင့်သောဘုံသို့ တက်လှမ်းသွားရသောကြောင့် ဝိညာဉ်အနေဖြင့် တစ်ဘုံတွင် သေရခြင်းသည် ဣဋ္ဌာရုံပင်ဖြစ်သည် ။
ဤသို့ တစ်ဘုံပြီးတစ်ဘုံ ဝိညာဉ်ခရီး သွားရသည်ကို အီဂျစ်တို့က လှေဖြင့် ရေကြောင်းခရီး ထွက်ရသလို တင်စားရေးသားသည် ။ ရုပ်ပုံများတွင်လည်း လှေကိုဖော်ပြသည် ။ လှေ၏ အစိတ်အပိုင်း အမျိုးမျိုး၏ ဝေါဟာရများကိုလည်း အတိအကျဖော်ပြထားသည် ။ တစ်နည်းအားဖြင့် အီဂျစ်တို့၏ မရဏကျမ်းသည် မြန်မာတို့၏ ရိုးရာယုံကြည်ချက်များ နှင့် ဆင်တူနေသည် ။
သေသောအခါ ယမမင်းကြီးထံ အစစ်ခံရပုံ ၊ နတ်ပြည် ၊ ဗြဟ္မာပြည်သို့ ဘုံစဉ်စံရပုံများ ဖြစ်သည် ။ အီဂျစ်တို့ကမူ ဤသို့ ဝိညာဉ်ခရီးထွက်ရာတွင် တွေ့ရမည့် အခက်အခဲ ၊ အန္တရာယ် များကို မည်သို့ကျော်လွန်ရမည်ကို အသေအချာ ညွှန်ကြားချက်များ ရေးထားခြင်းဖြစ်သည် ။ စင်စစ်အားဖြင့် ဤမရဏခရီး ညွှန်ကြားချက်များမှာ မူလအစက ကျမ်းအဖြစ်ရေးထားခြင်း မဟုတ်ချေ ။ ဆရာက ဂန္ဓာရီပညာသင်နေသော တပည့်များ သေသွားလျှင် တွေ့ရှိရမည့် အခက်အခဲနှင့် အန္တရာယ်များကို မသေမီကပင် သိရှိပြီး ကြိုတင်ပြင်ဆင်ခြင်း လေ့ကျင့်သင်ကြားခြင်းတို့ ဖြစ်သည် ။ တစ်နည်းအားဖြင့် မဟာဂန္ဓာရီပညာ ဖြစ်သည် ။
သို့ရာတွင် ဤအဆင့်မြင့် မဟာဂန္ဓာရီပညာကို လက်တွေ့ကျင့်ကြံမှု မပြုနိုင်သော သူများအား သဘောမျှသိစေရန် အချက်အလက်များကို ညွှန်ကြားသော စူဠာဂန္ဓာရီသာ ဖြစ်သည် ။ နောင်အခါတွင် ကာလရွေ့လျောပြီး ဂန္ဓာရီပညာများကို ကျင့်ကြံအားထုတ်ခြင်း မပြုနိုင်သော အချိန်သို့ ရောက်လာသောအခါတွင်မှ ညွှန်ကြားချက်များကို ရေးသားခြင်း ဖြစ်သည် ။ မရဏကျမ်းစာများကို ပိရမစ်ထွင်းစာများတွင်လည်းကောင်း ၊ ခေါင်းတွင် ရေးထွင်း သော ခေါင်းစာတွင်လည်းကောင်း ၊ ကျူစာလိပ်များတွင်လည်းကောင်း ရေးသားပြီး အသုဘ ချသောအခါတွင် အလောင်းနှင့်အတူ ထည့်သွင်း မြုပ်နှံခြင်းဖြစ်သည် ။
ယင်းပိရမစ် ထွင်း စာများ ၊ ခေါင်းစာများ ၊ စာလိပ်များမှာ ယခုအခါတွင် သုတေသီများက ပြတိုက်များတွင် သွားရောက်လေ့လာနိုင်ပြီ ဖြစ်သည် ။
ဤသို့ ရေးသားထားသော မရဏကျမ်းစာများမှာ စူဠဂန္ဓာရီ ဖြစ်သည့်အလျောက် သာမန်မျှသာဖော်ပြထားပြီး တကယ့်လက်တွေ့ ကျင့်စဉ်မှာ ဆရာနှင့်တပည့် လက်ထပ်သင်ရသော အန္တဝါသိက နည်းသာဖြစ်သည် ။
အန္တဝါသိက နည်းဖြင့် သင်ကြားရသော ဂန္ဓာရီပညာမှာ နောင်သောအခါတွင် အချို့အ၀က်ကို အများ သိခွင့်ရအောင် ထုတ်ဖော်လိုက်သည် ။ ထိုသို့ ထုတ်ဖော်ချက်များအရ သေမည့် ဆဲဆဲတွင် ဘ၀ကူးကောင်းအောင် စိတ်သမာဓိ လေ့ကျင့်နည်းများ ၊ မသေမီကပင် သေသောအခါ အသုံးပြုရမည်ဖြစ်သော “ ကား ” လိပ်ပြာခန္ဓာကို အသုံးပြုရသော လိပ်ပြာလွှင့်နည်းများ ၊ ရုပ်ကြမ်းခန္ဓာမှ လိပ်ပြာခန္ဓာခွာအောင် ကျင့်နည်းများ ၊ လိပ်ပြာခန္တာဖြင့် အထက်သို့ ဝင်ထွက် သွားလာနည်းများ ၊ အခြားတစ်ပါးသော ရုပ်ခန္ဓာကိုယ်အတွင်းသို့ ဝင်နည်းနှင့် မိမိရုပ်ကြမ်း ခန္ဓာသို့ ပြန်ဝင်သောအခါ ညင်သာစွာ ဝင်နည်းများဖြစ်သည် ။
ဤနည်းများမှာ အီဂျစ်မရဏ ကျမ်းစာတွင် မပါဝင်သော်လည်း အီဂျစ်ဂန္ဓာရီပညာတွင် အခြားတစ်နည်းနည်းဖြင့် သွယ်ဝိုက်ပါဝင်နေသည့်အပြင် တိဗက် မရဏကျမ်းတွင်ကား အပြည့်အစုံ ဖော်ပြထားသည် ။
ဤကျင့်စဉ်အတိုင်း လေ့ကျင့်သော ဂန္ဓာရီပုဂ္ဂိုလ်သည် သေသောအခါတွင် အထူးအဆန်းမဖြစ်တော့ဘဲ ခါတိုင်းလေ့ကျင့်သောအခါတွင် လိပ်ပြာကွာသည့်အတိုင်း စိတ်သမာဓိ အပြည့်ဖြင့် ရုပ်ခန္ဓာမှ လိပ်ပြာခန္ဓာကို မိမိကိုယ်တိုင် ထိန်းချုပ်မှုဖြင့် ခွာနိုင်အောင် လေ့ကျင့်ခြင်းဖြစ်သည် ။
ဘ၀ကူးချိန်တွင် ကြောက်ရွံ့ခြင်း ၊ စိုးရိမ်ခြင်းကင်းစွာဖြင့် ဘဝကူးနိုင်ရုံသာမက တမလွန်ခရီးတွင် အမှားအယွင်း တစ်စုံတစ်ရာမရှိဘဲ မိမိသွားလိုရာသို့ ဖြောင့်ဖြောင့်တန်းတန်း သွားနိုင်မည်ဖြစ်သည် ။ တစ်နည်းအားဖြင့် လောကီရုပ်လောကမှ တမလွန်ဘဝသို့ ထွက်ခွာ ရန် ထွက်ရပ်ပေါက် ကျင့်စဉ်ဖြစ်ပေသည် ။
အီဂျစ် ဂန္ဓာရီပညာ၏ အမိက မဏ္ဍိုင်ဖြစ်သော အီဂျစ်မရဏကျမ်းလာ ကျင့်စဉ် ယုံကြည်ချက်များ၏ ရည်ရွယ်ချက်မှာ ဤမရဏကျမ်းစာများကို ဖတ်ခြင်းအားဖြင့်လည်းကောင်း ကျင့်ကြံခြင်းအားဖြင့် လည်းကောင်း နောင်ဘဝကို ယုံကြည်စေရန်နှင့် နောင်ဘဝအတွက် ယခုဘဝကပင် ကြိုတင်ပြင်ဆင်ထားရန် ဖြစ်သည် ။
သေသူ၏သင်္ချိုင်း သို့မဟုတ် ပိရမစ်တွင် ဤမရဏ ကျမ်းစာကို နံရံထွင်းစာ အဖြစ်ဖြင့်လည်းကောင်း ၊ ကျူစာလိပ်အဖြစ်ဖြင့်လည်းကောင်း ရေးသားထည့်သွင်းခြင်းဖြင့် တမလွန်ဘဝကူးသွားသူအား ဘဝကူး ကျင့်စဉ်ကို သတိရစေရန် ရည်ရွယ်ခြင်း ဖြစ်သည် ။
မနောယာဉ်များ ပျက်စီးသွားသော်လည်း ဝိညာဉ်မှာ ထာ၀ရတည်မြဲနေမှုကို ယုံကြည် စေရန်နှင့် နောင်တမလွန်ဘဝတွင် မိမိချစ်ခင်သူများနှင့် တွေ့ဆုံနေထိုင်နိုင်ကြောင်း သတိမမေ့ရန် ဖြစ်သည် ။
ဘဝကူးသောအခါတွင် ဓာတ်ဘုရားကြီး၏ အမွေခံဘုရား၏ ဝိညာဉ်ဓာတ်နှင့်အတူ ပုဂ္ဂလမနောဝိညာဉ်ပါ အတူတွဲ၍ ဘဝကူးသွားရသောအခါ ရုပ်ခန္ဓာ ကိုယ်ကို လူ့ပြည်တွင် ထားပစ်ခဲ့ပြီး လိပ်ပြာကိုယ်ပွားခန္ဓာဖြင့် ကူးသွားရသည် ။ ဤသို့ ခန္ဓာအမျိုးမျိုးဖြင့် ဘုံအဆင့်ဆင့်သို့ ဘဝကူးသွားသောအခါ ကျန်ရစ်သူ ဆွေမျိုးမိဘများက ရည်စူး၍ လှူဒါန်းပေးကမ်းသော စေတနာတို့သည် တမလွန်တွင် အကျိုးပေးနိုင်သည်ကိုလည်း အလေးအနက် ယုံကြည်စေရန် ဖြစ်သည် ။
နောင်တမလွန်ဘဝတွင် ရောက်ရှိ ခံစား စံစားရသည့် အခြေအနေသည် လူ့ပြည်တွင် မိမိပြုခဲ့သော ကံအတိုင်း ကောင်းကျိုးဆိုးကျိုးများကို ခံစား စံစားရမည်ဖြစ်သည် ။ ဤသို့ ပြုလုပ်သော ကံများတွင် ဘုရား၏ နာမတော်နှင့် နှုတ်ကပါတ်တော်များကို ရွတ်ဖတ် သရဇ္ဈာယ်ခြင်းသည် အလွန်ထိရောက် အကျိုးများပြီး လမ်းမမှားအောင် ဈာန်ဘုရားများက စောင့်ရှောက်မည်ကို ယုံကြည်သက်ဝင်စေရန် ရေးသားထားသော ကျမ်းဖြစ်သည် ။
#htoohtoolay
မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...
Comments
Post a Comment