Skip to main content

သူ နှင့် သစ်ပင်

သူ နှင့် သစ်ပင်
-----
ကလေးငယ်လေးတစ်ယောက်သည် သူ၏ မွေးဖွားရာ ဇာတိရှိ တောင်ကုန်းလေးတစ်ခုအပေါ်သို့ အပြေးတက်သွားလေ၏ ။ သူ့အနောက်မှ ကလေးတစ်ယောက်သည်လည်း အပြေးတစ်ပိုင်းဖြင့် လိုက်ပါလာသည် ။ သူတို့နှစ်ယောက် တောင်ကုန်းလေးအပေါ်သို့ ရောက်ကြသောအခါ အမြင့်နေရာတစ်ခု၌ အတူတကွ မတ်တပ်ရပ်လိုက်၏ ။ သူတို့သည် အဝေးမှ တောင်စဉ်တောင်တန်းတွေအကြားသို့ စူးစိုက်ကြည့်နေကြသည် ။

သူတို့မြင်နေရသည်က နေ့စဉ် ထွန်းလင်းနေသော နေမင်းကြီးမှာ ဝင်လုစဲစဲ ဖြစ်နေသည် ။ မတုန်မလှုပ် တည်တံ့နေသဖွယ်ရှိသော တောင်စဉ်တောင်တန်းများမှာ အမဲရောင် အသွင်ကို ဆောင်နေကြလျက် ကောင်းကင်ကြီး၏ တစ်ချို့နေရာများသည်တော့ နီမြန်းနေကြ၏ ။ ထိုအရာများအား နောက်ခံထားကာ သစ်ပင်တစ်ပင်၏အရိပ်သည် တောင်စဉ် တောင်တန်းများကို ကျော်ဖြတ်၍ ကောင်းကင်အပ်ါသို့ ထိုးထွက်နေသည် ။ ထိုအရိပ့်သည် ထူးခြား၏ ။ ကလေးနှစ်ယောက်အတွက် ထိုအရိပ့်သည် သူရဲကောင်း ဖြစ်နေသည် ။ ထိုအချိန်၌
ဤအရိပ့်ကို သူတို့နှစ်ယောက် အတူတကွ ကြည့်နေကြ၏ ။ သို့သော် သူတို့ အမြင်များသည်တော့ တစ်ယောက်နှင့်တစ်ယောက် မတူညီကြပေ . . .

--- *** ---

တစ်ခါက အင်မတန် ချောင်ကျလှသော နေရာလေးတစ်ခုတွင် မထင်မရှားဖြင့် တည်ရှိနေသော ရွာလေးတစ်ရွာရှိ၏ ။ ထိုရွာလေးမှ လူသားများသည် အင်မတန် ရိုးစင်းသော ဘဝကို ပိုင်ဆိုင်ထားကြသည် ။ ဓလေ့ , ထုံးတန်းစဉ်လာ နှင့် ယုံကြည်မှုကို အခြေတည်၍ နေထိုင်ကြ၏ ။ သူတို့အတွက် အသက်ရှင်မှုသည် ပဟေဠိမဆန်သော ပေါ့ပျက်ပျက် အရာတစ်ခုသာဖြစ်သည် ။ သက်ကြီးများက သက်ငယ်များအား သူတို့၏ ရွာသမိုင်းကို ပြန်လည်ပြောပြကြသလို , အမျိုးသမီးများသည် အမျိုးသားများအတွက် ပါရမီဖြည့်ဘက်သာဖြစ်ကြောင်း လက်ခံထားကြ၏ ။ သူတို့သည် ငြိမ်းချမ်းခြင်း၏ သရုပ်သဘာဝကို ဖေါ်ဆောင်နေကြသည့်ပမာ နေထိုင်သည် ။ သူတို့အတွက် ရှုပ်ထွေးသောအရာမှာ ဦးခေါင်းအထက်မှ ဆံပင်များမှတပါး တစ်ခြားမရှိဟု ထင်ရ၏ ။ ဟုတ်သည် ။ သူတို့သည် ခေတ်နောက်ကျခဲ့သော လက်တစ်ဆုတ်စာ လူတန်းစားသာဖြစ်နေသည် ။

၂၁ ရာစုအတွင်း၌ ယုံကြည်နိုင်စရာမရှိလှအောင် ခေတ်ကြီးသည် တိုးတက်သွားခဲ့သည် ။ အင်မတန် မြန်ဆန်လွန်းလှသော ယာဉ် , ရဟတ် များသည် နေရာတိုင်း၌ မတွေ့မမြင်ဖူးသူမှာ မရှိသလောက် ဖြစ်နေ၏ ။ ကြီးမားမတ်စောက်သော အဆောက်အအုံကြီးများမှာ မိုးထိတိုင် ထိုးထွက်နေသည် ။ လူနှစ်ယောက်အတွက် မိုင်ပေါင်းများစွာ ဝေးကွာမှုသည် ယခုတွင်တော့ ရယ်စရာတစ်ခုသာဖြစ်နေ၏ ။ ခန္ဓာဗေဒကို လေ့လာကြသည် ။ ကလပ်ဆဲလ်တွေကို ခွဲခြားကြ၏ ။ အလွန်အားကောင်းသော မိုက်ကရိုစကုတ်ပ် ဖြင့် ခန္ဓာဗေဒကြီး ဖြစ်တည်မှုကို မျက်မှောက် ထင်ထင် ရှာဖွေတွေ့ရှိလာကြသည် ။ ထူးခြားသော ရုပ်မြင်သံကြားစက်များရှိ၏ ။  ကမ္ဘာ့လေထုကို ထိုးဖေါက်ထွက်ပြေးနိုင်သော အာကာသယာဉ်တွေ ပေါ်ပေါက်လာသည် ။ တိုးတက်၏ ။ အလွန်တိုးတက်၏ ။ အတိုးတက်ကြီး တိုးတက်လွန်းလှ၏ ။ ဟုတ်သည် ။ သူတို့ တိုးတက်နေသောခေတ်ကို မလိုက်နိုင်တော့ပြီ ။ 

---***---

ထို ရွာလေးကို သူတို့ အမည်ပေးထားသည်မှာ နိဗ္ဗာန်လမ်းပေါ်က ဇရပ် ဟုခေါ်သည် ။ ထူးခြားလိုက်သည့်အမည်ကို သူတို့ တန်ဖိုးထားကြကာ ဘိုးဘေးဘီဘင်များဖြစ်ကြသည့် သူတော်စင်ကြီးများကို ကျေးဇူးတင်တက်ကြသည် ။ သူတို့ရွာသမိုင်းကို ကလေးတွေအား ပြောပြလေ့ရှိသည်မှာ အင်မတန် စိတ်ဝင်စားစရာကောင်းလှ၏ ။ သူတို့သည် ဆုပ်ကပ်အတွင်းမှ ရှုန်းထွက်လာသူများဟု သူတို့ကိုယ် သူတို့ သတ်မှတ်ထားကြသည် ။

အမှန်စင်စစ်မူ သူတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်မှ တောထွက်ရဟန်းပြုခဲ့သော သာမဏ , ဗြဟ္မဏ နှင့် နောက်ပိုင်း၌ရောက်လာကြသည့် ယောဂီ (ဇော်ဂျီ ) ရသေ့ တို့ ဆုံတွေ့ရာ နေရာကြီးဖြစ်သည် ။သူတော်စင်တို့မှာ တောအတွင်း၌ လှည့်လည်တရားရှာဖွေရာမှ ဂေါတမမြတ်စွာဘုရား ပိရိနိဗ္ဗာန်စံလွန်ပြီးသည့်နောက်တွင် စုစည်းနေထိုင်မိကြ၏ ။ နှစ်ပေါင်းများစွာ ကြာလာသည့်အခါ ထိုအရပ်ဒေသသည် ရွာတစ်ခုအသွင် တည်လာခြင်းသာဖြစ်သည် ။ ထိုရွာလေးသည် နာမည်နှင့် လိုက်အောင် အေးချမ်းလွန်းအားကြီး၏ ။

တစ်နေ့တွင် ထိုအရပ်၌ အမွှာညီကိုနှစ်ယောက် မွေးဖွားလာလေသည် ။ အကိုဖြစ်သူမှာ အင်မတန် စူးစမ်းတက်သော ဝါသနာပါလာသည့်အလျောက် ညီဖြစ်သူသည်တော့ ဆန့်ကျင်ဘက်အသွင်ကိုသာ ဆောင်နေ၏ ။

အစ်ကိုသည် ထက်မြတ်၏ ။ တက်ကြွ၏ ။ လေ့လာလိုက်စားမှုကို မြတ်နိုး၏ ။ ဤရွာ၏ ဓလေ့စရိုက်ကို သူ ကောင်းကောင်း နားမလည်ပေ ။ သူသည် တစ်နေ့,တစ်နေ့တွင် တစ်ယောက်တည်း ထွက်သွားတက်ပြီး ဒီရွာအပြင်၌ မည်သို့သောအရာများ ရှိလိမ့်နိုးနိုးဖြင့် ကြံစည်စဉ်းစားနေတက်၏ ။ သူ့အတွက် ဤအရပ်ဒေသသည် အလွန်ကို သေးငယ်လွန်အားကြီးနေသည် ။

---***---

တစ်နေ့၌ သူတို့ညီအစ်ကိုနှစ်ယောက်သည် ရွာငယ်လေးအတွင်း၌ လှည့်ပတ်ဆော့ကစားနေရင်းမှ တောင်ကုန်းလေးတစ်ခုအပေါ်သို့ ရောက်ရှိလာကြသည် ။ အချိန်မှာ နေဝင်လု နီးပြီဖြစ်သောကြောင့် ကောင်းကင်ကြီးသည် အင်မတန် ချွတ်ချော်လှသော ဆေးချပ်များပမာ အရောင် ပျံ့လွှင့်နေ၏ ။ တစ်နေရာ၌ အနီရောင်များ စုပြုံနေတက်ပြီး အခြားနေရာ၌မူ အင်မတန် ဖြူဖွေးနေတက်သည် ။ နေမင်းကြီးသည် စိတ်ဆိုးမာန်ဆိုးဖြစ် ဒေါသထွက်နေသယောင် ထင်ရ၏ ။ ထိုနေမင်းသည် ယခုချိန်၌ မျက်လုံးတစ်လုံးဖြစ်ပါမူ အင်မတန် ခက်ထန်သာ မျက်လုံးပိုင်ရှင်သာဖြစ်ဟန်ရှိသည် ။

သူတို့နှစ်ယောက်သည် အချိန်ကြာသည့်တိုင် အဝေးဆီသို့ မျှော်ကြည့်နေရင်းမှ တိတ်ဆိတ်လွန်းနေကြသည် ။ သူတို့ ဘာတွေ ကြံစည်နေခြင်းအား သူတို့သာ သိပေလိမ့်မည် ။ သူတို့ စဉ်းစားနေ၏ ။ သူတို့ တွေးတောနေ၏ ။ သူတို့ သည် ဤ နေရာမှ နောက်ဆုံးအချိန်ကြည့်ခြင်းမျိုးဖြင့် ထိုပတ်ဝန်းကျင်ကို ကြည့်နေဟန်တူသည် ။ မှန်၏ ။ သူတို့ သည် ဤအရပ် , ဤဒေသမှ , ဤ တောင်ကုန်လေးအပေါ်သို့ ထိုအချိန်မှစ၍ ပြန်လည်မရောက်လာတော့ပေ ။

---***---

တစ်ခုသော မိုးရာသီ၌ သူတို့ရွာလေးတွင် အင်မတန် ပြင်းထန်သော တုတ်ကွေးရောဂါဆိုးတစ်ခု ကျရောက်လာလေသည် ။ ထိုရောဂါဆိုးသည် နည်းပါးလှသော ရွာသူရွာသားတို့အား တစ်ဆ တစ်ဆ ဖျက်ဆီးလိုက်ရုံသာမက စွတ်စိုသော နေရာတိုင်း၌လည်း လျင်လျင်မြန်မြန် ပျံ့ပွားလျက်ရှိနေသည် ။ ရွာသူရွာသားတို့သည် မှတ်သားသိရှိသမျှ သစ်ပင် သစ်မြစ်တို့အား ခူးခပ် သောက်သုံးကြ၏ ။ သွေးလိမ်းကြ၏ ။ ဖျားနာနေသောသူများကို တိုက်သွေးကြသည် ။ သူတို့အတွင်းမှ ပျောက်ကင်းသွားသူတွေလဲ ရှိသလို သေဆုံးသွားသူတွေလဲ များပြားလာသည် ။ ထိုထဲ၌ ညီအကိုနှစ်ယောက်လဲ ပါဝင်နေခဲ့၏ ။

ထိုကပ်ကြီးသည် မိုးရာသီကုန်လွန်သောအခါ လေတိုက်၍ လွှင့်ပယ်သွားသည့်ပမာ ပျောက်ကွယ်သွားသော်လည်း ထိုရောဂါနှင့်အတူ ဤရွာ၏ စည်းကားသိုက်မြိုက်မှုသည်လည်း တစ်ပါးတည်းပင် ပါသွားခဲ့လေပြီ ။ အိမ်တိုင်းသည် တိတ်ဆိတ်နေကြပြီး တစ်ချို့မှာ ပကတိ ငြိမ်သတ်နေကြသည် ။ သူတို့ ဝမ်းနည်းနေကြ၏ ။ သူတို့ ငိုယိုနေကြ၏ ။ သူတို့သည် ခြောက်ခြားစရာကောင်းသော အချိန်တွေကို မြင်ယောင်နေကြရသည် ။

အစ်ကိုသည် ပြန်လည်သက်သာလာ၍ အငယ်လေးသည် ထိုရောဂါဆိုးကို မကျော်လွန်နိုင်ခဲ့ပေ ။ ညီအစ်ကိုနှစ်ယောက်သည် ထိုရောဂါဆိုးနှင့်အတူ ထာဝရ ခွဲခွါသွားရပေပြီ ။ သူတို့သည် ဘယ်သောအခါမှ ပြန်လည်မတွေ့နိုင်တော့ပေ ။ ဤအချိန်၌ တစ်ယောက်သည် မြေပေါ်၌ ရပ်နေ၍ တစ်ယောက်သည် မြေကြီးအောက်သို့ ရောက်နေသည် ။

---***---

သူ့ညီ၏ မြေပုံလေးရှိရာအရပ်၌ သူသည် နေ့စဉ် သွားရောက်လေသည် ။ ထိုမြေပုံလေး၏ အပေါ်၌ သစ်ပင်တစ်ပင် စိုက်ထား၏ ။ ထိုသစ်ပင်ကို သူသည် ဂရုတစိုက် ပျိုးထောင်နေသည် ။ နေ့စဉ်မပျက် ရေလောင်းခြင်း , ရှင်းလင်းခြင်းနှင့် မြေသြဇာဖြစ်ဖွယ်ထင်သော ပြာဖြူ ပြာဆွေးတို့ကို ထည့်စွတ်သည် ။ ထိုအလုပ်ကို သူလုပ်လာခဲ့သည်မှာ တစ်ဆတစ်ဆဖြင့် နှစ်များစွာ ကြာလာလေပြီဖြစ်သည် ။

အချိန်သည် အင်မတန်မြန်ဆန်လွန်းလှစွာ ရက်တွေကို ချေဖျက်တိုက်စားသွားသည် ။ ပတ်ဝန်းကျင်ကြီးမှာ စိမ်းစိုခြင်း - ခြောက်သွေ့ခြင်းများဖြင့် တစ်နေ့ တစ်နေ့ လည်ပတ်နေပုံအား သူအမြဲတမ်း တွေ့နေရ၏ ။ ဤအရာတွေသာ သူ့အတွက် အဖေါ်အမွန်ဖြစ်နေသည် ။ ဤအရာတွေကသာ သူ့အတွက် လုံခြုံခြင်းကို ပြနေ၏ ။

သူစိုက်ထားသော သစ်ပင်လေးမှာ သူနှင့်အတူ အရွယ်အစား ကြီးရင့်လာခဲ့သည် ။ သူသတိထားမိသည်မှာ ထိုသစ်ပင်သည် အရိပ့်ကောင်းကောင်း ထိုးပေးနိုင်သောအခြေအနေသို့ ရောက်ရှိနေတော့၏ ။ သူသည် ထို သစ်ပင်အတွက် ဘာမျှ လုပ်ပေးစရာမရှိတော့ပဲ နေ့စဉ်မပျက် သစ်ပင်အောက်၌ ထိုင်နေတက်သည် ။ သစ်ပင်၏ အမြစ်များမှာ မြေပြင်အပေါ်ထိတိုင် ထိုးထွက်လာခဲ့ပြီ ။

သူသည် တစ်ခါတစ်လေ၌ တစ်နေကုန်သည့်တိုင် သစ်ပင်၏ အရိပ့်အောက်၌ ထိုင်နေတက်သည် ။ တစ်ခါတစ်လေတွင်တော့ သစ်ပင်၏ ပင်စည်မှစ၍ သစ်ခက်သစ်လက်တို့အကြား ငေးနေတက်၏။ တစ်ချို့သစ်ရွက်တို့သည် ခြောက်သွေ့နေသည် ။ တစ်ချို့သစ်ခက်တို့မှာ နုပျိုထွက်နေ၏ ။

ဤသစ်ပင်၌ ပထမဆုံး ငှက်သိုက်တစ်ခုကို သူသတိထားမိခဲ့သည် ။ ထိုငှက်သိုက်ရောက်လာသည်မှစ၍ သူ၏ သစ်ပင်သည် ဆူညံ့လာတော့၏ ။ လေတိုးသံ လေတိုက်သံတို့မှ တစ်ပါး ကျန်သည့်အသံမျှ မကြားခဲ့ရသောသူသည် ယခုတွင်တော့ ငှက်ပေါက်ကလေးများ၏ အော်ဟစ်သံများနှင့်အတူ တကျိကျိ တကျက်ကျက်ဖြင့် ဝေဆာနေတော့သည် ။

ဤသစ်ပင်သည် တစ်နေ့တစ်ခြား ကြီးထွားလာလေသည် ။ သစ်ခက်သစ်လက်တို့မှာ အကိုင်းအဆက် လေးခွမျှ ကားထွက်လာ၏ ။ ပင်စည်သည် လက်တစ်ဖက်စာထိတိုင် ကြီးမားလာသည် ။ ရေသောက်မြစ်များ ဖွံ့ထွား လတ်ဆတ်လာ၏ ။

နွေရာသီ၌ သူ၏အရိပ့်မှာ အင်မတန် အေးချမ်းလှသဖြင့် ငှက်သိုက် ငှက်အိမ်တို့သည် တိုး၍ တိုး၍ ပွားများလာခဲ့ပြီ ။ ထိုသို့ပွားများလာလေ သူ၏ သစ်ပင်သည် ပျက်ဆီးလာလေကြောင်း သူသတိထားမိသည် ။ သစ်ကိုင်များ ကျိုးကျသည် ။ သစ်သီများ ကြွေကျ၏ ။ နုငယ်သော ရွက်နုတို့သည် ငှက်တို့၏ ထိုးခြင်းဒဏ်ကို အလူးအလဲ ခံနေကြရသည် ။ သို့သော် ဤသစ်ပင်မှာမူ အင်မတန် မေတ္တာကြီးမားစွာ တည်ငြိမ်လျက်ပင် ။

သူသည် ပထမဆုံးအကြိမ် ဒေါသထွက်သွားသည် ။ အရိပ်နေနေ အခက်ချိုးချိုးအဖြစ်ကို သူသတိရသွားသည် ။ သူ၏အရိပ့်၌နေ၍ သူ၏အကိုင်းအခက်ကို ချိုးဖျက်တက်သော ကျေးငှက်တို့အား သူမောင်းထုတ်ရန် ပြုသည် ။ မောင်းလဲ မောင်းထုတ်၏ ။ ငှက်တို့လဲ အလှန့်တကြား ပြေးလွှားကြသည် ။ သို့သော်လည်း နောက်တစ်နေ့ရောက်သောအခါ ထိုသစ်ပင်ဆီသို့ သူရောက်တိုင်း နေမြဲတိုင်းငှက်တို့ကို မြင်တွေ့နေရသည် ။ မနက်တိုင်း သူရှင်းလင်းရသည့်တာဝန်မှာ ငှက်များ ထိုးဆိတ်ထားသော သစ်သီး သစ်ရွက်တို့နှင့် သစ်ကိုင်း သစ်ခြောက်တို့ဖြစ်နေသည် ။

ဤသစ်ပင်မှာ အရိပ့်ကောင်း၍ အေးမြလာသည်နှင့်အမျှ ငှက်ကလေးများတင်မဟုတ်တော့ပဲ ရှဥ့်များ , ပေါက်သင်ညိုများ , ကင်းလိတ်ချောများ , ပုရွတ်ဆိတ်များနှင့် ခါများ , မြွေများပါမကျန် တစ်ဆတစ်ဆဖြင့် ရောက်လာကြလေသည် ။ ထိုအချိန်၌မူ သစ်ပင်၏ ပျက်ဆီးမှုမှာ ရှေ့ကထက် တိုးပွားလာသည့်အလျောက် တိရိစ္ဆာန်တို့၏ အန္တရာယ် တိုက်ပွဲများသည်လည်း ရှေ့ကထက် ရုတ်တရပ် များပြားလာသည်အား သူတွေ့နေရ၏ ။ သူသည် ထို ရန်ပွဲကို နေ့စဉ် လာကြည့်သည် ။ နေ့စဉ်တွေ့နေရသော သစ်ရွတ်ကြွေ သစ်ရွက်ခြောက်တို့နှင့်အတူ ပိုးတုံးလုံးများ လိပ့်ပြာအသေခြောက်လေးများကိုပါ တွေ့ရှိလာရ၏ ။ သူစဉ်းစားသည် ။ သူတွေးတောသည် ။ သူအလေးအနက် ဆင်ခြင်နေသည်အား သူသာ သိပေမည် ။ ဟုတ်၏ ။ သူ အံ့သြလွန်းသည်မှာ သေခြာနေလှသည် ။ သူတို့သည် အဘယ်ကြောင့် ကိုယ်မပိုင်သော သစ်ပင်အပေါ်၌ လောဘတကြီး တစ်ကောင်နှင့်တစ်ကောင် ဖျက်ဆီးနေကြသနည်း ဟု သူအချိန်တိုင်း တွေးတောဆင်ခြင်နေ၏ ။

တစ်နေ့တွင် သူ၏ သံဝေဂညာဏ်တစ်ခု ပွင့်ထွက်သွားသည်ဟု ထင်ရသည့်တိုင်အောင် သူသည် သက်ပြင်းများအား ခဏခဏ ချနေ၏ ။ သူ သစ်ပင်အနီးသို့ရောက်တိုင်းပင် ဤကဲ့သို့ သူလုပ်လေ့ရှိလာသည် ။ သူသည် သစ်ကိုင်း သစ်ခက်တို့အား အဘယ်မျှ တိုးပွားလာသည် - ကြီးထွားလာသည်အား ရှေ့ကကဲ့သို့ မရေတွတ်နိုင်တော့ပေ ။ ယခုအခါ၌မူ သူရေတွက်နေသည်က တစ်ကောင်၏အသက်ကို တစ်ကောင်က စားသောက်ရန်သာဖြစ်နေသည် ။

ငှက်သိုက်တစ်ဆီခုသို့ မြွေတစ်ကောင်တက်သွား၏ ။ ထိုမြွေသည် ငှက်သိုက်အတွင်းမှ ငှက်ဥများကို ဖေါက်စားလေသည် ။ ၄င်းမြွေပြန်ဆင်းသွားသည့်အခါ ငှက်ကြီးတစ်ကောင် ပြန်လည်ရောက်လာ၏ ။ သူအော်နေသည်ကို အတိုင်းသား ကြားနေရသည် ။ သူ့အသံမှာ ရှေ့ကထက်စူးရှနာကျင်နေခြင်းအား သူတွေ့နေရ၏ ။ သူသည် တစ်ကြိမ်တစ်တစ်ခါက သူငိုခဲ့ဖူးသည်ကို သွားသတိရမိသည် ။ ထိုသတိရသည့် အချိန်မှာ တိုလဲ တို၏ ။ ရှည်လဲ ရှည်၏ ။ ထိုကဲ့သို့ နာကျင်မှုအား သူကောင်းကောင်း နားလည်နေသည် ။ ခဏအကြာ၌ ထိုငှက်ကြီးသည် သူ၏ ဥများအား သောက်မြိုခဲ့သည့် မြွေဆီသို့ အလောတကြီး ရှာဖွေနေခြင်းအား သူတွေ့နေရသည် ။ သူ ထက်မံတွေ့သည်မှာ မြွေတစ်ကောင်နှင့် ငှက်တစ်ကောင်တိုက်ပွဲဖြစ်၏ ။ မြွေ၏ဦးခေါင်းသည် သွေးသံရဲရဲထနေသည် ။ ငှက်ကြီးမှာ ထိုမြွေသေလုထိတိုင် ထိုးဆိတ် ဖျက်ဆီးနေသည်အား သူတွေ့နေရ၏ ။ သူ သက်ပြင်း နောက်တစ်ချက် ချလိုက်လေတော့သည် ။

နေ့စဉ်နှင့်အမျှ ဤမျှသော သက်ဖြတ်ခြင်း အော်ဟစ်ခြင်းနှင့် နိုင်ထက်စီးနင်းရှိနေသော အဖြစ်အပျက်များအား သူ တွေ့မြင်နေရသည်မှ အင်မတန် တုန်လှုပ်ချောက်ခြားမှုများ မဖြစ်စဖူး ဖြစ်ပေါ်လာခဲ့၏ ။ သူသည် ထိုအဖြစ်အပျက်များ၏ အကြောင်းရင်းခံကို ရည်ရွယ်ချက်မရှိပဲ ရှာဖွေနေမိသည် ။ အဓိပ္ပါယ်မရှိသောအလုပ်ကို သူ နေ့စဉ်လုပ်လာသည် ။ သူ နေ့စဉ် ရှာဖွေနေ၏ ။ သူ၏ ရှာဖွေမှုသည် အဘယ်အရာနည်းဟု သူကိုယ်တိုင်လဲ သိဟန်မတူပေ ။ သူ၏ သိမြင်မှုသည် အစစ်အမှန်ဖြစ်သလောဟု သူတစ်ခါတလေ ကြံဆ၏ ။ ပုံဖေါ်၏ ။ သို့သော် ခဏသာ အတွေးအခေါ်များ စိုးမိုးခဲ့သော်လည်း သူ နေ့စဉ်ဖြစ်သန်းသလို ထိုရန်ပွဲ၌သာ ပြန်လည်သက်ဝင်နေမိသည် ။

သူရုန်းထွက်ရန် အကြံဖြစ်လာသည် ။ သူသည် တစ်ခါတစ်လေ၌ ထိုရန်ပွဲမှာ သူ့အပြစ်မကင်းကြောင်း တွေးထင်နေတက်၏ ။ သူ့လုံ့လကြောင့် ဤ သစ်ပင်ကြီး ဖြစ်ပေါ်လာသည်ကိုပင် ကြီးမားသော မှားယွန်းမှုအဖြင့် မြင်ယောင်လာခဲ့တော့သည် ။ သူသည် မည်သည့် သတ္တဝါတို့အပေါ်မှ ပျက်ဆီးစေလို့စိတ်မရှိခဲ့ပေ ။ သူ၏ ပယောဂကြောင့် ယခုတစ်ဖန် ပျက်ဆီးနေရပြီဟု သူထင်နေသည် ။ သူ့အတွေးသည် သူ၏ ခန္ဓာကို တစ်ဖြေးဖြေး နှိပ့်စက်လာနေသည် ။ ဖျက်ဆီးလာနေသည် ။ သူ၏ သောကတို့မှာလဲ မဖြစ်စဖူး ထူးကဲဖြစ်ပေါ်လာနေ၏ ။ ဟုတ်သည် ။ သူ သစ်ပင်ကြီးအား ဖြိုဖျက်ရန် လုံ့လပြုရတော့မည် ။

တစ်နေ့၌ သူသည် ကျောက်သွားဖြစ် ပြုလုပ်ထားသော ပုဆိတ်တစ်လက်ကို ကိုင်ဆောင်၍ ထိုသစ်ပင်ဆီသို့ လျှောက်လှမ်းလာခဲ့သည် ။ သူ၏ ခြေလှမ်းများဟာ ထိုအချိန်၌ အင်မတန် နှေးကွေးလွန်းနေသည် ။ သူ၏ မျက်နှာများက ရှေ့ကထက် ပို၍ ပဟေဠိဆန်နေ၏ ။ သူဘာတွေးနေသည် , ဘာအမှုကို ပြုမည်အား သူကိုယ်တိုင်သာ သိပေလိမ့်မည် ။

ထို့နောက် သူသည် တစ်ချိန်လုံး တယုတယ စိုက်ပျိုးခဲ့သော သစ်ပင်ကြီးအနားသို့ ရောက်ရှိလာခဲ့သည် ။ ရှေ့ကလိုပင် ထိုသစ်ပင်၏ အောက်ခြေ၌ သစ်ရွက်ခြောက်များ , ပိုးထိုးထားသော အသီးပဲ့များ , လှုပ်ရှားသွားလာနေကြသော ပုရွတ်ဆိတ်များအား မြေပြင်၌ တွေ့မြင်နေရသည် ။

သူ ပုဆိတ်ကိုကိုင်၍ အချိန်အကြာချည်း ရပ်နေ၏ ။ သူ၏ အရှေ့၌ ထိုသစ်ပင်၏ အမြစ်သည် မြေပေါ်သို့ လက်ငါးလုံးစာ ထွက်ပေါ်နေသည် ။ သစ်ပင်ကြီး၏ အုပ်ဆိုင်းသောအရိပ့်မှာ အလွန်မှ အေးမြလှနေ၏ ။ ငှက်သိုက်အတွင်းမှ ငှက်တို့သည် ထုံးဆန်အတိုင်း ဟိုမှဒီသို့ ပျံဝဲနေကြသည် ။ ရှေ့ကကဲ့သို့ပင် ရှဥ့်ကောင်လေးများ ပြေးလွှား အော်ဟစ်နေသည် ။ လေတိုက်သံနဲ့အတူ သစ်ကိုင်းများသည် တစ်ကိုင်းဘက်သို့ တစ်ကိုင်း ယိမ်းယိုင်နေကြသည် ။ လှုပ်ရှားနေကြသည် ။ ဖေးမနေကြသည် ။ ထိုအပင်အား မှီခိုနေထိုင်နေကြသော တိရိစ္ဆာန်လေးများမှာ သူ့အလုပ် သူလုပ်နေကြသည်ကို သူတွေ့မြင်နေရသည် ။

သူ တိတ်ဆိတ်နေ၏ ။ ငေးငိုင်နေ၏ ။ တွေဝေနေ၏ ။ သူ ဤကဲ့သို့ ရပ်တန့်နေသည်မှာ အလွန့်အလွန် ကြာမြင့်လာလေသည် ။ ခဏအကြာ၌ သူသည် မြေပြင်ပေါ်သို့ လဲကျသွားသည် ။ ထိုလဲကျမှုနှင့်အတူ သူ၏ အသက်လဲ ပြိုဆင်းသွားခဲ့ပြီ ။ ထာဝရ လဲကျမှုဖြစ်သည် ။ ထာဝရ ငြိမ်သတ်မှုဖြစ်၏ ။ ထာဝရ မနိုးကြားသော ခန္ဓာကြီးတစ်ခုမှာ ထိုသစ်ပင်၏ခြေရင်း၌ လဲလျောင်းနေလေသည် ။

ထိုရွာမှ လူအများ သူ့ဆီသို့ ရောက်ရှိလာကြသည် ။ သူအမြဲလာရောက်သော သစ်ပင်ခြေရင်း၌ သူ့ကို မြှပ်နှံပေးကြ၏ ။ တစ်ချို့က ငိုသည် ။ တစ်ချို့က တွေဝေနေသည် ။ တစ်ချို့ကတော့ မြေများဖြင့် ဖုံးလွှမ်းပေးနေကြ၏ ။

သူ၏ ကိုယ်ပေါ်၌  မြေမှုန့်များ တစ်ဆတစ်ဆ ထူထပ်လာသည် ။ သူ၏ ကိုယ်ပေါ်၌ မြေခဲများ တစ်ဆတစ်ဆ များပြားလာသည် ။ သူ၏ ကိုယ်ပေါ်၌ မြေစိုင်မြေခဲများ တစ်ဆတစ်ဆ သိပ့်သည်းလာနေ၏ ။

ဤအချိန်၌မူ သူသည် မြေကြီးအောက်၌ ရှိနေပြီး သူ၏ ညီမှာ မြေပြင်အပေါ်၌ ရှိနေလေသည် ။ သူ့ညီသည် သူ့ကိုငုတ်ကြည့်နေပြီး သူသည် သူ့ညီကို မော့ကြည့်နေရသည် ။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...