လွန်ခဲ့သော နှစ်ပေါင်း ၁၇၀၀၀ ( တစ်သောင်းခုနှစ်ထောင် ) မှ နည်းပညာများ
----------
ယခုမျက်မှောက်အချိန်အခါ၌ သိပ္ပံပညာရှင်တို့သည် စိုးရိမ်စိတ်များ ဖြစ်ပေါ်လျက်ရှိကြောင်းအား ဖေါ်ထုတ်ပြောကြားခဲ့သည်များကို တွေ့ရှိရလေပြီဖြစ်သည် ။ ထိုသူတို့စိုးရိမ်သည်မှာ မည်သည့်အရာဖြစ်ပါသနည်းဟု လေ့လာရာ၌ တွေ့ရှိရသည်မှာ အနုမြူစစ်ပွဲပင် ဖြစ်လေတော့၏ ။ ယခင်က အမေရိကန်ပြည်ထောင်စု တစ်ခုတည်းသာ ပိုင်ဆိုင်ကြပါသော်လည်း ယခုအခါ၌မူ ၄င်းဗုံးများမှာ နိုင်ငံအတော်များများပင် ပိုင်ဆိုင်နေလေပြီဖြစ်၏ ။ အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာမြေပေါ်ဝယ် လွန်ခဲ့သော အလွန်ရှေးကျခဲ့သည့် အတိတ်ကာလများတွင် အနုမြူစစ်ပွဲများ ဖြစ်ပေါ်ခဲ့ကြောင်း ပညာရှင်များက လေ့လာတွေ့ရှိထားခဲ့သောကြောင့်ဖြစ်လေ၏ ။ ထိုအချက်များမှန်ကန်နေပါလျှင်မူ လူသားအရင်းအမြစ်သည် ရှေးလွန်လေသော ခေတ်အဆက်ဆက်တို့မှ မျိုးတုန်းမှုမျိုးကို တွေ့ရှိနိုင်လေ၏ဟု သိပ္ပံပညာရှင်များက ယူဆလာကြတော့၏ ။
ဤနေရာ၌ လေ့လာရန်လိုအပ်သည်မှာ လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ကျော် ၅၀၀၀ လောက်က လျှပ်စစ်များရှိပါသလားဟူသည့် အချက်ပင်ဖြစ်၏။ ထိုအရာနှင့်ပတ်သတ်၍ အင်္ဂလိပ်လူမျိုး သိပ္ပံပညာရှင် ဝီလီယံဂီးလ်ဘတ်သည် ပယင်းချောင်းနှင့် အရာဝတ္ထုများ ပွတ်တိုက်ကာ လျှပ်စစ် ထွက်ကြောင်း ကို စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာတွင် ထိုလျှပ်စစ်သဘာဝကိုတွေ့ရှိခဲ့ပြီး လက်တင် စကားနှင့် ဂရိဘာသာစကားမှ ပယင်းဟု အဓိပ္ပါယ်ရှိသည့် ဟူသောစကားနှစ်ရပ်ကိုပေါင်းစပ်ကာ အင်္ဂလိပ်ဘာသာစကားဖြင့် လျှပ်စစ် ( electric ) ဟုအမည်တပ်ခဲ့လေခြင်းအား ၁၆၄၆ ၌ စတင် သုံးစွဲခဲ့လေခြင်းဖြစ်၏ ။
ref: De Magnete, Magneticisque Corporibus, et de Magno Magnete Tellure by William Gilbert
ကျောင်းသင်္ခန်းစာများတွင် လေ့လာတွေ့ရှိမှတ်သားခဲ့ရသည်မှာ လျှပ်စစ်ဓါတ်အား ဘီစီ ၆၀၀ စုနှစ်တွင် ဂရိတွေးခေါ်ပညာရှင် သေးလိစ်က စတင်တွေ့ရှိလာပြီး ၁၈၀၀ ပြည့်နှစ်တွင် ဗိုလ်တာဓါတ်အိုးဟု ခေါ်တွင်သော ပထမဆုံး ဘက်ထရီကို စတင်တီထွင်နိုင်ခဲ့ပြီးနောက် အဆင့်ဆင့်တိုးတက်လာကာ ယနေ့ခေတ်တိုင်အောင်ပင်ဖြစ်လေ၏ ။
ref: https://en.m.wikipedia.org/wiki/Thales
https://en.m.wikipedia.org/wiki/Alessandro_Volta
သို့သော် ယခုတွင်မူ ဘီစီ ၆၀၀ စုနှစ်မှ စတင်တွေ့ရှိသုံးစွဲခဲ့ရခြင်းမဟုတ်ပဲ လွန်ခဲ့သော အလွန်ရှေးကျသည့် ခေတ်များ၌ ပင် သုံးစွဲခဲ့လေခြင်းအား သုတေသီတို့က လေ့လာ တူးဖေါ် တွေ့ရှိခဲ့ ရလေပြီဖြစ်၏ ။ တွေ့ရှိမှုတစ်ခုကိုတင်ပြရပါလျှင်မူ အချိန်မှာ ၁၉၃၆ ဖြစ်ပြီး ဂျာမန်ရှေးဟောင်း သုတေသနပညာရှင်အဖွဲ့ တစ်ဖွဲ့သည် ယနေ့ခေတ် ဘက္ကဒက်မြို့တော်အနီတွင် ရှိနေသော လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ခန့်က KhuyutRab bou'a အမည်ရှိ ရွာကလေးတစ်ရွာတွင် သုတေသနပြုမှုများ လုပ်ဆောင်ခဲ့ကြ၏။
ထိုအခါ အလွန်ထူးခြားသော အိုးငယ်တစ်လုံးကို ရရှိခဲ့လေရာ ယင်းအိုးငယ်သည် အမြင့် ၆ လက်မ ခန့်ရှိပြီး တောက်ပသော ရွံ့စေးဖြင့် ပြုလုပ်ထားကြောင်း တွေ့ရ၏ ။ သက်တမ်းကို တွက်ကြည့် သောအခါ နှစ်ပေါင်း ၂၀၀၀ ကျော်သက်တမ်းရှိကြောင်း သိရှိရပြီး ယင်းအိုးငယ်ကလေးအတွင်း၌ အရှည် ၅လက်မ အနံ ၁ ဒသမ ၅ လက်မရှိ ကြေးနီပြားတစ်ချပ်ကို ထုလုံးပုံခွေယစ်ပတ်လျက် ထည့်သွင်းထားကြောင်း တွေ့ရှိရ၏ ။ ယင်းဆလင်ဒါပုံ ကြေးပြားအခွေ၏ အစပ်များကို ခဲ ၆၀ ရာခိုင်နှုန်း သံဖြူ ၄၀ ရာခိုင်နှုန်း ရောစပ်ထားသော သတ္ထုစပ်ဖြင့် ဂဟေဆော်ထားပြန်သည် ။ ထို့ပြင် ယင်းကြေးနီထုလုံး အောက်ခြေကို ကြေးနီအပြားများ ထပ်လျက်ပတ်ထားပြီး နှုတ်ခမ်းစပ်များကိုမူ ကတ္တရာဖြင့် ရေလုံအောင် ပိတ်ထားပြန်သည် ။
တစ်ဖန် ယင်းဆလင်ဒါ၏ အထက်ဘက်ထိပ်တွင်ကတ္တရာအလွှာတစ်ခုဖြင့် လျှပ်ကာသဘော သက်ဝင်အောင် ပိတ်ထားပြီး ယင်းအပိတ်အလယ်တွင် သံချောင်းတစ်ခုကို ဆလင်ဒါ အလယ်ခေါင် တည့်တည့်ရောက်အောင် ထည့်သွင်းထားကြောင်းတွေ့ရ၏ ။ ထည့်ထားသော သံချောင်းကို စစ်ဆေးကြည့်ရာတွင် ယင်းသံချောင်းတွင် အက်စစ်စားကာ သံချေးတက်နေသည်ကို တွေ့ရှိခဲ့ရတော့ ၏ ။ ထိုအိုးကဲ့သို့ပင် အီရတ်တွင် ဆက်လက်တူးဖေါ်ရာ တွေ့ရှိခဲ့ရပြီး အီရတ်မှ အိုးငယ်၏ သက်တမ်းကို တိုင်းတာရာ၌ နှစ်ပေါင်း ၄၅၀၀ ကျော်ခန့်ဖြစ်ကြောင်း တွေ့ရှိမှတ်သား အဖြေထွက်လာခဲ့တော့၏။
ref: History of Technology: The Role of Metal by Stuart J. Fleming, Helen R. Schenck
၁၉၄၀ ခုနှစ်တွင် အမေရိကန်နိုင်ငံ ၌ အင်ဂျင်နီယာတစ်ဦးဖြစ်သူ ဝီးလာ့ဒ်အက်ဖ်အမ်ဂရေး ဆိုသူသည် ထိုအိုးပုံစံအတိုင်းလေ့လာတည်ဆောက်စမ်းသပ်ခဲ့လေရာ ယင်းအိုးသည် ဗို့ဝက် (.5 volt ) ရှိသော လျှပ်စစ်ဓါတ်ကို ထုတ်လွှတ်လျက်ရှိကြောင်း တွေ့ရှိခဲ့ရ၏ ။ ဤအချက်ကို ထောက်ခြင်းဖြင့် လွန်ခဲ့ သော နှစ်ပေါင်း ၄၅၀၀ ကျော်၌ ပင်လျှင် လျှပ်စစ်ဘက်ထရီအိုးများ အသုံးပြုခဲ့လေခြင်းအား တွေ့ရှိကြခဲ့၏ ။
ref: http://greaterancestors.com/the-baghdad-battery-2/
ထို့အပြင် အီဂျစ်တို့၏ ရှေးဟောင်းနယ်မြေများအား လေ့လာခဲ့သော သုတေသနပညာရှင်တို့သည် ထူးဆန်းသော အချက်တစ်ခုကို တွေ့ရှိခဲ့ပြန်၏ ။ ယင်းမှာ အလင်းရောင်မရှိသည့် မြေအောက် သင်္ချိုင်းဂူများ ပိရမစ်များတို့၏ နံရံတွင် ရောင်စုံချယ်ထားသည့် လက်ယာမြောက် ဆွဲသားချက်များကို တွေ့ရှိခဲ့ရခြင်းဖြစ်၏ ။ ဤနေရာတွင် မေးခွန်းတစ်ခု ပေါ်လာခဲ့သည်မှာ " အလင်းရောင် လုံးဝမရှိသော ယင်းကဲ့သို့ နေရာမျိုးတွင် မည်သို့သော အလင်းရောင်ကို အသုံးပြုကာ ဤမျှ လက်ယာမြောက်သော ပုံများကို ဆွဲခဲ့ပါသနည်း " ဟူသည့် အမေးပင်ဖြစ်၏ ။ ဆီမီးတိုင်များကို အသုံးပြုခဲ့သည်ရှိသော် ယင်းမီးတိုင်တို့မှာ ကျပ်ခိုး သို့မဟုတ် မီးခိုး အမြောက်အများ ထွက်သော အရာများဖြစ်ခြင်းကြောင့် နံရံမျက်နှာချပ်တို့တွင် အခိုး အကျပ်များ ခြေရာအနေဖြစ် ရှိနေရမည် ဖြစ်သည် ။ သို့သော် ကျပ်ခိုးများ မီးခိုးများ၏ ခြေရာသဘောကို တစ်စတစ်လေမျှပင် မတွေ့ရှိခဲ့ကြပေ။ မှန်ချပ်များ အသုံးပြု၍ နေရောင်ယူမည်ဟု လေ့လာရန်လည်း ယင်းခေတ်တွင်မှန်ချပ်သည် ပြောင် လက် အောင် တိုက်ထားသော ကြေးပြားတစ်ချပ် သာဖြစ်သောကြောင့် လိုအပ်သောအလင်းကို ပေးစွမ်းနိုင်ခြင်းမရှိကြောင်း ဆို၏ ။
ဤအရာမှာ လျှပ်စစ်မီးသီးများ အသုံးပြုခဲ့သည်ကို ကောင်းစွာသက်သေပြနေလေတော့သည်။ ထိုအချက်ကို ထောက်ခံသည့် တူးဖေါ်တွေ့ရှိမှုသည် ဒင်ဒါရာဘုရားကျောင်း၌ နံရံတွင် ထွင်းထုထားသော ရုပ်ပုံများပင်ဖြစ်၏ ။ ထိုရုပ်ပုံများအား လေ့လာကြရာတွင် လျှပ်စစ်မီးသီးတစ်လုံး၏ လုပ်ဆောင်မှုကို ထွင်းထုထားကြောင်း တွေ့ရှိခဲ့လေတော့၏ ။
ref : https://en.m.wikipedia.org/wiki/Dendera_light
ထပ်မံလေ့လာရာတွင် လွန်ခဲ့သော နှစ်ပေါင်း ၁၇၀၀၀ တစ်သောင်း ခုနှစ်ထောင် ကြာမြင့်ပြီဆိုသော အဆောက်အဦးတို့၏ အပျက်အဆီးများအား သိပ္ပံပညာရှင်တို့တွေ့ရှိခဲ့လေ၏ ။ ထိုအဆောက်အဦး ပျက်မှာ ပူးမားပန်ခု အဆောက်အဦးပျက်ပင်ဖြစ်၏ ။ ထိုအဆောက်အဦးသည် တောင်အမေရိကတိုက် ဗိုလီဗီးယားနိုင်ငံ တီဝနာ့လု ဒေသတွင် တည်ရှိလေ၏ ။
ယင်းအဆောက်အဦး၏ တည်ဆောက်ပုံသည် ယခုခေတ်သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာ တို့ပင်လျှင် လက်ဖျားခါခဲ့ရသော နည်းပညာတစ်ရပ်ဖြစ်ကြောင်းသာမက ၄င်းအတိုင်းပင် တည် ဆောက်နိုင်ခြင်းငှာမရှိကြောင်း အင်ဂျင်နီယာတို့ပင်လျှင် ဝန်ခံခဲ့ရလေ၏ ။ အသုံးပြုထားသော အုတ်ချပ်များမှာ ကျောက်ဆစ်များအား ထွင်ထုထားခြင်းမဟုတ်ပဲ အလွန်ညီညာသော အစဉ်ကျကျ အလွန်မြင့်မားသည် နည်းပညာဖြင့် လျှာထိုး အကန့်ကို အသုံးပြုကာ ဖျက်တောက်ထားခြင်းဖြစ်ပြီး အတိုင်းအတာ အကွာအဝေးတို့မှာမူ အဆင့်အတန်းမြင့်မားသည် တွက်ချက်မှုတို့ဖြင့် တည်ဆောက် ရသော အုတ်ချပ်များဖြစ်ကြောင်း ဖေါ်ပြ၏ ။ အင်ဂျင်နီယာတို့ပင်လျှင် ဤကဲ့သို့ အဆောက်အအုံ ဖွဲ့စည်းမှုများအား " ကျွန်ပ်တို့ပင် ယခုတိုင် လုပ်နိုင်ခြင်းမရှိပါ " ဟု ဝန်ခံရလေသည် ။
ref: https://en.m.wikipedia.org/wiki/Pumapunku
ထိုတွင်သာမက ထပ်မံ၍ ထူးဆန်းသောအရာတစ်ခုကို ဂရိနိုင်ငံပိုင် အန်တီကစ်သီးရား ကျွန်းအနီးတွင် ပင်လယ်ပြင်ထွက် ရေမြှုပ်ငုပ်သမားတစ်စုသည် ရေငုပ်ပြီး ရေမြှုပ်များ စုဆောင်းနေစဉ်တွင် ရှေးဟောင်းသင်္ဘောပျက်တစ်စီးမှ လွန်ခဲ့သော နှစ် ၂၀၀၀ ကျော် ရှေးဟောင်းပစ္စည်းတစ်ခုကို တွေ့ရှိခဲ့ရ၏ ။ ယင်းပစ္စည်းမှာ ကြေးညိုဖြစ် ပြုလုပ်ထားသည့် ပစ္စည်းတစ်ခုဖြစ်ပြီးး နောက်ပိုင်းတွင် လေ့လာအတည်ပြုခဲ့သည်မှာ လွန်ခဲ့သော နှစ် ၂၀၀၀ ခန့်က အသုံးပြုခဲ့သော နက္ခတ္တဗေဒတွင် အသုံးပြုသည့် ကိရိယာတစ်ခုဖြစ်ပြီး အာကာသအဖြစ်အပျက်များကို တွက်ချက်သည့် ကွန်ပျူတာ အစိတ်အပိုင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့လေသည် ။ အခြားအစိတ်အပိုင်းများကိုလည်း ထပ်မံတွေ့ရှိ ခဲ့လေရာ တစ်ခုခြင်းအား လေ့လာ ဆက်စပ်၍ မူကိုယူလျက် တည်ဆောက်ခဲ့ခြင်းဖြစ် အဖြေထုတ် ခဲ့ခြင်းဖြစ်၏ ။ ထိုအဖြေကို ဒီရက်ခ် ပရိုက်စ်က ဖေါ်ဆောင်ခဲ့ပြီး ယနေ့အချိန်တွင် ဂရိနိုင်ငံ အေသင်မြို့ရှိ ဂရိအမျိုးသား ရှေးဟောင်းသုတေသန ပြတိုက်တွင် ထားရှိထားကြောင်း သိရ၏ ။
ref: https://en.m.wikipedia.org/wiki/Antikythera_mechanism
ထိုကဲ့သို့ ကွန်ပျူတာ ပစ္စည်းအား လွန်ခဲ့သည့် နှစ်ပေါင်း ၁၇၀၀၀ ။ ၅၀၀၀ ။ ၄၅၀၀ အစရှိသည့် နှစ် များ အတွင်း၌ နည်းပညာများ မည်ကဲ့သို့ တိုးတက်လျက်ရှိကြောင်းအား သိပ္ပံပညာရှင် တို့အံ့သြလျ က်ရှိစဉ်၌ပင် ထပ်မံထူးခြားသော အရာတစ်ခုကို တွေ့ရှိကြပြန်လေသည်။ ထိုအရာမှာ ကမ္ဘာမြေပြင်၌ အလွန်ညီညာ၍ ရည်ရွယ်ချက်ဖြင့် ရေးဆွဲထားသော အလွန်ကြီးမားသည် မျဉ်းများပင်ဖြစ်လေတော့၏ ။ မြေပြင်၌ ကြည့်လျှင် မမြင်နိုင်ပါသော်လည်း အလွန်မြင့်မားသည့် ဂြိုလ်တုမှ ဆွဲ၍ ကြည့်ပါမှ တွေ့မြင် နိုင်သော ပုံစံကွက် မျဉ်းကြောင်းများပင်ဖြစ်သည် ။ ထိုမျဉ်းများတွင် လူပုံများ လှည်းဘီးပုံများ မျောက်ပုံများနှင့် ချိန်တီးပုံများ ငါးပုံများကို လက်ယာမြောက်စွာ ရေးဆွဲထားခြင်းဖြစ်သည်။ တောင်အမေရိက ပီရူးနိုင်ငံ နက်ကာလွင်ပြင်တွင် သာမက ကျောက်တုံးကျောက်တောင်ထူထပ်သည့် ကန္တာရမြေများတွင်လည်း ပုံစံကျစွာ တွေ့ရှိရ၏။
ဆီးရီးယားမှ ဂျော်ဒန်နိုင်ငံအထိ ဖြန့်ကျက်တည်ရှိသော ပုံများကို ဂြိုလ်ထုမှ လေ့လာတွေ့ရှိရလေရာ ယခုအချိန်အခါထိပင်လျှင် ပုံစံကျသော ရုပ်ပုံလွှာများ ကမ္ဘာအရပ်ရပ်၌ တည်ရှိနေကြောင်း လေ့လာတွေ့ရှိကြ၏ ။ ဤနေရာ၌ ပညာရှင်တို့စဉ်းစားမရသည်မှာ အမြင့်မှ ကြည့်၍မြင်နိုင်သော ရုပ်ပုံများကို လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ကျော်မှ လူတို့သည် အဘယ်ကြောင့် ရေးဆွဲနိုင် ခဲ့ကြ သနည်း ။ အဘယ်ရည်ရွယ်ချက်နည်း ။ ထို့အပြင် ၄င်းခေတ်ကပင်လျှင် အာကာသနှင့် စကြာဝဠာများ အပေါ်သို့တိုင် ရောက်ရှိနိုင်လောက်အောင် နည်းပညာများ ထွန်းကားနေသည်လောဟု အတွေး များဖြစ်နေရလေ၏ ။ ယခုအချိန်ထိ အဖြေရှာမတွေ့သေးပေ ။ ref: Peru Nazca Lines
သိပ္ပံပညာရှင်တို့၏ အဆိုအရ ဤကဲ့သို့ နည်းပညာများတိုးတက်ခဲ့သည်ဆိုပါက ယခုခေတ်အခါ၌ နူကလီးယား စစ်ပွဲဖြစ်နိုင်၍ လူမျိုးသုန်းနိုင်ကြောင်း အတွေ့အကြုံသစ်ကို ဖေါ်ပြ၏ ။
ထိုအတွေ့အကြုံမှာ လွန်ခဲ့သော နှစ်ပေါင်း ၈၀၀၀ ကျော်က နူကလီယားစစ်ပွဲများဖြစ်ခဲ့ရာ လူသား အရင်းအမြစ်များ မျိုးသုန်းခဲ့ရသည်ဟု သိပ္ပံပညာရှင်တို့က ယူဆထားသောကြောင့်ဖြစ်၏ ။ ထိုစစ်ပွဲဖြစ်ခြင်းအား ထောက်ခံသော အချက်သည် မက်ဆိုပိုတေးမီးယားတွင်တည်ရှိသည့် ယူဖရေးတီး တောင်ကြား ဒေသ၌ တူးဖေါ်ရရှိခဲ့သော အစိမ်းရောင် ဖန်ချပ်များပင်ဖြစ်လေသည် ။ ထိုဖန်ချပ်များ၏ သက်တမ်းသည် တွက်ချက်မှုအရ လွန်ခဲ့သော နှစ်ပေါင်း ၈၀၀၀ ကျော်ကဟု ဖေါ်ပြ၏ ။ ထိုဖန်ချပ်သည် သဘာဝတွင်းထွက်ပစ္စည်းမဟုတ်ကြောင်းအတည်ပြုခဲ့လေရာ ထိုဖန်ချပ်မျိုးကဲ့သို့ ဖြစ်ပေါ်ရရှိရန်မှာမူ အနုမြူဗုံးဒဏ်၏ ပေါက်ကွဲမှုကြောင့်မှသာ ရရှိနိုင်ကြောင်း တစ်လမ်းတည်းကို သာတွေ့ရှိရ၏။ ref: http://www.theguardian.com/world/2003/apr/02/iraq.writersoniraq
ကမ္ဘာ့ပထမဆုံး အနုမြူဗုံးစမ်းသပ်မှုကို အမေရိကန်နိုင်ငံ နယူးမက်ဆီကိုသဲကန္တာရအတွင်း ၁၉၄၅ ခုနှစ် ဇူလိုင်လ ၁၆ ရက်တွင် စမ်းသပ်ခဲ့လေရာ ထွက်ပေါ်လာသောအပူရှိန်ကြောင့် သဲများ အရည် ပျော်ကာ အထက်ပါ အစိမ်းရောင်ဖန်ချပ်များအဖြစ် ပြောင်းလဲသွားကြောင်း လေ့လာတွေ့ရှိခဲ့၏။ ယခုမူ တူးဖေါ်ရရှိခဲ့သော နှစ်ပေါင်း ၈၀၀၀ ကျော်မှ ဖန်ချပ်သည်လည်း ထိုအမျိုးအစားနှင့် တစ်ထပ်တည်းတူနေကြောင်းတွေ့ရှိရသည့်အပြင် တွင်းထွက် ဓါတ်သတ္ထုပညာရှင်များကလည်း တွင်းထွက်ပစ္စည်းမဟုတ်ကြောင်းကိုအတည်ပြုဖေါ်ပြခဲ့ကြလေရာ ထိုအစိမ်းရောင် ကျောက်များအား ထိုပညာရှင်တို့က အထူး စိတ်ဝင်စားလျက်ရှိကြ၏ ။
၁၉၉၆ ခုနှစ်တွင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ရှိသော ပြတိုက်တစ်ခု၌ ထားသည့် ကမ္ဘာကျော် ဖါရို ဘုရင်တစ်ပါးဖြစ်သူ ဘုရင်လေး တူတန်ခမန်၏ အလောင်းတော်ပေါ်မှ ဝတ်ဆင်ထားသော ရင်လွှမ်း တန်ဆာတစ်ခုတွင် ထူးထူးခြားခြား ၄င်း ကျောက်တစ်ခုရှိကြောင်းကို တွေ့ရှိရပြန်လေသည်။ ထိုအချက်များကို ထောက်ကာ သိပ္ပံပညာရှင်တို့က လွန်ခဲ့သော နှစ်ပေါင်း ၈၀၀၀ ကျော်ကအခါ နူကလီးယား စစ်ပွဲများဖြစ်ခဲ့ကြပြီး လူသားအရင်းအမြစ်များ မျိုးသုန်းခဲ့လေရာ ယခုအခါမှ တစ်ဖန် ပေါ်ပေါက်လာရ၍ ယခုခေတ် တိုးတက်မှုတို့သည် ယခင်က တိုးတက်မှုများနှင့် နှိုင်းယှဉ်ပါက ကျောက်ခေတ်ကို ကျော်ရုံသာဖြစ်သည့် ယဉ်ကျေးမှုစတင်သောခေတ်လောက်တာရှိသေးကြောင်း မှန်းဆထုတ်ဖ်ါပြောကြားထားသည်များအား လေ့လာသိရှိသမျှ ဆက်စပ်၍ ရေးသား တင်ပြလိုက်ရပါတော့၏။
ဗဟုသုတရရှိနိုင်ကြပါစေခင်ဗျာ ။
#htoohtoolay

Comments
Post a Comment