Skip to main content

မိ​​​​​​​​​​ေကျာင်း

မိ​ကျောင်း
-----
 မိကျောင်းသည် မျက်မှောက်ခေတ်အထိ သက်ရှိအကြီးဆုံး တွားသွားကောင်များထဲတွင် အပါအ ဝင်ဖြစ်သည် ။ ရက်စက်ကြမ်းကြုတ်၍ စက်ဆုပ်ရွံရှာဖွယ် ကောင်းသော သတ္တဝါလည်းဖြစ်သည် ။ ကမ္ဘာအရပ်ရပ်က အပူပိုင်းဒေသများရှိ မြစ် ၊ ချောင်း ၊ အင်း ၊ အိုင်နှင့် ညွှန်ပျောင်း ပေါသော ကမ်းရိုးတလျှောက်တွင် နေထိုင်သည် ။ အသားစား သတ္တဝါကြီးများ ဖြစ်သည့်အားလျော်စွာ လူနှင့် တိရစ္ဆာန် များကို ရန်မူတတ်သည် ။ 

မိကျောင်းတွင် မိကျောင်းခေါင်းရှည်နှင့် မိချောင်း ခေါင်းတိုဟူ၍ နှစ်မျိုးရှိသည် ။ မိကျောင်းခေါင်းရှည်သည် ပါဏဗေဒအလိုအားဖြင့် ကရော့ကိုဒီလီယာမျိုးစဉ်တွင် ကရော့ကိုဒီလီဒီမျိုးရင်း၌ ပါဝင်၍ ကရော့ကိုဒီလပ် နိလိုတီကပ် ဟုခေါ်သည် ။ ရှည်သောဦးခေါင်းနှင့် ချွန်သော နှာတံ ရှိသောကြောင့် ယင်းကို မိကျောင်း ခေါင်းရှည်ဟု မိကျောင်း ခေါင်းတိုမှ ခွဲခြား၍ခေါ် ရသည် ။ မိကျောင်း ခေါင်းရှည်နှင့် မိကျောင်းခေါင်းတိုတို့သည် အလွန်တူကြသဖြင့် မကြာခဏ မှားတတ်ကြသည် ။ သို့သော် အသေအချာကြည့်လျှင် ကွဲ ပြားခြားနားချက်များ ရှိသည်ကို တွေ့ရသည် ။

မိကျောင်း ခေါင်းတို၏ ဦးခေါင်းသည် ကျယ်ပြန့်လျက် တို၍ဝိုင်းသော နှာတံရှိသောကြောင့် မိကျောင်းခေါင်းတိုဟု ခေါ်သည် ။ မိကျောင်းခေါင်းရှည်၏ စတုတ္ထအောက်သွားသည် အခြား သွားများထက် ရှည်ထွက်လျက်ရှိရာ ပါးစပ်ပိတ်လိုက်သည့် အခါ အထက်မေးရိုးအပြင်ဖက်သို့ ထွက်လာပြီးသော် မြောင်းကလေးအတိုင်း အံကျ ရှိနေလေသည် ။ မိကျောင်းခေါင်းတို၏ စတုတ္ထအောက်သွားသည်လည်း အခြားသွား များထက် ရှည်၏ ။ သို့သော် ပါးစပ်ပိတ်လိုက်သည့်အခါ အ ထက်မေးရိုးရှိ တွင်းကလေးထဲသို့ အံကျဝင်နေလေသည် ။ မိကျောင်းခေါင်းရှည်၏ နှာခေါင်းနှင့် မျက်လုံးများသည် မျက်နှာပေါ်တွင် မို့တက်လျက်ရှိသည် ။ ယင်းတို့သည် တခါ တရံ ရေပေါ်၌ နှာခေါင်းနှင့် မျက်လုံးများကိုသာ ဖော်၍ နေတတ်ရာ ရှည်လျားသော သစ်လုံးများ မျောနေဘိသကဲ့သို့ ထင်ရသည် ။ သို့ဖြင့် ကိုယ်ခန္ဓာသည် ရေအောက်၌ရှိနေ သော်လည်း အသက်ရှူနိုင်ပြီးလျှင် ပတ်ဝန်းကျင်ရှိ အစာဖြစ်သော သတ္တဝါများကို ကောင်းစွာမြင်နိုင်သည် ။ 

မိကျောင်း ခေါင်းရှည်သည် ရေအောက်၌ လုံးလုံးမနေနိုင်ပေ ။ တနာရီ တနာရီကျော်ကျော်မျှသာနေ၍ အသက်ရှူရန်အတွက် ရေ မျက်နှာပြင်သို့ မကြာခဏ တက်လာရသည် ။ ။ ( မိကျောင်းခေါင်းရှည်သည် များသောအားဖြင့် ငါး ၊ လိပ် နှင့် ရေငှက်များကို ဖမ်း၍ အကောင်လိုက် မျိုချတတ်သည် ။ ကမ်းနဖူးသို့ ရေသောက်ရန်ဆင်းလာသော တိရစ္ဆာန်များ ကိုလည်း ဖမ်းယူစားသောက်တတ်သည် ။ အချို့ကား လူ သားစားဖြစ်ကြ၏ ။

 ရေတွင် မဆိုထားဘိ ကုန်းပေါ်တွင်ပင် မိကျောင်းခေါင်းရှည်သည် တိရစ္ဆာန်များကို လျင်မြန်ဖျတ် လတ်စွာလိုက်၍ အမြီးဖြင့်ရိုက်ကာ ဖမ်းယူတတ်သည် ။ မိကျောင်းခေါင်းရှည်သည် မိကျောင်းခေါင်းတိုတို့ထက် ပို၍ ရန်မူ တတ်လေသည် ။ အခြားတွားသွားကောင်များကဲ့သို့ မိကျောင်းခေါင်းရှည် အမသည် ကြက်ဥသာသာကြီးသော ဥပေါင်း ၃၀ မှ ၆၀ အထိ အုသည် ။ အချို့က ဥများကို ချုံများကြား၌ သစ်ရွက် သစ်ကိုင်းများဖြင့် လုပ်သော အသိုက်များတွင် ထားတတ် ၍ အချို့က ကမ်းစပ်သဲသောင်များ၌ တွင်းတူး၍ မြှုပ်နှံ ထားတတ်သည် ။

အချို့သောမိကျောင်းမျိုးတွင် အမသည် ဥများကို ပေါက်လာသည်အထိ အနားတွင်နေ၍ စောင့် ရှောက်သည် ။ ဥများသည် နေရောင်နှင့် အထက်မှဖုံးအုပ် လျက်ရှိသော ဆွေးမြည့်နေသည့် သစ်ရွက်သစ်ကိုင်းများ၏ အပူရှိန်ကြောင့် ၂ လမျှအကြာတွင် မိကျောင်းငယ်များ ပေါက်လာသည် ။ ပေါက်ချိန်တန်လာသောအခါ ဥများအတွင်းမှ ချောင်းဆိုးသံကဲ့သို့ မြည်သံကြားရ၏ ။ ထိုအခါ မိကျောင်းမသည် ဥများကို ဖုံးအုပ်ထားသည့် သဲများနှင့် သစ် ဆွေးများကို ဖယ်ရှားပေးလိုက်ရာတွင် မိကျောင်းငယ်ကလေးများသည် နှာတံထိပ်ရှိ အချွန်ကလေးဖြင့် ဥကိုဖောက် ၍ ထွက်လာကြသည် ။ ထိုအချွန်သည် မကြာမီ ကျိုးသွား၏ ။ ဥမှပေါက်စ မိကျောင်းကလေးများသည် ၈ လက်မခန့်သာ ရှိ၍ မိခင်မိကျောင်းမက ချက်ခြင်းပင် ရေထဲသို့ ခေါ်ဆောင် သွားလေသည် ။ ပဌမတွင် တလလျှင် တလက်မခန့် ကြီးထွားလာ၍ ၅ နှစ်သားအရွယ်သို့ရောက်သောအခါ ၆ ပေခန့် ရှည်လာသည် ။ ထိုနောက် တဖြည်းဖြည်း ကြီးပြင်းလာရာ အချို့မှာ ပေ ၂၀ မှ ၃၀ အထိပင် ရှည်တတ်လေသည် ။ မိကျောင်းခေါင်းရှည်များသည် နှစ်ပေါင်း တရာကျော်မျှ အသက်ရှည်ကြလေသည် ။

မိကျောင်းခေါင်းရှည်၏ ကျောနှင့် လည်ပင်းတွင် အလွန် မာ၍ ကြမ်းတမ်းသောအရေထူကြီးဖြင့် ဖုံးအုပ်လျက်ရှိသည် သို့သော် ဝမ်းပိုက်နှင့် နံဘေးတွင်ရှိသော အရေသည် ထိုမျှလောက် မမာချေ ။ ဝမ်းပိုက်နှင့် နံဘေးမှအရေများကို ပထမ တန်းစား သားရေများပြုလုပ်၍ သားရေအိတ်နှင့် ရှူးဖိနပ် များ ချုပ်လုပ်ရာ၌ အသုံးပြုကြသည် ။ မိကျောင်းသားရေ သည် အလွန်လှပ၍ ကြာရှည်လည်း ခံသည် ။ ထိုကြောင့် မိကျောင်းများကို သားရေရရှိရေးအတွက် အမြောက်အမြား ဖမ်းဆီးသတ်ဖြတ်ကြသည် ။

မိကျောင်းခေါင်းရှည်သည် ကမ္ဘာ အရှေ့လုံးခြမ်း သတ္တဝါ ဖြစ်၍ အာဖရိကတိုက် ၊ အာရှတိုက် ၊ မလ္လာယုကျွန်းစုနှင့် ဩစတြေးလီးယား မြောက်ပိုင်းတို့တွင် အများအပြား ကျက်စားကြသည် ။ အချို့ကို အမေရိကတိုက် အလယ်ပိုင်းတွင် တွေ့ရသည် ။ ရေငန်မိကျောင်းများကို အိန္ဒိယတောင်ပိုင်း ၊ မြန်မာနိုင်ငံ ၊ မလ္လာယုကျွန်းစု မြစ်ဝများတွင် တွေ့ရသည် ။ အကြီးဆုံးမျိုးဖြစ်သည့် အိန္ဒိယမိကျောင်းသည် ပေ ၃၀ ထိ ရှည်သည် ။ သို့သော်လည်း ကြောက်တတ်သဖြင့် ငါးများကို သာစားသည် ။

 နိုင်းမြစ်တွင် တွေ့ရသော အာဖရိက မိကျောင်းကား လူသားစား မိကျောင်း ဖြစ်သဖြင့် ကြောက် မက်ဖွယ်ကောင်းပေသည် ။ ရှေးအီဂျစ်လူမျိုးတို့ သည် နိုင်း မြစ်အတွင်းရှိ မိကျောင်းများကို ကိုးကွယ်ခဲ့ကြ၏ ။ သို့သော် ယခုအခါ ထိုအလေ့အထ မရှိတော့ပေ ။ မိကျောင်း၏လျှာသည် အခြား တိရစ္ဆာန်များ၏ လျှာ များကဲ့သို့ အပြင်သို့မထုတ်နိုင် ။ လှုပ်ရှားမှုလည်း မပြုနိုင်ဘဲ ပါးစပ်အောက်ခြေတွင် အသေကပ်လျက်ရှိသည် ။ မိကျောင်းတွင် ကတိုးရည်စိမ့်ထွက်သော ဂလင်းနှစ်စုံရှိရာ ထို ကတိုးဂလင်းများကို ရေမွှေးပြုလုပ်ရာ၌ အသုံးပြုကြသည် ။ မိကျောင်းဆီကိုလည်း လူတို့အသုံးပြုကြသည် ။ မိကျောင်းခေါင်းတိုကို အမေရိကန်ပြည်ထောင်စု၏ အရှေ့တောင်ပိုင်းပြည်နယ်များရှိ မြစ်များနှင့် တရုတ်နိုင်ငံ ယန်ဆီမြစ်၌သာ တွေ့ရ၍ အခြားဒေသ၌ မတွေ့ရပေ ။ တရုတ် မိကျောင်းခေါင်းတိုနှင့် အမေရိကန် မိကျောင်းခေါင်းတို သည် အသွင်အပြင်နှင့်တကွ အလေ့အထပါ များစွာတူ သည် ။

မိကျောင်းခေါင်းတိုတို့သည် ကိုယ်အလျား ၁၂ ပေမှ ၁၅ ပေ အထိ ရှည်တတ်သည် ။ မိကျောင်းခေါင်းတိုသည် ကရော့ကိုဒီလီယာမျိုးစဉ်တွင် အယ်လီဂေတိုရီဒီမျိုးရင်း၌ ပါဝင်၍ ပါဏဗေဒ အမည်အား ဖြင့် အယ်လီဂေတို မစ်စစ်စပီယန်ဆစ် ဟုခေါ်သည် ။ ကိုရီလီယာမျိုးစဉ်မိကျောင်းခေါင်းတိုတို့၌ တိုလွန်းသော ခြေထောက်များနှင့် ကြီးမားသော ကိုယ်ထည်ရှိသောကြောင့် ကုန်းပေါ်တွင် အသွားအလာနှေးကွေးသည့်ပြင် ကိုးရိုးကားရား နိုင်လှပေသည် ။ မိကျောင်းခေါင်းတိုတို့သည် အများအားဖြင့် ငါး ၊ ဂဏန်း ၊ ပုစွန်ဆိတ်နှင့် တွားသွားကောင်ကလေးများကို ရှာဖွေ စားသောက်သည် ။ သို့သော် ခွေးများနှင့် အခြား ခြေလေး ချောင်းသတ္တဝါများကိုလည်း စားတတ်သည် ။

 မိကျောင်းခေါင်းတို အမသည် မြက်များ ၊ သစ်ရွက် သစ် ကိုင်းများဖြင့် အမြင့် ၃ ပေ ၊ ပြက် ၇ ပေ ခန့်ရှိသော အသိုက် ကို ကမ်းနဖူးတွင်ပြုလုပ်၍ အသိုက်အလယ်တွင် ကြက်ဥသာ သာရှိသော ဥများကို ဥပေါင်း ၄၀ မှ ၅၀ အထိ အုတတ် သည် ။ ရက်သတ္တပတ် ၉ ပတ်ခန့် အကြာတွင် သားငယ် များပေါက်လာ၍ ပေါက်စတွင် ၈ လက်မခန့်သာ ရှိသည် ။ သားငယ်များသည်ရေထဲ၌ မိခင်နောက်သို့ တကောက် ကောက်လိုက်နေပြီးသော် အတော်အတန် ကြီးပြင်းလာမှ ခွဲထွက်သွားကြသည် ။ မိကျောင်းခေါင်းတို့သည် အသက် ၅၀ မှ ၆၀ အထိ ရှည်သည် ။ 

မိကျောင်းခေါင်းတိုတို့၏ သားရေကိုလည်း လှပ၍ ကြာရှည် ခံသောကြောင့် အဖိုးတန်ဖိနပ်များ ၊ လက်အိတ်နှင့် အခြား ပစ္စည်းများ ချုပ်လုပ်ရာ၌ အသုံးပြုကြသည် ။ သားရေ အတွက် ယင်းတို့အား ဖမ်းဆီး သတ်ဖြတ်ကြသောကြောင့် တ ဖြည်းဖြည်း နည်းပါးလာလေသည် ။ ယခုအခါ မြောက်အမေရိကတိုက် ဖလော်ရီဒါပြည်နယ်၌ မိကျောင်းခေါင်းတို များကို ခြံခတ်၍ မွေးမြူထားကြသည် ။

 #htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...