ရှေးဟောင်း ရုပ်ကြွင်းတွေကို သက်တမ်းဘယ်လို တွက်ချက် စစ်ယူတာလဲ ?
-----
ဒီစကားဟာ အင်မတန်မှ စိတ်ဝင်စားစရာကောင်းတဲ့အမေးတစ်ခုပါ ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တွေဟာ တူးဖေါ်ရရှိလာတဲ့ ရုပ်ကြွင်းတွေနဲ့ အဆောက်အဦးတွေ , ဗိသုကာလက်ရာတွေကနေမှ အစရှိတဲ့ အရာတွေကို သက်တမ်းတွက်ချက်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းဘယ်လောက်ဆိုတဲ့ အချက်ကို ဖေါ်ညွှန်းကြတယ်ဆိုတာ သိထားပြီးဖြစ်တယ် ။ ဒါပေမယ့် အဲ့ဒီ့ သက်တမ်းကို ကျွန်တော်တို့ ဘယ်လို စစ်ကြည့်လို့သိတာလဲဆိုတာတော့ အသေအခြာ သိသူတွေ ရှားပါးလှပါတယ် ။ ကျွန်တော်တို့ အကြမ်းဖျင်း သိရှိထားတာကတော့ ကာဗွန်စစ်ဆေးမှုကနေ သိကြရတယ်လို့ ဒီလို နားလည်ထားကြတယ် ။ ဒါကြောင့်မို့ ဒီ post ကတော့ သက်တမ်းတွက်ချက်နည်းကို အနည်းငယ် လေ့လာမှာဖြစ်ပါတယ် ။
အဲ့ဒီ့လို သက်တမ်းတွက်ချက်နည်းများ လေ့လာကြည့်မယ်ဆိုရင် ရှေ့ဦးဆုံး ကာဗွန်(၁၄)အိုင်ဆိုတုပ် အကြောင်းကို သိရှိဖို့ လိုပါတယ် ။
အက်တမ်တစ်ခုဟာ မူလအခြေခံ ဖွဲ့စည်းမှုကနေ အခြေနေတစ်ခုကြောင့် နယူထရွန်တစ်လုံး ဒါမှမဟုတ် အများ ပိုလာတဲ့ အခြေနေကို ရောက်လာပြီဆိုပါစို့ ။ အဲ့ဒီ့အခြေနေဟာ အဲ့ဒီ့ အက်တမ်အတွက် မတည်ငြိမ်တဲ့ အခြေနေဖြစ်တယ် ။ အဲ့ဒီ့ အခြေအနေမှာ မူလအခြေအနေကနေ ပြောင်းလဲဖို့အတွက် အက်တမ်ကနေ အမှုန့်များ ထုတ်လွှတ်ခြင်းကို ရေဒီယို သတ္ထုကြွခြင်းလို့ ဒီလိုခေါ်ပါတယ် ။ တစ်ခါ အဲ့ဒီလို ပြိုကွဲနေချိန်မှာ စွမ်းအင်နဲ့ လျှပ်စစ်ဆောင်အမှုန့်များ ထုတ်လွှတ်နေခြင်းကို ရောင်ခြည် ဖြာထွက်ခြင်းလို့ ခေါ်တယ် ။
အိုင်ဆိုတုပ်ဆိုတာမှာ အက်တမ်အမှတ်စဉ် တူညီပေမယ့် အက်တမ်ရဲ့ ဒြပ်ထု ဒါမှမဟုတ် အလေးချိန်များ မတူညီတဲ့ ဒြပ်စင်တစ်ခုရဲ့ အသွင်ကွဲများ ဖြစ်တယ် ။ အခုက ကာဗွန် အိုင်ဆိုတုပ် ဖြစ်တဲ့အတွက် သူတို့ဟာ အမှုန့်များ ထုတ်လွှတ်ခြင်း ဒါမှမဟုတ် လေဒီယို သတ္ထုကြွခြင်းနဲ့ နိုက်ထရိုဂျင် အက်တမ်အဖြစ်ကို ပြောင်းလဲနေတာဖြစ်ပါတယ် ။ အဲ့ဒီလို ပြောင်းလဲခြင်းအား သက်တမ်းဝက်ဆိုတဲ့ အတိုင်းအတာနဲ့ ဖေါ်ပြလေ့ ရှိပါတယ် ။ ကာဗွန် ၁၄ ရဲ့ သက်တမ်းဝက်ဟာ (၅၃၇၀)နှစ် ဖြစ်တယ် ။
နားလည်အောင် ဥပမာနဲ့ ပြောရရင်တော့ သေတ္တာတစ်လုံးထဲမှာ ကာဗွန် ၁၄ အိုင်ဆိုတုပ် တွေကို အပြည့် ထည့်ထားမယ်ဆိုပါစို့ ။ နှစ်ပေါင်း ၅၃၇၀ ကြာတဲ့အခါ အဲ့ဒီ့ သေတ္တာကို ပြန့်ဖွင့်ကြည့်လိုက်မယ်ဆိုရင် အထဲမှာထည့်ထားတဲ့ အိုင်ဆိုတုပ်တွေဟာ တစ်ဝက်ပဲ ကျန်တော့မှာဖြစ်တယ်လို့ ဒီလိုဆိုတာဖြစ်တယ် ။
သက်တမ်းမသိရတဲ့ သေတ္တာတစ်လုံးထဲမှာ အိုက်ဆိုတုပ် ၁၀၀ ထည့်ထားမယ်ဆိုရင် နောက်တစ်ကြိမ် အဲ့သေတ္တာကို ပြန်ကြည့်လို့ အိုင်ဆိုတုပ်တွေက ၅၀ ပဲ ကျန်နေတယ်ဆိုရင်တော့ ဒီသေတ္တာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၃၇၀ ကဖြစ်တယ်ဆိုတာကို သိရမှာဖြစ်ပါတယ် ။
ကာဗွန်အိုင်ဆိုတုပ်ဖြစ်လာရတဲ့ အခြေအနေကတော့ နေရောင်ခြည်က ထုတ်လွှတ်တဲ့ ကော့စမစ်ရောင်ခြည်ဆိုတာမှာ လျှပ်စစ်ဆောင်အမှုန့်များ ပါဝင်တဲ့ ဖြာထွက်ခြင်း စွမ်းအင်များ ဖြစ်ပါတယ် ။ အဲ့ဒီ့ ကော့စမစ်ရောင်ခြည်တို့ဟာ ကမ္ဘာ့လေထုအတွင်း အမြဲတမ်း ဝင်ရောက်နေတာကြောင့် အပင်များ , တိရိစ္ဆာန်များအပေါ်မှာ ကျရောက်လျက် ရှိနေပါတယ် ။ အဲ့ဒါကြောင့် အဲ့ဒီ့ ရောင်ခြည်တွေဟာ လေထုအတွင်းမှာရှိတဲ့ အက်တမ်တစ်လုံးနဲ့ တိုက်မိခြင်းဟာလဲ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်တယ် ။
အဲ့ဒီ့လို တိုက်မိခြင်းကြောင့် ဒုတိယ ကော့စမစ်ရောင်ခြည်လို့ ခေါ်တဲ့ စွမ်းအားမြင့် နယူထရွန်တစ်လုံး ထွက်ပေါ်ခဲ့တယ် ။ အဲ့ဒီ့ နယူထရွန်ဟာ လေထုထဲမှာရှိတဲ့ ပရိုတွန် ၇ လုံးနဲ့ နယူထရွန် ၇ လုံးရှိ နိုက်ထရိုဂျင်အက်တမ်နဲ့ တိုက်မိပြန်တယ် ။ အဲ့ဒီ့အခါ နိုက်ထရိုဂျင်အက်တမ်က စွမ်းအားမြင့် နယူထရွန်တစ်လုံးကို ဖမ်းယူလိုက်တဲ့အခါ အဲ့ဒီ့ ပရိုတွန် ၁ လုံး ဆုံးရှုံးလိုက်ရတဲ့အတွက် ပရိုတွန် ၆ လုံးနဲ့ နယူထရွန် ၈ လုံးရှိသော ကာဗွန် ၁၄ အက်တမ် ( ဒါမှမဟုတ် ) မတည်ငြိမ်သော ကာဗွန်အိုင်ဆိုတုပ်ဘဝကို ရောက်ရှိသွားတာ ဖြစ်ပါတယ် ။
အဲ့ဒီ့ အိုင်ဆိုတုပ်တွေဟာ လေထုထဲမှာရှိတဲ့ အောက်ဆီဂျင်နဲ့ ပေါင်းစပ်မိတဲ့အခါ လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုက် ဖြစ်ပေါ်လာပါတော့တယ် ။ လေထုထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို အပင်တွေက စုပ်ယူပြီး နေရောင်ခြည်နဲ့ အစာ ချက်တဲ့အခါ ကာဗွန်အိုက်ဆိုတုပ်တွေဟာ
အပင်တွေထဲကို ရောက်ရှိသွားပါတော့တယ် ။ အဲ့ဒီ့နောက် အပင်တွေကို လူတွေ တိရိစ္ဆာန်တွေက စားသုံးကြပြန်တော့ မတည်ငြိမ်တဲ့ ကာဗွန်အိုင်ဆိုတုပ်တွေက လူနဲ့ တိရိစ္ဆာန်တွေထဲကို ဝင်သွားရပြန်တော့တယ် ။ အဲ့ဒီလို အဆက်မပြတ်ဖြစ်ပေါ်နေတာကြောင့် အပင်များ လူများနဲ့ တိရိစ္ဆာန်များအတွင်းကို အိုင်ဆိုတုပ်တွေ ဝင်ရောက်သွားရတာပဲဖြစ်ပါတယ် ။
သူတို့ဟာ မတည့်ငြိမ်တဲ့ အက်တမ်တွေဖြစ်တာကြောင့် ဘီတာမှုန့် ထုတ်လွှတ်ခြင်းနဲ့ တစ်ဖြေးဖြေး လျော့နည်းနေကြပါတယ် ။ ဒါပေမယ့် အစာ စားခြင်းဖြင့် ကာဗွန် ၁၄ အိုင်ဆိုတုပ်များကို ဝင်ရောက်စေတဲ့အတွက် သက်ရှိများနဲ့ အပင်များအတွင်းမှာ တည်ရှိနေတဲ့ သူတို့တွေဟာ အမြဲတမ်း ကိန်းသေအဖြင့် တည်ရှိနေပါတော့တယ် ။ အဲ့ဒီ့နောက် အပင်များနဲ့ တိရိစ္ဆာန်များ သေဆုံးကြတဲ့အခါ ယင်းဖြစ်စဉ်ကြီးက ရပ်တန့်သွားခဲ့ပြီး ရုပ်ကြွင်းများမှာရှိတဲ့ ကာဗွန်အိုင်ဆိုတုပ်တွေက အဆက်မပြတ် ပြိုကွဲနေတဲ့အတွက် ပမာဏတွေဟာ လျှော့နည်းလာရပါတော့တယ် ။ သို့သော် သာမန်အချိုးတိုင်းရှိနေတဲ့ ကာဗွန်ပမာဏမှာတော့ တည်မြဲလျက် ရှိနေတယ် ။ သို့အတွက် အချိန်ကာလ တစ်ခုထိ ကြာမြင့်ခဲ့သော်လည်း တည်မြဲလျက်ရှိတဲ့ ကာဗွန်ပမာဏကို အခြေတည်ကာ နမူနာပစ္စည်းတစ်ခု စတင်သေဆုံးချိန်မှာ ကာဗွန်အိုင်ဆိုတုပ်တွေ မည်မျှ ရှိခဲ့သလဲဆိုတာနဲ့ တွက်ယူနိုင်မှာဖြစ်ပါတယ် ။ အပင်များ တိရိစ္ဆာန်များနဲ့ အခု ကျွန်တော်တို့ ခန္ဓာတွေမှာ ကာဗွန်အိုင်ဆိုတုပ်တွေ တည်ရှိနေကြတယ် ။ အဲ့ဒီ့ ကာဗွန်အိုင်ဆိုတုပ်တွေက ကျွန်တော်တို့ ရုပ်ကြွင်းတွေရဲ့ သက်တမ်းတွေကို ဖေါ်ပြပေးနိုင်မှာ ဖြစ်ပါတယ် ။
#htoohtoolay

Comments
Post a Comment