ဒုက္ခဆိုတဲ့ အကောင် !
----
တစ်ခါက အလွန်ကို နက်ရှိုင်းလှတဲ့ တောနက်ကြီးတစ်ခုထဲမှာ အင်မတန်မှ သီလ သမာဓိနဲ့ ပြီးပြည့်စုံတဲ့ ရသေ့ကြီး တစ်ပါး သီတင်းသုံး နေထိုင်နေသတဲ့ ။ အဲ့ ရသေ့ကြီးဟာ ဈာန်အဘိညာဏ်နဲ့ ပြည့်စုံတာကြောင့် ဆွမ်းခံထွက်တဲ့အခါ ရွာနီးစပ်နားထိ ဈာန်နဲ့ကြွကာ ရွာထဲ ဆွမ်းခံလေ့ ရှိတယ် ။ ရသေ့ကြီးဟာ သူ့ရဲ့ တစ်နပ်စာ စားဖွယ်အတွက် လုံလောက်ကာမျှဖြင့် ပိုလျှံတဲ့ ဆွမ်းတွေကို အနီးနားမှာရှိတဲ့ တိရိစ္ဆာန်လေးတွေအတွက် အမြဲတမ်း ကျွေးမွေးလေ့ရှိပါသတဲ့ ။
ရသေ့ကြီးဟာ တိရိစ္ဆာန်တို့ရဲ့ စကားကိုလဲ ကောင်းစွာ နားလည်နေတဲ့အတွက် တိရိစ္ဆာန်တို့ရဲ့ ကျင်လည်ရာ ဘဝအဖုံဖုံကို နှလုံးသွင်းဆင်ခြင်ရုံမျှဖြင့် ဒုက္ခ ဒုက္ခဆိုပြီး မည်တမ်းလေ့ ရှိသတဲ့ ။
ဒါ့အတူပဲ ရသေ့ကြီးဟာ ထင်းခွေတဲ့အခါလဲ ဒုက္ခပါကလား လို့ ဆင်ခြင်မည်တမ်းတယ် ။ ရေခပ်တဲ့အခါမှာလည်း ဒုက္ခလို့ နှုတ်က ရွတ်မိတယ် ။ အစာ စားတဲ့အခါ ညောင်းညာတဲ့အခါ အစရှိသလို အမှုတွေအပေါ် ဒုက္ခ , ဒုက္ခဆိုပြီး အမြဲတမ်း မည်တမ်းဆင်ခြင်လေ့ရှိပါသတဲ့ ။
ရသေ့ကြီးရဲ့ ဆွမ်းကျန်တွေကို လာရောက်စားလေ့ရှိကြတဲ့ တိရိစ္ဆာန်တွေထဲမှာ မျောက်လေးတစ်ကောင်လဲ ပါဝင်ပါတယ် ။ အဲ့မျောက်လေးကတော့ အခြား တိရိစ္ဆာန်တွေလို အစာ စားပြီးကာမျှဖြင့် လှည့်ပြန်သွားလေ့မရှိပဲ ရသေ့ကြီးရဲ့ အပြုအမူ အပြောအဆိုတွေကို နားစွင့်နေလေ့ရှိတယ် ။ သူ ဟာ ရသေ့ကြီးရဲ့ ဒုက္ခဆိုတဲ့ အသုံးအပေါ် အင်မတန်မှ စိတ်ဝင်စားနေပါတယ် ။ သူ့အတွက် ဒုက္ခဆိုတဲ့ အကောင်ကြီးကို တွေ့ချင်နေတယ် ။
တစ်နေ့တော့ အဲ့ဒီ့မျောက်လေးဟာ ရသေ့ကြီးအနားကို သွားပြီး ဒုက္ခဆိုတဲ့အကောင်ကြီးက ဘယ်လိုကောင်ကြီးလဲလို့ မေးလေသတဲ့ ။
ရသေ့ကြီးဟာ ဒီမျောက်လေးတော့ ငါရှင်းပြလည်း နားလည်မှာ မဟုတ်ပါဘူးဆိုပြီး မပြောတော့ပဲ လုပ်မြဲအမှုတွေကိုတာ လုပ်ကိုင်နေပါသတဲ့ ။ မျောက်လေးက အမြဲတမ်း အနားက မခွါပဲ ရသေ့ကြီးကို ဒုက္ခဆိုတဲ့အကောင် ဘယ်လိုအကောင်လဲဆိုပြီး မေးမြန်းနေသတဲ့ ။ ရသေ့ကြီးဟာ ကြာတော့ တရားလဲ ကောင်းကောင်း အားထုတ်မရ ဖြစ်လာတဲ့အခါ တစ်ခုခုတော့ လုပ်မှ ဖြစ်တော့မယ်ဆိုပြီး စဉ်းစားရပါတော့တယ် ။
ရသေ့ကြီးကပြောတယ် ။
အေးး မျောက်လေး မင်းဟာ ဒီအထုပ်လေးကို ယူသွား ။ အဲ့အထုပ်ထဲမှာ ဒုက္ခဆိုတဲ့အကောင်ရှိတယ် ။ အဲ့အထုပ်ကို ရေလယ်က ကျွန်းလေးပေါ်မှာ သွားဖွင့်ကြည့်ပါ ။ တစ်ခုတော့ မှာအုန်းမယ် ။ အဲ့ကျွန်းလေးမှာ မြင့်မားတဲ့ အပင်ကြီးတစ်ပင်ရှိတယ် ။ ဒုက္ခကို တွေ့တဲ့အခါ ညာဏ်ကိုလွှာပြီးသုံးပေါ့ တဲ့ ။
အဲ့လို ရသေ့ကြီးက မှာကြားလိုက်ပြီး အထုပ်ကြီးကို မျောက်လက်ထဲ ထည့်ပေးလိုက်သတဲ့ ။ မျောက်လေးခမျှာတော့ ဒုက္ခဆိုတဲ့ အကောင်ကို တွေ့ရတော့မယ်ဆိုပြီး အပျော်ကြီးပျော်ကာ အင်မတန် လေးလံလှတဲ့ အထုပ်ကြီးကို အပင်ပန်းခံပြီး ရေလယ်ကျွန်းဆီကို ယူသွားလေပါတော့တယ် ။
ကျွန်းအပေါ်လဲ ရောက်ရော အမောတောင်မဖြေနိုင်အားပဲ ဒုက္ခရှိတဲ့အထုပ်ကို ဖြေလိုက်သတဲ့ ။
အဲ့ဒီ့အခါ အထုပ်ထဲကနေ ထွက်လာတာက အင်မတန် ဗိုက်ဆာနေတဲ့ မြေခွေးတစ်ကောင်ဖြစ်နေတယ် ။ မျောက်လေးလဲ ကြောက်အားလန့်အားနဲ့ ကယ်ကြပါအုန်းလို့ အသွင်သွင်အော်ဟစ်ကာ ကျွန်းအပေါ်မှာ ပတ်ပြေးနေပါတော့တယ် ။ အနောက်က မြေခွေးကလဲ အဆက်မပျက်လိုက် ။ မျောက်ကလဲ သေရေးရှင်ရေးမို့ ဘာကိုမှ မစဉ်းစားနိုင်တော့ပဲ ကျွန်းလယ်က ကြီးမားတဲ့ သစ်ပင်ကြီးကို ပတ်ပြေးနေပါသတဲ့ ။ နောက်တော့မှ ရသေ့ကြီးရဲ့ စကားကိုသတိရကာ ((( ညာဏ်ကို လွှာပြီးသုံးပါ )))ဆိုတဲ့ စကားလေးကို အမှတ်တမဲ့ တွေးမိကာမျှဖြင့် အလယ်က သစ်ပင်အပေါ်ကို ခုန်တက်လိုက်ပါတော့တယ် ။ အဲ့ဒီ့အခါမှ မျောက်လဲ မြေခွေးရန်ကနေ လွတ်ပြီး တုန်တုန်ယင်ယင်နဲ့ သစ်ကိုင်းကို တအား ဆုပ်ကိုင်ထားပါတော့သတဲ့ ။
ရသေ့လည်း မျောက်ရဲ့အဖြစ်ကို ကြည့်ပြီး ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ သြော် ! ဒုက္ခ ဒုက္ခလို့ဆိုကာ အဘိညာဏ်နဲ့ ဖန်ဆင်းထားတဲ့ မြေခွေးကို ဖျောက်ပစ်လိုက်ပြီး အကြောက်လွန်နေတဲ့ မျောက်လေးကို သစ်ကိုင်းပေါ်ကနေ ခေါ်ယူလိုက်ရပါတယ် ။
မျောက်လေးဟာ အင်မတန်မှ ကြောက်လွန်းအားကြီးလို့ အသံတောင် မထွက်နိုင်သေးဘူးတဲ့ ။ ရသေ့ကြီးလဲ မျောက်ကလေး ကြောက်စိတ်ပျောက်တဲ့အထိ စောင့်ဆိုင်းနေပြီးကာမှ မျောက်ကလေးကိုပြောတယ် ။
မင်း ဒုက္ခဆိုတဲ့ အရာကို သိပြီလားတဲ့ ။ မျောက်ကလေးက တော်ပါပြီ တော်ပါပြီ ဒုက္ခဆိုတဲ့ အကောင်ကြီးကို မတွေ့ချင်တော့ပါဘူး ။ ဒုက္ခဆိုတဲ့အကောင်ကြီးက ကြောက်စရာ အင်မတန်ကောင်းတာပဲလို့ ဆိုသတဲ့ ။
ရသေ့ကြီးက ပြုံးပြီး !!
ဒုက္ခဆိုတာ အကောင်ကြီးမဟုတ်ဘူး ။ အဲ့ဒီ့အကောင်ကြောင့် သင့်ရဲ့ ကြောက်ရွံ့ထိတ်လန့် ပင်ပန်း ဆင်းရဲ ရတာဟာ ဒုက္ခဆင်းရဲခြင်းပဲ ။ ဒီလိုပဲ သတ္တဝါ မှန်သမျှတို့ဟာ အသက်ရှင် နေထိုင်ဖို့အတွက် နေ့တိုင်း အစားအစာ ရှာရပြီး ပင်ပန်းဆင်းရဲတဲ့အမှုတွေကို ပြုနေရတဲ့အတွက် ဒုက္ခလို့ ငါအမြဲရေရွတ်နေရတာ လို့ ရှင်းလင်းပြောကြားလိုက်သတဲ့ကွယ် ။
ရသေ့ကြီး ရှင်းလင်းပြောလိုက်တာကို မျောက်ကလေးက နားလည်လား နားမလည်လားဆိုတာ မသိ ။ သူ့ရဲ့ ပါးစပ်ကတော့ !
အမယ်လေး ဒုက္ခဆိုတဲ့ကောင်ဟာ အင်မတန် ကြောက်စရာကောင်းတဲ့ သတ္တဝါပါလား လို့ အမြဲတမ်း ရေရွတ်နေတော့ပါသတဲ့ ။
မိတ်ဆွေ ရေ . . .
အဲ့ဒီ့အကြောင်းအရာနဲ့ပတ်သတ်ပြီး တစ်ခုတော့ ပြောစရာ ရှိသွားပြီ ။
သင်ကော မျောက်ကလေးလိုထင်မြင်ပြီး ဒုက္ခဆိုတဲ့ အကောင်ကြီးကို ကြောက်ရွံ့နေတယ်ဆိုတာ သတိရပါရဲ့လား ။ သင် ဒုက္ခမြင်ပုံ လွှဲနေတယ်မဟုတ်လား ?
#htoohtoolay

Comments
Post a Comment