သာဓုခေါ်ခြင်း
----
နိဗ္ဗာန်ကို ရည်မှန်းပြီး လှူတဲ့အလှူမှ သာဓုခေါ်သင့်ဟု ဆိုသော အယူနဲ့ အခြားသော ကောင်းမှုအလှူတွေကို လှူရင် သံသရာရှည်ကာ နိဗ္ဗာန်နဲ့ ဝေးကြောင်း ယူဆကြခြင်းနဲ့ ပတ်သတ်ကာ မှတ်စုကြမ်းမှ ညီအကိုများဟာ မဟာစည်ဆရာတော်ဘုရားကြီးနဲ့ သွားရောက်တွေ့ဆုံ၍ မသိသည်များကို မေးမြန်လျှောက်ထားကာ ဆရာတော်ဘုရားကြီး ပြန်လည် မိန့်ကြားချက်များကို မှတ်သားနားယူလျက် သာဓုခေါ်ဆိုခဲ့ကြပါတယ်ခင်ဗျာ ။ ထိုအခြင်းအရာနဲ့ ပတ်သတ်ပြီး လျှောက်ထားမှုကို မဟာစည်ဆရာတော်ကြီးမှ ပြန်လည်မိန့်ကြားချက်များမှာ -
#သာဓု ခေါ်တာနဲ့ ပတ်သတ်ပြီး ဝါဒတွေ ပြန့်ပွားနေပါတယ် ။ ဒါကြောင့် ဘုရားလက်ထက်တော်ကာလက ဝိသာခါဆိုတဲ့ ဒါယိကာမ ဟာ သာဝတ္တိမြို့၏ အရှေ့တောင်ဘက်အရပ်၌ ပုဗ္ဗာရုံဆိုတဲ့ ကျောင်းတော်ကို ဆောက်လုပ်ပြီး ဘုရားအမှူးရှိသော သံဃာတော်အား လှူဒါန်းပါတယ် ။ ပြသာဒ်ကျောင်းမကြီးက အောက်ထပ် အခန်းတစ်ရာ ။ အထက်ထပ်ခန်း တစ်ရာရှိတယ် ။ အခြံအရံ ပြသာဒ်တွေကလဲ တစ်ထောင်ရှိတယ် ။ အဲ့ဒါဟာ ကိုးကုဋေ အကုန်ကျခံပြီး ဆောက်လုပ်တဲ့ ကျောင်းဖြစ်တဲ့အတွက် အလွန်ပင် အချိုးကျ လှပတင့်တယ်ပြီး ကောင်းမွန်တယ်လို့ ဆိုရပါတယ် ။ အဲ့ဒီ့ ကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းတဲ့အခါမှာ ဝိသာခါက သူ့မိတ်ဆွေ ငါးရာကိုခေါ်ပြီး အဲ့ဒီ့ကျောင်းမှာ ကြည်ညိုဖွယ်တွေကို လျှောက်ပြတယ် ။ အဲ့ဒီ့အခါမှာ သူ့မိတ်ဆွေ အမျိုးသမီးတွေက သိပ့်သဘောကျပြီး ချီးမွှမ်းကြတယ် ။ အဲ့ဒီ့တော့ ဝိသာခါက အဲ့ဒီ့ကျောင်း အလှူဒါနကုသိုလ်ကို သူ့မိတ်ဆွေများအား အမျှပေးဝေတယ် ။ အားလုံးပဲ ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုအနုမောဒနာ ခေါ်ကြပါတယ် ။ အဲ့ဒီ့ သူ့မိတ်ဆွေတွေအထဲမှာ ဒကာမတစ်ယောက်ကတော့ အထူးသဖြင့် ဝမ်းမြောက်ဝမ်းသာစွာနဲ့ သာဓုအနုမောဒနာပြုပါသတဲ့ ။ အဲ့ဒီလို သာဓုခေါ်ပြီး အနုမောဒနာပြုတဲ့ ကုသိုလ်ကြောင့် သေသည်၏ အခြားမဲ့မှာ အဲ့ဒီ့အမျိုးသမီးဟာ တာဝတိံသာနတ်ပြည်၌ အလျားအနံ ( ၁၆ ) ယူဇနာစီရှိတဲ့ နတ်သမီးဗိမာန်ကြီးမှာ နတ်သမီးဖြစ်ရတယ် ။ အဲ့ဒီ့ နတ်ဗိမာန်ကြီးရဲ့ ပတ်ဝန်းကျင်မှာ ပြာသာဒ်အခြံအရံတွေရော ။ တံတိုင်းဥယျာဉ်တွေရော ။ ရေကန် စသည်တွေရော ပြည့်စုံလျက်ရှိနေပါသတဲ့ ။
အဲ့ဒါဟာ ပိုက်ဆံ တစ်ပြားတစ်ချပ်မှ မကုန်ပဲ သာဓုခေါ်ရုံမျှနဲ့ ရသွားတဲ့ နတ် စည်းစိမ်တွေပဲ ။ အားရစရာ မကောင်းဘူးလား ။ အဲဒါဟာ နိဗ္ဗာန်ကို ရည်သန်ပြီး လှူတာကို အကြောင်းပြုပြီး သာဓုခေါ်တာ မဟုတ်ပါဘူး ။ ခမ်းခမ်းနားနား ကျောင်းအလှူကို အာရုံပြုပြီး ဝမ်းမြောက်ဝမ်းသာစွာနဲ့ သာဓုခေါ်တာပါပဲ ။ အဲ့ဒီ့သာဓုခေါ်တဲ့ ကောင်းမှုကြောင့် နတ်ပြည်ရောက်ပြီး ခမ်းခမ်းနားနား အဆောက်အအုံ အခြွေအရံ စသည်နှင့် ပြည့်စုံသွားရတာပါပဲ ။ အဲ့ဒါကို မြတ်စွာဘုရားနဲ့တကွ အရှင်အနုရုဒ္ဓါစသော ရဟန္တာ အရှင်မြတ်တွေကလဲ ချီးကျူးပြီး ဟောကြား ဖေါ်ပြထားပါတယ် ။
ဒါပေမယ့် တစ်ချို့ကတော့ နိဗ္ဗာန်ရည်သန်ပြုတဲ့ ကောင်းမှုကိုမှ သာဓုခေါ်ရမယ်တဲ့ ။ တစ်ခါက အဲ့ဒီလို ဟောတဲ့ တရားကို သဘောကျပြီးတော့ အခြားကုသိုလ်တွေ သာဓုတောင် မခေါ်နိုင်ဘူးဆိုတဲ့ လူတစ်ယောက်ကို သူ့မိတ်ဆွေတွေက ဘုန်းကြီးထံ ခေါ်လာပြီးတော့ သာမန်ကုသိုလ်တွေကို သာဓု ခေါ်သင့် မခေါ်သင့် ဖြေရှင်းဟောကြားပေးဖို့ လျှောက်ထားကြပါတယ် ။ ဘုန်းကြီး ရှင်းပြလိုက်ပုံကတော့ -
မည်သည့် ကုသိုလ်မဆို သာဓု ခေါ်သင့်တယ် ။ သာဓုခေါ်ရင် ကိလေသာ မကင်းသေးလို့ သံသရာဘဝထဲ ဖြစ်ရပေမယ့် ချမ်းသာတဲ့ ဘဝကောင်း ဘဝမြတ်မှာ ဖြစ်ရပါတယ် ။ သာဓုခေါ်တဲ့ ကုသိုလ်တောင် မရှိရင်တော့ ကိလေသာမကင်းသေးတဲ့ သူမှာ ယုတ်ညံ့တဲ့ဘဝတွေချည်း ဖြစ်သွားမှာပဲ ။ အဲ့ဒီလို ဘဝသစ် ဖြစ်တဲ့အခါ ကိုယ်တိုင်ပြုထားတဲ့ ကုသိုလ်ကလည်း ခိုင်ခိုင်မာမာ မရှိ ။ သာဓုခေါ်တဲ့ ကုသိုလ်ကလည်း မရှိရင် ယုတ်ညံ့တဲ့ ဘဝတွေမှာချည်း ဖြစ်ပြီး ဆင်းရဲသွားဖို့သာ ရှိတာပဲ ။ ဒါကြောင့် သာဓုမခေါ်ရုံနဲ့ ဆင်းရဲငြိမ်းလိမ့်မယ်လို့ မထင်မှတ်ပါနဲ့ ။
ဒီနေရာမှာ သူတစ်ပါး ပြုထားတဲ့ ကုသိုလ်ကို အမျှပေးဝေရင် သာဓုခေါ်ပြီး အနုမောဒနာကို ဖြစ်ပွားစေရမယ် ။ အဲ့ဒီလို ဖြစ်ပွားစေရင်အဲ့ဒီ့ ကောင်းမှုကြောင့်လည်း မြင့်မြတ်တဲ့ ဘဝကို ရောက်နိုင်တယ် ဆိုတဲ့ ဘုရားရဟန္တာတို့၏ ဟောပြောချက်နဲ့ နိဗ္ဗာန်ကို မရည်သန်တဲ့ ကုသိုလ် သာဓုမခေါ်ရဘူး ဆိုတဲ့ ဝါဒဟာ ကွဲပြားမနေဘူးလား ။ အဲ့ဒီလို ကွဲပြားနေတဲ့ အခြားဝါဒဘက်ကို လိုက်သင့်ပါ့မလား ။ ဘုရားဘက်ကသာ နေသင့်တယ် မဟုတ်ပါလား ။
( မဟာစည်ဆရာတော်ဘုရားကြီး - ဗုဒ္ဓသာသနာ့အန္တရာယ်ကျမ်း / စာ ၂၀ မှ ၂၃ အထိ မှီငြမ်းရေးသားသည် ) သတင်းပုံစံဖြစ် စိတ်ကူးဖန်တီးသည် ။
#htoohtoolay
myothetzaw23.blogspot.com

Comments
Post a Comment