မီးအိမ်မီးခွက်
----
ကမ္ဘာဦး လူတို့ဟာ ညဥ့်အခါမှာ ကြယ်ရောင် လရောင်မှလွှဲပြီး အခြားအရောင်များ မရှိခဲ့ပါဘူး ။ နေဝင်ကနေ နေထွက်တိုင်အောင် အိပ်နေဖို့မှာလည်း သားရဲတိရိစ္ဆာန်များရဲ့ ဘေးရန်က အထူးကို စိုးရိမ်ရပါတယ် ။ ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းဖို့ ရှာဖွေရာကနေ သားကောင် ကင်သော မီးပုံများ ညဥ့်အခါ တောက်လောင်နေပါက မိမိတို့နေသော ဂူနားကို တိရိစ္ဆာန်တွေ မကပ်ဝံ့တဲ့အကြောင်း တစ်စ တစ်စ သိရှိလာကြပါတယ် ။ ဒါကြောင့် တိရိစ္ဆာန်တို့ဘေးမှ ကာကွယ်ဖို့အတွက် ညဥ့်စဉ် ဂူဝမှာ မီးဖိုကြီးတွေ ဖိုဖိုထားကြပါတယ် ။ ဤမီးအလင်းရောင်မှာ ညအခါ အလင်းရောင်ရဖို့ လူတို့ဖန်တီးသော ပထမဆုံး မီးရောင်ပင် ဖြစ်လေသည် ။
လူတို့ဟာ အသိညာဏ် တစ်နေ့တခြား တိုးတက်လာတာနဲ့အညီ ဂူဝတွေမှာ မီးမငြိမ်းအောင် လုပ်ရာကနေ မတင်းတိမ်နိုင်တော့ပဲ ဂူအထဲမှာပါ မီးရဖို့ ကြံစည်လာကြပါတော့တယ် ။ ထိုအချိန်က ဂူအထဲကို ယူဆောင်တဲ့ မီးတွေဟာ ထင်းမီးတာဖြစ်တာကြောင့် တုတ်မှ မီးများဟာ ကြာရှည်မခံပဲ ဖြစ်နေပါတယ် ။တဖန် တိုးတက်ကြံစည်ပြန်တော့ သားကောင်ဖျက်ရာမှာ ရတဲ့ အမဲဆီများမှ မီးတောက်များဟာ ကြာရှည်ခံကြောင်း တွေ့လာကြပြန်တယ် ။ ဒါကြောင့် အမဲဆီကို သားကောင်တို့ရဲ့ ဦးခေါင်းမှာ ထည့်ပြီး မှော် ကျူးပင်မှ အူတိုင်စသော မီးစာအကြမ်းစားများဖြစ် မီးထွန်းကြပါတယ် ။ အဲ့ဒီလို မီးထွန်းရန် အသုံးပြုခဲ့တဲ့ ဦးခေါင်းခွံများကို ရှေးလူများနေထိုင်သည့် ဂူများထဲမှာ ယခုတိုင် တွေ့ရှိရမှာပဲဖြစ်ပါတယ် ။
ကျွန်ပ်တို့ခေတ်သို့ မရောက်မီ နှစ်ပေါင်း ၅၀၀ နီးပါးခန့်တိုင်အောင် လူတို့ဟာ ထိုကဲ့သို့ နည်းလမ်းကို အသုံးပြုခဲ့ပြီး မီးများ ထွန်းခဲ့ကြတယ် ။ သို့သော်လည်း တစ်ဆင့်ထက် တစ်ဆင့် တိုးတက်ကောင်းမွန်အောင် ကြံစည် ပြုလုပ်ရာကနေ ဦးခေါင်းခွံအစား ကျောက်တုံးကို ထုထွင်းပြီးဖြစ်စေ / ကြေးသတ္ထုကို မီးခွက် ပြုလုပ်၍ ဖြစ်စေ / မြေကိုဖုတ်ပြီး မြေမီးခွက် ပြုလုပ်၍ ဖြစ်စေ မီးခွက်အမျိုးမျိုးကို အသုံးပြုလာကြပါတယ် ။ ထိုခေတ်အခါက မီးခွက်များမှာ မီးဆာထည့်သော နှုတ်သီးနှင့် လက်ကိုင်တပ်ထားသော ခပ်စောက်စောက် ပန်ကန်ကဲ့သို့ ပုံမျိုးဖြစ်တယ် ။ ထိုမှ ထပ်ကွန့်ပြီး အရုပ်များ / ပန်းခက် ပန်းနွယ်များ / ထုလုပ် မွမ်းမံလာကြတာပဲဖြစ်ပါတယ် ။ မီးခွက်များ အသုံးပြုတဲ့ ခေတ်မှာ ရှေးဂရိနဲ့ ရောမခေတ်မှသည် အမေရိကန် တော်လှန်ရေးခေတ်တိုင် နှစ် ရာပေါင်းများစွာ ကြာခဲ့ပါတယ် ။ သို့ရာမှာ မီးခွက်ဟာ ကောင်းစွာမလင်းပဲ မီးတောက်များ ငြိမ်သက်ခြင်းမရှိခြင်းနဲ့ မှိုင်းများ တက်လာတာတွေ / ညော်တာတွေကြောင့် ပိုမိုကောင်းမွန်တဲ့ မီးခွက်မျိုးကို ပြုလုပ်ဖေါ်ဆောင်ဖို့ ကြံစည်လာကြပြန်ပါတယ် ။ အဲ့ဒီကနေမှ မီးအိမ်ကို တည်ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ် ။ ထိုကဲ့သို့ပေါ်ပေါက်လာတာနဲ့အမျှ မီးထွန်းပုံ မီးထွန်းနည်းတွေလဲ ပြောင်းလဲသွားပါတော့တယ်ခင်ဗျာ ။
ဆွစ်လူမျိုး အေမီးအာဂန် ဆိုသူ ဓါတုဗေဒ ဆရာတစ်ဦးက ၁၇၈၂ ခုနှစ်မှာ အခေါင်းပါတဲ့ မီးစာအိမ်တွင် မီးစာအပြား ထည့်သွင်းထိန်းညှိရသော မီးအိမ်ကို တည်ထွင်ခဲ့ပါတော့တယ် ။ ထိုမီးစာဟာ အထက်အောက် လေရှိန်ရသဖြင့် အလင်းအား ပိုပြီးများပါတယ် ။ ထိုးမီးတောက်ကိုမှ ပြောင်းစွပ်၍ လေကာထားသဖြင့် မီးအရှိန်ပိုကောင်းပြီး မီးတောက်လဲ ငြိမ်သပ်နေပါတယ် ။ အလင်းရောင်လဲ ပို၍ ထွက်ကာ မှိုင်းလဲ မတက်တော့ချေ ။ ထိုမီးအိမ်မျိုးကို တစ်စ တစ်စ ပိုမိုကောင်းမွန်အောင် ပြုပြင်လာရာကနေ အရွယ်အစား အမျိုးမျိုး ချဲ့ထွင်ပြီး အသုံးပြုလာကြတော့တာပဲဖြစ်ပါတယ်ခင်ဗျာ ။
#htoohtoolay

Comments
Post a Comment