တန်ဖိုး
-----
လိုင်းပေါ်မှာ အခုတလောကြားနေရတာက ဘာသာခြားတွေနဲ့ အိမ်ထောင်ကျရင်လဲ ကိုယ့်ဘာသာ ကိုယ် ကိုးကွယ်လို့ ရတာပဲတဲ့ ။ နောက်တစ်ခုက အလောင်းကောင်ပုံတွေ ပုတ်ပွနေတဲ့ ပုံတွေကို တင်တာဟာ သေသူရဲ့ အရှက်နဲ့ သိက္ခာကို ထိခိုက်စေတယ်တဲ့ ။ ရဟန်းတွေကလဲ မိန်းကလေးအကြောင်း တွေးတောနေကြတယ်လို့ လှောင်ပြောင်သံနဲ့ ရေးတာတွေ အများအပြား အဲ့ဒီလို လေးတွေ တွေ့ရတော့ ဒီအကြောင်းအရာလေးကို သွားသတိရမိတယ် ။ အဖြစ်က -
မြတ်စွာဘုရားရှင်လက်ထက်က သောတပန်ဆိုတဲ့ အမျိုးသမီးကို ဒိဋ္ဌိအယူရှိတဲ့ အမျိုးသားတစ်ဦးနဲ့ လက်ထပ်ပေးတဲ့အခါ တစ်နေ့မှာ ပြဿနာ
တက်တယ် ။ ဘယ်လိုလဲဆိုတော့ အမျိုးသားက သူ့ရဲ့ အယူအရ သူ့ရဲ့ ဆရာသခင်တင်ထားသူတွေကို အိမ်ခေါ်ပြီး ထမင်းဖိတ်ကျွေးလှူတန်းတယ် ။ အဲ့အချိန်မှာ သောတပန်ဆိုတဲ့ အမျိုးသမီးက ခလုတ်တိုက်မိပြီး ပါးစပ်ကနေ ယောင်လို့ မြတ်စွာဘုရားဆိုတဲ့ အာမေဋိတ်အသံထွက်သွားတယ် ။
အဲ့ဒါကို အယူမတူတဲ့ အမျိုးသားက ဒီလိုဖြစ်တာ သူ့ကို သိက္ခာကျစေတယ်လို့ဆိုကာ သောတပန်အမျိုးသမီးကို မြတ်စွာဘုရားရဲ့ ဘယ်တရား ဘယ်သံဃာ ဘယ်ရဟန်းကိုမျှ ဆွမ်းလှူတာ တရားနာတာ မလုပ်ဖို့ တားမြစ်လိုက်တယ် ။ ဖြစ်ချင်တော့ သောတပန်အမျိုးသမီးဆိုတာ ဘုရား တရား သံဃာကို အင်မတန် သက်ဝင်ယုံကြည်တဲ့ ပုဂ္ဂိုလ် ။ ဒီတော့ စဉ်းစားရပြီ ။ ဘယ်လိုဆို ဖြစ်နိုင်မလဲဆိုပြီး ဆင်ခြင်တော့ အဲ့ခေတ်အခါက အငှားလိုက်တဲ့ မိန်းမတွေရှိတယ် ။ အခုလဲ ရှိတာပါပဲ ။ အဲ့လို အငှားလိုက်တဲ့ အမျိုးသမီးတစ်ယောက်ကို ရှာငှားပြီး သူ့ယောက်ျားဆီခေါ်သွားကာ သူ့အစား ဒီအမျိုးသမီးနဲ့ အတူနေပါတဲ့ ။ အဲ့လို နေထိုင်စဉ်မှာ သူ့အတွက်ကတော့ ရဟန်းသံဃာတွေကို အလှူအတန်းပေးလှူပြီး ဘုရားတရား နာယူပါရစေဆိုပြီး ညှိယူတော့ သူ့ယောက်ျားက လက်ခံတယ် ။ ဒါဆို ဖြစ်တယ်ဆိုပြီး ခွင့်ပြုလိုက်တယ် ။
ဆိုတော့ကာ အဲ့အတိုင်း အလုပ်ဖြစ်တော့ သောတပန်အမျိုးသမီးက အလှူတွေ ပေးလှူတယ် ။ တရားတွေ နာယူတယ် ။ အဲ့လို အလှူကို ပေးလှူတဲ့အခါ နောက်ဖေးမှာ ဆွမ်းချက်ပြင်ဆင်သမျှ ကို ကိုယ်တိုင်ကိုယ်ကျ လုပ်တော့ ချွေးတွေ သန်တွေနဲ့ ဖြစ်နေတာကို သူ့ယောက်ျားက မြင်တယ် ။ နောက်တော့ ပြုံးပြီး သနားစရာ ပဲလို့ အထင်ရောက်တယ် ။ ဒီလို မြင်မှာပါပဲ ။ အယူမတူသူတွေဟာ ဘယ်တော့မှ တစ်ပါးအယူနဲ့ပတ်သတ်လို့ ဆိုလာခဲ့ရင် ပြုံးချင်ကြတာပါပဲ ။ နောက်တော့ အဲ့လို နေတာ ကြာတဲ့အခါ အငှားလိုက်တဲ့ မိန်းမက သူကိုယ်တိုင် မယားကြီးအထင်ကို ရောက်သတဲ့ ။ စိတ်ကြီးဝင်လာတဲ့သဘော ။ အဲ့လို အထင်ရောက်တော့ တစ်နေ့မှာ သောတပန်အမျိုးသမီးရဲ့ ခေါင်းပေါ်ကို ထောပတ်ဆီပူတွေ လောင်းချလိုက်တယ် ။ လောင်းချလိုက်တဲ့အတွက်လဲ သောတပန်အမျိုးသမီးက သူ့အပေါ်ကို မေတ္တာမပျက်ပဲ သူ့ရဲ့ ကျေးဇူးတွေကို ဆင်ခြင်ပြီး သည်းခံသတဲ့ ။ မေတ္တာသမာဓိကောင်းတော့ အကာအကွယ်ဖြစ်ပြီး အပူလောင်တာတွေဘာတွေ မဖြစ်ခဲ့ဘူး ။
ဆိုတော့ကာ အဲ့နောက်တော့ အဲ့ အငှားအမျိုးသမီးက နောင်တရပြီး သောတပန်အမျိုးသမီးကို တောင်းပန်တယ် ။ တောင်းပန်တော့ ဟိုကပြောတယ် ။ ငါ့ကိုမတောင်းပန်နဲ့ မြတ်စွာဘုရားကိုသာ တောင်းပန်ပါတဲ့ ။ အဲ့လို ပြောတဲ့အခါ အဲ့ အငှားမိန်းမလဲ မြတ်စွာဘုရားဆီရောက်ရော ။ အဲ့အခါ မှ မြတ်စွာဘုရားတရားကိုနာကြားရပြီး သူလဲ သောတပန် ဖြစ်သွားသတဲ့ ။
အဲ့နောက်တော့ အဲ့အငှားအမျိုးသမီးဟာ သူ့ရဲ့ အခုလို အလုပ်ကို မလုပ်ကိုင်တော့ပဲ ဘုရား တရား တွေနဲ့ပဲ လှူဒါန်းနာယူ ကျင့်ကြံ ရှုမှတ် မွေ့လျော် ပြီးနေတော့ပါတယ် ။ ဆိုတော့ကာ တစ်နေ့တော့ အဲ့အမျိုးသမီးရဲ့ ဂုဏ်သတင်းကို ကြားသိရတဲ့ ရဟန်းတစ်ပါးဟာ အဲ့အမျိုးသမီးရဲ့ အမည်လေးကြားလိုက်ရုံနဲ့ စွဲလမ်းတော့သတဲ့ ။ အဲ့အမျိုးသမီးကလဲ အင်မတန် ရုပ်ဆင်းလှပတယ်ဆိုတာလေးကို သိလိုက်ရင်ကိုပဲ မမြင်ရပေမယ့် စွဲလမ်းတော့ပါတယ် ။
အဲ့လိုနဲ့ တစ်နေ့ အဲ့ရဟန်းဟာ အမျိုးသမီးဆီကို ကြွသွားခွင့်ရတယ် ။ အဲ့အခွင့်ရတော့ ဟိုကိုရောက်တယ် ။ ရောက်တော့ အမျိုးသမီးက အဲ့အချိန်မှာ နေမကောင်းဘူး ။ ခန္ဓာက အင်အားလျော့ပါးနေတာမို့ လူပမာရုပ်ပေါက်နေပါတယ် ။ အဲ့လိုအမြင်မှာ ဖြစ်နေတာတောင် ရဟန်းက သူ့ကိုတွေ့တော့ ဒီလိုဆင်ခြင်တယ် ။ နေမကောင်းတာတောင် ဒီလောက် လှတာ - နေများကောင်းရင် ဒီထက် ပိုပြီး လှပချောမောမှာပဲလို့ တွေးသတဲ့ ။ အဲ့လို သံသရာအဆက်ဆက်က အင်မတန် မွေ့လျော်ခဲ့ရတဲ့ တဏှာကိလေသာတွေဟာ ဒီအချိန်မှာ အစွမ်းထက်တဲ့အခါ ဆွမ်းကိုတောင် မစားနိုင်တော့ပဲ ဒီအတိုင်း ဆွမ်းကို ယူပြီး ပြန်ကြွသွားခဲ့တယ် ။
နောက်တော့ အဲ့ရဟန်းဟာ မစားနိုင် မသောက်နိုင်နဲ့ အင်အား ယုတ်လျော့လာတယ် ။ ဟို အမျိုးသမီးဟာလဲ အဲ့ နာမကျမ်းတဲ့ အခြေအနေနဲ့ပဲ စုတေတော့တယ် ။ ဆိုတော့ကာ အဲ့တော့ ဗိမ္မိသာရမင်းကြီးကို မြတ်စွာဘုရားက ပြောတယ် ။ ဒီသူသေအလောင်းကောင်ကို မမြှပ်ပစ် နဲ့အုန်း ။ ဒီအတိုင်း ပဲ ထားပါလို့ ပြောတယ် ။
အဲ့အတိုင်းပဲ မင်းကလဲ လုပ်တယ် ။ လုပ်တော့ လူသေခန္ဓာဆိုတာ အခုခေတ်အခါလို ဘာဆေး ညာဆေးတွေ မထိုးပဲ ဒီသဘာဝအတိုင်းထားတာဆိုတော့ သုံးလေးရက်လောက်ရောက်တော့ ပုတ်ပွကော ။ အဲ့အခါမှ မြတ်စွာဘုရားဟာ မင်းကြီးကိုပြောတယ် ။ ဒီခန္ဓာကို လူတိုင်း ကြည့်မြင်ရအောင် ဆောင်ရွက်ပါလို့ဆိုတော့ မင်းကြီးက အမိန့်ထုတ်လိုက်တယ် ။ တစ်ဦးတစ်ယောက်မကျန် ဒီအလောင်းကို အားလုံး လာကြည့်ရမယ်လို့ အမိန့်ထုတ်တော့ အားလုံး လာကြည့်ရကောတဲ့ ။
အဲ့ထဲမှာ အဲ့အမျိုးသမီးကို စွဲလမ်းနေတဲ့ ရဟန်းလဲ ပါလာတယ် ။ အဲ့အခါမှာ မင်းကြီးက လာကြတဲ့သူတွေကို ပုတ်ပွနေတဲ့ အလောင်းကောင်ကို ရောင်းတယ် ။ ပထမက အဿပြာ ၁၀၀၀ နဲ့ ရောင်းတယ် ။ နောက်တော့ ၅၀၀ - အဲ့လို ဆိုရင်း ဆိုရင်းနဲ့ နောက်ဆုံး အလကားဖြစ်ကော ။ အဲ့လို အလကားလို့ ဆိုတာတောင် ယူမဲ့သူ မရှိတော့ပါဘူးတဲ့။
#စကားချပ်အပို - ( အဲ့လို ပုတ်ပွနေတဲ့ အသေကောင်လူကြီးကို ဘယ်သူကမှ မဝယ်တာဟာ အဲ့လို အရှိအတိုင်း ခန္ဓာရဲ့တန်ဖိုးကို မြင်နေရလို့ပါတဲ့ ။ မြင်နေတော့ လိုချင်စိတ် မဖြစ်ဘူး ။ အဲ့ဒါဟာ လူ့တန်ဖိုး အစစ် အမှန်ပါပဲ )
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment