Skip to main content

မရှိလို့မလှူ မလှူလို့မရှိ !

မရှိလို့မလှူ မလှူလို့ မရှိတဲ့ !
-----
ဒီနေ့တော့ နည်းနည်း ပြောစရာရှိတာက မရှိလို့ မလှူ ! မလှူလို့ မရှိဆိုတာလေးမှာ အတော်လေး ခေတ်စကားအရ တွင်ကျယ်နေတာကို တွေ့ရပါတယ် ။

တစ်ဖက်က ကြည့်ပြန်တော့လည်း မရှိတော့ ဘာ နဲ့ လှူရမှာလဲ ဆိုတာတွေ့မယ် ။ တစ်ဖက်က ကြည့်ပြန်တော့လဲ မလှူတော့ မရှိဘူးပေါ့တဲ့ ။ အမျိုးမျိုး ကောက်ချက်စွဲနေကြပေမယ့် လှူတာ တန်းတာမှာ မရှိတဲ့ သူတွေအတွက်ကတော့ အတော်ကို အရဲစွန့်ရတဲ့ ကိစ္စတစ်ရပ်ဖြစ်တာကိုတော့ လက်ခံရမှာဖြစ်ပါတယ် ။

အဲ့အကြောင်းအရာနဲ့ ပတ်သတ်လို့ ကျမ်းပါ စာလေးတစ်ပုဒ်ကို သတိရမိတယ် ။

တစ်ခါက ဆင်းရဲသား တစ်ယောက်ရှိသတဲ့ ။ သူက တစ်နေ့မှာ သူဌေးတစ်ဦး ထမင်းစားတဲ့ အချိန်ကို တိုက်ဆိုင်ပြီး အဲ့အနား ရောက်သွားခဲ့တယ် ။ အဲ့တော့ သူက ဆင်းရဲသားတစ်ဦးဖြစ်တာမို့ မမြင်ဖူးတဲ့ ဟင်းဖွယ်အစုံနဲ့အတူ ထမင်းဝိုင်းကိုမြင်တော့ အတော်လေး အာသာဖြစ်သတဲ့ ။

အဲ့ထမင်းကို သူစားချင်တယ် ။ ဘယ်လောက်တောင်စားချင်သလဲဆိုရင် ဒီထမင်းမှမစားရရင် သူသေရပါလိမ့်မယ်လို့ ဆိုသတဲ့ ။ အဲ့ဒါကြောင့် သူက သူဌေးကို လှမ်းပြီး အခွင့်တောင်းပါတယ်။ သူ အဲ့ထမင်းကို စားပါရစေပေါ့ ။ သူဌေးက ဘယ်ပေးမလဲ ။ သူနဲ့လဲ မိတ်ဆွေ မဟုတ် - ရှေ့ကလည်း မမြင်ဖူးတဲ့သူတစ်ယောက်က သူ့ရဲ့ အဖိုးတန်တဲ့ ထမင်းကို မကျွေးဘူးတဲ့ ။ အဲ့နောက် ဆင်းရဲသားက တောင်းတောင်းပန်ပန်နဲ့ ပြောရှာပါတယ် ။ သူက ဒီထမင်းမှ မစားရရင် သေရပါလိမ့်မယ်ဆိုပြီး ပြောတော့ သူဌေးက ဒီလိုဆိုတယ် ။

ကောင်းပြီ ! ဒါဆို မင်း ငါ့ဆီမှာ သုံးနှစ် ထမင်းစားကျွန်လုပ်ရမယ် ။ အဲ့အတွက် အဖိုးအခ မပေးဘူး ။ အဲ့ သုံးနှစ်ပြည့်တဲ့အခါ မင်းကို ငါစားတဲ့ ထမင်းဝိုင်းအတိုင်း အားလုံး ကျွေးမယ်တဲ့ ။ ဆင်းရဲသားက ဘယ်လောက်တောက် ရသတဏှာအပေါ် ကပ်ငြိသလဲဆိုရင် !  ရတယ် သူလုပ်မယ်လို့ ကတိပြုလိုက်တယ် ။ အဲ့နောက်လဲ သူဌေးအိမ်မှာ ကျွန်ခံတယ် ။ ကျွန်ခံတော့လဲ ကြိုးကြိုးစားစား လုပ်ရှာပါတယ် ။

အဲ့လိုနဲ့ ထမင်းစားကျွန်ခံလာရင်း သုံးနှစ်ပြည့်သတဲ့ ။ဒီလို ပြည့်တော့ သူဌေးက သူ့ကို သူပေးထားတဲ့ ကတိအတိုင်းပဲ ဒီနေ့ တစ်နေ့ မင်းဟာ ငါ့နေရာမှာ ရောက်ပြီလို့ဆိုတယ် ။ သူ့ရဲ့ ကျွန်တွေကိုလဲ သူ့ကို နေ့စဉ်အမှုပြုစုသမျှ ဖွယ်ဖွယ်ရာရာ အတိုင်း အားလုံး ဒီ ထမင်းကျွန်ကို လုပ်ပေးဖို့ပြောကြားလိုက်သတဲ့ ။ ဒီနေ့တော့ ဆင်းရဲသားရဲ့ သုံးနှစ်ကျွန်ခံပြီး ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ခဲ့ရတဲ့ ရလဒ်ထမင်းဝိုင်းရပါပြီ ။ သူ ဘယ်လောက်တောင် ဝမ်းသာကျေနပ်နေမလဲဆိုတာ တွေးကြည့်ပေါ့ ။ သူ့ရဲ့ အာသာဆန္ဒကို ဒီနေ့မှာ သူ ထိုက်ထိုက်တန်တန် ဖြည့်ဆည်းတော့မှာ ဖြစ်ပါတယ် ။

အဲ့အချိန်အခါမှာ သူ့ရှေ့ကို ပစ္စေကဗုဒ္ဓါတစ်ပါး ကြွလာတာ မြင်လိုက်သတဲ့ ။ မြင်လိုက်ရတဲ့အချိန်မှာ သူဟာ သဒ္ဓါတရားတွေ အင်မတန် ထက်သန်လာတယ် ။ တွေးလဲ တွေးတယ် ။ ငါဟာ ဒီဘဝမှာ ဆင်းရဲလှတယ် ။ ဒီထမင်းကလဲ ကျွန်ခံပြီးမှ ရလာတဲ့ထမင်းဖြစ်တယ် ။ ဒီထမင်းကို လှူပြီး သံသရာ အကျိုးငှာ ဖြစ်ဖွယ်ပြုသော် ကောင်းလေတယ်လို့ ဒီသဒ္ဓါဆန္ဒတွေ ထက်ထက်သန်သန် ဖြစ်လာသတဲ့ ။

စဉ်းစားကြည့်မယ်ဆိုရင် သူ့နေရာမှာ ကိုယ်ဆို ဘယ်လို လုပ်မိမလဲပေါ့ ။ သုံးနှစ်သုံးမိုး ကျွန်ခံပြီး ရလာတဲ့ ထမင်းကို နည်းနည်းတောင် မစားလိုက်ပဲ အရှေ့မှာကြွလာတဲ့ ပစ္စေကဗုဒ္ဓါကို လှူလိုက်သတဲ့ ။ ဒီအချက်က ဘာကို ပြနေလဲဆိုရင် မရှိတာတွေ ရှိတာတွေထက် သဒ္ဓါဆိုတာ မရှိတာကို မသိစေတော့ဘူးလို့ဆိုတာ ထင်ရှားပါတယ် ။ ရှိရှိ မရှိရှိ အရေးမကြီးတဲ့ ကုသိုလ်ဆန္ဒစွမ်းအား ကြီးမားလှတာပါ ။ အင်မတန်အကျိုးကြီးမားလှပါတယ် ။

ဆိုတော့ကာ အဲ့လို လှူတော့ ပစ္စေကဗုဒ္ဓါက တစ်ယောက်စာမျှ ရတဲ့အခါ ဆွမ်းအုပ်ကို လက်နဲ့ ကာပြတယ် ။ တော်သင့်ပြီပေါ့ ။ ဒါပေမယ့် အဲ့ ဆင်းရဲသားလေးက ဘယ်လောက်သဒ္ဓါထက်လဲဆိုရင် သူ့ရဲ့ ထမင်းတွေအားလုံးကို လှူပါရစေဆိုပြီး လျှောက်တယ် ။ အားလုံးလှူလိုက်ပြီး သူ့မှာ ပီတိနဲ့ ကျန်ခဲ့လေရဲ့ ။ ပစ္စေကဗုဒ္ဓါအရှင်လည်း ဆွမ်းကို ခံယူတော်မူပြီး ကြွသွားကာ ကျန်တဲ့ ပစ္စေကဗုဒ္ဓါတွေကို ပြန်မျှဝေပြီး ဘုန်းပေးတော်မူပါတယ် ။

အဲ့ကုသိုလ်ကြောင့် ဒီဘဝမှာပဲ ထမင်းကျွေးတဲ့ သူဌေးက သူ့ကိုလဲ အဲ့ကုသိုလ်အမျှဝေပါဆိုပြီး ပစ္စည်းဥစ္စာတွေ ပေးသတဲ့ ။ ဒါ့အပြင် ပြည့်ရှင်မင်းတရားကြီးက အဲ့အကြောင်း ကြားသိရတော့ အဲ့ ဆင်းရဲသားရဲ့ အလှူကို အမျှဝေပါဆိုပြီး ပြောကာ လက်ဆောင်ပစ္စည်းဥစ္စာတွေ အမြောက်အများပေးကာ သူဌေးအရာ ထားလေသတဲ့ ။

သဒ္ဓါမှန်လို့ အကျိုးပေးလိုက်ပုံများ အံ့သြစရာကောင်းလှပါတယ် ။  အဲ့ကုသိုလ်က အဲ့မှာတင် မပြီးသေးဘူးတဲ့ ။ ကျွန်တော်တို့ မြတ်စွာဘုရားရှင်လက်ထက်လဲရောက်ရော သူဟာ တစ်ခုသော အိမ်မှာ သန္ဓေတည်သတဲ့ ။ သန္ဓေတည်နေချိန်မှာပဲ အရှင်သာရိပုတြာကို ဆွမ်းကပ်ပြီး သူ့သန္ဓေလွယ်ထားတဲ့ မိခင်က သီလခံယူတယ် ။ နောက်တော့ သူ့ကိုမွေးတယ် ။ မွေးပြီး ခုနှစ်ပြည့်တော့ အရှင်သာရိပုတြာဆီမှာပဲ သာမဏေပြုပြီး နေသတဲ့ ။

အဲ့လိုနဲ့ တစ်နေ့မှာ သူဟာ အရှင်သာရိပုတြာနဲ့အတူ ဆွမ်းခံအလို့ငှာ ကြွလာပြီး လမ်းက ထိုထို လူတွေရဲ့ လုပ်ငန်းဆောင်တာတွေကိုမြင်ပြီး တရားကျသတဲ့ ။ အဲ့နောက် အရှင်သာရိပုတြာရဲ့ သပိတ်ကို ပြန်ပေးပြီး သူကတော့ ကျောင်းကိုပြန်ကာ တရား အားထုတ်လေတော့တယ် ။

သူရဲ့ ထမင်းလှူခဲ့တဲ့ ကုသိုလ်က ဘယ်လောက်တောင် ထက်သလဲဆိုရင် မြတ်စွာဘုရားရှင်တောင် သူ့ကို ကိုယ်တိုင် စောင့်ရှောက်ရတဲ့အခြေအနေထိဖြစ်လေပါတယ် ။ ဘယ်လို စောင့်ရှောက်ရတာလဲဆိုတော့ အရှင်သာရိပုတြာဟာ သာမဏေလေး ဗိုက်ဆာမှာစိုးလို့ ဆွမ်းခံပြီး အလျင်အမြန်ကျောင်းကို ပြန်ကြွလာတဲ့အချိန်မှာ မြတ်စွာဘုရားက ဒီ သာမဏေလေးရဲ့  ရဟန္တာဖြစ်မြောက်တဲ့အချိန်ထိ အရှင်သာရိပုတြာကို အချိန်စွဲကာ တံခါးမုခ်ဦးမှာ သာမဏေရဲ့ မဂ်ရရေးကို မပျက်ဆီးစေခြင်းငှာ စောင့်ရှောက်ရမူ ကောင်သလေလေသတဲ့လို့ဆိုတယ် ။

အဲ့လို မြတ်စွာဘုရား ကိုယ်တော်တိုင် စောင့်ရှောက်ခဲ့ရတဲ့ ခုနှစ်သား သာမဏေဟာ ဒီ မရှိလို့ ကျွန်ခံပြီးမှ ရလာတဲ့ထမင်းကို သဒ္ဓါတရားကဦးဆောင်ကာ လှူဒါန်းခဲ့မှုကြောင့် နောက်ဆုံးမှာ  ရဟန္တာဖြစ်ခဲ့ရပါတယ် ။

ဒါကြောင့်မိတ်ဆွေ မရှိလို့မလှူ မလှူလို့ မရှိဆိုတဲ့ စကားလေး ကြားလိုက်ရရင် ငါ့မှာ မရှိတာလောက်က ဒီ ဆင်းရဲသားလို သုံးနှစ်ကျွန်ခံပြီးမှ ရလာတဲ့ထမင်းကို ပေးလှူရဲတဲ့ သဒ္ဓါနဲ့ မနှိုင်းယှဉ်အပ်ပါလားဆိုတဲ့ အသိလေးကို သတိရစေမယ်ဆိုရင် ဒီ Post ရေးရတဲ့ အကျိုး နပ်လှပြီလို့ ယူဆပါတယ် ။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...