Skip to main content

လွတ်မြောက်လိုသူ !

လွတ်မြောက်လိုသူ ( ရသ ဝတ္ထုတို )
-----
အချိန်မှာ ဘီစီ ၆ ရာစုက ဖြစ်ပါတယ် ။ တိမ်တိုက်တွေက ထူထပ်စွာ မဲမှောင်နေပြီး မြင်ကွင်းတစ်ခုလုံးမှာ အမှောင်သရုပ်တွေတာ ကြီးစိုးနေလေ၏ ။ တစ်ခါတစ်လေတော့ လူသွားလမ်းကို လျှပ်စီးလက်ခြင်းရဲ့ ကျေးဇူးကြောင့် မြင်တွေ့ခွင့်ရကာ ခန္ဓာကိုယ်တစ်ခုလုံးကဖြင့် မလှုပ်ချင် မကိုင်ချင်လှအောင် ပင်ပန်းနွမ်းနှယ်နေပေပြီ ။ သို့သော်လဲ သူဟာ ရပ်နားဖို့ အခွင့်အရေးကိုမရ ။ တစ်ဖြောက်ဖြောက်နဲ့ ကျဆင်းနေတဲ့ မိုးရေတွေအကြား ခိုနားစရာနေရာတစ်ခုကို အသဲအသန် ရှာဖွေနေရပေပြီ ။ ယခုအချိန်မှာတော့ သူ့ရဲ့ ကိုယ်ပေါ်က အဝတ်က  နွေးထွေးမှုထက် အေးခဲမှုကို ပိုလို့ ထောက်ပံ့ပေးနေသယောင် ။

သူ ရှေ့ကို အားတင်း၍ ဆက်သည် ။ သို့သော်လဲ ထင်သလောက် ခရီးမပေါက် ။ နောက်ဆုံးတွင်တော့ နီးစပ်ရာ ကျောက်တောင်တစ်ခုအနားသို့ မှီခိုခဲ့လေတော့၏ ။ သူ့ရဲ့ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း သူသိရလေပြီ ။ သူ မှီခိုသော ကျောက်တောင်၌ ဆယ်ပေပတ်လယ်ခန့်ရှိသော ဂူတစ်ခု ပါရှိနေကြောင်း သူတွေ့လိုက်၏ ။ သူဟာ အထဲကို မဝင်ရောက်ခင် ကျောက်ခဲတစ်ခုဖြင့် အတွင်းသို့ ပစ်ပေါက်လိုက်၏ ။ ထိုအခါ မည်သည့် အသံမျှ ဂူအတွင်းမှ ထွက်ပေါ်လာခြင်းမရှိကြောင်း သိရလေသောအခါ သားရဲတိရိစ္ဆာန်တို့၏ ရန်မှ သူစိတ်အေးသွားသည် ။ ထို့ကြောင့် စိတ်ချလက်ချ ဂူအတွင်းသို့ ဝင်လိုက်လေတော့သတည်း ။

သူ မီးမွှေးဖို့ ကြိုးစားသည် ။ လောင်စာအဖြင့် ဂူအတွင်း၌ သစ်ရွက်ခြောက်တွေမှလွှဲ၍ ဘာမှမရှိ ။ သူ သစ်ရွက်ခြောက်တွေကို စုစည်းကာ မီးကျောက်တစ်ခုအား ဝတ်ရုံအတွင်းမှ ထုတ်ယူလိုက်လေသည် ။ သူ ကြိုးစား၍ ပွက်တိုက်၏ ။ မီးက တောက်၍မလာ ။ ထိုအခါ မီးကျောက်အား ဂူအတွင်းမှ ရှိသော သစ်ရွက်ခြောက်တို့ဖြင့် ရေများအား ခြောက်သွေ့သည့်တိုင် သုတ်လေသည် ။ သူ အကြိမ်ကြိမ် ကြိုးစားသည် ။ မီးက မျှင်မျှင်လေးမျှမထွက် ။ ထက်မံ၍ ကြိုးစားသည့်အခါ သေးငယ်တဲ့ အလင်းနဲ့အတူ ခြောက်သွေ့နေသောသစ်ရွက်များအား အခိုးအငွေ့များ အူတူတူထွက်ပေါ်လျက် မီးစွဲလေပြီ ။ သူ ကျေနပ်သွားပြီ ။

ဝတ်ရုံကိုချွတ်၍ မီးပုံဘေးမှာ ဖြန့်ခင်းလိုက်သည် ။ မီးမှာ ကြာရှည်ခံလောင်စာ မရှိသည့်အတွက် ခဏမကြာ သစ်ရွက်ခြောက်များ ထည့်သွင်းပေးနေရ၏ ။ သူ ဤ ဂူအတွင်း၌ အခြေကျလာသည် ။ သူ့စိတ်မှာ ဤဂူအပေါ် ယဉ်စ ပြုလာပြီ ။ သူ့အိမ် , သူ့ယာ လို အသိစိတ် ဝင်ရောက်လာသောအခါ သူနေရ ထိုင်ရသည်မှာ အတော်လေး အဆင်ပြေလာ၏ ။ ထိုအခါမှ သူ သတိထားမိသည်မှာ ဤ ဂူအတွင်း၌ လှုပ်ရှားမှုဆို၍ သူနှင့် မီးတောက်လေးတစ်ခုရယ်သာရှိကြောင်း သူသိလိုက်လေသည် ။ သူ တစ်ခဏမျှ အထီးကျန်သွားသယောင် အားငယ်စိတ်ဝင်သွား၏ ။ သို့သော် ဤ စိတ်မှာ ကြာရှည်မခံပေ ။ သူ၏ ဆုံးဖြတ်ချက်က ထို အားငယ်စိတ်တွေကို ခြေဖျက်နိုင်စွမ်း၏ ။ သူ ကိုယ့်ကိုယ်ကို သတိပေးလိုက်သည် ။ ငါဟာ ဗြဟ္မာဏ တစ်ယောက်ပဲ ။ လောကရဲ့ အမှန်တရားကို မတွေ့တွေ့အောင် ရှာမည့် သူတော်စင်တည်း ဟူ၏ ။

ဘီစီခြောက်ရာစုခေတ်က အိန္ဒိယပြည် မြောက်ပိုင်း ဂင်္ဂါမြစ်ဝှမ်းအလယ်ပိုင်းမှာ ဘာသာရေးပုဂ္ဂိုလ် အမျိုးမျိုး လှည့်လည်သွားလာခဲ့ကြပါတယ် ။ သူတို့ရဲ့ အမည်များက ဘိက္ခု သမဏ ယတိ သညာသီ ဆိုပြီး အမျိုးမျိုးရှိကြတယ် ။  ဂိုဏ်းတွေကလဲ များစွာရှိပြီး အမည်တွေလဲ အမျိုးမျိုး ပေါ်ပေါက်လာခဲ့တယ် ။ အဲဒီ့အချိန်က သူတို့ဝါဒများကို နှုတ်ဖြစ်သာ ယူဆောင်လာကြပြီး နောက်ကာလများမှာတော့ ဂိုဏ်းတွေ အများအပြား တိမ်မြှပ်ပျောက်ကွယ်သွားခဲ့တယ် ။ ဆိုင်ရာဝါဒတွေလဲ ပျောက်ကွယ် သွားခဲ့တယ် ။ ဂိုဏ်းအားလုံးရဲ့ တူညီတဲ့အချက်ကတော့ လူ့ဘောင်ကို ဖယ်ခွာပြီး တောအရပ်မှီ လှည့်လည်သွားလာ တရားအားထုတ်ခြင်းပဲဖြစ်ပါတယ် ။အဲ့ဒီလို လှည့်လည်သွားလာကြရင်း တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း တွေ့ကြတဲ့အခါ တရားဆွေးနွေးရင်းမှ တစ်ဂိုဏ်းက ဝိနည်းသိက္ခာပုဒ်များကို တစ်ဂိုဏ်းကယူ , တစ်ဂိုဏ်းကလဲ ထို့အတူ ကောင်းနိုးရာရာကို ယူကြကာ ဂိုဏ်းအသစ်များ ပေါ်ထွက်လာခဲ့ကြပြန်တယ် ။ ရှေးအိန္ဒိယမှာ ထင်ရှားခဲ့တာကတော့ ဗြာဟ္မဏနဲ့ သမဏပါပဲ ။ ဗြာဟ္မဏတို့က ရှေးပဝေနသီမှစပြီး အိန္ဒိယပြည်မှာ ထင်ရှားခဲ့ပြီးကာမှ သမဏတို့ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်တယ် ။ သမဏနဲ့ ဗြာဟ္မဏတို့ရဲ့ ဓလေ့တွေဟာ မတူညီကြပါဘူး ။ သမဏမှာ ဗြာဟ္မဏလို ဇာတ်ကွဲတာတွေမရှိဘူး ။ အဲဒီလို အပြိုင်အဆိုင် သမဏတွေက ဗြာဟ္မဏတွေနဲ့ ဖြစ်လာရတာက အနောက်မှ အရှေ့သို့ အာရိယန် ယဉ်ကျေးမှု ပြန့်ပွားလာခြင်းကြောင့် ဖြစ်ပါတယ် ။ အာရိယန်ယဉ်ကျေးမှုက ဂင်္ဂါမြစ်ဝှမ်းတစ်လျောက်အတိုင်း အရှေ့ဘက်ကို ရွေ့လျားပြီး ခတ္တိယတို့ ကြီးစိုးတဲ့ မဇ္ဈိမဒေသထိ ကျယ်ပြန့်ခဲ့တယ် ။ ခတ္တိယတို့က မာန်မာနရှိပြီး လွတ်လပ်မှုကို မြတ်နိုးတဲ့ လူတန်းစားတွေ ဖြစ်တဲ့အလျောက် မဇ္ဈိမဒေသမှာ ဇာတ်ခွဲတဲ့ ဝါဒ ဗြာဟ္မဏတွေဟာ ကြီးထွားပြန့်ပွားဖို့ မလွယ်ကူခဲ့ပါဘူး ။ အဲ့ဒီ့အချိန်မှာ ပြောင်းလဲလှုပ်ရှားနေတဲ့ ခတ္တိယ အတွေးအခေါ်များဟာ အာရိယန်ယဉ်ကျေးမှုနဲ့ ပေါင်းမိပြီး တရားဓမ္မနဲ့ ကျင့်စဉ်ကို အချိန်ပြည့် စူးစမ်းလေ့လာကျင့်ကြံအားထုတ်သူ မရှိသေးတဲ့အချိန်မှာ ဗြာဟ္မဏတို့နဲ့ ဆင်ဆင်တူတဲ့ သမဏတို့ ပေါ်ထွက်လာခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီလို သမဏတွေဟာ မဇ္ဈိမဒေသမှာ အမှန်တရားကို ရှာဖွေနေရင်း သူတို့အရပ်ဒေသက ဗြာဟ္မဏတွေလို ပညာသင် ဌာနမရှိတဲ့အတွက် လှည့်လည်သွားလာရင်း တရားရှာဖွေနှီးနှောခဲ့ကြတယ် ။ လွတ်လွတ်လပ်လပ်တရားရှာဖွေရင်း အိမ်ယာထောင်မှုကိုစွန့်ပယ်ကာ လူတို့လေးစားမှုကိုရရှိလာခဲ့ကြတယ် ။ ခတ္တိယမျိုး မင်း မူးမတ်တို့က ချီးမြှောက်မှုကြောင့်ဗြဟ္မဏတို့နဲ့အတူ အဆင့်အတန်းညီလာခဲ့ရာကနေ ဇာတ်နိမ့်တဲ့ စဏ္ဍာလ(သူတောင်းစား)တို့ပင်လျှင် ရဟန်းပြုတဲ့အခါ ဘုရင်၏ ပူဇော်ခြင်းကို ခံလာကြရတဲ့ ခေတ်အခါကာလဖြစ်ပါတယ် ။

ဒီလိုနဲ့ သူဟာ အမှန်တရားကိုရှာဖို့ ထွက်လာခဲ့တာမှာ ယခု မိုးတွင်းနှင့်ဆိုလျှင် တစ်နှစ်ပြည့်လေပြီ ။ သူ ဘာမျှ မရ ။ သူ ဘာမျှ မသိ ။သူ့မှာ အမှန်တရားကို ရှာဖွေလိုသော ဆန္ဒတစ်ခုတာ ရှိသည် ။ သူ ဘယ်လိုလုပ်ရမည်နည်း သူနားမလည် ။ ဘယ်သူ့ဆီကိုသွားပြီး ဆရာတင်ရမလဲလည်း သူမသိ ။ ဂိုဏ်းအားလုံးက ဘုရားတွေချည်းပဲလို့ ဆိုနေကြသည် ။ သူ ဘယ်ဘုရားကို ကိုးကွယ်ရမလဲဆိုတာ ကိုယ်ပိုင်ညာဏ်ဖြင့် မဆုံးဖြတ်နိုင်ရကား တစ်ဦး တည်း ယခုကဲ့သို့ ရှောင်လွှဲထွက်လာခဲ့ခြင်းကိုလဲ သူဘဝင်မကျပေ ။ သို့သော်လည်း သူ ဘာမျှ မတက်နိုင် ။ ထို့ကြောင့် သူဟာ အတွေးတို့ဖြင့်သာ  နယ်ချဲ့ရင်း ရောမကို ဆင်ခြင်မိလေတော့၏ ။ ရောမသည် သူ့အတွက် အကောင်းဆုံးသော သံဝေဂ ရစရာ နေရာတစ်ခုသာတည်း ။ 

ထိုအချိန်က အနောက်ဘက်ခြမ်းက ရောမနိုင်ငံဟာ အလွန်စည်ကား ကြီးကျယ်လျက်ရှိပါတယ် ။
အဲ့ဒီ့ရောမမြို့သက် နှစ်ပေါင်း ၇၀၀ ရာခန့်မှာ ရောမဟာ အင်ပါယာအနေနဲ့ အလွန်ကို ကြီးကျယ်လွန်းလှတယ် ။ ဒါပေမယ့် တိုင်းပြည်ကြီးဟာ ကြီးကျယ်ခမ်းနားသလောက် အတွင်းရေးများ ရှုပ်ထွေးလွန်းလှတယ် ။ ရောမဟာ နှစ်ပေါင်း ၂၀၀  ရာခန့်မျှ ပြည်တွင်း ပြည်ပ စစ်မက်များနဲ့ ပြိုင်ဆိုင်နေရတာကြောင့် ပြည်တွင်းစီးပွားရေးထိခိုက်ပြီး လူငယ် လူရွယ်နှင့် လူတော် လူကောင်းများ ဆုံးရှုံးပျက်ဆီးကြရတယ် ။ တောင်သူလယ်သမားများနဲ့ အလုပ်သမား အပေါင်းတို့မှာလည်း ကျွန်ခံရသည့် အခြေကိုရောက်ပြီး မြို့ကြီး ပြကြီးများမှာ မွဲတေနေကြပြီ ။ မင်းမှုထမ်းများဟာ စားဝတ်နေရေး ကျပ်တည်းမှုတွေကြောင့် တံစိုးလက်ဆောင်များ စားကြကာ အကျင့်စာရိတ္တတွေ ပျက်ဆီးလျက်ရှိကြပါတယ်။ အဆိုးဆုံးကတော့ ရောမလူမျိုးတို့မှာ လူမှုဆက်ဆံရေး ကြမ်းတမ်းလွန်းလှတာဖြစ်တယ် ။  အခြားမျိုးနွယ်ဝင် လူသားတို့မှာ ဒုက္ခရောက်ပြီး သွေးထွက်သံယိုမှုတွေ ဖြစ်တဲ့အခါ စိန်းစိန်းကြည့်ပြီး သဘောကျနေတက်ကြတယ် ။ ဆင်းရဲနွမ်းပါးသူအများမှာ ကုဋေနှင့် ချီလျက် လေးလံသော ကျောက်တုံးကြီးအောက်မှာ ပိတ်မိနေကြတဲ့ ပုရွတ်ဆိတ် သတ္တဝါလေးတွေလိုဖြစ်နေကြပါတယ် ။ အဲ့လို မျိုးချစ်စိတ်ထက် မြို့ချစ်စိတ်သာ ထက်သန်နေတဲ့ အချိန်အခါကာလမျိုးမှာ အရှေ့ဘက်ခြမ်းများမှာတော့ ယဉ်ကျေးမှုအဆင့်အတန်းဟာ အင်မတန် ထွန်းတောက်နေပါပြီ ။ လူသားတို့ရဲ့ လောဘ ဒေါသတွေကို တွေ့မြင်ကာ စိတ်တွေ ဖေါက်ပြားပြီး ကြောက်ရွံ့မှုတွေကို ဖြစ်ပေါ်စေတဲ့ သူတော်ကောင်းတွေလဲ အများအပြား ထွက်ပေါ်လာခဲ့ပြီ ။ ဒါကြောင့် တောမှီပြီး တရားရှာသူ ဖြစ်ကြတဲ့ ရသေ့ သညာသီ တွေဟာ အလွန်ကို ပေါများလာခဲ့ရလေ၏ ။

သူဟာ ရောမရဲ့ အဖြစ်အပျက်တွေကို တွေးတောဆင်ခြင်ရင်း လူတို့ရဲ့ လောဘ ဒေါသ မောဟတွေကို အပြစ်မြင်လာခဲ့၏ ။ သူ သက်ပြင်းတစ်ချက်ချလိုက်သည် ။ ပူနွေးသော ထွက်လေမှာ ရင်ခေါင်းအတွင်းဘက်ဆီမှနေ၍ နှာခေါင်းအပြင်ကို ပြင်းပြင်းထန်ထန် တိုက်ပြီး ထွက်သွားလေ၏ ။ ထိုအရာကို သူ သတိထားလိုက်မိသည် ။ ဒါဟာ ဘာပါလဲလို့လဲ သူစဉ်းစား၏ ။ ရှေ့ယခင်က အဲ့လို ထိတိုက်မှုမျိုး ရှိခဲ့သလား - မရှိခဲ့သလား  သူမသိ ။ သေခြာတာက သူဟာ အသက်ကို နေ့စဉ် ပုံမှန်ရှုသွင်းရှုထုတ် လုပ်လျက်ပင် ။ သူ ထက်ပြီး သတိထားကြည့်၏ ။ ဟုတ်လေပြီ ။ ရှုသွင်းတဲ့ လေဟာ အေးမြပြီး မှုတ်ထုတ်လိုက်တဲ့လေဟာ ပူနွေးနေ၏ ။ သူ့အတွက် ဒီအချက်ဟာ အင်မတန် ထူးခြားလှနေတော့သတည်း ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်အချိန်ကာလက ခန္ဓာဗေဒနှင့်သက်ဆိုင်သော လေ့လာမှုများသည် ယခုလောက် ထွန်းကားခြင်း မရှိကြသေးပေ ။ အရာရာတိုင်းအပေါ် တသမက်တည်း မြင်နေကြပြီး ရိုးအိသော ထင်မြင်ချက်မှာ ကမ္ဘာ့မြေပုံမပေါ်ပေါက်သေးသည့်အတွက် ခြေဆန့်၍ သွားလာနိုင်သမျှ မြေမျက်နှာပြင်တိုင်းအား ကိုယ်ပိုင် မြေယာများသာ ဖြစ်ကြောင်း မင်းဧကရာဇ်တို့ သတ်မှတ်ထားရာ အစဉ်အလာတစ်ခုဖြစ်၏ ။ ကမ္ဘာကြီးဟာ အပြားသဏ္ဍာန်ဖြစ်ပြီး နေနတ်မင်း လနတ်မင်းတို့၏ စိတ်အလိုတော်အရ ဖန်ဆင်းခြင်းကြောင့်သာ လူသားများ ပေါ်ပေါက်လာကြသည်ဟု ယုံကြည်ကြ၏ ။ လူ့လောကအကြား ဘုရားများ များစွာ ရှိနေကြသည့်အပြင် တောတောင်ရေမြေများသာမက သက်ရှိသက်မဲ့ အရာအာလုံးကို ဖန်ဆင်းသော ဖန်ဆင်းရှင်များမှာလဲ အလွန်ကို များပြာလှသည့် အချိန်ကာလဖြစ်၏ ။ ထိုသို့ အမျိုးမျိုး ထင်မြင်သတ်မှတ်ချက်တွေအကြား တရားရှာလိုသူများမှာ မည်သည့်အရာကို ဆရာတင်လို့တင်ရမှန်း မသိနိုင်ကြပေ ။

သူ့အတွက် ထို ဝင်လေ ထွက်လေကို သတိထားမိနေသည်မှာ မည်ကဲ့သို့ အရသာတစ်မျိုး ခံစားနေရကြောင်း သူကိုယ်တိုင်သာ သိပေမည်။ သူဟာ ထိုလေလေးအပေါ်မှာ စိတ်ကလေး တည်ငြိမ်နေလေ၏ ။ သူ့ရဲ့ အာရုံတွေ လွှင့်ပြန်မသွားနိုင်လောက်အောင် အေးကနဲ - ပူခနဲက သူ့ကို ဆွဲခေါ်ထားလေသည် ။ သူဟာ မကြာခဏဆိုသလို အဲ့အရသာလေးအပေါ်မှာ အာရုံပျက်ပြားရသည် ။ အကြောင်းမှာ မည်မျှပင် ထို ခံစားချက်က ဆွဲခေါ်နိုင်ပေမယ့်လဲ သူ့ရဲ့တရားရှာလိုမှုဆန္ဒ - ကြောက်ရွံ့မှု - ရွံရှာမှု ကိလေသာ များအပေါ် သူ ဘယ်နည်းဖြင့် ဖြတ်ကျော်ရမလဲဆိုတာ သူ စဉ်းစားလေ၏ ။ ထိုအတွေး ခေါင်းထဲရောက်လျှင်ပင် အာရုံပျက်၏ ။ ပျက်လိုက် တင်လိုက်လုပ်နေရာမှာ အချိန်မည်မျှ ကြာသွားသည်ကို သူမသိပေ ။  ထို့အတူ ရှေ့တွင်ရှိသော မီးဆာသည် အလွန်ကို နည်းပါးနေပြီဖြစ်သောကြောင့် တင်ပလ္လင်ခွေကိုဖျက်ကာ သစ်ရွက်ခြောက်များ ကောက်ဖို့ လုံ့လပြုရပြန်တော့သတည်း ။

အချိန်သည် ကုန်နိုင်ခဲ၏ ။ တဝီဝီနှင့် တိုက်ခက်နေသော လေတွေက သူ၏ နားစည်ထိတိုင် တိုးဝင်လေ၏ ။ သူ၏ တကိုယ်လုံးသည် အေးစက်လွန်းလှသဖြင့် အတ္တလန်တိတ်သို့ ရောက်နေသည့်တိုင် ထင်ရသည် ။ မြေ၌ ဖြန့်ခင်းထားသော အဝတ်မှာ ခြောက်လုနီးပြီဖြစ်သောကြောင့် အအေးဒဏ် သက်သာစေရန် ကောက်ယူ၍ ဝတ်ရုံလိုက်သည် ။ ထိုအခါမှ သူ၏ ငရဲသမျှ ခံစားနေရသော ပင်ပန်းမှုကြီးမှာ သက်သာရာ ရလေတော့တသည်း ။

သူ့ စိတ်တွေ ပြန်လည် ကြည်လင်လာသည် ။ သူ့၏ အာရုံကြောတွေ ပြန်လည် နိုးကြားလာ၏ ။ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အခိုးအငွေ့တို့ကြောင့် စိုထိုင်းထိုင်းဖြစ်နေသော ဝတ်ရုံမှာ အနည်းငယ် ခြောက်သွေ့မှုဆီသို့ ဦးတည်လာလေပြီ ။ သူ သိလိုက်သည် ။ ဒါဟာ အကောင်းဆုံးသော အချိန်အခါပဲဟု ဆုံးဖြတ်လိုက်၏ ။

သူ ခံစားလိုက်ရသော အရသာထူးတစ်ခုအတွက် သူ ပြန်လည်ရယူရန် ကြိုးစားဖို့အချိန်တန်ပြီဖြစ်ကြောင်း သူသိလေသည် ။ သူ့အတွက် ခန္ဓာဆင်းရဲများ မရှိတော့ပြီ ။ သူ့အတွက် စိတ်တွေ ထိုင်းမှိုင်းမှုများက မနှောက်ယှက်နိုင် ။ သူ့အတွက် တိတ်ဆိတ်ခြင်းနဲ့ အတူ ယှဉ်လာသော ညာဏ်တို့က လမ်းကြောင်းတစ်ခုကို ပြသနေသယောင် ထင်ရ၏ ။

ထိုအခါ သူသည် သစ်ရွက်ခြောက်များအား ရှေ့ကထက် များစွာ ကောက်ယူစုဆောင်းလေ၏ ။ ရှေ့ကထက် လောင်စာများကို ပံ့ပိုးပေးသည် ။ ရှေ့ကထက် မီးတောက်သည် ကြီးမားလာသည်နှစ်အမျှ သူ၏လုံ့လပြုမှုကြောင့် အဘယ်အနှောက်အယှက်မှ မရှိပါစေနှင့်ဟု ဆုတောင်းမိလေ၏ ။ သူ၏ ဆုတောင်းသည် မည်သည်ကို ရည်ရွယ်ခြင်း ဖြစ်သည်အား သူသာ သိပေမည် ။ သူ၏ ဆုတောင်းအတွက် တစ်စုံတရာ မမျှော်လင့်သည်မှာ အမှန်ပင် ။ ထို့နောက် သူသည် မီးပုံဘေး၌ တင်ပလ္လင်ခွေကာ ဒုတိယအကြိမ် ထိုင်လိုက်လေတော့သည် ။

ဝင်လေသည် အအေးဓါတ်နှင့်အတူ နှာအတွင်းပိုင်းထိတိုင် ပြင်းပြင်းထန်ထန် တိုက်ဝင်သွားလေ၏ ။ စက္ကန့်မကြာ ပြန်လည်မှုတ်ထုတ်လိုက်သော လေတို့က အင်မတန် ခံစားမှု ကောင်းလှစွာ နွေးထွေးမှု ရှိလှ၏ ။ ထိုကဲ့သို့ အကြိမ်ကြိမ် ထိတိုက်မှုလေးအပေါ် အာရုံရောက်ကာ သူ၏ စိတ်နှလုံးသည် တည်ငြိမ်နေလေပြီ ။ သို့သော်လည်း ထိုခံစားမှုသည် တခဏမျှသာပင် ။ သူ၏ အာရုံများ ပျံ့လွှင့်သွားသည်နှင့်အမျှ လေတိုက်သံ - ရေစီးသံတို့မှာ အလုအယက် သူ့ထက်ငါ တိုးဝင်ပြန်လေပြီ ။ ထိုရေစီးသံနဲ့အတူ အကြိမ်ကြိမ် ရှုန်းကန်နေသော်လည်း  သူ၏ စိတ်မှာ မြောပါသွားပြန်တော့သည် ။

သူသည် ဤ ရေစီးကြောင်းအား ဘုရားသခင်အလား မှတ်ထင်မိ၏ ။ ဤ မြစ်သည် တကယ်ပင် ကောင်းကျိုးကိုဆောင်တက်သလောဟု မေးမိ၏ ။ သူ့အမေးကို သူသာ ဖြေရမည် ။ သူသာ မေးရမည် ။ ထိုအချိန်၌ မေးသူနှင့် ဖြေသူမှာ သူသာ ဖြစ်နေသည် ။ သို့သော် အမေးကို သူ ကောင်းကောင်း မဖြေဆိုနိုင် ။ ဤ မိခင်ဂင်္ဂါမြစ်သည် အမှန်ပင် ဘုရားသခင်လော ဟု တွေးတောနေလေတော့၏ ။

ရှေးအီဂျစ်တွေဟာ သူတို့ လယ်ယာစိုက်ပျိုး အသက်မွေးနိုင်အောင် - လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ကောင်းကျိုးပြုနေတဲ့ နိုင်းလ်မြစ်ကြီးကို Father Nile လို့ ခေါ်ကြပါတယ် ။ အဲ့လို တင်စားခဲ့ရာကနေ ဖခင် နိုင်းလ်မြစ်ကို ယဇ်ပူဇော်တဲ့အနေနဲ့ ချောမောလှပတဲ့ မိန်းမပျိုတွေကိုပါ အရှင်လတ်လတ် ရေနစ်သတ်ခဲ့တယ် ။ သက်မဲ့တွေ သက်ရှိတွေ မှတ်ယူကိုးကွယ်ရာကနေ ထိုခေတ်မှာ တစ်ကမ္ဘာလုံး အနှံ့အပြား ထွန်းကားခဲ့ပါတယ် ။ ၄င်းခေတ်က အိန္ဒိယတွင် ဂင်္ဂါမြစ်ကို မိခင်ဂင်္ဂါ Mother Ganges လို့ အလေးအမြတ် ထားခဲ့ကြပါတယ် ။

သူစဉ်းစားသည် ။ ယဇ်ပူဇော်သောအမှုမှာ တကယ်ပင် မှန်ကန်၏လော ။ ဒါမှမဟုတ် အကျိုးကို ယုတ်ညံ့စေသလောဟု မေးခွန်းထုတ်၏ ။ အပြန်ပြန် အလှန်လှန် ဆင်ခြင်သည် ။ ဘောင်ထဲက တိုးထွက်၏ ။ အဆုံးကိုလိုက်၍ အစကို ဖေါ်ပြ၏ ။ သို့သော် ဒီ ဖန်ဆင်းခြင်းအမှုတွင်သာ နိဂုံးချုပ်နေကြောင်း သူအဖြေရပြန်သည် ။ ထိုအဖြေကို သူမနှစ်သက် ။ မနှစ်သက်ပေမယ့် တော်လှန်စရာ စကားသည်လဲ မရှိပေ ။ ဒါဆို သူ လက်ခံရမည်လောဟု ဆုံးဖြတ်၏ ။ ထို့နောက် သက်ပြင်းတစ်ချက် ပြန်လည် ချမိပြန်တော့သတည်း ။

ရှုပ်ထွေးလှသော လူ့လောကကြီး၏ အဖြစ်သနစ်ကို သူ ကြည့်နေမိသည် ။ အင်မတန် ခက်ခဲသော အဖြေတစ်ခုကို ရှာဖွေနေခြင်းလောဟု သူ စဉ်းစား၏။ ဘယ်အရာကို  ရှာဖွေလို့ ရှာဖွေမှန်းမသိခြင်းသည် အလွန်ကို အဓိပ္ပါယ်မရှိသော လုပ်ရပ်တစ်ခုဟု သူဆုံးဖြတ်သည် ။ ဘယ်ကအရင် စတင်ဆုပ်ကိုင်ရမည်နည်း ။ ဘယ်ကအရင် လျှောက်လှမ်းရမည်နည်း ။ ဘယ်အရာသည်  တစ်ဖက်ကမ်းကို ရောက်နိုင်မည့် ဖေါင်သဖွယ်ဖြစ်မည်နည်းဟု သူတွေးတော၏ ။

သူသည် စိတ်မပါပဲ အလုပ် လုပ်နေရကြောင်းကိုကား သဘောပေါက်မိသည် ။ တစ်ခါတစ်ရံ သူသည် ဘာမျှမလုပ်ပဲ တစ်နာရီလောက် ထိုင်နေတက်သည် ။ မှောင်မဲနေသော ပတ်ဝန်းကျင်ဘက်ခြမ်းသို့ သူ ငေးစိုက်ကြည့်နေတက်၏ ။ သူ၏ မျက်နှာချင်းဆိုင်တွင် ရာစု နှစ်ပေါင်း များစွာကတည်းက ရှိနေသော ကျောက်ဆောင် ကျောက်တုံးကြီးတစ်ခု ရှိ၏ ။ ညိုမဲနေသော ကျောက်ခက်ကျောက်လက်တို့အပေါ်တွင် မီးဖိုလ်မှ အရောင်ဟပ်မှုကြောင့် အလင်းလှိုင်းတို့မှာ လှုပ်ရှားနေလေ၏ ။ မျက်နှာစာတစ်ခုလုံးတွင် လေးထောင့်ဖု - စတုဂံဖု - တြိဂံဖုလေးများသဖွယ် ဖေါင်းကြွနေလေသည် ။

ရှေးခေတ်ပုံစံ မည်သူမျှ မတို့မထိထားသော ကျောက်သားသည် သဘာဝအတိုင်း လှပနေ၏ ။ သို့သော် အထပ်ဘက်ရှိ ပုံစံ အမျိုးမျိုးရှိသော ကျောက်သား ကျောက်ခတ်တို့မှာ အင်မတန် ချွတ်ချော်လှသော ဗိသုကာပိုင်း ကမောက် ကမမှု ဖြစ်နေသည် ။ ဤ ဖြစ်ကတက်ဆန်းအသွင်က မြင်ကွင်းကို ပရမ်းပတာနှင့် မရိုးမသား ဖြစ်စေတော့သည် ။ အမှန်တော့ ဤ ကျောက်တုံးသည် ခေတ်အဆက်ဆက်မှာပင် မည်သူမျှ ဂရုမစိုက်ခဲ့သော ကျောက်ရိုင်းတုံး တစ်တုံးသာ ဖြစ်၏ ။ ရေညှိများမှာ ကျောက်သားတစ်ခုလုံးကို ဝါးမြိုထားလေပြီ ။

ဘာကြောင့်မှန်းတော့မသိ ဤ ကျောက်တုံးက သူ၏စိတ်ကို ဆွဲငင်ထားလေသည် ။ ပန်းရန် အတက်ပညာဖြင့်ယှဉ်သော် ထိုကျောက်တုံးမှာ အင်မတန် ကြည့်ရဆိုးကြောင်း သူသိ၏ ။ ဒါဆို ဘာကြောင့် သူ့စိတ်ကို ဆွဲငင်နေသနည်းဟု စဉ်းစား၏ ။ အဖြေရခက်သော စကားထာသဖွယ် ဖြစ်နေ၍လည်း ဖြစ်နိုင်သည် ။

ဘယ်ခေတ်က အဘယ်ကိစ္စအတွက် ဒီကျောက်တုံးကြီး ဖြစ်ပေါ်လာခဲ့သလဲဟု သူ စဉ်းစားရခက်၏ ။ သို့မဟုတ် အကန့်အသတ်ရှိသော အလှနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် အကျည်းတန်မှုတွင် အကန့်အသတ်မရှိ ကုန်ခမ်းနိုင်ခြင်း မရှိဟု မကြာ မကြာ တွေးမိတက်သောကြောင့်လဲ ဖြစ်နိုင်သည်။

သူ၏ ဂူပေါက်တည့်တည့်တွင် အလင်းရောင် သန်းလာလေပြီ ။ ထိုအခါ ကျောက်သားများ၏ုဖြစ်တည်နေပုံကို သူ အတိုင်းသား ထင်ရှားစွာ တွေ့မြင်လာရ၏ ။ ကျောက်သားများသည် မြင့်မားသော တောင်ထွဋ်တောင်တန်းများသဖွယ် တင့်တယ်လေ၏ ။ လွန်ခဲ့သောနှစ်ပေါင်း ငါးရာ တစ်ထောင်လောက်က စိမ်းစိုလှပသော မည်သူမျှ မတို့မထိထားသည့် နှစ်ချို့တောင်ကုန်းများသဖွယ်ဖြစ်နေသည် ။ ထိပ့်နှစ်ဖက်နှင့် အလည်တွင် ပွင့်ချပ်အုံများ ရှိသည် ။ လက်ရန်းတစ်လျောက် အကွာအဝေးက ဆောင့်ဖြင့် ဖြတ်ထားသလို ညီမျှ၏ ။ မီးခိုးရောင် ကျောက်ကြမ်းဖြင့် ထောက်ကန်ထားသော အနားသတ်များ ရှိသည် ။ ကျန်ရစ်သော ဘေးအစွန်းမှ ကျောက်ခက်များသည် ကမ္ဘာပေါ်တွင် အရိုးဆုံးနှင့် အရေးပါဆုံး အရာများ ဖြစ်နိုင်သည်ဟု သူမှတ်ချက်ချသည် ။ သို့သော် သူသည် ရင်တားပိုင်းမှ အပြင်သို့ ချွန်လျက် ထိုးထွက်နေသော အစွန်းနှစ်ဖက်ကို မငေးနိုင်ပဲ မနေနိုင်ပါ ။ ယင်း၏ အတိုင်းအတာများကို စိတ်ထဲတွင် ပြုလုပ်နေပြီး ယင်း၏ ခြားနားသော အခြေအနေများကို လေ့လာနေမိသည် ။ ယင်းသို့ဖြစ် သူသည် ကျောက်တိုင် တစ်ခက်နှင့် တစ်ခက်အကြား မည်မျှကွာဝေးကြောင်း တွတ်ချက်မိသည် ။

ထို့အတူ ရင်တားကျောက်ခက်ကို ရေညှိစိမ်းများ ဖုံးလွှမ်းနေသဖြင့် ညစ်ထေးနေပြီး ညိုပုတ်သော ကျောက်သားများ ပေါ်နေကာ အမြင်မှာ အင်မတန် ဆိုးရွားကြောင်း သူလေ့လာမိသည် ။ ကျောက်ခက်များ၏ မီးခိုးရောင် အထက်ဘက်တို့မှာလည်း နေဒဏ် မိုးဒဏ်ကြောင့် ယခုအခါ ခရမ်းရောင် သန်းနေကြပေပြီ ။ ရေညှိများနှင့်တူသော အစိမ်းကွက်များကိုလည်း ကျောက်တိုင်ခြေရင်းများတွင် တွေ့မြင်ရသည်  ။ လှုပ်ရှားရှုန်းကန်နေကြသော ပုရွတ်ဆိတ်တို့၏ အသိုက်အအုံများကိုလဲ အောက်ခြေဘက်တွင် မြင်တွေ့ရ၏ ။ သို့သော် ပန်းပင်များနှင့် အပင်ငယ်များ၏ အရိပ့်အယောင်ကိုကား မတွေ့ရှိရချေ ။ တစ်ခုနှင့် တစ်ခု လက်တစ်သစ်လောက် ကွာဝေးသော ကျောက်ဆစ် ကျောက်ခက်တို့ကို တွေ့မြင်ရသဖြင့် ကျောက်ဆောင်ကြီးတစ်ခုလုံးသည် ခြေဆယ်လှမ်းပတ်လည် ရှိမည်ဟု သူ ကောက်ချက်ချသည် ။ ထိုထက်လည်း အနည်းငယ် ပိုနိုင်၏ ။ ရင်တားကျောက်စွန်း၏ အောက်ဘက်သည်ကား ကစဥ့်ကလျား ရှုပ်ထွေးလာလျက်ရှိသော အဆောက်အထည်များ ထိုးထွက်နေကြသည် ။ ယင်းတို့က သူ့ကို စိတ်ဝင်စားမှု ဖြစ်စေ၏ ။

တောင်ပတ်လမ်းသဖွယ်ဖြစ်နေသော ရေဆင်းလမ်းတစ်ခုသည် ထို အစွန်းအထွက်များကြားမှ ကြောင်လှေခါးပမာ လှည့်ပတ်ဖြစ်တည်နေပုံကို သူမြင်လိုက်သည် ။ သူက ထုံးစံအတိုင်း ယင်းလျှောက်လမ်း၏ အတိုင်းအတာများကို တွတ်ချက်နေမိသည် ။ အရှေ့ဘက် ရေစီးကြောင်းက လက်အထွာ ငါးဖြတ်ခန့် ရှိမည် ။ အနောက်ဘက်မှ အပေါ်ကို တက်သွားသော လမ်းကြောင်းသည် လေးထွာနှင့် လက် တစ်သစ်လောက် ရှိမည်ဟု ခန့်မှန်း၏ ။  မတ်စောက်သော ကျောက်သားနံရံတစ်ခုပေါ်တွင် အရှေ့ကို အနည်းငယ် ခုံးထွက်နေသော မြေဆိုင်ခဲတစ်ခု တင်နေ၏ ။  ယင်းကြောင့် ဤ ကျောက်ဆောင်ငယ်မှာ ပို၍ပင် အရုပ်ဆိုးစေကြောင်း သူမှတ်ချက်တင်ပြန်သည် ။  အဆင့်နှစ်ဆင့် ရှိပြီး တစ်ဆင့်လျှင် အစွန်းအထွက်ကျောက်ခက်ပေါင်း နှစ်ဆယ်လောက် ရှိမည်ဟု ခန့်မှန်းသည် ။ မြေပြင်၏ အတွင်းသို့ နစ်ဝင်နေသော အပိုင်းကို သူ တွတ်ချက်၏ ။ သို့သော် ထင်သလောက် အဖြေမထွက်ပေ ။ မြေပြင်၏ လက်ဝဲဘက်တွင် မိုးရေများ အားပါးတရ သွန်းလောင်းထား၍ ပိပြားနေသော ပိန်းရွတ်နှစ်ပင်သုံးပင် ပေါက်နေ၏ ။ ပင်စည်သည် ရှည်လျားလွန်းလှသလို အပေါ်မှ အရွက်၏ ဗျန့်ကားကပ်သည် ပုရွတ်ဆိတ်တစ်သိုက်လုံးကို အမိုးအဖြင့် ကာကွယ်နိုင်လောက်အောင် ကြီးမား၏ ။ အရောင်မှာ အစိမ်းရင့်ရောင် သန်းနေလေပြီ ။ သူ၏  ညာဘက်တွင် ကပ်လျက်ဖြစ်ပေါ်နေသည်က တွန့်လိမ်ပျက်စီးနေသော မြတ်ရိုင်းပင်များ ဖြစ်သည် ။ ထို အနီး၌ မိုးရေ စီးစင်းသော ရေသွားလမ်းတစ်ခု ဖြစ်နေ၏ ။ အမြင့်မှ အနိမ့်ပိုင်းသို့ အရှိန်ဖြင့် ထိုးဆင်းနိုင်သည့်ပမာ ဆောင့်အားဖြင့် မြင့်မား၏ ။  ထိုလမ်း၏ တစ်လျောက်တွင်ကား ကျောက်ဆောင် ကျောက်ခဲများ ထိုးထွက်နေလေသည် ။ အချို့ကမြင့်မြင့် ။ အချို့က နိမ့်နိမ့်ပင် ။

သူသည် ထိုကျောက်ဆောင်ကို အတန်ကြာအောင် ဆက်လက်ကြည့်ရှုနေ၏ ။ ထို့နောက် ကျောက်ဆောင်အပေါ်မှ အမြင်ကို လွှဲကာ သူ၏ ဂူအပြင်ဘက်ဆီ အာရုံကျလေတော့သည်  ။ ထိုအချိန်တွင်တော့ မိုးစက်ဟူသည် မည်သည့်အရပ်မှာမျှ မတွေ့ရတော့ ။ သူ အပြင်ကို ထွက်လိုက်သည် ။ သူ၏ ဝတ်ရုံသည်လည်း ထိုအချိန်၌ ခြောက်သွေ့နေလေပြီ ။ အရာရာတိုင်းသည် နေ့စဉ်ဖြတ်သန်းနေရသော ပတ်ဝန်းကျင်တစ်ခုအသွင် ပြန်လည် ဖြစ်ပေါ်လာခဲ့ပြီ ။ အရာအားလုံး ပုံမှန်အနေအထားပင် ။ သို့သော် ပုံမှန်မဟုတ်သည်က ရှေ့မှ သာမဏများသာတည်း ။ 

သူမြင်နေရသည်မှာ အလွန်များပြားလှသော သာမဏများဖြစ်သည် ။ ထိုသူတို့ အဘယ်ကို သွားနေကြသနည်း ။ တစ်ချို့က ငိုယိုနေကြသည် ။ တစ်ချို့က မျက်နှာများ မသာမယာ ဖြစ်နေကြ၏ ။ တစ်ချို့က စိတ်ဓါတ်ကျနေသည်ကို အထင်းသား တွေ့နေရသလို တစ်ချို့တွေမှာတော့ အင်မတန် တည်ငြိမ် အေးချမ်းလှ၏ ။ သူတို့ မည်သူတွေနည်း ။ အဘယ်သို့ သွားနေသနည်း ။ ဘာအတွက် ဝမ်းနည်းပူဆွေးကြ၍ အဘယ်ကြောင့် လျင်လျင်မြန်မြန်ကြီး လျှောက်လှမ်းနေကြသနည်း ။

ထို့နောက် သူသည် ထို သာမဏများဆီသို့ လျှောက်လှမ်းသွားလေ၏ ။ အလွန်များပြားလှသော သာမဏများမှာပင်ဖြစ်သည် ။ ရှေ့ဆုံးမှ လျှောက်လှမ်းလာသော သာမဏအား သူ မေးလိုက်၏ ။

ငါ့ရှင် . . . အသင်တို့သည် အဘယ်သူတွေနည်း ။  အဘယ်ကြောင့် အချို့သာမဏတို့သည် ငိုယိုကြသနည်း ။ အဘယ်ကြောင့် အချို့သာမဏတို့သည် ပူပန်နေကြသနည်း။ အဘယ်ကြောင့် အချို့သာမဏတို့မှာ စိတ်ဓါတ်များ အလွန်အမင်း ကျဆင်းနေကြ၍ အဘယ်ကြောင့် အချို့သာမဏများမှာ အင်မတန် အိနြေ္ဒတည်ကြည်နေကြသနည်း ။ ငါ့ရှင် . . . သင်တို့သည် အဘယ်အမှုကြောင့် အလွန်လျင်မြန်စွာ လျှောက်လှမ်းနေကြသနည်း ။ သင်တို့၏ အရေးကိစ္စသည် အဘယ်ကြောင့် ဤမျှလောက် အရေးပါလှသနည်း ဟု မေးလေ၏ ။

ထိုအခါ သာမဏ က -

ငါ့ရှင် ဗြဟ္မဏ . . . ငါတို့၏ ဆရာသခင်ဖြစ်တော်မူသော သာကီနွယ်ဖွား ဂေါတမမြတ်စွာဘုရားသည် ယခုအခါ ပိရိနိဗ္ဗာန် စံဝင်လေပြီ ။ ငါတို့သည် ထိုဆရာသခင်၏ ရုပ်ကလပ်ရှိရာဆီသို့ ကြွမြန်းလာခဲ့၏ ။ ငါ့ရှင် ဗြဟ္မဏ . . . ငါတို့သည် အချိန်မရှိပြီ ။ ထို့ကြောင့် ငါတို့ လျင်လျင်မြန်မြန် လျှောက်လှမ်းလာကြလေ၏ ဟု ပြန်လည်ဖြေကြား၏ ။

ထိုအခါ သူသည် ထိုသာမဏ၏ အဖြေအပေါ် လုံလောက်ပြီဟု သုံးသပ်၏ ။ သူသိချင်သည်မှာ ပြည့်စုံလှပြီ ။ သူ မည်သည့်အမေးမျှ ထက်မံမမေးတော့ပဲ စကားတစ်ခွန်းဆိုလိုက်၏ ။

ငါ့ရှင် . . . သင်သည် အင်မတန် တည်ငြိမ်အေးချမ်းလှ၏ ။ အိနြေ္ဒတို့မှ စောင့်စည်းခြင်းသည် အလျင်းမပျက်ပေ ။ သင်သည် ကြီးရင့်သော အသက်လည်း ရှိ၏ ။ သင် လျောက်လှမ်းသော ခရီးအပေါ် သင့်လောက် ပင်ပန်းမည့်သူသည် ဤသာမဏတို့အကြား၌ မရှိသည်ပင် ထင်ရာ၏ ။ သို့သော် သင်သည် အင်မတန် ရွှင်လန်းလှပါတကား ဟု ချီးကျုးလေသည် ။ 

ထိုအခါ သာမဏက -

ငါ့ရှင် ဗြဟ္မဏ . . . ငါသည် လွတ်လပ်သော စိတ်ဖြစ် နေထိုင်သောကြောင့် ရွှင်လန်းခြင်း ငြိမ်းချမ်းခြင်းကို သိရပြီ ဟု ပြန်လည်ဆိုကာ ခရီးကို ဆက်ရန် ပြင်လိုက်၏ ။

ထိုအခါ သူသည် ထိုသာမဏအား အလျှင်အမြန် အမေးတစ်ခုကို မေးမြန်းလိုက်လေသည် ။

ငါ့ရှင် သာမဏ . . . သင်၏ အမည်သည် အဘယ်သူနည်းဟု သိအပ်သနည်း ။

ငါ့ရှင် ဗြဟ္မဏ . . . ငါ့ကို သီတင်းသုံးဖေါ်တို့က အရှင်မဟာကဿပ ဟု ခေါ်ဆိုကြကုန်၏ ဟု ဆိုကာ ခရီးကို ရှေ့ဆက်လေတော့သတည်း ။

သူသည် လွတ်လပ်သော စိတ်ဖြင့် နေထိုင်ခြင်းဟူသည် အဘယ်နည်းဟု တွေးတောကာ ထို သာမဏ တို့အား ငေးမောကြည့်နေမိ၏ ။ တစ်ဖြေးဖြေးနှင့် သာမဏတို့သည် မြင်ကွင်းမှ ဝေး၍ ဝေး၍ လာလေသည် ။ သူသည် သာမဏတို့၏ အရိပ့်အရောင်ပင် မမြင်ရသည့်တိုင် ငေးမောကြည့်နေမိ၏ ။ ထို့နောက် သာမဏတို့သည် မြင်ကွင်းမှ အရှင်းပျောက်ကွယ်သွားသည်ရှိသော် သူသည် အနောက်သို့ လှည့်ပြန်လာခဲ့၏ ။ ထို့နောက် သူသည် ဂူအတွင်းသို့ ပြန်လည်ဝင်ရောက်ကာ တစ်ညလုံး ထိုင်ခဲ့သောနေရာ၌ တစ်ဖန်ပြန်၍ တင်ပလ္လင်ခွေ လိုက်သည် ။ ခေါင်းထဲတွင် တစ်ချက် ထက်ပေါ်လာ၏ ။ လွတ်လပ်သောစိတ်ဟူသည် အဘယ်နည်း ။

နောက်ဆုံးတွင်တော့ သူသည် အတန်ကြာသည့်တိုင် စဉ်းစားပြီနောက် အရှေ့၌ တည်ရှိနေသော ကျောက်ဆောင်ကို စူးစိုက်စွာ ကြည့်လိုက်သည် ။ သူမှတ်သား စိတ်ဖြာခဲ့သောအရာများသည် တစ်ဖန်ပြန်၍ ပေါ်ပေါက်လာ၏ ။ သူသည် ကျောက်ဆောင်၏ အောက်ခြေမှတည်ကာ စတင် တိုင်းထွာပြန်တော့သည် ။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...