Skip to main content

အချိန်၏ မျဉ်းပေါ်မှ ဆုံမှတ် !

အချိန်၏ မျဉ်းပေါ်မှ ဆုံမှတ်
-----------------------------
23.5.2013ခုနှစ် - အချိန် 6း10 မိနစ်

မနက်လင်းရောင်ခြည်သည် မိုးကောင်းကင်အထက်မှ တိမ်တိုက်တို့ကိုဖြတ်ကျော်ကာ မြေပြင်ဆီသို့တိုင် ကျဆင်းလာလေသည်။ ထိုအချိန်သည် မြို့ပေါ်နေ လူတန်းစားတို့အတွက် အလွန်မှ စောစီးလျှက်ရှိသော်လည်း အိမ်တစ်ခုလုံးသည် ရုတ်ရုတ်သဲသဲဖြစ်နေကြ၏ ။ ထိုအချိန်၌မူ တစ်ဦးတစ်ယောက်မျှ ငြိမ်သတ်စွာ အိပ့်စက်နိုင်ခြင်း မရှိကြပေ ။ တစ်ဦးသည် တစ်ဦးကို ကြည့်၏ ။ တစ်ဦးက တစ်ဦးကို  မေးသည် ။ တစ်ဦးကလဲ လျင်လျင်မြန်မြန်ဖြေနေ၏ ။ ဟုတ်သည် ။ သူမ ဗိုက်နာနေပြီ ။

အသံတို့မှာလည်း ဆူညံ လာသည့်အလျှောက် ထိုအရာထက် ဆူးရှသောအော်သံသည် မိန်းကလေးတစ်ဦး၏အာခေါင်အတွင်းမှ လျှံထွက်လာသောနာကျင်မှုပင်တည်း။

တစ်ယောက်က အငှားကားတစ်စီးငှားရန် အပြင်ကို ဒုန်းစိုင်း ပြေးထွက်သွားလေပြီ။ တစ်ယောက်ကမူ ဆေးရုံ၌အသုံးပြုရန် လိုအပ်မည်ထင်သည့် ပစ္စည်းများအား ချင်းအတွင်းသို့စု ဆောင်းထည့်နေ၏ ။ အဒေါ်ကြီးတစ်ယောက်သည် ထိုအရာများအတွက် ညွှန်ကြားနေသည် ။  သူသည်လည်း အိပ့်ယာလိတ် တို့ကို အလျှင်အမြန် ခေါက်ခက်ပြင်ဆင်နေသည်ကို တွေ့နေရသည် ။

ထိုအချိန်၌မူ ထိုကဲ့သို့ ပြင်းပြစွာသော နာကျင်မှုဝေဒနာကို ခံစားနေရသည့် သူမ၏ဘေးတွင်တော့ သူ၏ယောက်ျားက အားပေးစကားကို ထပ်ကာထပ်ကာ ပြောကြားနေ လေ၏။

အငှားကားမှာ ခြံအရှေ့သို့ ရောက်လာသည် ။ ထိုကားရှိရာဆီသို့ သူမအား မချီခေါ်ဆောင်သွားကြသည်။ အိမ်တစ်အိမ်လုံး ဆူညံပြီးသည့်နောက် ထိုကားအတွင်း၌ ထက်မံ ကမ္ဘာပျက်တော့သည် ။

ထိုကား ဆေးရုံသို့ ရောက်ရှိလာသည်ရှိသော် သူမဆီသို့ ဆရာဝန် ဆရာမများ အပြေးတစ်ပိုင်းဖြင့် ရောက်ရှိလာကြ၏ ။ အတူတကွ လိုက်ပါလာသော လှည်းအထက်သို့ တင်ဆောင်တွန်းသွားကြသည်။ ထို့အချိန်မှပင်  သူမ၏ ယောက်ျား၊ အမေ၊ မောင် နှင့် ညီမ တို့သည်လည်း အနည်းငယ် သက်သာရာရကြလေတော့သတည်း ။

-----

ထိုစိုးရိမ်မှုသည် ဤမျှတွင်မပြီးသေး ။  မွေးခန်းအတွင်းမှထွက်ပေါ်လာမည့် အခြေအနေကို စောင့်ရပေအုန်းမည်။ သူတို့တွေးနေသည် ။ သူတို့ ငေးငိုင်နေသည် ။ သူတို့ ရွတ်ဆိုနေကြပြီး သူတို့ ထိတ်လန့်နေကြ၏ ။

သူတို့သည် ပျော်ရွင်ခြင်းကတစ်မျိုး -  စိုးရိမ်ခြင်းကတစ်ဖုံနှင့် ရသမျှ ဘုရားစာတွေကိုသာ  ဆင်ခြင်နေကြသည် ။ သူတို့ စောင့်မျှော်နေကြသည် ။ သူတို့၏ ရင်ထဲတွင် တစ်စုံတစ်ခုကို တောင်းတနေကြ၏ ။ ထိုတောင်းတမှုသည် တစ်ခဏအတွင်း သိနိုင်သည် ။ သိနိုင်သည်ကိုလဲ သူတို့ သိကြသည် ။ ထိုသိခြင်းအပေါ်၌ အလျင်လိုနေခြင်းက ပဟေဠိဆန်နေ၏ ။

ထိုအချိန်တွင် မွေးခန်းတံခါးသည် ရုတ်တရပ် ပွင့်သွားသည် ။ သူတို့ဆီသို့ ဆရာမတစ်ယောက် လျှောက်လှမ်းလာသည်ကို တွေ့နေရသည် ။ သူတို့သည် လျှောက်လမ်းဘေးတစ်ချပ်တွင် ထားရှိသော ထိုင်ခုံတွဲပေါ်မှ ရုတ်တရပ် ပြိုင်တူထလိုက်မိ၏ ။

သူတို့ဆီလျှောက်လှမ်းလာသော ဆရာမအား အလွန်နှေးကွေးသော ခြေလှမ်းပိုင်ရှင်ဟု ထင်နေကြသည် ။ သူတို့ ပြေးသွားကြသည် ။ ထိုဆရာမအနားသို့ရောက်သောအခါ သူတို့ တုန့်ဆုတ်သွား၏ ။ ထိုအချိန်သည် အလွန်မြန်သော်လည်း အလွန်ကြာညောင်းသည့် အခါဖြစ်နေသည် ။ သူတို့စိုးရိမ်စိတ်များ အားကုန်သွားသည် ။ သူတို့ တောင်းတမှုများ အားသာလာသည် ။ သူတို့ တက်ကြွလာသည် ။ သူတို့ လှုပ်ရွလာသည် ။ သူမ ကျော်ဖြတ်နိုင်ပြီကို သူတို့ သိလိုက်ကြရတော့သည် ။

ထိုသို့ ကိစ္စများအားလုံးပြီးချိန်၌ နာရီကို ကြည့်မိသော် အချိန်မှာ (7း 10) မိနစ် ဖြစ်နေလေ၏ ။ ဤအချိန်သည် သူတို့အတွက် မင်္ဂလာရှိသော အချိန်ဖြစ်နေသည် . . .

------

မိသားတစ်စုလုံး ပျော်ရွှင်နေသော်လည်း ဘေး၌ ရှိနေသူတို့မှာ ဆန့်ကျင်ဘက်ခံစားမှုမျိုးကို ဆောင်နေကြသည်။ ညှိုးငယ်သောမျက်နှာတို့ကို ဆောင်လျှက် ပူဆွေးငိုကြွေးခြင်းတို့ဖြစ် လွန်စွာ သောကမီးများ ပွားများတောက်လောင်နေကြသည်။

တွန်းလှည်းအထက်၌ တင်ထားသော ခန္ဓာအလောင်းအား ပွေ့ဖတ် နမ်းရှုတ်လျှက်ရှိနေသော ယောက်ျားတစ်ဦးနှင့် အသက်မကြီးလှသေးသော မိန်းကလေးတစ်ဦးတို့အား ၀ိုင်းဝန်းဖြေသိမ့် ဆွဲငင်နေရလေသည်။ ထိုအချင်းရာကို ကြည့်ခြင်းသည် သံဝေဂ ရစရာပင်တည်း။

လှည်းအထပ်၌လဲလျှောင်းနေသော ခန္ဓာအလောင်းမှာ အထပ်၌ ဖုံးအုပ် ထားသည့် ၀တ်ရုံဖြူပိတ်စအား အထက်မှ ဖယ်ရှားထားခြင်းကြောင့် ထိုအလောင်းကောင်အား ကြည့်ရှုလိုက်လေသည်။

အသက် (၁၀)နှစ်လောက်သာရှိမည့် ခလေးငယ် တစ်ယောက်ပင်တည်း။ ထိုသို့ ပူဆွေးသောက ရောက်နေသူများမှာ သူ၏မိဘများ ဖြစ်ဟန်တူသည်။

ထို့နောက် အဖေဖြစ်သူသည် တစ်ဖက်တွင် မတ်တပ်ရပ်နေသော ခပ်ငယ်ငယ် ကောင်လေးတစ်ယောက်အား သတ်မယ်၊ ဖြတ်မယ် ဖြစ်နေခြင်းကြောင့် ၀ိုင်းဝန်းဆွဲထားကြရ၏ ။ လွန်စွာ မအေးနိုင်သောမီးတောက်ဖြစ်သည် ။ ဤမီးသည် အဘယ်မျှ လောင်မြိုက်နေအုန်းမည်နည်း ………….။

ထိုသေဆုံးခြင်း၏အစသည် ဤသို့ရှိခဲ့လေသည်။

23.5.2013 ခုနှစ် . အချိန် 6း00 နာရီတိတိ..

ဘုရားခန်းမှရှစ်ခိုးသံကြားမှပင် အိပ့်ယာကနိုးလာတော့သည်။ အချိန်ကို ကြည့်၍ မူးနောက်နောက် ဖြစ်နေသော ခေါင်းအား ဆေးကြောသန့်စင်ရန် နောက်ဖေးမီးဖိုချောင်ဆီသို့ လျှောက်သွားလိုက်သည်။ ထိုသို့ မျက်နှာသစ်ပြီးမှပင် ဘုရားရှစ်ခိုးပြီးသော မိန်းကလေးတစ်ဦးမှာ သူ့အတွက် ကော်ဖီတစ်ခွက်နှင့် မုန့်ကြွပ်နှစ်ခုအား စားပွဲ၌တည်ခင်းပေးလေ၏။

ထိုမိန်းကလေးမှာ သူ၏မိန်းမပင် ဖြစ်သည်။ ဇနီးဖြစ်သူ တည်ခင်းထားသော ကော်ဖီကို သောက်ကာ တိုင်တွင် ချိတ်ဆွဲ လျှက်ရှိသည့် လွယ်အိတ်အားယူ၍ အငှားကားထွက်ရန် အချိန်သင့်ပြီဖြစ်ကြောင်း ဇနီးသည်အား လှမ်းပြောလိုက်လေ၏။ မိန်းမဖြစ်သူသည် သူ့အား ခဏတာပွေ့ဖတ်နမ်းရှုံ့ကာ ကားကို သတိ ထားမောင်းရန် မှာကြားပြောဆိုလိုက်လေသည်။ ထို့နောက်သူသည်လည်း ကားပေါ်တက်၍ မောင်းထွက်လာတော့သည်။

အတော်တန် မောင်းထွက်လာသည်ရှိသော် လမ်းမအထပ်သို့ ရောက်လေသည်။ သူ၏မောင်းနှုန်းမှာ မနှေးမမြန်ဖြစ်သော်လည်း တစ်ဖတ်မှလာသောကား တစ်စီးသည် အရှိန်ပြင်းစွာ မောင်းနှင်လာကြောင်းတွေ့ရလေသည်။ ထိုကားမှာ ရေးကြီး သုတ်ပျာ ရှိဟန်ဖြစ်သောကြောင့်ကားအတွင်းကို အနည်းငယ် အကဲခတ်မိ၏။

ဟုတ်၏ ။ အရေးကြီးသည် ။ သူအထင်မမှားဘူးဆိုလျှင် မွေးလူနာ ပါသောကားဖြစ်ဟန်တူသည် ။ ထိုတစ်ခဏအတွင်း၌ ထို ဗိုက်ကြီးသည်ကားသည် အရှေ့၌ ရှိသောကားအား ကျော်တက်ရာ၌ တစ်ဘက်သို့ ဦးခေါင်းထွက်လာလေသည်။ ထွန်းထား သောမီးရောင်မှာ မျက်စိအတွင်းသို့ဆူးစိုက်ဝင်ရောက်လာသည့် တစ်ပြိုင်နက် သူသည် လမ်းမ၏ တစ်ဖက်သို့ မတိုက်မိစေရန် ကွေ့ဝင်လိုက်လေသည်။

ရုတ်တရပ်ဖြစ်လာသောအကြောင်းကြောင့် ကားမှာ အရှိန်ပါလာသည်ဖြစ်ရာ ပလက်ဖောင်းတစ်ဖက်ကိုကျော်၍ ထိုလမ်းဘေးရှိခြံတစ်ခုအတွင်းသို့ ၀င်ရောက်သွားလေတော့၏ ။

ထိုအဖြစ်ကို မွေးလူနာကား သိဟန်မတူ ။ သူသည် လည်း ရေးကြီးသုတ်ပြာဖြစ်နေသည်မဟုတ်သလော ။ အကြောင်းကာ ဤသို့ ချိုးဝင်တိုက်မိသည်ရှိသော် ထိုအသံနှင့်အတူ ၄င်းခြံအတွင်းမှလူတို့ ပြေးထွက်လာကြတော့သည်။ သူသည်လည်း အလွန်ကြောက် ရွံ့ကာ ဘာလုပ်လို့ဘာကိုင်ရမည်မသိ ။ သူသည် ကားအောက်သို့ ကပျာကယာဆင်းကြည့်လိုက်သည်ရှိသော် (၁၀)နှစ်သားကလေးငယ်တစ်ဦးမှာ ကားနှင့် အနည်းငယ်ဝေးသောနေရာတွင် ပစ်လှဲနေပြီး ခရီးဆောင်အိတ်များ ဟိုမှဒီသို့ ပျံ့ကျဲလွှင့်ထွက်နေ၏။

ဤအခြင်းရာမှာ သူတိုက်မိသည့် အရှိန် ကြောင့်ဖြစ်မှန်းသိသည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်တစ်ခုလုံးလဲ အေးစက်ထုံကြင်လာကာ စကား မပြောနို်င်လောက်အောင်ပင် ကြောက်ရွံ့သွေးပျက်လာတော့သည်။ ဘေး၌ပြောသောစကား သံများလည်းမသိတော့၊ အော်ဟစ်ငိုယိုနေသော ကြေကွဲစရာအသံသည်လည်း မကြားတော့ဘဲလျက် ကတုန်ဂရင်ဖြစ်ကာ အတွေးတို့ လွှတ်ထွက်နေတော့သည်။

ထို့နောက်မှ အသိတစ်မျိုးကိုရ၍ ကလေးငယ်အား ကားအသွင်းသို့တင်ကာ အနီးစပ်ဆုံးသောဆေးရုံသို့ မောင်းနှင်လာတော့ သည်။ သူ၏အတွေးသည် စိုးရိမ်ကြောက်ရွံ့ခြင်းကြောင့် မနည်းပင် ကားကို မောင်းနှင်နေရလေ၏။

ဆေးရုံသို့ရောက်သည်ရှိသော် ဆရာဝန် ဆရာမတို့မှာ ကြိုးစား ပမ်းစား ကုသကြလေ သည်။ သို့သော်လည်း အဖတ်မတင်တော့ပေ။ ဤကလေးငယ် သေဆုံးသွားပြီဖြစ်သည်။ ထိုအခါ သူ၏သောကအပူမီးတို့မှာ ၄င်းမိဘတို့ထက်ပင် ပြင်းထန်ဆူးရှနေတော့သည်။

ကြောက်ရွံ့စိုးရိမ်မှု ၊ တုန်လှုပ်ချောက်ချားခြင်းနှင့် ပူဆွေးညည်းတွားခြင်းတို့မှာ ဆထက်ထမ်းပိုး တိုးတက်နေတော့သည်။ ကလေးငယ်အပေါ်၌ တစ်စုံတစ်ရာမစဉ်းစားလိုက်နိုင်ခင် အတွေးတို့သည် သူ၏ မိန်းမထံ ရောက် ရှိသွားလေပြီ။

သူမ၏ ၀မ်းနည်းခြင်းလည်း ဖြစ်လာတော့မည်။ သူမတစ်ယောက်တည်း လောကအတွင်း၌ ဆင်းရဲစွာ နေထိုင်ရတော့မည်။ ဤသတင်းကိုကြားက သူမ မူးမေ့လဲသွားနိုင်လေသည်။ ဒုက္ခအိုးကြီးပိရောက်လာခြင်းကြောင့် သူမကို လက်ထပ်ယူခဲ့သည့် တစ်ပတ်အကြာကိုပင် မုန်းတီး မိတော့သည်။

အိမ်ထောင်ကျသည်မှာ တစ်ပတ်တာရှိသေးသော်လည်း ရှေ့ရှောက်သူမအတွက် ပျော်ရွင်စရာရှိနိုင်ဖွယ်မတွေ့တော့။ ခန္ဓာကိုယ်တစ်ခုလုံး ထုံကြင်စွန့်အနေချိန်၌ ခလေးငယ်၏ ဖခင်ဟုထင်ရသော သူမှာ ထိုးမယ် ကြိတ်မယ်ဟုတစ်ဆာဆာ အော်ဟစ်ဆဲရေးနေတော့သည်။

ထိုအချိန်၌ ဤအကြောင်းအရာလည်း ခေါင်းထဲမရှိ ၊ ခေါင်းထဲရှိနေသည်မှာ ရှေ့လျှောက် တွေ့ ကြုံရမည့် ဒုက္ခဆင်းရဲတွေကိုတာတည်း . . .

ထိုအခါ အလွန်အမှိုက်မှောင်ကျသည့်အချိန်အား လှမ်း ကြည့်မိလိုက်လေသည်။ အချိန်မှာ (၇း ၁၀) မိနစ်ဖြစ်နေလေတော့၏။

-----

23.5.2013 ခုနှစ် . အချိန်း 5း 30 မိနစ်..

ပစ္စည်းများထုတ်ပိုးနေသော သူ၏ဇနီးသည်အား ကြည့်၍ ရင်ထဲတွင် ကြိတ်ကာပီတိဖြစ်နေလေသည်။ သူမဒီလောက်ပျော်ရွှင်နေလိမ့်မည်ဟု အရင်ကသူမသိခဲ့ ။ တစ်ဖက်၌ ခုန်ပေါက်ဆော့ ကစားနေသော (၁၀)နှစ်အရွယ် သားလေးမှာလဲ သူ့အတွက် အားဆေးတစ်မျိုးပင်ဖြစ်သည်။

သူ တို့ကို ဂရုတစိုက်မကြည့်မိခဲ့လို့လားမသိ - ယခုတွင်တော့ အလွန်ပျော်ရွှင်စရာကောင်းသော မြင် ကွင်းပင်တည်း။

ထိုခဏ၌ အရင်ကရှိခဲ့သည့် အကြောင်းအရာများကို ပြန်စဉ်းစားကာ သက်ပြင်း တစ်ချက် ချမိလေတော့သည်။ အလုပ်သည်သာ အားထားရာ ၊ အလုပ်ဟူသည် ပျော်ရွှင်ခြင်းကို ပေးစွမ်း နိုင်သည်ဆိုသော ဆောင်ပုဒ်ကို ချိတ်ဆွဲလျှက် နေ့ညမပျက် အလုပ် အလုပ် ဟူ၍သာ ဖော်ဆောင် လုပ်ကိုင်ခဲ့သည်။ ဇနီးဖြစ်သူက တစ်ရက်တလေနားရန် ၊ အပန်းဖြေခရီးထွက်ရန် ပြောကြားနေခဲ့ သော်လည်း သူမ၏အလိုကို မလိုက်မိခဲ့ပေ။ အကြောင်းမှာ အလုပ်သည်လဲ အလွန်များပြား နေခဲ့ခြင်းပင်တည်း။

ယခုတော့ ဤသို့မဟုတ်တော့ပေ။ သူ၏သားငယ်အား နေမကောင်းဖြစ်ချိန်၌ ကတိထားခဲ့သည့်အတိုင်း ဆေးရုံမှဆင်းသော် ချောင်းသာသို့အပန်းဖြေခရီးပို့ ပေးရန် စီစဉ်ရလေတော့သည်။

တစ်ဦးတည်းသောသားမို့ အချစ်ဆုံးလည်း ဖြစ်ကာ အရိပ်တကြည့်ကြည့်ဖြင့် စောင့်ရှောက်လာခဲ့ရသည် မဟုတ်သလော။

ထို့နောက် အသံမြည်လာသော ဖုန်းကို ဘောင်းဘီအိတ် အတွင်းမှ နှိုတ်ထုတ်ကာ ဘယ်ကလဲဟု ကြည့်လိုက်လေ၏။အော်………..အလုပ် ကပဲ။ ထို့နောက် ကိုင်လိုက်ကာ ဒီတစ်ပတ်လုံး ခရီးထွက်မည်ဖြစ်ကြောင်းအား မှာကြားထားလိုက် လေသည်။ ထို့နောက် ဖုန်းကိုလည်းပိတ်ကာ ခရီးထွက်ရန် ကားအားစစ်ဖို့ အိမ်အပြင်သို့ လျှောက်လာခဲ့ လေသည်။

ဘီး ၊ ဆီ ၊မီး အားလုံးစစ်ဆေးပြီးပြီဖြစ်သောကြောင့် အိမ်အတွင်းမှ ဇနီးနှင့်သားတို့အား အော်ခေါ်လိုက်တော့သည်။

ထို့နောက် အိမ်အကူနှစ်ယောက်နှင့် ဦးလေး ဖြစ်သူတို့က အိတ်များ သယ်ဆောင်လာကာ ကားအနောက်ခြမ်းသို့ထည့်ကြလေတော့သည်။

သူ၏ဇနီးနှင့် သားငယ်တို့ အိမ်အပြင်ရောက်သည်ရှိသော် ဇနီးလက်မှ ခရီးဆောင်အိတ်အား ကူသယ်၍ ကားအတွင်းသို့ ထည့်မည်အလုပ်မှ အိမ်ခန်းအတွင်းမှ အမေ၏ခေါ်သံကို ကြားရလေတော့၏။

ထို့နောက် ပစ္စည်း အိတ်ကို မြေ၌ချကာ လင်မယားနှစ်ယောက်စလုံး အထဲသို့ ၀င်သွားလေသည်။

ခလေးမှာ ခရီး ထွက်ရတော့မည်ဟူကာ သိစိတ်ကြောင့် အကြောင်းအကျမဲ့ ပျော်ရွှင် ခုန်ပေါက် ဆော့ကစားချိန်၌ -  “ဒုန်း” ဟူသော အသံနှင့်အတူ ခြံစည်းရိုးတစ်လျှောက်မှာ အနားဆီသို့ လွင့်စင်လာလေကြောင်း သူတွေ့လိုက်ရသည် ။ပြင်းထန် သောထိခိုက်မှုကြောင့်ကလေးမှာ ၁၀ ပေ အကွာထိလွှင့်စင်လျှက် မြေတွင်ချထားသောခရီးဆောင် အိတ်တို့သည် ဟိုမှ ဒီသို့ ပြန့်ကျဲ သွားလေတော့သည်။

ထိုအသံကြောင့် အိမ်ထဲတွင်ရှိသော လင်မားနှစ်ယောက်စလုံးနှင့်အတူ အမေ၊ အဖေ ၊ ဦးလေးနှင့် အိမ်အကူများပါ ၄င်းနေရာဆီသို့ ပြေးထွက်လာကြတော့၏။ အဖြစ်အပျက်ကိုတွေ့က အနည်းငယ် ကြောင်အမ်းမှုတို့ဖြစ်သော်လည်း မကြာခင်သတိပြန်ရကြ၍ ခလေးဆီ ဦးတည်ပြေးထွက်ကြတော့သည်။

လောကကြီးသည် အလွန်မှ ဆန်းကြယ်လွန်လှ၏ ။

ယခုပင် အလွန် ကြည်နူးစရာကောင်းသော မြင်ကွင်းမျိုးရှိခဲ့သော်လည်း အခုတော့ အလွန်စိုးထိတ်စရာကောင်းသောအခြေနေတစ်ရပ်ပင်ဖြစ်နေသည် ။

မိဘတို့၏ရင်တွင် စိုးရိမ်ကြောက်ရွံ့မှု ဖြစ်ကာ အဘယ်စကား မှမဆိုနိုင်ဘဲ ကလေးငယ်အား ကောက်ချီထွေးပိုက်၍ ငိုကြွေးခြင်း ကိုသာ ပြုကြနေသည်။ ထို့နောက်မှ သတိပြန်ရကြကာ ၀င်ရောက်လာသော ကားအထဲမှ လူငယ်အား ကားအထဲ ပြန်လည်ဝင်ရောက်စေလျက် ဆေးရုံပို့ရန် ပြောကြားလိုက်တော့သည်။

ကြောင်အမ်းအမ်းဖြစ်နေသောလူငယ်သည် ထိုစကားကိုကြားသည်မှ သတိဝင်ရောက်လာဟန်ဖြစ် ခလေးအားပွေ့ချီကာ ကားအတွင်းသို့ တင်၍ အနီးစပ်ဆုံးသောဆေးရုံသို့ မောင်းနှင်လေတော့သည်။

အဖေဖြစ်သူသည် မည်သည့်စကားမှ မဆိုနိုင်ဘဲရှိလျှက် ဒီလိုကိစ္စမဖြစ်ပါစေနဲ့ဟူ၍သာ အကြိမ်ကြိမ်ဆုတောင်းနေလေသည်။ ထိုအခါ ဆေးရုံ သို့ရောက်သည်ရှိသော် ဆရာဝန် ဆရာမများဝိုင်းအုန်လာကြ၍ ကြိုးစားကုသလေ တော့၏။ ကံမှာ ဆိုးရွားလာပြီဖြစ်ခြင်းကြောင့် သူ၏သား အသက်ကို မကယ်နိုင်တော့ပေ။

ထိုအခါ အိပ့်ပျော်နေ သယောင်ရှိသော ခလေး၏ မျက်နှာအားကြည့်ကာ တစိမ့်စိမ့်ဝမ်းနည်းပူဆွေးခြင်းတို့ တိုးပွား လာပြီး အရင်ကအလုပ်အပေါ် အာရုံစိုက်မိခဲ့သည်ကိုသာ နောင်တရ ဖိဆီးနေတော့၏ ။

ခလေးခန္ဓာအားပွေ့ဖက်ကာ မလွှတ်ချင်လောက်အောင် ပူလောင်ငိုကြွေးနေသော်လည်း ထိုအပူ တို့အတွက် ဖြေဆေးမှာ ၄င်းတိုက်လိုက်သောကားသမားထံသို့ ရောက်လေတော့သည်။

ထိုအခါ လူငယ်ကို သတ်မှကောင်းလိမ့်မည်ဟု အတွေးနတ်ဆိုးများ ၀င်ရောက်ဖျက်ဆီးကြလျက် ထိုသူ့ထံသို့ သွား ရောက်ထိုးကြိတ်ရန်ပြုတော့သည်။ အနား၌ရှိနေသော အိမ်အကူတို့နှင့် ဦးလေးဖြစ်သူတို့က ဆွဲလျှက်တားခြင်းကြောင့် ရှုန်းရင်းဆန်ခက်ဖြစ်ကာ လက်မှဝတ်ထားသောလတ်ပတ်နာရီသည် ကြမ်းပြင်အထက်သို့ ကျကွဲလေတော့၏။

ထို့နောက် သောကများဖုံးလွှမ်းနေသော ကိုယ် ခန္ဓာမှာ ကြမ်းပြင်သို့တိုင် လဲကျလုမတက် ဖြစ်ကာမျှဖြင့် ကွဲအက်နေသောနာရီကို တွေ့ရလေသည်။

ထို့အခါမှပင် သူသည် အသိတရား ပြန်လည်လာ၍ သူ၏ ချစ်လှစွာသော သားလေးအတွက် အလွန်ကံဆိုးလှသောအချိန်ကို သေချာမှတ်သားလိုက်တော့ သည်။ အချိန်မှာ ( ၇း ၁၀ ) မိနစ်ပင်တည်း . . .

ဤအချိန်၌ တစ်ယောက်သည် ထွက်သွား၍ တစ်ယောက်သည် ဝင်လာစဲ ဖြစ်နေသည် ။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...