Skip to main content

ပန်းပု ပြိုင်ပွဲ !

ပန်းပုပြိုင်ပွဲ
--------
သူကြီးအိမ်မှမောင်းသံသည် တစ်ရွာလုံးကိုစိုးမိုးသွားလေ၏။ အချိန်မှာ မနက်စောစောဖြစ်သည့် အလျှောက်အဘယ်အကြောင်းကြောင့်မှန်း မသိရကား တစ်ယောက်တစ်ပေါက် ပြောဆိုသံများဖြင့် စိတ်ထင်တိုင်း တွေးကာ လူအများ သူကြီးအိမ်သို့ ရောက်လာလေတော့သည်။

သူကြီး၏ပုံ သဏ္ဍာန်မှာ အရပ်ပုပု ၊ ခန္ဓာ၀၀ ၊ ဗိုက်ပူပူနှင့်ဖြစ်လျှက် အဝေးကကြည့်လျှင် ဖိုးသာထူးအရုပ်နှင့်ပင် တူသယောင်ယောင်။ ကိုင်ဆောင်ထားသော နှစ်လုံးပြူးသေနတ်မှာ နောက်ထပ် တစ်တောင်တိုးက သူနှင့် ရွယ်တူရှိ လောက်၏။ သို့သော် အမည်မှာတော့ဖြင့် ဦးမြင့်ရှည် ဟူသတည်း။

ရွာသားအားလုံး အရှေ့ မှောက်သို့ရောက်သော် အနောက်မှလူများမှာ သူကြီးကို မမြင်ရတော့ပေ။ ထို့ကြောင့် အားလုံးကို အိမ်ရှေ့မြေကွက်လပ်၌ ထိုင်စေလိုက်မှပင် သူကြီးဦးမြင့်ရှည်မှာ ကျီး ကြားထဲကဒေါင်းသဖွယ် အရပ်ရှည်ထွက်လာရတော့၏။ သို့သော် အကြောင်းအရာကိုသူပြော မည်မဟုတ် သူ၏တပည့် ကျော် မောင်ဘူးသီးပင် ပြောဆိုရပြန်သည်။

ထိုအခါ အားလုံးငြိမ် သတ်စွာ ထိုင်နေကြသည့်အချိန်၌ မတ်တပ်ရပ်နေသူမှာ သူကြီးဦးမြင့်ရှည်နှင့် တပည့် မောင်ဘူးသီးနှစ်ယောက်သာ ရှိတော့သည်။ မောင်ဘူးသီးမှာ ပိန်ပိန်ရှည်ရှည်ဖြစ်ရကား သူတို့နှစ်ယောက် ကိုကြည့်လျှင် လက်မနှင့် လက်ညှိုး သဏ္ဍာန်ရှိနေလေ၏။

ထို့နောက် အသံအောင်အောင်ဖြစ် မောင်ဘူးသီးက . . .

“ ဒီနေ့ခေါ်ရတဲ့ အကြောင်းက တို့ရွာရဲ့ ဘုရားပွဲတော်အတွက် ထူးထူးခြားခြားဖြစ်အောင် အရင် နှစ်တွေကလို အငြိမ့်တို့ ပြဇာတ်တို့အပြင် အစီစဉ်တစ်ခုကို ရွာသားအားလုံးနှင့်တိုင်ပင်ပြီး ထပ် ထည့်ဖို့ပဲ ….. ဟုတ်တယ်မှတ်လားသူကြီး ” ။

သူကြီးကအသံခပ်ပျက်ပျက်ဖြစ် -

“ ဟုတ်တယ် … အဲဒါအားလုံး ဘယ်လိုသဘောရလဲ ”

ထိုအခါ ရွာသားအားလုံးက တစ်ယောက်တစ်မျိုးတင်ပြကြလေတော့ သည်။

တစ်ယောက်က လက်ဝှေ့ပွဲထည့်မယ် ၊ တစ်ယောက်က ခြင်းလုံး ပွဲထည့်မယ် ၊ တစ်ယောက်က မြင်းစီပြိုင်မယ် ၊ လယ်ထွန်ပြိုင်မယ် ၊ လှေလှော်ပြိုင်မယ် အိုး……အမျိုးမျိုးတစ်ယောက် တစ်ပေါက်နှင့် အဆိုတင်သွင်းကာ ငြင်းခုန်နေလျှက်ရှိကြတော့သည်။ ထိုအသံများအကြားမှပင် တစ်ခါတစ်ခါကြားသေး၏ ……ဘာတဲ့ …… ကြက်ပွဲတဲ့ ။ ဟုတ်တော့ ဟုတ်နေလေပြီ။

ထို့နောက် သူကြီးဦးမြင့်ရှည်စိတ်မရှည်တော့ မောင်းကိုတစ်ချက်ထက်တီးလိုက်မှပင် ပြန်ငြိမ်သွား ကြတော့၏။ ထိုအခါ သူကြီးက သူ၏စဉ်းစားထားသည်ကိုတင်ပြသည်။ သူကိုယ်တိုင်ပြောသောကြောင့် အရေးပါဟန်ဖြစ် ရွားသားအားလုံး ငြိမ်သတ်စွာ နားထောင်နေလေကြသည်။

“အခုပွဲက ဘုရားပွဲ အဲဒါကြောင့် လက်ဝှေ့တို့ဘာတို့နဲ့ မကိုက်ညီရကား ဘုရားပွဲအတွတ် ပန်းပု ပြိုင်ပွဲကျင်းပ ဖို့စီစဉ်ထားတယ်။ ဒီပြိုင်ပွဲကို ရွာလယ်ပိုင်းရော ၊ ရွာမြောက်ပိုင်းရော ၊ ရွာတောင်ပိုင်း ရော ၊ ရွာအရှေ့နဲ့ အနောက်ပိုင်းပါမကျန် ကြေညာပြီး ပန်းပုဆရာတွေ ပြိုင်ဖို့ဖိတ်ခေါ်မယ် အဲ့ဒီ့ပန်းပုကိုလည်း ဘုရားဆင်းတုတော်တစ်ခုသာ ထုလုပ်ပြိုင်စေပြီး အသပ္ပါယ်ဆုံးဆင်းတုတော်ထု လုပ် နိုင်သူအတွက် နွားတစ်ရှဉ်း ဆုချမယ် ”ဟုပြောကြားလေသည်။

ရွာသားအားလုံးငြိမ်သတ်နေသည်မှ အသံများ ဆူညံလာပြန်တော့၏။ သို့သော် ထိုအသံသည် တော့ အငြင်းအခုန်မဟုတ် ထောက်ခံကြောင်းပင်ဖြစ်လေသည်။ ထို့ကြောင့် ဤအစီစဉ်ကိုသာ အတည်ပြုလိုက်ကြတော့တသည်း။

ဘုရားပွဲမတိုင်ခင် ရှိသမျှရွာတိုင်းကို ပန်းပုပြိုင်ပွဲအကြောင်းကြေညာလေ၏။ မောင်သာနှင့်မောင် ဖိုးတို့မှာ မောင်းကို ထမ်းလျှက် လျှောက်ကာ သာကျော်က ရွာလမ်းတစ်လျှောက်ဝင်လိုက် မောင်း ကိုထုလိုက် ကြေညာကို အသံကျယ်ကျယ်ဖြစ် အော်ပြောလိုက်ရကား ညနေစောင်းမှပင် ကိုယ့် ရွာကို ပြန်ရောက်ကြတော့သည်။

ထိုအခါ ဤသတင်းကြောင့် ရွာအားလုံး လှုပ်လှုပ်ရွရွဖြစ်ကာ တစ်ရွာနှင့် တစ်ရွာ အပြိုင်အဆိုင် ဆင်နွှဲရမည်ဖြစ်သောကြောင့် ရွာတိုင်းသည် အတော်ဆုံးသော ပန်းပုဆရာတွေကိုရွေးကောက်ကာ ထည့်ဝင်ပြိုင်စေ၏။

ထို့နောက် ပွဲတော်ရက်သို့နီးလာလေ ပန်းပုဆရာတို့မှာ လက်ယာသွေး လေလေနှင့် ရင်တစ်ခုန်ခုန် ၊ စိတ်တစ်ဖုံဖုံဖြစ် ရွာအားလုံးတို့ သည် သူ့ထက်ငါတော်ကြောင်း ကြွားလုံးထုတ်နေကြတော့၏။

ထိုကြွားလုံးထဲတွင် ပန်းပုဆရာတွေ မပါ။ သူတို့ကိုယ်စား မြောက်ပိုင်းသားကွ ၊ တောင်ပိုင်းသားကွ ၊ အရှေ့ပိုင်းသားကွ၊ အလယ်ပိုင်းသားကွ အစရှိတရွေ့တာ ဂုဏ်ဖော်ကြွေးကြော်နေကြလေ၏။

ဤသတင်းမှာ ဟိုးလေတစ်ကြော် ကြော်ဖြစ်ရကားရွာတိုင်းရှိ အထည်ဆိုင်များ ဖိနပ်ဆိုင်များနှင့် အလှ ပြင်ပစ္စည်းဆိုင်များတွင် ပွဲတော် ရက်နီးလာလေ ရောင်းကောင်းလာလေပင်တည်း။

-----

ထိုပွဲတော်ရက်သို့ရောက်လေပြီ။ လူတို့မှာ အုံ့အုံ့ကြပ်ကြပ် မည်သည့်ရွာကလူမှ လယ်မထွန် ၊ ကောက်မစိုက်ကြတော့ပဲ ၄င်းပွဲဆီသို့ သွားရန် ၀ယ်ထားသောပစ္စည်းများဖြစ် အစွမ်းကုန်ပြင် ဆင်ကြလေပြီ။

ဖိနပ်ပါသူတွေလည်းရှိ ၊ မပါသူတွေလဲရှိ ။ အနက်ရောင်နေကာမျက်မှန်တပ်သူ တွေလဲပါ ၊ ပုဆိုးပေါ်ခါးပတ်ပတ်သူတွေက လည်းမနည်း ၊ နေပူပူအနွေးထည်နှင့် မာဖလာကို တိုင်းကာ ချွေးတစ်ပြိုင်းပြိုင်းကျနေသူတွေလဲ မရှားပေ။

ပြိုင်လိုက်တဲ့အလှ ၊ ကျလိုက်တဲ့စတိုင် ၊ ပြောလိုက်တဲ့စကားတွေမှာ နေ့စဉ်သုံးမဟုတ် ကြည့်ဖူးသမျှဇာတ်ကားထဲက စကားလုံးတွေပင် တည်း။

ထိုသို့ ဆူဆူညံညံဖြစ်နေစဉ် မောင်းသံ ကြားလေပြီ။ ထိုအခါ ပွဲစတော့မည်ကို သိသဖြင့် ထိုပြိုင်ပွဲနေရာဆီသို့ လူအများစုလာကြလေ၏။
စည်းမျဉ်းကို အသံကျယ်ကျယ်ဖြင့် မောင်ဘူးသီးကဖတ်ပြသည်။ စည်းမျဉ်းဟုဆိုရာ၌  လျှောက် ပြီးမတွေးစေချင် ။ အကြောင်းမှာ ရုပ်ထုကို စိတ်ကြိုက်လွတ်လပ်စွာ ထုလုပ်နိုင်ပြီး အမြန်ဆုံးနှင့် အသပ္ပါယ်ဆုံးသောသူကိုသာ ဆုချမည်ဖြစ်သည်။ ထိုအကြောင်းအရာမှတစ်ပါး ကျန်သည့်စည်းမျဉ်းမရှိ ၊ ရွာသားတို့လည်း စိတ်ပါဝင်စားစွာ စကားကို နားထောင်နေကြလေသည်။

ထို့နောက် ပြိုင်ပွဲစချိန် အတွတ် အချက်ပေးရန်မောင်းသံမှာ ထွက်ပေါ်လာတော့၏ ။

ပန်းပုဆရာအားလုံး ပေါင်း ငါးယောက် ၊ အရှေ့မှာချထားသော ယောက်ျားတစ်ဖတ်စာနှင့် အမြင့် နှစ်ပေရှိ ပျဉ်းကတိုး သစ်သားတုံးများမှာ ခန့်ခန့်ကြီးရှိနေကြသည်။ ရွာငါးရွာ ၊ ကိုယ်စားငါးယောက် ၊ အပြိုင်ထုနေလေ ပြီ။

ဘေးတွင်လည်း အားပေးသံကမစဲ။ တစ်ခါတစ်ခါ အကြံပေးအသံကထွက်ပေါ်လာသေး၏။

မြောက်ပိုင်းသား ဂွတိုကွ …..ဘုရားအောက်ခြေမှာ ကြာပွင့်ကိုထုဟေ့။ ဟေ့ပေါက်ကြီး …..တို့ တောင်ပိုင်းသားတွေက ဘုရားအောက်ခံဆင်နော် အဲဒါမှပိုတန်ခိုးရှိမှာ ။ နွားကိုအောက်ခြေခံလိုက် ကျောက်ဒိုး …….တို့အရှေ့ပိုင်းသားတွေရဲ့ကျေးဇူးရှင် နွားနဲ့ဘုရားကအလိုက်ဆုံးကွ။ ဟေ့ဟေ့ ခွေးနီ ……ဘီလူးကို အောက်ခြေခံလိုက်ကွ တိရိစ္ဆာန်တွေထက် တန်ခိုးကြီးမှ ဘုရားလဲတန်ခိုး ထွက်မှာ အဲ့ဒါမှ တို့အနောက်ပိုင်းသားတွေအစွမ်းသိမှာ ။ အောင်မာ….သူတို့ကလာချည်သေး….. အလယ်ပိုင်းသားတွေက မင်းတို့ဘီလူးထက်ကြီးတဲ့ သိကြားမင်းကို အောက်ခြေခံပြီး ထုပြလိုက် ကြွက်နီရေ့။ အော်….မင်းတို့ကဒီလိုလား ….မြောက်ပိုင်းသားကွ ဘယ်တော့မှ အောက်ကျမခံဘူး ဂွတို… ကြာပန်းကို အောက်မှာမခံနဲ့တော့ ရွာဦးကျောင်းက ဘုန်းတော်ကြီးပုံကိုအောက်ခြေခံလိုက် ဒါမှ သိကြားမင်းပါဆင်းကတော့ရမှာ ။ အောင်မှာ အောင်မှာ …..ဒီလိုကြေးလား ဆင်ကို မခံနဲ့ပေါက်ကြီး ကိုကြီးကျော်ကို အောက်ခြေခံလိုက် တောင်ပိုင်းသားတွေကို ဘာမှတ်နေသလဲလို့။ ကျောက်ဒိုးရေ…. နွားကိုဖျက်လိုက် နွားကိုဖျက်လိုက် ဘိုးဘိုးအောင်ကိုထည့်ကွ အရှေ့ပိုင်းသား တွေရဲ့အစွမ်းကိုသိပစေ။

ထိုထိုအကြံပေး၊ ပန်းပုဆရာတွေကလည်းအပြိုင်အဆိုင်ထု ၊ ချွေးတစ် လုံးလုံး လူတစ်ရုန်းရုန်းအကြား ဆင်းတုတော်ငါးခုထွက်လာလေပြီ။

ပြိုင်ပွဲကိုအားပေးသောရွာသား တို့မှာ ကျေနပ်လျှက် ၊ အနောက်မှလူက မမြင်ရသောကြောင့် လက်စသတ် စင်တင်မှပင် မြင်တွေ့ခွင့်ရတော့သည်။ ထိုအခါ ဟာ ! ၊ ဟင် ! နှင့်အသံများမှာမရှားလှ။

ဟိုအရုပ်ကဘာဖြစ်တယ်၊ ဒီအရုပ်ကဘာဖြစ်တယ်ဟု တီတိုးပြောသူကပြောနေကြ၍ သူကြီးဘက် တစ်ချက်ကြည့်သော် ခေါင်း ကုတ်လျှက်ရှိသည်ကို တွေ့ရလေသည်။ မည်သို့ဆုံးဖြတ်ရမည်မသိ သဖြင့် ရွာငါးရွာစလုံးမှ ရွာဦး ဘုန်းတော်ကြီးတွေကိုပင့်ကာ အကောင်းဆုံးနှင့် အသပ္ပါယ်ဆုံးကို ဆုံးဖြတ်ခိုင်းရလေတော့သည်။

ဘုန်းတော်ကြီးများရောက်မလာခင် ရွာသားတို့မှာ ရင်တစ်ထိတ်ထိတ်နှင့် ပန်းပုဆရာတို့မှာလည်း ကိုယ့်ကိုကိုယ် ယုံကြည်လှသဖြင့် ကိုယ်ထုသောပန်းပုကို ကြည့်လေကြည့်လေ ရှုမ၀လေဖြစ်နေကြ၏။

ထို့နောက် ဘုန်းကြီးငါးပါးနွားလှည်းအထက်တွင် ပါလာကြောင်းတွေ့ရသောအခါ ရွာသား တို့မှာ လှုပ်လှုပ်ရွရွဖြစ်လျှက် နီးလာလေလေ ရင်ခုန်လာ လေပင်တည်း။

ဘုန်းကြီးတွေလည်းရောက်ပြီ၊ ရွာသားတွေလည်းငြိမ်ပြီ၊ ပန်းပုအရုပ်တွေမှာလည်း စင်ပေါ်မှာ ထင်း ထင်းရှိလေပြီ။

ဘုန်းကြီး ငါးပါးစလုံး ဟာ ! ဟင် ! နှင့် ဖြစ်ကာ ရုပ်ထုတို့၏လက်ရာတွေကိုပင် မယုံ ကြည်လောက်အောင်ဖြစ်နေလေတော့သည်။ သြော်……..မေ့လို့ ရုပ်ထုတို့ကို ဖော်ပြအံ့။

အနောက်ပိုင်းသားခွေးနီက လက်စွမ်းပြထားသည်မှာ ဗုဒ္ဓမြတ်စွာဘုရား၏အောက်ခြေမှာ ဘီလူးအရုပ်ကိုခံထား၏။ ဘီလူးမှာ လျှာထွက်နေသည်ဖြစ်ရကား ဘုရားကတက်ဖိလို့ လျှာထွက်နေသည့်နယ် ဖြစ်နေသည်။ အလယ်ပိုင်းသားကြွက်နီကမူ သိကြားမင်းကို အောက်ခြေခံလျှက် အတော်ပင် အံ့ဖွယ်ထူးဆန်းလေစွတည်း။ မြောက်ပိုင်းသားဂွတိုရဲ့ လက်စွမ်းကိုလည်းရှုလှည့်ကြကုန်။ ဘုရား အောက်ခြေ၌ ဘုန်းကြီးတစ်ပါးကို ခံထား၏။ ဘုန်းကြီး၏ ခေါင်းပေါ်၌ ဘုရားတင်ထား ပုံသည် အလွန်မှ မြင်ရခဲလေ၏။ ပိုလို့ထူးဆန်းသည်မှာ ဘိုးဘိုးအောင်ကို အောက်တွင် ထိုင်စေ ကာ အထက်၌ဘုရားကို ထုလုပ်ထားသည်မှာ အဘယ်မှာရှာရအံ့နည်း။ ထိုလက်စွမ်းကို အရှေ့ ပိုင်းသား ကျောက်ဒိုးကပြ၏။ တောင်ပိုင်းသား ပေါက်ကြီးမှာ ကိုကြီးကျော်သည် အရက်ပုလင်း ကိုကိုင်မြှောက်၍ အောင်ပွဲခံနေသည့်နယ် ဘုရားကို ထမ်းလျှက်ဆင်းတုတော်သည် ဒီလူ့ပြည်၌ တောင် ရှိအုန်းမည်မထင်။ ဤလောက်ဆို ရုပ်ထုငါးခု၏အသွင်ကို သိလောက်ပြီထင်၏။

ထို့နောက် ဘုန်းတော်ကြီး ငါးပါးစလုံး ပန်းပုဆရာတွေကို ချီးမြှောက်လိုက်သည်မှာ ကြိမ်လုံးဖြင့် အချက်ငါးဆယ် ရိုက်ကာ ဆုကြေးအဖြစ် အိပ့်ယာထက်တွင် နှစ်ရက်တိတိ မထနိုင်တော့သတည်း။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...