ကိုယ်ချင်းစာတရား !
------
စားပွဲပေါ်တွင် တင်ထားသော လောကနတ်ပန်းပုရုပ်လေးကိုကြည့်ကာ ဦးကျော်ဇောသည် စိတ်၌ ပီတိအလိလိတက်လျှက် ရည်မှန်းချက် ၊ ရည်ရွယ်ချက်နှင့် အပျက်အသတ် အောင်နိုင်သူတစ်ယောက်ဖြစ်ရကား အနိုင်အထက်ပြုလာရသော မိသားစုအပေါ် ပြိုင်ဘက် ခေါင်းမဖော်နိုင်လောက်အောင် ထိုးနှပ်ဖျက်ဆီးနိုင်ခဲ့ရပြီဖြစ်သောကြောင့် အတိုင်းထက်အလွန် ပျော်ရွင်မှုတို့သည် ဆထက်ထမ်းပိုး ပေါက်ပွားချင်တိုင်း ပေါက်ပွားနေလေတော့သည်။
ဘရမ်တီအရက်ပုလင်းထဲမှ အရက်တို့ကို ဖန်ခွက်ထဲသို့ အနည်းငယ်ငဲ့ချလိုက်လေသည်။ ရေခဲနှင့်ရောကာ မော့ချလိုက်ပြီး တိုင်ကပ်နာရီကို တစ်ချက်မော့ကြည့်မိ၏။ထို့နောက် ၀ရမ်တာဘက်သို့ လျှောက်လှမ်းသွားလေပြီးသည့်နောက် မှောင်မဲမဲဖြစ်နေသော ပတ်ဝန်းကျင်ကြီးကို ဝှေ့ဝဲကာ ကြည့်လိုက်လေတော့သည်။
ထို့အခါ သင်းပျံ့လာသောညမွှေးပန်းတို့၏ရနံ့ကို ရှုရှိုက်ရင်း မျက်ခွံများ လေးလံလာသောကြောင့် အသာအယာ အနောက်ကိုဆုတ်ကာ ၀ရမ်တာအပြင်ဘက်ထောင့်တွင် စီတန်းထားသော ခုံပေါ်၌ ထိုင်ချလိုက် လေတော့၏။
“ကျော်ဇော….”
“ဟေ့…….ကျော်ဇော…”
ထိုအသံလာရာဘက်သို့ ဦးကျော်ဇော် လှည့်ကြည့်လိုက်သည်ရှိသော် သူနှင့်မခြားသောလူတစ်ယောက် ၀ရမ်းတာအပြင်ဘက်မှ လှမ်းခေါ်နေသည်ကို တွေ့ရလေသည်။ ထိုသူကိုကြည့်နေခြင်းသည် သူမှန်တစ်ချပ်အရှေ့သို့ ရောက်နေသကဲ့ ရှိနေ၏။
ထို့အချိန်၌ ခေါင်းတွင်းမှ အရက်ရှိန် ၊ အရက်ငွေ့တို့မှာကြက်ပျောက် ငှက် ပျောက် ဖြစ်ကာ အသေအချာမျက်လုံးကို ပွတ်သပ်ကြည့်လေသည်။ ထိုသူ့ကို ထင်းထင်းလင်းလင်း မြင်တွေ့ရသည်၌ ဤအရာသည် အမြင်မှားမှုမဟုတ်ကြောင်း သူကောင်းကောင်းသိလိုက်ရလေပြီဖြစ်၏။
“ခင်ဗျား……ဘယ်သူလဲ”
ထိုအခါ အမှောင်ဘက်မှလူက -
“ငါ ကျော်ဇောလေ”
“ခင်ဗျားက…..ကျော်ဇောမဟုတ်ဘူး……ကျုပ်ကမှ ကျော်ဇောဗျ”
“ မင်းမှားနေပြီကျော်ဇော……ငါကလဲ ကျော်ဇောအစစ်ပဲ ”
“ဟာ. . . ခင်ဗျားလိမ်နေတာ. . . ခင်ဗျားဘယ်သူလဲ. . . ခင်ဗျား ဘယ်သူလဲ . . . ကျုပ်မေးနေတာဖြေလေ . . . ခင်းဗျားဘယ်သူလဲ . . .”
“အေး…..ကျော်ဇော….ငါဟာမင်းဖြစ်တယ်ဆိုတာကို လက်တွေ့ပြမယ်…..ငါ့အနားကိုလာခဲ့ပါ….”
ထိုအခါ ဦးကျော်ဇောသည် အရှေ့သို့လျှောက်လှမ်းသွား၍ ထိုသူနှင့် မျက်နှာချင်းဆိုင်ရပ်လိုက်လေသည်။သူ၏ပုံပန်းသဏ္ဍာန်နှင့် မျက်နှာသည် တစ်ထေရာတည်းတူညီနေသော်လဲ အံ့သြစရာကောင်းလှသည်မှာ တည်ငြိမ်သောမျက်နှာပင်ဖြစ်သည်။ထိုမျက်နှာထားမျိုးဖြင့် ဦးကျော်ဇောမနေခဲ့ဖူးပေ။ သို့သော် ထိုသူသည် ဦးကျော်ဇောမျက်နှာနှင့် အေးမြငြိမ်သတ်သောသွင်ပြင်ကို မျက်နှာပေါ်၌ဆောင်ထားလေရာ ထိုသူ၏ မျက်နှာကို ကြည့်နေရင်းနှင့်ပင် စိတ်၌ ရွှင်ပြမှုကို ခံစားမိလာလျှက် ပဟေဠိဆန်သောအရာများကိုပင် တစ်ခဏ မေ့သွားခဲ့လေ၏။
ထိုအခါ အမှောင်ဘက်မှလူက -
“ကျော်ဇော….ကျုပ်လက်ထဲကအကြွေစေ့ကို တွေ့လား…..”
“ဟုတ်ကဲ့….တွေ့ပါတယ်”
“ဒီအကြွေစေ့လေးကို သေခြာကြည့်နေ ကျုပ်ကြမ်းပြင်ပေါ်ကို ပစ်ချလိုက်မယ်……”
“ဟုတ်ကဲ့….”
ထိုသူ၏လက်ထဲမှ အကြွေစေ့သည် လက်မှလွှတ်လိုက်သည့်အခါတွင် အက်ချည်ကြိုးတစ်မျှင်စာ လောက် အကွာဝေးလေးသို့ရောက်သော် လေ၌ အလွတ်လွင့်စင်လျှက်ရှိသည်ကို ကြည့်နေရင်းနှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းသွားကာ သူသည် ထိုင်ခုံတစ်ခုပေါ်၌ ထိုင်နေလျှက် ရှိနေလေတော့၏။
ထို့အခါ ကိုင်ဆောင်ထားသောစာရင်းစာရွတ်တို့ကို ငုတ်ကြည့်လျှက်ရှိစဉ် သံပုရာရေတစ်ခွက်ကို ယူဆောင် လာသော အမျိုးသမီးတစ်ဦးကို တွေ့ရလေသည် ။ ထိုမိန်းကလေးသည် သူတစ်ခါမှမမြင်ဖူးသော မိန်းကလေး တစ်ယောက်ဖြစ်သည်။သို့သော်လဲ သူ၏စိတ်၌ အလွန်ကို ရင်းနှီးနေလေ၏ ။
ဦးကျော်ဇော၏စိတ်၌ ဤမိန်းကလေးကိုရင်းနှီးနေသည်မှာ ရိုးရိုးတန်းတန်းမဟုတ် ဇနီးမယားအသွင် ဖြစ်နေသည်။ သို့သော် ကြိမ်းသေသည်မှာ ထိုအမျိုးသမီးသည် သူ့မိန်းမ မဟုတ်ပေ။တစ်ဖန် သူ့ဆီသို့ ကလေးငယ်တစ်ဦးပြေးဝင်လာပြန်၏။ ထိုကလေး၏မျက်နှာကိုကြည့်လိုက်သည်နှင့်ပင် သူ၏မောပန်းမှုတို့ သည် တစ်ဝက်လောက် သက်သာသွားဟန်ရှိလေသည်။သို့သော်လဲ ဤကလေးကို သူမသိပေ။ထိုအခါ က လေးငယ်က -
“ဖေဖေ……..သမီးကို ပုံပြင်လာပြောပြတော့လေ………သမီးအိပ်ချင်နေပြီ”
ဤကလေးမသည် သူ၏သမီးမဟုတ်သည်ကို အသေအခြာသိ၏။သူ့တွင် သားတစ်ယောက်တာရှိသည်ဖြစ်သည်။သို့သော်လဲ ထိုကလေးမအား သူအလွန် နက်နက်ရှိုင်းရှိုင်းချစ်နေလေသည်။သူ၏သမီး အရင်းလို ပင်တည်း။
စာရင်းစာရွတ်များကိုချကာ မိန်းမ ယူဆောင်လာသောသံပုရာရည်ကို မော့သောက်ချလိုက်လေ၏။ထိုအခါ တစ်ဝက်လောက်ကုန်သွားသည်ရှိသော် ကလေးမအား ပွေ့ချီ၍ အနောက်ခန်းထဲသို့ ခေါ်ဆောင်သွားလေသည်။ သူ၏အနောက်မှ မိန်းမဖြစ်သူသည် ကပ်လျှက် လိုက်ပါလာလေရာ ခလေးကို ချော့မော့၍ သိပ့်နေလေသည်။ထိုသို့ လုပ်နေရပါသော်လဲ လွန်စွာ မအေးနိုင်သော သောကအပူမီးတို့မှာ ရင်ဘတ်တစ်ခုလုံး၌ ဆို့ဝင် ပြည့်လျှံလျှက်ရှိ၏။ မိန်းမဖြစ်သူသည် ထိုအချင်းအရာကို သိနေသော်လဲ အဘယ်စကားမှမဆို၊ ဆိတ် - ဆိတ်သာနေပြီး ယောက်ျားဖြစ်သူ၏ ဖြစ်အင်ကို ဝေမျှခံစားနေလေသည်။
ထို့နောက် ဦးကျော်ဇောသည် ကလေးအိပ့်ပြီဖြစ်သောကြောင့် အသာအယာထလာကာ လုပ်လက်စ စာရင်း တို့ကို ဆက်လုပ်ရန် ထွက်လာလေသည်။ အခန်း၏ ထောင့်၌ ကပ်လျှက်ထားသော မှန်တင်ခုံကို လှမ်းကြည့်လိုက်သည်ရှိသော် အလွန် စိုးထိတ်မှုဖြစ်ကာ ဦးကျော်ဇော၏သွင်ပြင်သည် ဦးကျော်ဇောမဟုတ်ရကား သူအလွန် မုန်းတီးသော ဦးခင်မောင်ဖြစ်နေလေသည်။
ထိုအချင်းရာကို မြင်ရသော်လဲ သူသည် အလွန် အဆပေါင်းများစွာ သာလျှက်ရှိသော ဒုက္ခ ၊ သောကတို့က ဖြစ်မြဲ ဖြစ်နေသည်။ သူ၏ငွေများ အလိမ်ခံရသည် ၊ သူ့မိန်းမ ပွဲစားလုပ်၍ ရောင်းပေးလိုက်သော စိန်နားကပ်တစ်ရံအတွက် အမှု ရင်ဆိုင်ရအုန်းမည်။ အကြောင်းမှာ ခိုးရာပါပစ္စည်းကို ပွဲစားလုပ်လိုက်မိသည်က တစ်ကြောင်း - ထိုရောင်းရန်လာအပ်သောသူသည် သူမမြင်ဖူးသော သူစိမ်းဖြစ်ရုံတာမက ယခု ဘယ်အရပ်၌ရှိနေသည်ကို မသိတာကတစ်ကြောင်း - ထိုကိစ္စတွေမလုပ်နိုင်ပါက ၀ယ်ယူသူအတွက် လျှော်ကြေးငွေ စိန်နား ကပ်တန်ဖိုးကို ပေးချေရမည့်အပြင် ထောင်နန်းစံကိန်းလဲ တွေ့မြင်နေရ၏။
ကုမ္ပဏီမှငွေတို့မှာလဲ လူရုံကသစ္စာဖေါက်ကာ ငွေအလွှဲသုံးစားလုပ်မှုများသည် သူ၏အမည်နှင့် ပါလာလေပြီ။ ရှယ်ယာရှင်များက သူ့ကိုတရားစွဲသည်။ အလုပ်မှလဲ ထွက်ခိုင်းနေပြီဖြစ်သည့်အပြင် သူ၏အိမ်အတွင်း၌ မှူးယစ်ဆေး ရောင်းဝယ်နေသည်ဟုဆိုကာ ရဲများ ၀င်ရောက်ရှာဖွေနေကြသည်။ တွေ့လေ၏။ မှူးယစ်ဆေး လက်သုံးလုံးစာအထုပ်ကို ဖမ်းမိလေသည်။ သူမသိဟု အတန်တန်ပြောသော်လဲ မရတော့။ ဤကိစ္စ မည်သူ လုပ်သနည်း။ မည်သူနည်း။ မည်သူမှမဟုတ် သူ၏အိမ်ဖေါ် ဒေါ်တင်ပင်တည်း။
ထိုအကြောင်းအရာကို ရိပ့်မိသည်၌ ဒေါ်တင်မရှိတော့ပြီ။ သူ၏နယ်ကို ဤကိစ္စမဖြစ်မှီ သုံးရက်အလိုကပင် ပြန်သွားလေပြီဖြစ်၏။ အဘယ်ကြောင့် ရဲများရောက်လာမည်ကို ဒေါ်တင် သိနေသနည်း။ အဘယ်ကြောင့်နည်း။
ထိုကိစ္စများ အစုအပြုံလိုက် ဂြိုလ်ဆိုးဝင်ရောက်လာသည်ရှိသော် ၄င်း ကိစ္စရပ်များအား ဖြေရှင်းမနိုင်တော့ ပြီကို သူသိလေသည်။
သို့သော် ဒီကိစ္စ၏ အရင်းအမြစ်ကိုရှာကြည့်၏။ တစ်ခုခြင်းအသေးစိပ့်စဉ်းစားယူမှပင် အဖြေတွေ့လေပြီ။ အခြားသူမဟုတ် သူ၏ရန်ဘက် ဦးကျော်ဇောပင်တည်း။ ကျော်ဇော ကျော်ဇော တောက်……. တောက်တစ်ချက်ခေါက်ကာ ထလိုက်သည်။ သို့သော် အဘယ်အရာမှမတက်နိုင်ရကား သူ၏ မိသားစု ပျက်ဆီးခြင်းမလှ ပျက်ဆီးလေပြီကို သိရပြီဖြစ်လျှက် ယောက်ျားတန်မဲ့ ရှိုက်ကြီးငင်စွာ ငိုယိုမိ လေတော့သည်။
အမှုသုံးမှုကို အကွက်ကျကျ ဖန်တီးခြင်းခံရသူဖြစ်ရကား သူ့တွင် အပြစ်မရှိသော်လဲ ထိုအမှုများဖြင့် ထောင် နန်းစံရလေပြီဖြစ်သည်။ အိမ် ၊ ခြံ ၊ ကား အစရှိသော စီးပွားရေးများလဲ မြေသို့တိုင် လဲကျပျက်ဆီးလေပြီ။ သမီးလေးမှာ ငါးတန်းမျှရှိသေးသော်လဲ ကျောင်းထွက်လိုက်ရပြီ။ သူ၏မိန်းမနှင့် ခလေးသည် အားကိုးရာ မဲ့ဖြစ်သည့်အလျှောက် မတက်နိုင်သည့်အဆုံး သူ့မိန်းမသည် ဘ၀ကိုရင်းကာ သမီးဖြစ်သူကို တက်နိုင်သလောက် ပျိုးထောင်ပေးရလေပြီ။
ထိုသတင်းကို ထောင်ထဲမှကြားသည်နှင့် စိတ်နှလုံးတို့ ဖွတ်ဖွတ်ညှပ်ညှပ်ကျေကာ မျက်ရည်တို့ မဆယ် နိုင်ခြင်းဖြစ်နေလေ၏။
ကိုယ်ခန္ဓာဆင်းရဲခြင်းကတစ်မျိုး စိတ်၏ ဖိဆီးပျက်ပြားခြင်းက တစ်မျိုးနှင့် ထောင်အတွင်း၌ သုံးလတာခံ၍ သောကအပူမီးတို့ကြောင့် ရင်ကွဲနာကျလျှက် သေဆုံးခါနီး၌ နွားပေါက်လေးတစ်ကောင် သူ့ဆီကို ပြေးဝင်လာခြင်းအား တွေ့ရလေတော့၏။
ထိုနွားပေါက်လေးသည် သူ၏ဗိုက်အောက်သို့ဝင်ကာ နို့စို့လေ၏။ သူသည် ထိုနွားပေါက်ကလေးအား ကြည့်နေရင်းနှင့်ပင် ကြည်နူးဝမ်းမြောက်ခြင်းတို့မှာ အတိုင်းအဆမဲ့ဖြစ်လျှက် ဘေး၌ရှိသော မြက်နုတို့ကို လျှာ ဖြစ်လိတ်ကာ နုတ်ယူစားသောက်နေလေတော့၏။
တစ်ဖန် ခြံအတွင်း၌ သူ၏နွားပေါက်နှင့်အတူ ပြေးလွှား ဆော့ကစားနေချိန်တွင် သူ၏ကလေး၏ဗိုက်အတွင်းသို့ ထက်မြတ်လှသော ဆူးတန်တစ်ခုသည် အားကုန် ၀င်ရောက် စိုက်နစ်လေ၏။ သူ၏ကလေးနွားပေါက်သည် သူ့ကို တစ်ဆာဆာအော်ခေါ်ကာ အကူညီတောင်းနေဟန်ဖြင့် မြေ၌ နာကျင်မှုတို့ကြောင့် လှိမ့်လူးနေသည် ။
သူသည် သူ့ကလေး၏ဖြစ်ရက်ကို မကြည့်ရက်နိုင်ဖြစ်လျှက် မျက်ဝန်း တစ်ခုလုံး စိုစွတ်ကာ ငိုကြွေးမိလေသည်။ ကလေးငယ်မှာ တဆာဆာအော်ခေါ်နေသော်လဲ အသံမထွက်နိုင်ရကား တစ်ဖြေးဖြေးငြိမ်သတ်လျှက် သေဆုံးလေတော့သည်။
ထိုအခါ လူသုံးဦးသည် ကလေးငယ်ကို မ, ရွေ့ကြပြီး ဓါးများဖြစ် ခုတ်ထွင်ပိုင်ဖြတ်လျှက်ရှိသည်။ ကလေးငယ် အတွက် ငိုယိုပူဆွေးမိခြင်းကြောင့် တစ်ကိုယ်လုံး ထုံကျင်အေးစက်လျှက်ရှိလာကာ မျက်ရည်များမှာ မဆယ်နိုင် မတားနိုင် ဖြစ်နေရတော့၏။
တစ်ဖန် ခြံအပြင်၌ သူ့ကို စူးစိုက်ကြည့်နေသူကို လှည့်ကြည့်လိုက်သည်ရှိသော် အရင်က သူဖြစ်ခဲ့ဖူးသော ဦးကျော်ဇောကို တွေ့ရလေ၏။ သို့သော် ကိုယ့်ကိုကိုယ် ကြည့်နေသော်လဲ လွန်စွာဒေါသထွက်လျှက် ထို ဦးကျော်ဇောဆီသို့ ပြေးဝင် ခွေ့ချင်မိနေသည်။
ထိုခဏအတွင်း အသံတစ်သံသည် နားအတွင်းသို့ ၀င်ရောက်လာသဖြင့် အရှေ့ဘက် ပြန်လှည့်လိုက်သည်ရှိသော် သူ၏ ဦးခေါင်းတည့်တည့်သို့ ပြင်းထန်သော တူတစ်ခု ၀င်ရောက်လာကာ ဆူးနစ်သော ဒဏ်ရာထက်ပင် ဦးခေါင်းတစ်ခုလုံး ကျေမွလျှက် မြေသို့ တုံးလုံး လဲကြလေတော့သည်။
ထိုခဏမှာပင် ဦးကျော်ဇောသည် ကြောက်ရွံ့လျှက်ဖြစ်ကာ ဗြုန်းခနဲ သတိရလိုက်ချိန်၌ အကြွေစေ့သည် ၀ရမ်တာကြမ်းပြင်အထက်သို့ ကျဆင်းလေ၏။
ကြမ်းပြင်အထပ်သို့ ထိမိသံကြားသည်နှင့်တစ်ပြိုင်နက် ဦးခေါင်းပြန်မော့ကာ အရှေ့၌ မတ်တပ်ရပ်နေသောလူကို ပြန်ကြည့်လိုက်သည်။ သို့သော် ထိုသူသည် အရင်ကတွေ့ခဲ့သော သူ၏ ပုံတူတစ်ယောက်မဟုတ်တော့ကြောင်း သိရလေတော့၏။
တစ်ကိုယ်လုံး အမှောင်ဘက်၌ ရောက်ကာ မျက်နှာမှအစ ခြေဖျားထိတိုင် သဲသဲကွဲကွဲမမြင်ရ ။ ထိုသူသည် -
“မောင်ကျော်ဇော … အခု မင်းမြင်လိုက်တာတွေဟာ အိမ်မက် မဟုတ်ဘူး။ မင်းလုပ်ခဲ့တဲ့ လုပ်ရက်တွေအတွက် ပျက်ဆီးသွားတဲ့ အိမ်ထောင်စုတွေ ၊ မိသားစုတွေပဲ….”
“ဟုတ်…ဟုတ်ပါတယ်… သူတို့ ၀မ်းနည်း ၊ ပူဆွေး ၊ ကြောက်ရွံ့ခဲ့ရသလို ကျွန်တော်လဲ ထပ်တူခံစားနေရပါပြီ။ ကျွန်တော့်ကို ခွင့်လွှတ်ပါ ၊ ကျွန်တော့်ကို ခွင့်လွှတ်ပါဗျာ……….”
“အေး……… လောကီရဲ့တရားမှာ ဥပဒေက မသိလို့ မှားယွန်းမိရင် အပြစ် သေးငယ်ဖွယ်ရာ ရှိတယ် ၊ ဒီ သတ္တလောကရဲ့ သဘာဝ နိယာမကြီးကတော့ မသိလို့မှားရင် ပိုအပြစ်ကြီးတယ် မောင်ကျော်ဇော ၊ ကိုယ်ချင်းစာတရားကိုထားကာ ဒီ့ထက် ထက်မမှားအောင် ဆင်ခြင်ပါကွယ်……”
“ဟုတ် . . . ဟုတ်ကဲ့ … ကျွန်တော် အလွန်ကို ကြောက်ရွံ့နေပါပြီ….”
ထို့နောက် ဦးကျော်ဇောသည် ယခုပြောနေသောသူကို သိလိုလှသဖြင့် မည်သူနည်းဟု မေးမြန်းလိုက်သည် ရှိသော် -
“မောင်ကျော်ဇော …. ငါဟာ မင်းကိုယ်ထဲမှာရှိတဲ့ ကောင်းတဲ့ စိတ်ကလေးတစ်ခုတာဖြစ်တယ်..”
ထိုသို့ ဆိုပြီးနောက် ထိုသူသည် ရုတ်ခြင်းပျောက်ဆုံးသွားလေရာ ရုတ်တရပ် ဦးကျော်ဇော ထထိုင်လိုက်သည် ရှိသော် ခန္ဓာကိုယ်တစ်ခုလုံး ချွေးများ ပြည့်နှပ်လျှက်ရှိရကား အိပ့်ယာထက်မှဆင်းလျက် ရေကို ငဲ့ယူသောက်သုံး လိုက်လေ၏။ ထို့နောက် ထွက်ပြူစ နေအလင်းရောင်ကိုကြည့်ကာ ဖြစ်ပျက်သမျှ ကိစ္စတို့ကို တစ်ဖန် ဆင်ခြင်စဉ်းစား၍ ဦးကျော်ဇောသည် တိတ်ဆိတ်သည်ထက် တိတ်ဆိတ် ၊ ငြိမ်သတ်သည်ထက် ငြိမ်သတ်နေလေ မိတော့သတည်း။
#htoohtoolay

Comments
Post a Comment