Skip to main content

ဒဏ္ဍာရီ အတွေ့အကြုံ ! ( ဝတ္ထုတို )

ဒဏ္ဍာရီ အတွေ့အကြုံ ! ( ဝတ္ထုတို )
-----
" ကမ္ဘာကျော်တိုက်တန်းနစ်သင်္ဘောကြီးက ၁၉၁၂ ခုနှစ် မှာ နစ်မြှပ်ခဲ့တယ် ။ အဲ့ဒီ့အချိန်က ကမ္ဘာတစ်လွှားမှာ အဲ့ဒီ့အဖြစ်အပျက်နဲ့ ပတ်သတ်ပြီး ကြိုတင် အိမ်မက်တယ်ဆိုတဲ့ ရာပေါင်းများစွာရှိတဲ့ စာတွေက သင်္ဘောကုမ္ပဏီကို ရောက်ရှိခဲ့တယ် ။ အဲ့ဒီ့အထဲကနေမှ မူလအစီအစဉ်ကိုဖျက်ပြီး သင်္ဘောပေါ် မလိုက်တော့တဲ့ သူတွေလဲ အများကြီးရှိတယ်လို့ ဆိုတယ် "

ထိုစကားအား ရုတ်တရပ် ပြောလိုက်သည်မှာ ဦးသောင်းမြင့် ဖြစ်၏ ။ ကျွန်တော်က ထက်မံ၍ မေးမိသည် ။

" ဘယ်လောက်တောင် ရှိတဲ့ စာတွေ မို့လို့လဲ "

" အဲ့ဒီလို ဖျက်သိမ်းလိုက်တဲ့ စာပေါင်း ၁၉ စောင်လောက် ရှိတယ်လို့ ပြောတယ်ကွ "

" အဲ့ဒီ့တော့ . . . "

" အဲ့ဒီ့တော့ မောင်မျိုးရယ် . . . မင်းပဲစဉ်းစားကြည့် ။ အထောက်အထားနဲ့ ဖေါ်ပြချက်တွေကလဲ အလွန်ကို ပြည့်စုံကြောင်း ဆိုထားတယ် ။ အဲ့ဒီ့ အထဲမှာမှ စီးပွားရေး ပညာရှင်တစ်ဦးလဲ ပါဝင်ခဲ့တယ် ။ သူကတော့ သင်္ဘောကြီး ပျက်ဆီးကြောင်းကို သုံးကြိမ်တိတိ အိမ်မက် မြင်မက်တယ်လို့ ဆိုလာတယ် ။ ဒါပေမယ့်လဲ သူကတော့ အဲ့ဒါတွေကို အယုံအကြည်မရှိဘူးလို့ဆိုပြီး ခရီးစဉ်ကို မဖျက်ခဲ့ပဲ လိုက်ဖို့ ဆုံးဖြတ်ခဲ့တယ် ။ ဒါပေမယ့် အခြားကိစ္စကြောင့် ဒီသင်္ဘောပေါ်ကို မလိုက်နိုင်ပဲ ကျန်ခဲ့ရပြန်တယ်လို့ ဆိုတယ်ကွ . . .  "

" တော်သေးတာပေါ့ ။ သူ့ရဲ့ ရှုပ်နေတဲ့အလုပ်တွေက သူ့ကို ကယ်သွားတာပဲ ။ နိုးမို့ဆို သူလဲ ရေခဲရိုက်ပြီးသား ငါးတွေလို ဖြစ်သွားနိုင်စရာရှိတယ် "

" မတော်နဲ့ ငါ့ကောင်ရေ ။ အဲ့ဒါတွေက ထူးခြားချက်တွေပဲ ။ ပိုထူးဆန်းတာတစ်ခု ပြောအုန်းမယ် "

" ဘာလဲဗျ ။ ဘာက ပိုထူးဆန်းတာလဲ "

" အဲ့သူဌေးက သူပြန်ပြောတာမှာ သင်္ဘောကြီး နစ်မြှပ်ပြီဆိုတဲ့ သတင်းလဲ ကြားရော အဲ့ နစ်မြှပ်ရတဲ့ အကြောင်းနဲ့ပတ်သတ်ပြီး သူ့အိမ်မက်နဲ့ ထပ်တူ တူညီနေတာကို တအံ့တသြ ပြောဆိုသတဲ့လေ "

" ဟာ . . . ဦးသောင်းကလဲ . . . အဲ့ဒါ ဘာထူးခြားလို့လဲ ။ သူ့လိုပဲ အိမ်မက် မက်ကြတဲ့တစ်ခြားသူတွေလဲ အံ့သြမိကြမှာပဲ မဟုတ်လား "

" မင်းမှာလဲ လည်မလိုနဲ့ အတော်တုံးတဲ့ကောင်ပဲ . . . "

ထိုသို့ မချီကဲ့တင် စကားကို ဆိုကာ သူ၏ ထုံးစံအတိုင်း ဂျိုးသိန်းအမည်ရှိ တစ်ဝက်သာ ကျန်တော့သော ဖက်ကြမ်းတစ်လိပ့်အား ပါးစပ်ထဲ ကိုက်ဝါးလျက် အိတ်ကပ်ထဲမှာ မီးခြစ်ကို ထုတ်ယူလိုက်၏ ။ ခဏအကြာ၌ သူကိုက်ထားသော ဆေးပြင်းလိပ့်၏ထိပ့်သည် မီးကြည်ရဲရဲနီးမြန်းလျက် ပြန်လည်ငြိမ်းသတ်သွားပြန်သည် ။ အခိုးအငွေ့များမှာ မီးရထား ခေါင်းတိုင်ကဲ့သို့ပင် ။ ထို့နောက်မှ စကားကို ဆက်ပြောလေ၏ ။

" ဒီလိုကွ ။ ဒီ သင်္ဘောက ပထမဦးဆုံးအကြိမ် ရေချတဲ့သင်္ဘောပဲ ။ သူ့ရဲ့ ပထမဆုံးခရီးကို အထူး ဂရုစိုက်မှာ သေခြာတယ် ။ နောက်တစ်ချက်က  အဲ့ဒီ့ခေတ်အခါမှာ အင်မတန်ကြီးမားတဲ့ ကမ္ဘာ့အကြီးဆုံး သင်္ဘောကြီးတစ်ခု ။ ဒါကြောင့် လူပေါင်း များစွာ စိတ်ဝင်စားမှုကို ခံခဲ့ရတယ် ။ သင်္ဘောရေချတုန်းကဆို ကြည့်ပါလား ။ လာလိုက်တဲ့သူတွေက အယောက် တစ်သိန်းထက်မနည်းဘူးကွ ။ ပို စိတ်ဝင်စားဖို့ ရှိတာက အဲ့ဒီ့ ရေခဲမြောတုံးကို တိုက်ပြီး နစ်မြှပ်ရတယ်လို့ ဆိုတာပဲ "

" ဟုတ်တယ်လေ ။ အဲ့ ရေခဲမြောတုံးကို တိုက်ပြီး နစ်မြှပ်တယ်ဆိုတာ တစ်ကမ္ဘာလုံးက လက်ခံထားတာပဲ ။ အဲ့ဒါ ဘာထူးခြားလို့လဲဗျ "

" အေးပေါ့ကွာ ။ အဲ့လို အဖြေကို စဉ်းစားပြီး အဲ့လို လက်ခံကြတာပေါ့ ။ ဒါပေမယ့် မင်းသိရမှာက ရေခဲမြောတုံးနဲ့ တိုက်ပြီး နစ်မြှပ်ခဲ့တဲ့ သင်္ဘောဆိုတာ သူ့အပြင် တစ်စီးမှ မရှိဘူးဆိုတာပဲ ။ အခုချိန်ထိ သင်္ဘောမှတ်တမ်းတွေထဲမှာ ဒီ သင်္ဘောတစ်စီးတာ ရေခဲမြောတုံးနဲ့တိုက်ပြီး မြှပ်ရသတဲ့ "

" ဟာ . . . ဟုတ်လို့လား ဦးသောင်းရယ် "

" သိပ့်ဟုတ်တာပေါ့ကွ ။ မင်းကို ငါက မဟုတ်တာ ပြောမလား "

" မဟုတ်တာ မပြောတာတော့ မှန်ပါတယ် ။ ဒါပေမယ့် အဲ့လို အချက်တွေကို ဘာလို့ သုတေသနလုပ်သူတွေက ထည့်မတွေးခဲ့တာလဲ "

" ထည့်မတွေးဆို သူတို့တွေ့ရတဲ့ အချက်အလက်တွေက သင်္ဘော ဝမ်းဗိုက်ကြီး ပေါက်ပြဲနေတာ တွေ့တာကိုး "

" အဲ့ဒီတော့ ဦးသောင်းဆိုလိုတာက . . . "

" ဟုတ်တယ် မောင်မျိုး . . . ဒါဟာ လုပ်ကြံမှု သက်သက်ပဲ ။ ငါ့အထင်မမှားဘူးဆိုရင် အဲ့သင်္ဘောကို အဓိက လုပ်ကြံတာ မဟုတ်ရင်တောင် သူတို့လမ်းထဲမှာ မတော်တစ်ဆ ကန့်လန့်ခံနေရာက ကံမကောင်းအကြောင်းမလှစွာ ပါသွားတာပဲ . . . "

" ဘယ်လို . . . ဦးသောင်း . . . ဘယ်က သူတို့က ပါလာတာလဲ . . . "

" ဒီအကြောင်းတွေ မင်းကိုပြောလို့လဲ မင်းသိမှာ မဟုတ်ပါဘူးကွာ ။ ထားလိုက်ပါတော့ ။ ညဥ့်လဲ နက်လှပြီ ။ အိမ်ပြန်တော့ ငါ့ကောင်ရေ ။ ငါလဲ အိပ့်ချင်လှပြီ . . . "

ကျွန်တော်နှင့် ဦးသောင်းသည် ထိုသို့ စကားလက်စုံ ပြန်လည်မကျခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီ ။ မှတ်မိသလောက် ပြောရလျှင်ဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၁၀ ကျော်လောက်က ဖြစ်ဟန်တူသည် ။ ကျွန်တော်လဲ ထိုအကြောင်းအရာနှင့်ပတ်သတ်၍ စကား မစပ်မိ ။ သူလဲ သူ့အလုပ်နှင့်သူ ကိုယ်လဲ ကိုယ့်ပညာရေးနှင့်ကိုယ်မို့ တစ်ဦးကိုတစ်ဦး အရေးတစ်ယူ သတိမရကြပေ ။ ယခုတွင်တော့ တိုက်တိုက်ဆိုင်ဆိုင် ထိုအကြောင်းအရာအား ကျွန်တော် ပြန်လည် သတိရနေမိသည် ။ ထိုသို့ သတိရစရာမှာလဲ အကြောင်းက ဖန်လာ၏ ။

ကျွန်တော်တို့၏ ရှေ့ဟောင်း သုတေသနအဖွဲ့သည် ယခုအခါ ဟတ်ဆန်ပင်လယ်အော်ဒေသ , ကနေဒါသို့ သုတေသနပြုရန် ရှေ့ဟောင်း ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားတစ်ချို့နှင့်ပတ်သတ်၍ ကိုယ်တိုင်ကိုယ်ကျ လေ့လာဖို့ရန်အတွက် ကုန်တင်သင်္ဘောဖြစ် ထွက်လာခဲ့၏ ။ ကျွန်တော်တို့၏ အဖွဲ့တွင် စုစုပေါင်းမှာ ငါးဦးရှိသည် ။ မိန်းကလေး နှစ်ယောက်နှင့် ယောက်ျားလေးမှာ ကျွန်တော်အပါအဝင် သုံးဦးဖြစ်၏ ။ ကျွန်တော်တို့အဖွဲ့သည် လူငယ်များပီပီ ရှေးဟောင်းသုတေသန ပစ္စည်းများနှင့် ပတ်သတ်၍ အလွန်မှ စိတ်အားထက်သန်ကြသူများဖြစ်သည် ။ တူညီသော စိတ်ထားရှိကြပြီး ရဲရင့်သော စွန့်စားလိုမှုကို မြတ်နိုးကြလေ၏ ။

အမှန်အတိုင်းပြောရလျှင် ကျွန်တော်ဒီခရီးအတွက် စိုးရိမ်စိတ် မကင်းပေ ။ ကျွန်တော်သည် ရေလမ်းခရီးကို အခေါက်ပေါင်းများစွာ ထွက်ခွါခဲ့ဖူးလေ၏ ။ ယခုကဲ့သို့သော စိုးရိမ်ပူပင်စိတ်သည် အလျင်း မရှိခဲ့ပေ ။ ယခု ခရီးမှာတော့ ထို့သို့မဟုတ် ။ ကျွန်တော်၏ စိတ်မှာ ထိုင်းမှိုင်းနေ၏ ။ ဒီခရီး မထွက်ခါခင်ကပင် ဒီအစီစဉ်ကို ဖျက်သိမ်းဖို့ရန် ကြံရွယ်ခဲ့ဖူးသည် ။ သို့သော် ကျွန်တော်၏ အဖွဲ့ဝင်များက အလွန်ကို စိတ်ဓါတ်များ တက်ကြွနေ၏ ။ သူတို့၏ ရည်မှန်းချက်ကို အတိုင်းသား တွေ့နေရလောက်အောင် အားတက်နေကြသည် ။ ထိုအချင်းအရာများက ကျွန်တော်၏ စိုးရိမ်စိတ်များအား နင်းချေဖျက်ဆီးခဲ့သည်ဟု ဆိုရပေမည် ။ သို့သော် ကျွန်တော်အချိန်တိုင်းမြင်ယောင်နေသည်က ဒီသင်္ဘော၏ ကုန်းဘက်ပေါ်တွင် လူသေအလောင်းများ မြောပါနေခြင်း ကိုသာပင် ။ ကျွန်တော် ဆုတောင်းလိုက်၏ ။ မည်သည်ကို ရည်ရွယ်၍ ဆုတောင်းသည် မသိသော်လည်း ကျွန်တော့်၏ အိမ်မက်အား အမှန်တကယ် ဖြစ်၍မလာစေချင် . . .

ကြီးမားထူထဲသော အနွေးအိင်္ကျီရှည်ကြီးကို ဝတ်ဆင်ထားရသည်မှာ မြန်မာလူမျိုးတစ်ဦးအတွက် အလွန်ကို အနေရခက်လှအောင် ဝန်လေးဘိ၏ ။ လွတ်လပ်မှုမရှိသည့်အတွက် ကျဉ်းမြောင်းသောစိတ် ရှိရကား မိမိအလိုတိုင်း ပြုရမည်ဆိုသော် ဤအနွေးထည်ကြီးအား ရေအောက်ကြမ်းပြင်ထိတိုင် နစ်မြှပ်ပစ်ချင်မိ၏ ။ သို့သော် ယခုတွင်တော့ ထိုအနွေးအိင်္ကျီအား ကိုယ်မှ မခွါနိုင်သည့်တိုင် ပိုလို့ပင် ဖုံးလွှမ်းထားစေရသည် ။

ရေအောက်ကြမ်းပြင်ထိတိုင် နစ်မြှပ်ပစ်လိုသော ဆန္ဒသည် ဤ အိင်္ကျီထူကြီးအတွက် လက်တွေ့မဖြစ်လာနိုင်သော်လည်း ထိုရည်မှန်းချက်အား အကောင်အထည်ဖေါ်သွားသည်မှာ ကျွန်တော်တို့ စီးနင်းလိုက်ပါလာသော ကုန်တင်သင်္ဘောကြီးပင် ဖြစ်နေတော့သည် ။ ဟုတ်၏ ။ ကျွန်တော်တို့ ကုန်တင်တင်သင်္ဘောကြီး ရေအောက်ကြမ်းပြင်ထိတိုင် နစ်မြှပ်သွားသည်အား ယခု သက်ကယ်လှေအပေါ်မှ အတိုင်းသား မြင်နေရလေသည် ။

ကျွန်တော် ဘယ်ကိုရောက်နေသည် နှင့် လွန်ခဲ့သော မိနစ်ပိုင်းအတွင်းက ဘာတွေဖြစ်ပျက်သွားသည်အား ကျွန်ပ် ကောင်းကောင်း မမှတ်မိနိုင်ဖြစ်နေသည် ။ မမှတ်မိသည်ထက် မယုံနိုင်သည်က ပိုနေ၏ ။ ဘာတွေဖြစ်ခဲ့သနည်း ။ ဘာတွေကြောင့် ရုတ်တရပ် မှောင်သွားသနည်း ။ ဘာသည် ဘာအတွက် စတေးရသနည်း နှင့် ဘာတွေကြောင့် ဘယ်လိုဖြစ်သွားသည်ကို နားမလည်နိုင်ပဲဖြစ်နေသည် ။

ကျွန်ပ်မှတ်မိသည်မှာ ကျွန်တော်တို့သင်္ဘောသည် ဟတ်ဆန်ပင်လယ်အတွင်း၌ ကြည်လင်သော ရာသီဥတုနှင့်အတူ ဖြတ်သန်းခုန်မောင်းနေသည် ။ ကျွန်တော်သည် သင်္ဘောဦးပိုင်း၌ ဟိုး အရှေ့ဘက် သို့ မျော်ကြည့်နေ၏ ။ ကျွန်ပ်စဉ်းစားနေသည်မှာ တိုက်တိုင်းနစ် သင်္ဘောဦးပိုင်၌ မင်းသားနှင့်မင်းသမီး လက်ကလေးနှစ်ဖက် ဆန့်တန်းကာ ပင်လယ်ပြင်အတွင်း ပျံသန်းနေပုံမှာ ယခု ဒီနေရာကပင် ဖြစ်လိမ့်မည်ဟု တွေးထင်မိသည် ။ ကျွန်ပ်လဲ လိုက်၍ ပျံသန်းနေ၏ ။ ထိုခဏ၌ ကျွန်ပ်အမှတ်မထင် သတိထားမိသည်က ညိုမှိုင်းသော တိမ်တိုက်လိတ်ကြီးသည် ကျွန်တော်သို့ သင်္ဘောဆီသို့ လျင်လျင်မြန်မြန်ကြီး ရွေ့လျားလာသည်ကို တွေ့ရသည် ။ ထိုခဏ၌ သင်္ဘောပေါ်တွင်လဲ ဆူညံ့သော အသံများနှင့်အတူ သင်္ဘောသားများ လှုပ်ရှား ပြေးလွှားနေကြပြီ ။ ကျွန်တော့်အဖွဲ့မှ အဖွဲ့ဝင်လည်းဖြစ် , ညီအစ်ကိုသမျှ ခင်မင်ရသော ကိုအေးမှ လှမ်းအော်ခေါ်နေသံကြားရ၏ ။ ဟုတ်၏ ။  သူပြောသည့်အတိုင်း မုန်တိုင်းနှင့် ထိပ့်တိုက် တွေ့ဆုံတော့မည် ။

ကျွန်ပ်လဲ လျှင်မြန်စွာ မိမိအခန်းဆီသို့ ပြေးလွှားရတော့သည် ။ ထိုအခါ၌ သင်္ဘောသားအားလုံးမှာ အသက်ကယ်အိင်္ကျီကိုယ်စီနှင့် ရဲရဲတောက်နေပြီ ။ မုန်တိုင်းသည် ရုတ်တရပ် ဖြစ်ပေါ်လာခြင်းနှင့်အတူ ရေလှိုင်းတို့မှာလဲ ကျွန်ပ်တို့သင်္ဘောအမြင့်ထက် နှစ်ပြန်လောက် ပါလာ၏ ။ ကျွန်ပ်အမှတ်မမှားဘူးဆိုလျှင် ရေအိုင်ထဲ ခဲတစ်ခု ချလိုက်သလို ရုတ်တရပ် ဖြစ်ပေါ်လာသော ရေလှိုင်းများကဲ့သို့ပင် ။ ထိုအဆိုမှန်ပါက ရေအောက်ကြမ်းပြင်သည် အောက်သို့ ပေနှစ်ဆယ်မျှ နှိပ့်ဆင်းသွားနိုင်ဖွယ်ရှိ၏ ။ ယခုတွင်တော့ ကျွန်တော်တို့ သင်္ဘောပေါ်တွင် ရပ်တည်မနေနိုင်တော့ပေ ။ အဘယ်ကြောင့်ဆိုသော် သင်္ဘောကုန်းဘက်သည် ပင်လယ်ရေပြင်နှင့် တစ်တန်းတည်း ဖြစ်နေလေပြီ ။ ကျွန်တော်တို့ လျင်မြန်စွာ သက်ကယ်လှေဆီ ပြေးကြ၏ ။ ကံကောင်းသည်မှာ ကုန်တင်သင်္ဘောဖြစ်ရကား လူဦးရေ သိပ့်မများလှပေ ။ ထိုအချက်က သက်ကယ်လှေများအား လူအင်အားကို လုံလောက်စေလေသည် ။

ထိုအဖြစ်အပျက်မှာ မျက်စိတစ်မှိတ်ခန့်မျှ ဖြစ်ပေါ်ခဲ့သော်လည်း မြင်ကွင်တစ်ခုလုံးသည် ယုံနိုင်စရာ တစ်ခုမှ မကျန်ခဲ့ပေ ။ မုန်တိုင်းသည် ရုတ်ချည်း ရပ်ဆဲသွား၏ ။ ကောင်းကင်သည် ကြည်လင်လာသည် ။ ကြောက်စရာကောင်းလှအောင် ကြီးမားသည့် လှိုင်းတံပိုးတို့မှာ ယခုတွင် ဘယ်အရပ်၌ ဖြစ်ပေါ်နေသည်အား မတွေ့ရ ။ အိမ်မက်များပင် ဖြစ်နေသလောဟု ကိုယ့်ကိုကိုယ် ပြန်မေးမိ၏ ။ သို့သော် မြင်ကွင်း၌ သင်္ဘောကြီးမှာ ထင်ထင်ရှားရှား နစ်မြှပ်နေစဲပင် . . .

×××

ကျွန်တော်တို့သည် သက်ကယ်လှေကိုယ်စီဖြင့် ကမ်းမမြင် လမ်းမမြင်ဖြစ်နေသော ရေပြင်ကျယ်ကြီး၌ ဟိုမှဒီသို့ မျှော်ကြည့်မိ၏ ။ တစ်ဖက်တွင် မျက်စိတစ်ဆုံးဖုံးလွှမ်းနေသော ရေပြင်ကျယ်ကြီးရှိ၍ ကျန်တစ်ဖက်တွင်မူ မြူခိုးမြူငွေ့များ သိပ်သည်းနေသည့်အတွက် မြင်ကွင်းကို ရှင်းလင်းစွာ မမြင်ရပေ ။ ထိုအခြေနေနှစ်ခု၏အကြားတွင် တည်ရှိနေသော ကျွန်တော်တို့မှာ မတိုင်ပင်ရပဲလျက် မြူတောထဲသို့ အရဲစွန့်ကာ ဦးတည်လှော်ခက်ကြလေတော့သည် ။ မှန်၏ ။ ထိုအခြေအနေမျိုးတွင် မြူခိုးငွေ့များ၏ အနောက်၌ ကမ်းခြေတစ်ခုခု ရှိနိုင်သည်မဟုတ်လော ။ 

ကျွန်တော်တို့ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း တွေ့ရလေပြီ ။ ကျွန်တော်တို့၏ မျက်စိရှေ့၌ စိမ်းစိုသော ကျွန်းတစ်ခုကို အဝေးမှ မြင်တွေ့နေရ၏ ။ မျှော်လင့်ချက်ရောင်ခြည်များ သန်းဝေလာခဲ့ပြီဖြစ်သည် ။ စိုးထိတ်မှုများထက် ပျော်ရွှင်မှုများ တစ်ဖန် ပြန်လည်ရောက်ရှိလာ၏ ။ မရပ်မနား လှော်ခက်ကြသည် ။ ကမ်းခြေနှင့် နီးလာလေ ငှက်အော်သံများမှာ တစ်ဆ တစ်ဆ ပို၍ ကျယ်လာလေဖြစ်သည် ။ ဤကျွန်းအား အဘယ်အမည်ဖြင့် ခေါ်ဆိုကြသနည်း . . .

အင်မတန် သာယာသော ကျွန်းကြီးတစ်ကျွန်းပင် ။ ကြီးမားသော သစ်ပင်ကြီးများ နှင့် မက်စောက်သော ချောက်ကမ်းပါးတို့မှာ ကမ္ဘာဦးခေတ်က မည်သူမျှ ရှာမတွေ့ခဲ့သော လက်ကျန်ကျွန်းကြီးသဖွယ်ဖြစ်နေသည် ။ ဒီနေရာ၌ ကျောက်ဖြစ်ရုပ်ကျွင်းများ ရှိနိုင် မရှိနိုင်အား ကျွန်တော်တို့ မဆုံးဖြတ်နိုင်ရကား သေခြာသည်မှာ မီးတောင်နှင့်တူသော ကမုကလေးတစ်ခုကိုမျှ ယခုအချိန်ထိ မတွေ့ရသေးပေ ။

ကျွန်တော်တို့သည် လိုရမယ်ရ သက်ကယ်လှေများအား ကုန်းဘက်ပေါ်သို့ ဆွဲတင်လာခဲ့၏ ။ ဤကျွန်းသည် ကျွန်တော်တို့ထင်သလိုမှန်ကန်ပါက ၄င်းကျွန်းအပေါ်၌ ပထမဆုံးခြေချသူများမှာ ကျွန်တော်တို့အဖွဲ့သာ ဖြစ်ပေလိမ့်မည် ။ အတိအကျဆိုရသော် ကျွန်တော်တို့မှာ ၅ ယောက် , သင်္ဘောသားများနှင့် ကပ္ပတိန်အပါအဝင် ထိုသူတို့အဖွဲ့မှာ ၃၅ ယောက် စုစုပေါင်း လူအယောက် ၄၀ သာ ဖြစ်သည် ။ သို့သော် သမိုင်းတွင်မည့် သူများ ဟုတ် မဟုတ်တော့ အသေအခြာ မဆုံးဖြတ်နိုင်ကြပေ ။

"ဘာတွေ သဘောကျနေတာလဲဗျ "

ထိုအခါ ပြုံးရယ်နေသော ကိုအေးက . . .

" ဘာရယ်မဟုတ်ပါဘူးကွာ ။ ငါတို့အဖြစ်ကို တွေးကြည့်ပြီး ရယ်မိတာပါ ။ ဟို ကောင်မလေးတွေ ဘယ်လောက် ကြောက်နေရှာမလဲမသိဘူး ။ ဒီ ကျွန်းပေါ်မှာ မိန်းမသားဆိုလို့ သူတို့ နှစ်ယောက်တည်းရယ် "

" ဒါတော့ ဟုတ်တယ် ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အတွက် ဒါက စွန့်စားမှု အတွေ့အကြုံသစ်တစ်ခုပဲ ။ သူတို့လဲ ကျေနပ်ကြမှာပါ ။ အခုပဲကြည့်လေ . . . ဒီကျွန်းဆိုတာ ကမ္ဘာ့မြေပုံမှာတောင် မပါတဲ့ ကျွန်းကြီးတစ်ခု ။ ကံကောင်းရင် ကွယ်ဝှက်နေတဲ့ သမိုင်းအသစ်တောင် ရှာတွေ့နိုင်တယ် "

" အေးပါ . . . မင်းပြောသလို ကျောက်ဖြစ်ရုပ်ကျွင်းတွေ ဘာတွေ တွေ့ခဲ့ရင် ကောင်းတာပေါ့ ။ အဲ့လိုမှမဟုတ်ပဲ ဟို ကားထဲကလို ဂေါ်ဇီလာတွေ ဒိုင်နိုဆောတွေ ထွက်လာမှဖြစ် ဒုက္ခ "

" ဟာဗျာ . . . ဟားဟားဟား . . . "

ကျွန်တော်တို့ နှစ်ယောက် ရယ်မောလိုက်ကြပြီး မိန်းကလေးများဖြစ်ကြသည့် နှင်းသော်တာ နှင့် ယုယ တို့ဆီသို့ လျှောက်လှမ်းသွားလေ၏ ။ သူတို့မှာ ထင်ထားသည့်အတိုင်းပင် ကြောက်ရွံ့ စိုးရိမ်မှုများဖိစီးနေကြသည်ကို တွေ့ရသည် ။ ထို့နောက် အားပေးစကားများ အတန်ငယ် ပြောဆို၍ ခိုနားစရာနေရာတစ်ခုကို အတူတူ ရှာဖွေကြရန် သစ်တောအတွင်းသို့ ထွက်လာခဲ့တော့သည်  ။ ထိုအချိန်တွင် ကပ္ပတိန်တို့အဖွဲ့မှာ သက်ကယ်လှေများပေါ်မှ ပါရှိသော ရိက္ခာထုတ်များကို စုစည်းနေကြလျက် ကမ်းခြေ၌သာ ကျန်ရစ်ခဲ့လေသည် ။

အတန်ငယ်သွားမိသောအခါ အင်မတန် ကြီးမားသော ကျောက်ဂူကြီးတစ်ခုကို တွေ့ရ၏ ။ သဘာဝ ကျောက်ဂူကြီးဖြစ်သည့်အလျောက် သဘောဝအတိုင်းပင် သားရဲတိရိစ္ဆာန်များ ရှိမရှိကို ကျွန်ပ်တို့ မသိနိုင်ကြပေ ။ ထို့ကြောင့် ခတခဏမျှ တွေဝေနေမိသည် ။ သို့သော် တွေဝေမှုသည် သိပ့်မကြာနိုင်ရကား ကျွန်တော်တို့အားလုံး ရှေ့ဆက် တိုးမိကြ၏ ။ ထူးဆန်းသည်မှာ ယခုအချိန်ထိ မျောက်တစ်ကောင် ယုန်တစ်ဖျတ်မျှ မတွေ့ရသေးခြင်းပင် ။ ကျွန်တော်တို့သည် ငှက်အော်သံကို ကြားရ၏ ။ ငှက်ကို မတွေ့ရ ။ တိရိစ္ဆာန်အသံဟူ၍ ငှက်သံတစ်ခုသာ ကြားသိရခြင်းနှင့် အကောင်ကို မမြင်ရခြင်းမှာ ကျွန်တော်တို့အတွက် ပဟေဠိတစ်ခုသာဖြစ်နေသည် ။

ကျွန်တော်တို့အဖွဲ့သည် ကျောက်ဂူကြီးအတွင်းသို့ စတင်ဝင်ရောက်လိုက်၏ ။ ထိုဂူသည် ထင်သလောက် မကျယ်ပျံ့ပေ ။ အလင်းဓါတ် ရနိုင်သည့် အဆုံး၌ နံရံဖြစ်နေခြင်းသည် အခန်း၏ ဧရိယာကို ပြသနေခြင်းပင်ဖြစ်သည် ။ ထိုအခါမှ စိတ်အေးလက်အေး ဂူအတွင်းသို့ ဝင်ရောက်လိုက်ကြ၏ ။

ကျွန်တော်တို့ အမောဖြေကြသည် ။ ပါလာသော ရေများ သောက်ကြသည် ။ ကျွန်တော်တို့၏ ဟန်းဆက်များကို စစ်ကြ၏ ။ ဖုန်းများမှာ အားအပြည့်ရှိနေသော်လည်း လိုင်းမိရန် မလွယ်ပေ ။ သို့သော် ကျွန်တော်တို့ ကြိုးစားဆက်သွယ်ရလိမ့်မည် ။

" ကိုမျိုး . . . ဒီမှာကြည့်စမ်း . . . "

ထိုသို့ဆိုသူမှာ ကျွန်တော်တို့အဖွဲ့၏ အသက် အငယ်ဆုံးဖြစ်သည့် မောင်ထင်ကျော် ဖြစ်၏ ။ သူပြသော နေရာကို ကြည့်လိုက်သည်ရှိသော် ပြိုကျနေသော ကျောက်တုံးများကို တွေ့ရပြီး ထိုကျောက်တုံးများ၏ အထဲဘက်၌ အခန်းတစ်ခု ရှိနေသယောင် ထင်ရ၏ ။ ထိုအခါ ကျွန်တော်က . . .

" ဒီနံရံရဲ့ ဟိုဘက်မှာ တစ်ခုခုတော့ ရှိနေတယ် ထင်တယ် "

ကိုအေးသည် ထိုနေရာသို့ လာကြည့်ကာ . . .

" ဟုတ်တယ် . . . တစ်ခုခုရှိနေတယ် ။ အခန်းတစ်ခုတော့ ဖြစ်မယ်ထင်တယ် ။ ဘာပဲဖြစ်ဖြစ် တူးကြည့်ကြတာပေါ့ "

" ကျွန်တော်လဲ အဲ့လိုထင်တာပဲ ။ ဒါပေမယ့် သိပ့်တော့ မသေခြာဘူး "

" ငမျိုး . . . ဒီဟာကို တူးပြီး အပေါက်ဖေါက်ကြစို့ "

" တကယ်အဲ့လို လုပ်မလို့လား ။ ကျွန်တော်တော့ သိပ့်မထင်ဘူး "

"စကားမများနဲ့ ။ ခုချက်ချင်း တူး "

ကိုအေးက အမိန့်ပေးလိုက်သဖြင့် ကျွန်တော့်မှာ ခေါင်းကို ပုသွားရ၏ ။ တကယ်တော့ မည်မျှပင် ညီအစ်ကိုသမျှ ရင်းနှီးခင်မင်ကြသည်ဆိုစေ ကိုအေးမှာ ကျွန်တော့်ထက် ဝါရင့်သော သုတေသီတစ်ဦးဖြစ်ခြင်းကြောင့် လေးစားရပေမည် ။

ပြိုကျနေသည်မှာ အပေါ်ရံမျှသာဖြစ်သဖြင့် ကျောက်သား နံရံကြီးကို ခက်ခက်ခဲခဲ တူးရတော့သည် ။ တစ်နာရီမျှ အပြင်းအထန် အလုပ် လုပ်ပြီးနောက် တစ်ဖက်သို့ တွားသွားနိုင်သော လမ်းတစ်ခုကို ဖေါက်လုပ်နိုင်ကြသည် ။ လူကောင်သေးသော ကိုအေးက ဦးဆောင်၍ အထဲကို ဝင်လေ၏ ။

"ခင်ဗျား ဘာတွေ့လဲ ကိုအေး "

" ပေ သုံးဆယ်လောက်မှာ အခန်းကျယ်ကြီးတစ်ခု တွေ့တယ်ဟ ။ မင်း ဝင်လာခဲ့လေ "

နှစ်ယောက်လုံးအထဲရောက်သော အခါ ပါလာသော ဓါတ်မီးများဖြင့် အခန်းအတွင်းအား လျှောက်ပတ် ထိုးကြည့်သည် ။ ခဏအကြာ၌ အမျိုးသမီး နှစ်ဦးနှင့် အလွန်ကြောက်တက်သော မောင်ထင်တို့မှာ တုတ်သုတ် တုတ်သုတ်နှင့် အထဲကို ရောက်ရှိလာတော့၏ ။ အရှေ့၌ ကျောက်ဂူလမ်းကျဉ်းတစ်ခုရှိသည် ။ အဲ့ကျောက်ဂူထဲသို့ ထက်မံဝင်လိုက်သောအခါ အခန်းကျယ်ကြီးတစ်ခုကို မြင်ကြရတော့၏ ။ ထိုအခန်းကျယ်ကြီး၌ ကျွန်ပ်တို့ မြင်လိုက်ရသည်ကား . . .

ကျောက် ကုလားထိုင်ကိုယ်စီဖြင့် ထိုင်နေသော မံမီရုပ်အလောင်းကောင် ၅ လောင်း , မက်တပ်ရပ်နေသော မံမီရုပ်အလောင်းမှာ ထိုကုလားထိုင်တို့၏ဘေး၌ တစ်ဖက် ဆယ်လောင်းဆီ ရှိကြ၍ ထိုသူတို့ မျက်နှာချင်း ဆိုင်ထားသော နံရံပေါ်တွင် အရုပ်စာများနှင့် မည်သည်ကို ရည်ရွယ်၍ ထွင်းထုထားခြင်း မသိသော ကျောက်စာများကို တွေ့ရ၏ ။ ကျောက်ကုလားထိုင် ငါးခုံ၏ အရှေ့ကြမ်းပြင်တွင် ကျောက်ဖျာကြီး တစ်ချပ်ရှိသည် ။ ထို ကျောက်ဖျာပေါ်၌ ထွင်းထားသော ရုပ်ပုံမှာ လူတစ်ဦး သေဆုံးနေသော ရုပ်ပုံဖြစ်ပြီး ထိုသူ၏ လက်တစ်ဖက်သည် ပျက်နေ၏ ။ ထိုလက်ပျက်ကို ခွေးတစ်ကောင်က ကိုက်ခဲနေသည့်ပုံဖြစ်သည် ။ ထိုရုပ်ပုံကိုခြုံ၍ ကြယ်တစ်လုံး ထွင်းထား၏ ။ ကြယ်အခက် ငါးလက်ရှိသည့် နေရာများတွင် ပရိမစ် အသေးစားလေး တစ်ခုစီ တည်ရှိ၏ ။ ခြုံ၍ ကြည့်လိုက်လျှင်မူ ပရိမစ် ငါးခု၏ အလယ်၌ လူတစ်ယောက်သည် လက်ပျက်၍ သေနေသည့်သဏ္ဍာန်ဖြစ်သည် ။ သူ၏ လက်ပျက်ကို ခွေးတစ်ကောင်က ကိုက်ခဲနေ၏ ။

ထိုအချင်းအရာကို မြင်လိုက်သည်ရှိသော် ပထမဦးဆုံး သတိရမိသည်က ခရစ်စတယ်ဦးခေါင်ခွံများဖြစ်သည် ။ ထိုခေါင်းခွံဒဏ္ဍာရီမှာလဲ ငယ်ငယ်ကတည်းက အင်မတန် ကြိုက်နှစ်သက်ခဲ့သော ပုံပြင်တစ်ပုဒ်ပင် ။ သူ့သဘောအရက ခရစ်စတယ်ဦးခေါင်းခွံသည် ရှေးကျလှသော လူမျိုးများဖြစ်ကြသည့် မာယာ လူမျိုးစုတစ်စုသည် ထူးဆန်းသော အတက်ပညာများ တက်ကြ၏ ။ အဆင့်အတန်းမြင့်မားသော ယဉ်ကျေးမှုကို ပိုင်ဆိုင်ထားကြကာ လျှို့ဝှက်လှသည့် ခရစ္စတယ်ဦးခေါင်းခွံပေါင်း ၁၃ ခု ပြုလုပ်ခဲ့သည်ဆို၏ ။ ထိုလူမျိုးတို့သည် အသိပညာ အဆင့်အတန်း မြင့်မားသည့်အလျောက် သူတို့သိရှိထားသော လျှို့ဝှက်နက်နဲသည့် လူသားသမိုင်းဖြစ်စဉ်များကို ထည့်သွင်း ဖန်တီးခဲ့သည် ။ သို့သော် ခရစ္စတယ်ခေါင်းခွံတိုင်း၌ ထို့အကြောင်းအရာအားလုံးကို ထည့်သွင်းဖန်တီးခဲ့သည်မဟုတ် ။ တစ်ခေါင်းစီ၌မူ အစိတ်အပိုင်း တစ်ခုဆီသာ ပြုလုပ်ခဲ့သည် ။ အဆိုမှာ ထို ခရစ္စတယ်ခေါင်းခွံ ၁၃ လုံး စလုံးရသည့်အခါ အနည်းငယ် ကြီးမားသည့် ခေါင်းခွံတစ်ခု ပါရှိကြောင်း တွေ့ရပေမည် ။ ထို ခေါင်းခွံသည် အလည်ဗဟို၌ တည်ရမည်ဖြစ်ပြီး ထို ခေါင်းခွံအား ကျန်သည့် ခေါင်းခွံ ၁၂ ခုက အဝိုင်းသဏ္ဍာန်ပတ်လည် တည်နေရမည် ဖြစ်သည် ။ ထိုသို့ အခြေအနေကျရောက်ပါက ဤ စကြာဝဠာကြီး၏အစနှင့် လူသားသမိုင်းစဉ်ကို တစ်ခုမကျန် ညာဏ်အလင်း ပွင့်လင်းကာ ထိုအကြောင်းအရာအားလုံးကို လူသားတိုင်းက တွေ့ရှိကြရမည်ဟု ဆိုသည် ။ သို့သော် ယခုချိန်ထိ မသိရခြင်းမှာ မာယာလူမျိုး၏ မှတ်တမ်းများဖြစ်သည် ။ ထိုသူတို့သည် ဒဏ္ဍာရီလာ လူမျိုးစုတစ်ခုသာ ဖြစ်သည်ဟု သုံးသပ်မှုများလည်း ရှိကြ၏ ။

" မောင်မျိုး . . . ဒီပုံစံက ဘယ်လိုကြီးလဲဟ "

" ကျွန်တော်ထင်တာတော့ တစ်ခုခုပဲ ။ ဒါပေမယ့် ဘာတစ်ခုခုလဲဆိုတာတော့ ခဏနေ တွေ့ရမှာပါ "

" ကိုကြီးမျိုး . . . ကျွန်တော်တို့ လေ့လာခဲ့ဖူးတဲ့ ကျောက်စာ - အရုပ်စာတွေနဲ့ ဆင်တင်တင်ရှိပေမယ့် တကယ်တော့ အခု ကျောက်စာတွေက သမိုင်းမတင်ထားတဲ့ လူမျိုးစု တစ်ခုက ဖန်တီးထားတာထင်တယ် "

ထိုစကားကို ကြားလိုက်ရသောအခါ ကျွန်တော်နှင့် ကိုအေးသည် လူငယ်လေးထံ လျှောက်လာခဲ့၏ ။ သူသည် ကျောက်ထွင်းစာများဖြင့် ပြည့်နှပ်နေသော နံရံကို ဖုံများခါလျက်ရှိသည် ။ သူ၏ ဘေးတွင် နှင်းသော်တာနှင့် ယုယတို့က ပါလာသော လက်နှိပ့်ဓါတ်မီးဖြင့် မီးထိုးပေးထား၏ ။ မှန်၏ ။ စာများမှာ ဘာအဓိပ္ပါယ်ကို ဖေါ်ဆောင်ထားသည်မသိသော်လည်း သေခြာသည်မှာ သမိုင်းမတင်ရသေးသော ယဉ်ကျေးမှု တစ်ခုဖြစ်ဟန်တူသည် ။ လူရုပ်ပုံများမှာ ကျွန်တော်တို့ မြင်နေကျ အီဂျစ်အရုပ်စာများလိုမဟုတ်ပဲ တိဗက်မှ သင်္ကန်းစီးထားသော ဘုန်းကြီးများနှင့် တူနေ၏ ။

ထွင်းထားသော ပုံများတွင် ဘုန်းကြီးနှစ်ပါး ထိုင်နေ၏ ။ ထို ဘုန်းကြီးနှစ်ပါး၏ အလယ်တွင် အထက် သုံးဆင့်ပါသော ပလ္လင်တစ်ခုရှိသည် ။ ထိုပလ္လင်အထက်၌ ကြီးမားသော လက်နှစ်ဖက်မှာ နေကို ပင့်မထား၏ ။ ထိုနေဝန်း၏ ဘေးနှစ်ဖက်တွင် ဈာန်ဖြင့် ကြွနေသော ဘုန်းကြီးသုံးပါးစီ မက်တပ်ရပ်နေကြသည် ။ ကျွန်တော့်အထင် အမှားဘူးဆိုလျှင် ဂန္ဓာရီပညာမှ ထုံကူးခြင်း ဒါမှမဟုတ် အီဂျစ်မှ နေဘုရားကို ရှစ်ခိုးခြင်းအား သရုပ်ဖေါ်ထားသလိုပင် ။ သို့သော် ထိုသို့ ကောက်ချက်ချဖို့ရန်မှာ အလွန်စောသေး၏ ။

" မင်းပြောတာဟုတ်တယ် ။ ဒါက သမိုင်းမတင်ရသေးတဲ့ စာတွေပဲ ။ နောက်ပြီး အောက်က ရုပ်ပုံတွေက ဘာကို အဓိပ္ပါယ်ဖေါ်နေတာလဲဆိုတာ ငါတော့ နားမလည်သေးဘူး "

" ငမျိုး . . . ငါတို့ မကြာခင် သိရမှာပါ ။ ဒါပေမယ့် အချိန်တော့ ယူရမယ်ထင်တယ် "

" စာတွေက ရင်းနှိးနေသလိုရှိပေမယ့် ဘာလို့ အဓိပ္ပါယ်ကို မဖတ်နိုင်ရတာလဲ ။ နောက်ပြီး ဒီ အရုပ်ပုံတွေက အရှေ့တိုင်းသားတွေရဲ့ ရဟန်းပုံတွေ မဟုတ်လား "

" ဟုတ်ချင်မှလဲ ဟုတ်မှာပါကွာ . . . အသေအခြာ မလေ့လာရသေးခင်တော့ ငါ ဘာမှ မပြောနိုင်သေးဘူး "

" ကျွန်တော်တော့ မကြာခင် သိရလိမ့်မယ်လို့ ထင်နေတယ် "

" ဘာကြောင့်လဲ "

ကျွန်တော်သည် ကိုအေး မေးသော မေးခွန်းကိုမဖြေခင် ကျောက်သားကုလားထိုင်ပေါ်၌ ရှိနေသော မံမီရုပ်အလောင်းတို့အား လက်ညိုးညွှန်ပြ၍ -

" သူတို့ ပြောပြလိမ့်မယ် " ဟု ဆိုလိုက်လေတော့သည် ။

×××

မဲမှောင်နေသော ကျောက်ဂူအတွင်း၌ မည်သည့် ရာစုနှစ်ကတည်း ရှိနေသည်ကိုမသိရသော မံမီရုပ်အလောင်းများနှင့် အလုပ်ရှုပ်နေခြင်းမှာ အင်မတန် မိုက်ရူးရဲဆန်လှ၏ ။ မိမိသည် ကြောက်ရွံ့တက်သော လူ့ဖလန်သဘာဝ၌ မပါဝင်သော်လည်း ယခု တွေ့ရှိချက်များမှာ ပဟေဠိဆန်လှအောင် ဖြစ်ပေါ်နေသည်ရှိသောကြောင့် လက်ပျက်တစ်ခုအား ကိုက်ဆွဲနေသည့် ခွေးနက်ကြီးပုံသည် အာရုံထဲ၌ ခဏခဏ ပေါ်ပေါ်လာ၏ ။ အမှန်တော့ ဤပုံရိပ့်မှာ ကြောက်စိတ်၏ အစပင် မဟုတ်သလော ။

မိန်းကလေးနှစ်ယောက်သည် မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးနေကြသည် ။ ကောင်လေးမှာ ကျောက်စာများ ဖုံခါနေခြင်းမှာ အတော် ပြီးစီးလုနီးနေပြီဖြစ်၏ ။ ကျွန်တော်နှင့် ကိုအေးသည်တော့ ကျောက်ကုလားထိုင်ပေါ်မှ မံမီအရုပ်များကို အနီးကပ် လေ့လာနေကြသည် ။ ထူးခြား၏ ။ ဤ မံမီများသည် အီဂျစ်၌ တွေ့ရသော မံမီးများထက် ပိုမို အဆင့်အတန်းမြင့်မားသည့် နည်းပညာဖြင့် စီမံထားကြောင်း တွေ့ရ၏ ။

လူသေ၏ ခန္ဓာကိုယ်အား မပုပ်မသိုးအောင် ပြုလုပ်ထားနိုင်ခြင်းသည် ရှေ့၌ တွေ့ဖူးသော မံမီများနှင့် မတူပေ ။ အီဂျစ်မံမီများမှာ လူ၏ ခန္ဓာအတွင်းမှ ပုပ်သိုးနိုင်သော ကလီဇာများကို ထုတ်ရသည် ။ ထိုသို့ထုတ်ပြီးကာမှ ဆေးရည်စိမ်ရ၏ ။ ပတ်တီးများကို တင်းကြပ်စွာ တစ်ကိုယ်လုံး စီးပတ်ရ၏ ။ ထိုအခါမှ လူ၏ ခန္ဓာမှာ ကြာရှည် တည်တန့်နိုင်မည်ဟု ဆိုသည် ။ တစ်ချို့ မံမီများမှာ ကတ္တရာစီးများ စိမ်ထားသလိုပင် ဖြစ်နေ၏ ။ အရင်က ကျွန်တော်တို့ သုတေသီများပင်လျှင် လက်ခံခဲ့ဖူးသည် ။ နောက်ပိုင်းတွင်မှ ကတ္တရာစီးမဟုတ်ပဲ အချိန်ကြာမြင့်မှုဒဏ်ကြောင့် ပြောင်းလဲသွားခြင်းတာဖြစ်ကြောင်း တွေ့ရှိခဲ့ရသည် ။

ယခုတွင်တော့ ဤသို့မဟုတ် ။ ခန္ဓာသည် ဓါးဖြင့် ခွဲထားသည့်ပမာ မည်သို့သော နေရာမှမတွေ့ရ ။ ထို့အပြင် မပုပ်မသိုး ရှိနေသည်မှာ ရေခဲမှတ်သုညအောက်၌ တည်ရှိသော သတ္တဝါအား ရေခဲရိုက်ထားသကဲ့သို့ ထင်ရသည့်အတိုင်းပင် ။  ပို၍ ထူးခြားသည်က တစ်ကိုယ်လုံးမှာ ပတ်တီးများ ကြပ်စည်းထားခြင်းမျိုးမရှိ ။ ပိရိမစ်သဏ္ဍာန် ဦးထုပ် , ရှေ့ရင်ဘတ်အဖုံး , လည်ပင်း၌ ကြေးဖြင့် ထုဆစ်ထားသော လည်ဆွဲဘယက်နှင့် ခါးအထက်မှစ၍ သင်္ကန်းအရောင် အဝတ်ဆွေးများ ဝတ်ဆင်ထားလေသည် ။

ခန့်မှန်းရလျှင်မူ ထို အလောင်းတို့မှာ အီဂျစ်မှ မံမီရုပ်အလောင်းတို့ထက် ပိုမိုရှေးကျသော လူမျိုးများဖြစ်နိုင်၏ ။ မျက်နှာများမှာ အားလုံး တစ်ပုံစံထဲ ဖြစ်နေသည် ။ အားလုံးမှာ ယောက်ျားတွေသာ ဖြစ်နိုင်ဖွယ်ရှိလျက် အတိအကျ ဆိုရလျှင်မူ ကြေးခေတ်က ရုပ်အလောင်းများ ဖြစ်နိုင်သည် ။ သို့သော် ၄င်းတို့ ဝတ်ဆင်ထားသော ခါးဝတ်မှာ အဘယ်ကြောင့် ဆွေးမြေ့ရုံတာ ရှိနေသနည်း ။ အင်မတန် ခေါင်းခြောက်စရာပင် ။

" အကိုတို့ . . . ကျွန်တော် ဖုံခါတာတော့ အားလုံးပြီးပြီ ။ လာကြည့်ကြပါအုန်း . . .

" ကောင်းတယ်ညီလေး . . . ငါ့ကို ဓါတ်မီးလေး ခဏပေးစမ်း . . . "

" ဟာ . . . ဘာဖြစ်တာလဲ ! "

ကောင်လေးသည် ကျွန်တော်တောင်းသော ဓါတ်မီးအား လာရောက်ပေးကမ်းသည်ရှိသော် သူ၏ ခြေထောက်သည် အောက်ကြမ်းပြင်၌ရှိသော အရာဝတ္ထုတစ်ခုအား ခလုတ်တိုက်၍ လဲကျသွား၏ ။ သူသည် ကမန်းကတန်း ပြန်လည်ထရပ်ကာ  သူတိုက်မိသော အရာအား ဓါတ်မီးဖြစ် ထိုးကြည့်လိုက်လေသည် ။ ထိုအခါ၌ ကျွန်ပ်တို့ တွေ့လိုက်ရသည်က . . .

ကျောက်တိုင်များသဖွယ် အညီအညာ ထောင်လျက်ရှိနေသော တုတ်ချောင်း လေးချောင်းကို တွေ့ရ၏ ။ ထို တုတ်ချောင်းများ၏ ကိုယ်ထည်သည် နဂါးပုံစံမြွေနှစ်ကောင်က ပတ်လိမ်ထားသည့်သဏ္ဍာန် ပါရှိပြီး နေနှင့်လ က တုတ်တိုင်၏ ထိပ်ပိုင်းနှင့်အောက်ပိုင်းတွင် ထွင်းဆစ်ထား၏ ။ အထက်မှာ နေ , အောက်မှာ လ ဖြစ်သည် ။

ထိုအခါ ကိုအေးက . . .

" ယဉ်ကျေးမှု အဆင့်အတန်းကတော့ အံ့မခမ်းပဲ ။ ဒီ တုတ်တိုင် ငါးချောင်းက ငါ့အထင်ပြောရရင် ဟောဒီ့ ကျောက်ထိုင်ခုံပေါ်က မံမီတစ်ဦးစီရဲ့ ပစ္စည်းတွေဖြစ်မယ် ။ ဒါနဲ့ ဘာကြောင့် ဒီတုတ်တွေက သူတို့အရှေ့မှာ ထောင်ထားရတာလဲ "

ခလုတ်တိုက်မိသော တုတ်တိုင်သည် မူလနေရာထက် တစ်ပေခန့်မျှ ပြုတ်ထွက်သွား၏ ။ သို့သော် ၄င်းတုတ်တိုင်မှာ မည်သို့သော အစင်းရာ , အကျိုးအပဲ့များ မဖြစ်ပေါ်ခဲ့ပေ ။ ကျွန်တော်သည် ထိုတုတ်တိုင်အား ကောက်ကိုင်လိုက်၏ ။ သူ့နေရာ၌ ပြန်လည် ထားလိုက်ပြီးကာမှ ၄င်းသည် အခြားသော တုတ်တိုင်များကဲ့သို့ ထောင်လျက် အနေအထားမဟုတ်ပဲ အိမ်၌ အလှထားသော ဆာမူဒိုင်း ဓါး၏ တင်ထားစရာ အထိုင်မျိုးနှင့် ရှိနေသည်ကို တွေ့ရလေသည် ။ သို့သော် ထို အထိုင်ခုံအား မြင်ခြင်းမှာ နောက်ကျသွားလေပြီ ။ကျွန်တော်သည် အခြားသော တုတ်တိုင်များကဲ့သို့ပင် လွတ်လပ်နေသော နေရာ၌ ဆိုက်သွင်းလိုက်ပြီဖြစ်၏ ။

ထိုခဏအတွင်း ဖြစ်ပျက်သွားသည်မှာ ယုံနိုင်စရာပင်မရှိပေ ။ မှတ်မိသလောက်ပြောရလျှင် အလွန်စူးရှသော ကြေးစည်သံသည် ဂူတစ်ခုလုံးကို ပဲ့တင်ထပ်သွား၏ ။ ထိုအချိန်၌ ကျောက်သားနံရံ၏ ထောက် လေးထောက်မှ အလင်းတန်းများသည် အလွန်အမင်း တောက်ပစွာ ထွက်ပေါ်လာသည် ။ ထိုအလင်းတန်းများ ရုတ်တရပ် ပျောက်ကွယ်သွားသည်ရှိသော် ကျောက်ဂူတစ်ခုလုံး၌ လျှပ်စစ်မီးများ ထွန်းထားသည့်သဖွယ် လင်းထိန်ကျန်ခဲ့၏ ။  ထိုအလင်းရောင်ကြောင့် ကျွန်ပ်တို့၏အရိပ့်မှာ ရှေ့ကြမ်းပြင်ပေါ်၌ တစ်လက်မ ပင် ထွက်ပေါ်မလာပေ ။

ကျွန်တော်တို့ ငါးယောက်စလုံး အကြောင်သား ကြည့်နေသည်မှာ အရှေ့၌ ရှိသော လူရွယ်တစ်ဦးကိုပင် ။

ထိုလူရွယ်သည် သူ၏ ပုံမှန်ဝတ္တရားအလုပ်ကို လုပ်ကိုင်နေသည့်ပမာ အေးဆေးလှ၏ ။ ထိုသူကို ကျွန်ပ်တို့ မသိပေ ။ ဘယ်ကရောက်လာသည်လဲ မစဉ်းစားတက် ။ ထို့အတူပင် သူသည်လည်း ကျွန်တော်တို့ရှိနေကြောင်းကို ဂရုပင်မစိုက် ။

တိဗက်ရဟန်းသဖွယ်ဝတ်ဆင်ထားသော ဘုန်းကြီးတစ်ပါးသည်  ထိုသူရှိရာဆီသို့ ရောက်လာ၏ ။ ထိုအခါ သူတို့သည် စကားဝှက်ပမာ စကားတစ်ချို့ ပြောဆိုနေကြခြင်းအား တွေ့ရသည် ။ ထိုရဟန်းသည်လည်း ကျွန်ပ်တို့ ရှိနေခြင်းအား ဂရုပင် မစိုက် ။ မြင်လဲ မြင်ဟန်မတူပေ ။ ခဏအကြာ၌ သူသည် ကျောက်တိုင်ပေါ်မှ မံမီတို့၏ အဆင်တန်ဆာများသဖွယ် ဝတ်ဆင်နေသည် ။ ပိရိမစ်သဏ္ဍာန် ဦးထုပ် , ရှေ့ရင်ဘတ်အဖုံး , ကြေးဘယပ် အစရှိသည်အား ဝတ်ဆင်၏ ။ ထို့နောက် သူသည် ရှေ့သို့ လျှောက်လှမ်းသွား၍ အရင်က သတိမထားမိသော ဂူတစ်ခုအတွင်းသို့ ဝင်ရောက်သွားသည် ။ ရဟန်းသည် ထိုခဏ၌ ပြန်လည်ထွက်ခွါသွား၏ ။

ကျွန်ပ်တို့သည် ထိုသူ့အနောက်သို့ အလျင်အမြန် လိုက်သွားသည် ။ ဂူအထဲရောက်သောအခါ ထိုသူမှာ ကျောက်ဖျာတစ်ခုပေါ်၌ တင်ပလ္လင်ခွေ ထိုင်နေ၏ ။ ထိုသူ၏ဘေးတွင် မြွေဆိုးများပြည့်နှက်နေသည် ။ တစ်ချို့အကောင်များက ပေါက်မည့်ဟန် ပြု၏ ။ ခန္ဓာကိုယ်ပေါ်သို့ ရစ်ပတ်တက်နေသော မြွေများမှာ အမျိုးအစား စုံလင်လှလေသည် ။ သို့သော် ထိုသူသည် တုန်လှုပ်ခြင်း အရိပ့်အယောင်ပင် ဖြစ်ဟန်မတူ ။

ထိုမြွေများသည် တစ်ဖြေးဖြေး ဂူ၏ ထောင့်နံရံများဆီသို့ ရွေ့လျား ပျောက်ကွယ်သွားကြသည် ။ အားလုံး ထွက်ခွါသွားသောအခါ ထိုသူ၏ အနားသို့ ပြေးလွှားဝင်ရောက်လာကြသည့် အဝတ်မပါသော အမျိုးသမီးများကို တွေ့ရ၏ ။ ထိုအမျိုးသမီးများသည် အလွန်ချောမောလှပ၏ ။ ခန္ဓာကိုယ် ပြေပစ်ကြလျက်  တစ်ချို့က ကျောက်ဖျာ၏ အထပ်၌ လှဲလျောင်းနေကြသည် ။ ကျွန်တော့်စိတ်ထဲ၌ ဤအခန်းအား ကာမတဏှာများ ပျံ့လွှင့်ရာ နေရာမျိုးဟု ထင်မိသည် ။ ထိုသူမှာ တုတ်တုတ်မျှ မလှုပ် ။ တည်ကြည်အေးဆေးလှ၏ ။ ကျောက်ရုပ်သဖွယ်ပင်ဖြစ်သည် ။ အမျိုးသမီးတို့သည် သူတို့နှင့် ပျော်ပါးရန် စွဲခေါ်နေဟန်ပြုသည် ။ သို့သော် ထိုသူ၏ ခန္ဓာအား လက်ဖြစ်မထိကြပေ ။

ထိုအချင်းအရာများကို မယုံနိုင်လောက်အောင် အံ့သြဘနမ်းကြည့်နေကြသည်မှာ ကျွန်တော်တို့ ငါးယောက်ပင် ။ မည်သူမျှ စကားတစ်လုံး မထွက်သော်လည်း ဒါတွေက ဘာတွေလဲ ! ဘာဖြစ်နေတာလဲဟူ၍ များစွာသော မေးခွန်းများသည် မျက်ဝန်းထဲ၌ အတိုင်းသား တွေ့နေရ၏ ။ သို့သော် တစ်ယောက်မျှ နားလည်ပုံ မပေါ် ။

ထို့နောက် ထိုသူအား ဆွဲဆောင်ဖြားယောင်းခြင်းမရသောအခါ မိန်းမများသည် အပြင်သို့ ပြန်လည်ထွက်ခွါသွားကြ၏ ။ ထိုအခါမှ သူသည် တင်ပလ္လင်ခွေကို ဖြုတ်ကာ မက်တပ်ရပ်လိုက်ပြီး ကျောက်နံရံ၌ ချိတ်ဆွဲထားသော မီးတုတ်တစ်ခုအား ယူဆောင်လိုက်၏ ။ သူသည် ခပ်မှောင်မှောင် စင်္ကြံလမ်းအတိုင်း လျှောက်လှမ်းသွားသည် ။ လမ်းသည် ထွက်ပေါက်အား မမြင်ရလောက်အောင် မှောင်နေသည် ။ စင်္ကြံ၏ အဆုံး၌ ဝဲရာ တစ်ဖက်တစ်ချက်စီတွင် လူရုပ်ထုများ , ခြင်္သေ့ရုပ်ထုများ , ငှက်ရုပ်ထုများ , မြွေရုပ်ထုများကို ခြောက်ခြားဖွယ် အမှောင်ထဲတွင် ဖြတ်သန်းရင်း တွေ့မြင်ရသည် ။

လမ်းဆုံး၌ ရပ်လိုက်သောအခါ ထိုသူ၏ ရှေ့တည့်တည့်တွင် မံမီရုပ်အလောင်းနှင့် အရိုးစု ရုပ်ကြီးများကို ဖွားကနဲ တွေ့လိုက်ရာ ကျွန်တော်တို့မှာ သွေးပျက်ခမန်း လန့်အော်မိကြ၏ ။   လန့်၍ အော်လိုက်သောအသံသည် ဂူထဲတွင် ပဲ့တင်ထက်သွားဖွယ်ရှိသည် ။ သို့သော် ထိုသူသည်တော့ ဂရုပင် မစိုက်ပေ ။ ကြားဟန်လဲ မတူ ။

ရှေ့တွင်ရှိသော အပေါက်တစ်ခုကို အစောင့်များက စကား တစ်လုံးမျှမပြောဘဲ လက်ဖြင့် ညွှန်ပြသဖြင့် ကြည့်လိုက်ရာ ယင်းအပေါက်မှာ ကျဉ်းလွန်းသဖြင့် မတ်တပ်ရပ်ဝင်ရန် မဖြစ်နိုင်ပဲ လေးဖက်ထောက်ဝင်မှ ဖြစ်သောအပေါက်ကို တွေ့ကြရသည် ။

ထိုအချိန်၌ အသံတစ်ခု ကြားရ၏ ။ ထိုအသံသည် မြန်မာစကားမဟုတ်သလို အနောက်တိုင်း စကားလဲ မဟုတ်ပေ ။ ဘာစကားမှန်းမသိသော်လည်း ယခုအချိန်၌ ကျွန်တော်တို့မှာ နားလည်နေလေသည် ။ ထိုအချက်သည် အလွန်အံ့သြစရာကောင်း၏ ။ အသံက . . .

" သင်ဟာ နောက်ပြန်ဆုတ်ချင်ရင် ဆုတ်ဖို့ အခွင့်အရေးရှိသေးတယ် ။ နောက်ပေါက် မပိတ်သေးဘူး ။ ပြန်မဆုတ်ဘူးဆိုရင်တော့ ရှေ့ဆက်သွားပေတော့ ။ ပြန်လမ်းတော့ ရှိမှာမဟုတ်ဘူး . . . " ဟူ၏ ။

သူသည် ရှေ့ဆက်သွားမည်ဟု ဖြေသောအခါ အစောင့်က မီးခွက်ငယ်တစ်ခု ပေးအပ်ပြီး နောက်ပြန်လှည့်ကာ ထွက်ခွါသွားသည် ။ သူသည် အမှောင်ထုအသွင်းသို့ တိုးဝင်လိုက်သောအခါ - အသံကြီးတစ်သံ ထွက်ပေါ်လာ၏ ။ ထိုအသံမှာ . . .

" တန်ခိုးနဲ့ လျှို့ဝှက်ပညာတွေကို မိုက်မိုက်မဲမဲ လိုချင်သူတွေဟာ ဒီနေရာမှာ ပြုတ်ကုန်တာပဲ " ဟူ၏ ။

ထိုအသံကို ခုနှစ်ကြိမ်တိုင်တိုင် ကြားရလေသည် ။ တစ်ခါကြားတိုင်း ကျွန်တော်တို့မှာ ကြက်သီးမွှေးချင်း ထထသွားကြ၏ ။ အင်မတန်မှ ကျောချမ်းစရာကောင်းသောအသံပင် ။

သူသည် စင်္ကြံလမ်းအတိုင်း ဆက်လက်ဆင်းသွားသောအခါ တဖြေးဖြေး နိမ့်ပြီး မတ်စောက်စွာ အောက်သို့ စိုက်ဆင်းသွားသော လမ်းအတိုင်း မီးခွက်မှ မီးရောင်အားကိုးဖြင့် ဆင်းလာရာ ကျောက်လှေကားတစ်ခုကိုတွေ့ရသည် ။ ယင်းကျောက်လှေကား၏ အောက်ဆုံးအထစ်သို့ ရောက်သောအခါ မည်းမည်းမှောင်နေသော အလွန်နက်သည့် ရေအိုင်ကြီးတစ်ခုအတွင်းသို့ ရောက်လာသည် ။ အပေါ်ပြန်တက်ရန်လည်း မည်းမှောင်နေ၍ မလွယ်ကူ ။ ရှေ့ဆက်သွားလျှင်လည်း အသူရာသမျှ နက်လှသော ရေအိုင်ကြီးအတွင်းသို့နစ်မြှပ်တော့မည် ။

ထိုသူသည် မည်သို့မျှ စိုးရိမ်ထိတ်လန့်ခြင်းအမူအရာမရှိသော်လည်း အနောက်မှ လိုက်ကြည့်နေသည့် ကျွန်တော်တို့မှာ ဒူးများ ခိုက်ခိုက်တုန်လှအောင် ခြောက်ခြားလျက် ရှိကြနေပြီ ။ သို့သော် မထူးဇာတ်ခင်းရတော့မည်ဖြစ်သောကြောင့် ရှိရှိသမျှ သတ္တိများကို စုစည်းလျက် ရေအိုင်ထဲသို့ စမ်းတဝါးဝါးဆင်းနေရင်းမှ ခန္ဓာသည် မြှပ်သည်ထက် မြှပ်နေစဉ် မီးတုတ်မှ မီးရောင်ဖြင့် မြင်ရသရွေ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဘယ်ဘက်ဘေးတွင် အပေါက်ငယ်တစ်ခု မှုန်ဝါးဝါး တွေ့ရသည် ။ ထိုသူသည် ထိုအပေါက်ဆီသို့ လျှောက်လှမ်းသွား၏ ။ ကျွန်ပ်သတိထားမိသည်မှာ ခြေလှမ်းတစ်ချက် ချော်လိုက်သည်နှင့် တစ်ပြိုင်နက် အဆုံးအစမထင်သော ရေအိုင်နက်ကြီးထဲတွင် မပြန်လမ်းသို့ ကြွမြန်းသွားမည်ဖြစ်သည် ။

ထိုအပေါက်အတွင်းသို့ ဝင်လိုက်သည်ရှိသော် လှေခါးထစ်တစ်ခုကို တွေ့ရ၏ ။ ယင်း လှေကားထစ်မှ တစ်ဆင့်ပြီး တစ်ဆင့် တက်ရင်း ကြောင်လိမ်လှေကားဆီ ရောက်သွားကာ ကြောင်လိမ်လှေကားအတိုင်း တက်သွားသောအခါ အဆောင်ကျယ်ကြီးတစ်ခုဆီသို့ ရောက်သွားကြသည် ။

ထိုခန်းမဆောင်မှ အထွက်တံခါးအား ဘုန်းကြီးနှစ်ပါးက ဖွင့်ပေး၏ ။ ရေထုကို အောက်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည့်သူပမာ ထိုသူအား ဂုဏ်ပြုကြိုဆိုနေကြပုံရသည် ။ ထို့နောက် ခန်းမဆောင်ထဲတွင် ပန်ချီကားများ အမြောက်အများ ချိတ်ဆွဲထားသည်ကို တွေ့မြင်ရပြီး ထိုပန်ချီကားချပ်တို့၏ အဓိက စကားလုံးတိုင်းကို ဘုန်းကြီးတစ်ပါးသည် ထိုသူအား ရှင်းပြနေ၏ ။ ထို့နောက် တားရော့ကားချပ် ၂၂ ချပ်ပန်ချီကားနှင့် ယင်းတားရော့ကားချပ်၏ စကားလုံးသင်္ကေတများကို ရှင်းလင်းပြနေ၏ ။ ထိုသို့ အဓိပ္ပါယ်ရှင်းလင်းသံကို ကျွန်ပ်တို့ မကြားရပေ ။

ထို့နောက် ထိုသူသည် ဆက်လျက်၍ ခန်းမဆောင်၏ ထွက်ပေါက်သို့ လျောက်သွားသည် ။ ထိုထွက်ပေါက်သည် မီးများ ဟုန်းဟုန်းတောက်လောင်နေသော အခန်းကြီးဖြစ်သည် ။ ထိုသူသည် ဒီတစ်ကြိမ်ဖြင့် မတ်တပ်ရပ်၍ အခန်းအတွင်းသို့ မဝင်ပဲ ကြည့်နေ၏ ။ ထိုသူကြည့်လဲ ကြည့်ချင်စရာပင် ။ ကျွန်တော်တို့မှာ ထိုအခန်းထဲသို့ ထိုသူဝင်ပါက လိုက်ဝင်ရန် အစီအစဉ် မရှိ ။ သို့သော် ခဏအကြာ၌ ထိုသူဝင်သွား၏ ။ ကျွန်တော်တို့ မျက်စိရှေ့၌ပင် ထိုသူသည် မီးများအကြားမှ လောင်မြိုက်ခြင်းမခံရပဲ လွတ်လွတ်ကျွတ်ကျွတ် ဝင်သွားခြင်းဖြစ်သည် ။ ကျွန်တော်တို့ ငါးဦးစလုံး ပါးစပ်အဟောင်းသားဖြင့် ကြည့်နေ၏ ။ အလွန်အံ့သြစရာကောင်းသည် ။ သို့သော် အကြောင်းတစ်ခုခုတော့ ရှိရမည်ဟု ထင်မြင်ကြသည်ဖြစ်ရကား ထိုသူ၏ အနောက်သို့ မရဲတရဲဖြင့် လိုက်ရန် ဆုံးဖြတ်ကြရသည် ။ မှန်၏ ။ မဆုံးဖြတ်လျှင်လဲ မရပေ ။ ကျွန်တော်တို့သည် ပုံရိပ့်အနောက်သို့ လိုက်နေကြသည်မဟုတ်လော ။ 

ထို့နောက် ကျွန်တော်တို့သည် ထိုမီးတောထဲသို့ တစ်လှမ်းခြင်း တိုးဝင်ကြသည် ။ အခန်းအတွင်းသို့ ခြေချလိုက်သည်မှ မီးများမှာ တစ်ခန်းလုံး တောက်လောင်နေသည်မဟုတ်ပဲ မီးပုံကြီး လေးပုံက ထောင့်များတွင် တောက်လောင်နေပြီး အလည်တွင် မီးပုံတစ်ခု ရှိနေသောကြောင့် အပြင်က ကြည့်လိုက်လျှင်ပင် တစ်ခန်းလုံး မီးလောင်ကျွမ်းနေသည်ဟု ထင်ရလောက်အောင် ဖြစ်နေခြင်း ဖြစ်၏။ ထိုအခါမှ ကျွန်တော်တို့သည် သက်ပြင်းကို စိတ်အေး လက်အေး ချနိုင်ကြတော့သည် ။

အခန်းပြင်သို့ ကျွန်တော်တို့ ထွက်လိုက်သည် ။ ထိုသူကို အခန်းအတွင်း ရောက်လိုက်သည်နှင့် သူ၏ကျောပြင်အား အတိုင်းသား တွေ့မြင်နေရ၏ ။ သူသည် နောက်ထက် အခန်းတစ်ခုသို့ ဝင်ရန် ဟန်ပြင်နေပုံရသည် ။ သို့သော် သူ၏ ခြေလှမ်းများမှာ ယခင်ကကဲ့သို့ သွက်လက်ချက်ချာခြင်းမရှိပဲ ကြောက်ရွံ့စိုးထိတ်သောအသွင်ကို ဆောင်နေ၏ ။ သူဝင်မည့် အခန်းအား အဘယ်ကြောင့် သူ ကြောက်ရွံ့နေသနည်း ။ ရှေ့အခန်းများ၌ အင်မတန် ခြောက်ခြားစရာကောင်းလှအောင် အနေအထားမျိုးတွင်မှာပင် သူသည် တုတ်တုတ်မျှ မလှုပ်ခဲ့သူဖြစ်သည် ။ ဤ အခန်းတွင်မှ အဘယ်ကြောင့် တုတ်ဆိုင်းနေရသနည်း ။ ဤအခန်းသည် မည်သို့သော အခန်းဖြစ်သနည်း ။

အခန်း၏ ပြင်ပပုံသဏ္ဍာန်သည် ရှေ့အခန်းများထက် အင်မတန် ထူးခြားလှ၏ ။ ကြီးမားသော တံခါးနှစ်ချပ်၏ အပေါ်၌ ထွင်းထုထားသောရုပ်ပုံများမှာ နဂါးနှစ်ကောင်၏ မာန်မဲနေပုံများဖြစ်သည် ။ ထို နဂါး၏ အထက် အောက်၌ ရဟန်း သုံးပါးဆီ ရှိ၏ ။ ထိုရဟန်းများသည် တင်ပလ္လင်ခွေထိုင်နေကြသည် ။ နဂါးနှစ်ကောင်၏ အကြား၌ နေနှင့်လ သည် ထိတိုက်နေ၏ ။ အခန်းတံခါး၏ ရှေ့ ဘေးနှစ်ချပ်၌ ခွေးနက်ရုပ်ထုသည် တစ်ဖက် တစ်ချပ်၌ ရှိနေ၏ ။ ထိုခွေးနက်၏ မျက်လုံးများမှ အလင်းတန်းများထွက်ပေါ်နေသည်ကို တွေ့ရသည် ။

ထိုသူသည် ထိုအခန်းအတွင်းသို့ ဝင်ရောက်ရန် ရှေ့တိုးလိုက်သည်တွင် တုန်လှုပ်စရာကောင်းလှသော အသံနက်ကြီးတစ်ခု ထွက်ပေါ်လာ၏ ။ ထိုအသံက . . .

" လှည့်ပြန်ပါ . . .မပြန်လျှင် သင်ထာဝရ သေဆုံးရမယ် ။ နက်နဲတဲ့ တန်ခိုးဟာ ရဲရင့်သူဆီမှာသာ တည်တယ် ။ ဒီအခန်းအတွင်း နဂါး ဂဠုံ ဘီလူးကအစ ပုံရိပ့်တစ်ခုမှ ဝင်လို့မရဘူး ။ သင်ပြန်ပါ ။ အချိန်ကျန်သေးတယ် . . . "

ထိုအသံအား သုံးကြိမ်တိုင်တိုင်ကြားရသည် ။ ထိုသူသည် ဝင်မည်ဟု ဆိုလိုက်သည် ။ ထိုအခါ အသံနက်ကြီးမှာ တိတ်ဆိတ်သွားပြီး ကျောက်တံခါးကြီး ပွင့်ဟလာသည် ။  ဂူအတွင်း ပဲ့တင်ထက်နေသည်က ပုံရိပ့်ပင် ဝင်မရဟူ၏ ။

ထိုအခန်းအတွင်း သူဝင်သွားသည် ။ ကျွန်တော်တို့လဲ အလျှင်အမြန်လိုက်ဝင်၏ ။ သို့သော် ဤ အခန်းသည် သူ့တစ်ဦးတည်းသာ လက်ခံသည့်သဖွယ် ပူလောင်သော ဝေဒနာအား ကျွန်ပ်တို့ဆီသို့ ပို့ဆောင်ပေးလေ၏ ။ ထိုအခန်းအနီးသို့ရောက်လေ ခန္ဓာကိုယ်ကြီး မီးလောင်ခံနေရသလိုပင် ဖြစ်နေသည် ။ ဟုတ်၏ ။ ကျွန်တော်တို့သည် ပုံရိပ့်များ ဖြစ်နေသလားဟု ထင်ခဲ့ဖူးသည် ။ ထို့နောက်  ကျောက်တံခါးကြီးသည် အလိုလို ပြန်ပိတ်သွားလေသည် ။

ထိုအခန်းအတွင်းမှ ကြေးစည်သံ တစ်သံထွက်ပေါ်လာသည် ။ ခဏအကြာ၌ မိုးချိုန်းသံ တစ်သံ ထွက်ပေါ်ပြန်၏ ။ ဆူးရှသော အသံနက်ကြီးဖြင့် နာကျင်စွာအော်ဟစ်သံသည် ရုတ်တရပ် တစ်ဆက်တည်းကြားရပြီး ကျောက်တံခါးကြီးအတွင်းမှ ရောင်စုံ အလင်းတန်းများ ဖြာထွက်လာသည်ကို တွေ့ရသည် ။ ထို့နောက် အင်မတန် ပြင်းထန်သော လေဟုန်သည် ကျောက်တံခါးအတွင်းမှ ကြီးမားသောအင်အားဖြင့် ဆောင့်၍ ကန်ထွက်သောအခါ ကျောက်တံခါးကြီးပင် အနည်းငယ် ပွင့်ဟသွား၏ ။ ထိုပွင့်ဟသွားသော အခန်းအတွင်းသို့ ကျွန်တော် အလျှင်အမြန် လှမ်းကြည့်လိုက်သည်ရှိသော် . . .

ကျွန်ပ်မြင်လိုက်ရသည်မှာ ပြန်၍ပင် မပြောရဲပေ ။ ထို့ကြောင့် ဤ အကြောင်းအရာအား ချွင်းချက်အဖြင့် ထားခဲ့၏ ။ ထိုကျောက်တံခါးသည် ခဏတာ ပွင့်ဟ၍ ပြန်ပိတ်သွားလေသည် ။

ထိုအချိန်မှ စ၍ ကျွန်တော် လှည့်ပြန်ချင်နေပြီ ။ ကျန်လေးဦးမှာ ဘာဖြစ်မလဲဟု သိချင်နေပုံရသော်လည်း ကျွန်တော်မြင်လိုက်သော မြင်ကွင်းမျိုးအား ထိုသူတို့မြင်လိုက်ပါက ဤ စိတ်ကူးများ ပျက်ပျယ်သွားမည်မှာ အမှန်ပင် ။

" ငါတို့ သွားဖို့တန်ပြီ ။ ငါတို့ သွားဖို့ တန်ပြီ " ဟူ၍ ကျွန်တော့်ပါးစပ်မှ တုန်လှုပ်ချောက်ခြားစွာ အဆက်မပျက် ထွက်ပေါ်နေ၏ ။ ကိုအေးက တအံ့တသြ ကျွန်နော့်ကို ကြည့်ကာ . . .

" မင်း ဘာတွေ ဖြစ်နေတာလဲ " ဟူ၍ စိုးရိမ်တကြီး မေး၏ ။ ကျွန်တော်ဘာမျှ ပြန်မပြောနိုင် ။ ပြန်တော့မယ်ဟူ၍သာ ဆိုနိုင်သည် ။ ထိုသို့ ချီတုံချတုံဖြစ်နေရာမှ ကျွန်တော်သိလိုက်သည်မှာ ကျွန်တော်တို့ နောက်ကျသွားပြီဆိုတာပင် ။ ဟုတ်၏ ။ ကျောက်တံခါးကြီး တစ်ဖြေးဖြေး ပွင့်ဟလာသည်ကို တွေ့နေရလေသည် ။

ကျောက်တံခါးကြီး အလုံးစုံ ပွင့်ဟသွားသောအခါ ထိုအမှောင်ခန်းထဲမှ ထွက်လာသည်မှာ ထိုလူပင် ။ သူ၏ ပုံစံသည် ဂူဝမှ ကျွန်တော်တို့ လေ့လာခဲ့သော မံမီများ၏ ပုံသဏ္ဍာန်ကဲ့သို့ဖြစ်၏ ။ ကျောက်တိုင်တုတ်တစ်ခုကို သူကိုင်ထားသည် ။ သူ၏မျက်လုံးမှာ အင်မတန်စူးရှသော မီးလျှံများ ထကြွနေသည့်သဖွယ်ပင်တည်း ။ သူသည် ကျွန်တော်တို့အား စူးစိုက်စွာ ကြည့်နေသည် ။ သူ ကျွန်တော်တို့ကို မြင်နေရသလိုပင် ။ ဟုတ်၏ ။ သူတကယ်မြင်နေရပြီ ။

ထိုခဏ၌ ကျောက်တံခါးအရှေ့မှ ခွေးနက်ရုပ်ထုသည် တဖြေးဖြေး ထကြွလာ၏ ။ အစွယ်တမြတမြနှင့် ငရဲခွေးများဟု ထင်ရလောက်၏ ။ ကြီးမား၏ ။ ကြံ့ခိုင်၏ ။ မျက်လုံးနှစ်လုံး၌ မီးလျှံများ ထကြွနေသည် ။ ထိုခဏ၌ ကြီးမားသော မြေငလျှင်လှုပ်ခါမှုသည် ထိုဂူဗိမ္မာန်ကြီး ပြိုကျလုမတက်ပင်ဖြစ်ပေါ်လာ၏ ။ ကျောက်တံခါးများသည် တဝုန်းဝုန်း တဒိုင်းဒိုင်း ပြိုဆင်းလာသည် ။ ဖုံမှုန့်တို့သည် နေရာအနှံ့ပြည့်ကြပ်သွား၏ ။ ထိုအချိန်၌ ကျွန်တော်တို့ငါးဦး ဤအခန်းအတွင်း၌ မရှိတော့ပေ ။ မှန်၏ ။ ခွေးနက်ကြီးများ ထထိုင်လာသည်ကပင် ကျွန်တော်တို့ခြေထောက်သည် ခြေဖျားနှင့်တင်ပါး တစ်သားထဲကျအောင်  ပြေးလွှားနေပေပြီ ။

အနောက်ကို လှည့်ကြည့်လိုက်သည်ရှိသော် ဖုံမှုန့်များကြားမှ အူးအူးလျားလျား ပြေးလိုက်လာသည်မှာ ထို ခွေးနက်နှစ်ကောင် ။ လျင်မြန်၏ ။ ခြေလှမ်းကျဲ၏ ။ ဆူးရှသော အသံနက်ကြီးမှာ ဟိန်း၍ ထွက်နေ၏ ။ မည်သို့လုပ်ရမည်နည်း ။ ကျွန်တော်တို့သည် အားကုန် ပြေးလွှားနေရပြီ ။ ထိရှသော ကျောက်စွန်းများကြောင့် ခန္ဓာကိုယ်မှ အပွန်းအရှတို့သည် ထိုကြောက်စိတ်ကို မလွှမ်းမိုးနိုင် ။

ကျွန်တော်တို့သည် မီးတောက်နေသော အခန်းကြီးကိုလဲ ဖျက်ကျော်ခဲ့၏ ။ ရေပြည့်နေသော ကျောက်ဂူကိုလဲ ကျော်လွန်သွားကြပြီ ။ မြွေများဖြင့် ပြည့်နှက်ခဲ့သော အခန်းအတွင်းသို့ ရောက်သောအခါ ခွေးနက်နှစ်ကောင်မှာ ကျွန်တော်တို့နှင့် ကိုက် ၅၀ အကွာ၌ ရောက်နေလေပြီ ။

အားကုန်ပြေးလွှားကြသော်လည်း နှင်းသော်တာမှာ အနောက်၌ ကျန်နေခဲ့သည် ။ သူသည်  ခွေးနက်နှစ်ကောင်၏ ဆယ်ကိုက်အကွာတာ ရှိနေ၏ ။ ကျွန်တော်နှင့် ကိုအေးသည် အနောက်သို့ ပြန်လှည့်ကာ ထိုမိန်းကလေးအား တွဲခေါ်ကြသည် ။ ခွေးနက်ကြီးသည် ၅ ကိုက်အကွာမှ လှမ်း၍ ဟက်၏ ။ ထိုအစွယ်များဖြင့် ကျွန်တော့်ကို မကိုက်မိသော်လည်း ခန္ဓာကိုယ်အောက်ပိုင်းမှာ ပျက်ပါသွားသလိုပင် ခံစားရသည် ။

ကျွန်တော်တို့သည် မံမီများထားရှိသော အခန်းကျယ်ကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာ၏ ။ ခွေးနက်များသည် အသေရရ အရှင်ရရ ကျွန်တော်တို့အား ဝါးစားမည့် ပုံစံပင် ။ ထိုခဏ၌ ကိုအေး၏ ခြေထောက်တစ်ဖက်အား လှမ်းဟက် နိုင်သွားလေပြီ ။ တော်သေးသည် ။ ဖိနပ်ကို ခဲမိသည်ဖြစ်သောကြောင့် ရှုန်းကန်ထွက်လိုက်သည်ကို ကျွန်တော်တွေ့လိုက်သည် ။ ခွေးနက်တစ်ကောင်မှာ မံမီရုပ်အလောင်းတို့၏ အရှေ့ဘက် တည့်တည့်သို့ ခုန်ကျော်ကာ ကျွန်တော့်အရှေ့သို့ ကျလာ၏ ။ ထိုအချိန်တွင် ကျန် မိန်းကလေးနှစ်ဦးနှင့်မောင်ထင်မှာ ပြင်ပအပေါက်သို့ ထွက်ရသော ဂူပေါက် ငယ်အတွင်းသို့ တွားသွား ဝင်ရောက်နေပေပြီ ။

ဒီတစ်ခါဖြင့် ကျွန်တော့်ဇာတ်လေး ဆုံးခန်းတိုင်ပြီထင်၏ ။ ကျွန်တော့်အရှေ့မှ ခွေးနက်ကြီးသည် ကျွန်တော့်အား စူးစူးရဲရဲ ကြည့်နေသည် ။ ဟိန်းလိုက် ဟောက်လိုက်သည်မှာလဲ ကြောက်ခမှန်းလိလိပင် ။ ထို့အတူ ကိုအေးလဲ ဘာမျှ မတက်နိုင် ။ ပိုဆိုးသည်မှာ သူ၏ ခြေတစ်ဖက်အား ခွေးကိုက်ခံလိုက်ရလေပြီ ။ သို့သော် ပျက်၍ မထွက်သွားပေ ။ သူ့ အရှေ့မှာလဲ ခွေးတစ်ကောင် ။ ကျွန်တော့်အရှေ့မှာလဲ ခွေးတစ်ကောင် ။ တစ်ကောင် တစ်ကောင်ချင်း တွေ့နေကြသည် ။ သို့သော် မမျှတသည်မှာ သူတို့သည် အသာစီးဖြစ်၍ ကျွန်တော်တို့သည် အစားခံဖြစ်နေ၏ ။

ကျွန်တော်တို့သည် အနောက်သို့ တဖြေးဖြေး ဆုတ်လိုက်သည် ။ ခွေးနက်နှစ်ကောင်မှာလဲ အရှေ့သို့ တဖြေးဖြေး တိုးလာ၏ ။ တခဏအတွင်း၌ ကျွန်တော့်အရှေ့မှ ခွေးနက်သည် အရှိန်ဖြင့် ခုန်ဟက်လေတော့၏ ။ ကျွန်တော်၏ အနောက်တွင် ကျောက်နံရံသာ ရှိသဖြင့် ရှေ့ဘက်ရှောင်လွှဲရမည်မှာ ကျွန်တော့် တာဝန်ပင် ။ စိတ်ကူးထက် အလုပ်က ဒီအချိန်၌ ပို၍ မြန်နေ၏ ။ ကျွန်တော်သည် ခွေး၏ အောက်ဘက်မှာ မံမီများ အရှေ့သို့ ရှောတိုက် ရောက်သွားလေသည် ။ ထိုခွေးသည် အင်မတန် ကျယ်လောင်သော အသံကို ဟိန်းဟောင်လျက် ကျွန်တော့်ဘက်သို့ ထက်မံ လှည့်ကိုက်၏ ။ ထိုအချိန်တွင်တော့ ကျွန်တော်၏ ဂုတ်မှာ အခဲခံရလေပြီ ။ အင်မတန် စူးရှနာကျင်လှ၏ ။ တက်နိုင်သလောက် ကျွန်တော် ရှုန်းကန်သည် ။ ထိုခွေးသည်လည်း သူ၏ အစာကို ရလိုက်သည့်အတိုင်းပင် မလွတ်တန်း ကိုက်ခဲထား၏ ။ ကျွန်တော်သည် လွတ်လပ်နေသည့် လက်တစ်ဖက်ဖြင့် ရရာ ပစ္စည်းနှင့် ထုရိုက်၏။ မရပေ ။ ကျွန်တော်၏ တကိုယ်လုံးသည် သွေးများဖြင့် ရဲရဲနီနေလေပြီ ။

ကျွန်တော် စိတ်ဓါတ်များ ကျဆင်းသွားလေပြီ ။ ဤ ဂူကြီးအတွင်း၌ ကျွန်တော့်ဘဝ အဆုံးသတ်ပြီဟူသောအတွေးဖြင့် သက်ပြင်းချလိုက်၏ ။ နောက်ဆုံးတစ်ကြိမ် ၄င်းခွေးအား အားကုန် ရိုက်ထုလိုက်သည် ။

ထိုခွေးနက်သည် ထိုခဏ၌ ကျောက်သားနံရံထိတိုင် လွှင့်ထွက်သွားသည်အား တွေ့ရ၏ ။ တော်သေးသည် ။ ကျွန်တော့်အသက် ဒီမှာတင် မထွက်သေး ။ ကျွန်တော်သည် ကိုင်ထားသော တုတ်ဖြင့်ထက်မံ၍ ထိုခွေးကို ရိုက်၏ ။ရိုက်မိသော ခွေးနက်၏ ခန္ဓာအထက်တွင် မီးတောက်မီးလျှံများ တဟုန်းဟုန်း တောက်လောင်သွားသည်ကို တွေ့နေရသည် ။ ထိုအချိန်၌ ယုံနိုင်ခြင်း မယုံနိုင်ခြင်းမှာ အထိက မကျလှပေ ။

ခွေးနက်သည် ထိုအချိန်မှစ၍ ကျွန်တော့်ထံသို့ မကပ်ရဲတော့ ။ ကျွန်တော့်၏ ဆယ်ကိုက်အကွာမှ ဟူးဟူးရားရား ဟိန်းဟောင်နေ၏ ။ထို့နောက် ကိုအေးအား  ကိုက်သတ်လိုက်သော ခွေးနက်သည် ကျွန်တော့်အား စူးစူးရဲရဲ ကြည့်နေသည် ။ ထိုအချိန်၌ ခွေးနှစ်ကောင် လူတစ်ယောက် အကဲ စမ်းကြရတော့မည် ။ သို့သော် ထိုခွေးနက်နှစ်ကောင်သည် ကျွန်တော့်ဆီသို့ မလာတော့ပဲ တဖြေးဖြေး အနောက်ဆုတ်၍ ဆုတ်၍ သွားလေ၏ ။ ထိုသို့ အနောက်ဆုတ်နေရင်းမှပင် အမှောင်ထောင့်သို့ ရောက်သောအခါ ကွယ်ပျောက်သွားကြသည် ။

ထိုအချိန်ထိ ကျွန်တော်မယုံနိုင်သေး ။ ကျွန်တော်သည် သေသူလော ရှင်သူလောဟူ၍ မသဲမကွဲအတွေးမှာ ကြီးစိုးနေလေ၏ ။ ထို့နောက် ကျွန်တော့်အသက်ကို ကယ်ခဲ့သော တုတ်အား တင်းကြပ်စွာ ဆုပ်ကိုင် ကြည့်လိုက်သည်ရှိသော် မံမီရုပ်အလောင်းများအရှေ့မှ ကျွန်တော်ကောက်ယူစိုက်သွင်းလိုက်သော တုတ်တိုင် ဖြစ်နေ၏ ။ နဂါးပတ်ထားသော တုတ် ။ နေသည် အထက် ။ လသည် အောက်ဖြစ်၏ ။ ထိုတုတ်အား ထိုငရဲခွေးများကြောက်ရွံ့သည်မှာ အင်မတန် အံ့သြစရာကောင်းလှသည် ။ ထိုအချိန်၌ အံ့သြမှုထက် ပျော်ရွင်မှုက ပိုနေ၏ ။

ထို့နောက် ကျွန်တော်သည် ကိုအေး၏ ခွေးကိုက်ခံထားရသော အလောင်းကို လှမ်းကြည့်မိသည် ။ ကံကုန်ပြီဖြစ်သောအလောင်းသည် ကျွန်တော်၏ အောင်ပွဲခံစိတ်ကို ဖျက်ဆီးသွားသည် ။ အင်မတန် ခင်မင်ရင်းနှီးခဲ့သော သုတေသီတစ်ဦး ။ ဒီ ထူးဆန်းသည့် ဂူအတွင်း ဇာတ်ငြိမ်းသွားခြင်းမှာ ယုံနိုင်စရာပင်မရှိ ။ ကျွန်တော်သည် သက်ပြင်းတစ်ချက် ချလိုက်ကာ သွေး ချင်းချင်းနီနေသောခန္ဓာဖြင့် လေးဘက်တွားသွားပြီး ဂူအပြင်ဘက်ကို ထွက်လာခဲ့တော့သည် ။ ထိုအချိန်၌ ဆူးရှသော အလင်းတန်းကြီးသည် ကျွန်တော့်အား ဘာမျှ မမြင်ရလောက်အောင် ဖုံးလွှမ်းသွားလေတော့၏ ။

ကျွန်တော် သတိရသောအခါ သင်္ဘောကြီးတစ်ခုအပေါ်၌ ရောက်ရှိနေကြောင်း တွေ့ရသည် ။ ကျွန်တော်၏ ဘေးတွင် အတွေးကိုယ်စီဖြင့် ထိုင်နေသော နှင်းသော်တာ , ယုယ နှင့် မောင်ထင်ကျော်တို့ကို တွေ့ရ၏ ။ သူတို့သည် ကျွန်တော်သတိရသောအခါ အနားသို့ ရောက်လာကြသည် ။ ထိုအခါမှ ကျွန်တော်သိရသည်မှာ ကျွန်တော်တို့ သင်္ဘော မုန်တိုင်းမိသဖြင့် သက်ကယ်လှေအထက်၌ ဒုက္ခရောက်နေကြသည်အား တစ်ခြားသော ကုန်တင်သင်္ဘောတစ်စီးက ကယ်တင်ထားခြင်းဖြစ်ကြောင်း , သတိမေ့နေသည်မှာ ၇ ရက် တိတိကျနေပြီဖြစ်ကြောင်းနှင့် သူတို့သည်လဲ ဒီမနက်ကမှ သတိရကြောင်း ပြောပြလေသည် ။ သို့သော် ကိုအေးမှာ ကံဆိုးရှာလေကြောင်း သိရ၏ ။ သူသည်လည်း သတိမေ့မြောနေရာမှ မနေ့က ညဥ့်ဦးယံ၌ပင် ကွယ်လွန်သွားကြောင်း ပြောပြသည် ။

ကျွန်တော်သည် ရှည်လျားသော သက်ပြင်းကို တစ်ချက်ချကာ နံရံအား ကျောမှီလိုက်တော့သည် ။ ကျွန်တော့်ကျောပြင်သည် အင်မတန် စူးရှနာကျင်သွား၏ ။ ထိုခဏ၌ သင်္ဘောသားများ ရောက်လာကြ၍ စကားစမြည်းပြောဆိုလာကုန်၏ ။

ကျွန်တော်သည် သန့်စင်ခန်းသို့ ထွက်လာခဲ့သည် ။ အခန်းအတွင်းရောက်သောအခါ အပေါ်အိင်္ကျီချွတ်၍ နာကျင်သောနေရာကို ကြည့်မိ၏ ။ ထိုအခါ  ဂုတ်သားနှင့် ကျောပြင်၌ အပေါက် လေးပေါက် ပေါက်နေသည်ကို တွေ့ရသည် ။ အံ့သြစရာပင် . . .

ထိုအချိန်မှစ၍ ကျွန်တော်သည် ညဦးယံအချိန်တိုင်း ကြေးစည်သံ သုံးချက်အား အမြဲပင် ကြားသိနေရတော့သည် ။

တစ်နေ့ . . . ကျွန်တော်သည် စာရွတ်တစ်ရွက်အား ထုတ်ယူလိုက်ကာ ထိုအဖြစ်အပျက်များအား ချရေးမိသည် ။ နောက်ဆုံးတွင်ကား မှတ်ချက်ဖြင့် ဤကဲ့သို့ ရေးသားလိုက်၏ . . .

#မှတ်ချက် ။  ။  ကျွန်ပ်၏ ဖြစ်ရပ်မှန်အတွေ့အကြုံအား ဤ၌သာ ဖေါ်ပြထားခဲ့သည် ။ ယခုတွင် ကျွန်ပ်နေ့စဉ်ကြားသိနေရသော ကြေးစည်သံမှာ သုံးချက်စီမှ နှစ်ချက်စီကို ပြောင်းသွားလေပြီ ။ ထို ကြေးစည်သံသည် မကြာခင်အချိန်၌ တစ်ချက်သံသို့ ပြောင်းသွားလိမ့်မည် ။ ထို အသံ လုံးဝ မကြားရတော့သည့်အခါ ကျွန်ပ်သည် ဤ ခန္ဓာအား စွန့်ခွါသွားရပေတော့မည် . . .

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...