Skip to main content

အရူးလောက်တောင် မလွတ်မြောက် !

အရူးလောက်တောင် မလွတ်မြောက် !
------------------
ကောင်းကင်ယံအထက်၌မူ ကိုယ်ပိုင်အလင်းသဖွယ် ထွန်းလင်းတောင်ပနေကြသော  ကြယ်တာရာများမှာ မိခင်လမင်းကြီး၏ ဘေး ပတ်ပတ်လယ်အတွင်း၌ ပိုးစုန်းဖြူးများပမာ ဝိုင်းယံလျက် ရှိနေကြသည် ။  နက်မှောင်လွန်းလှသည့် ပတ်ဝန်းကျင်အတွင်းမှာပင် ထိုသူတို့၏ အရောင်အဝါများအား အားကုန်ထုတ်၍ လင်းလတ်နေကြ၏ ။ သစ်ပင် ပန်းပင်တို့အပေါ်တွင်ကား လရောင်၏ တောက်ပသော လောင်းရိပ်တို့က တည်တန့်နေကြသည် ။ 

တစ်ခါတစ်ခါ ပတ်ဝန်းကျင်တစ်ခုလုံးအား မှောင်မှိုက်သွားတက်၏ ။
အဘယ်ကြောင့်ဆိုသော် ဂုဏ်ရှိန်ကြီးစွာ ထိန်းလင်းလျက်ရှိသည့် လမင်းကြီးမှာ ဘယ်လိုပင် အရောင်အဝါတောက်ပစေသော်လည်း လေယူယာ ယိမ်းယှိုင်ရသည့် တိမ်တိုက်တို့၏ လမ်းကြောင်းအတွင်း၌ ထိပ့်တိုက် တွေ့ဆုံလာရသောအခါ သူ၏ ဂုဏ်သတင်းသည် ခဏတာ ပျောက်ကွယ်ပေးရသည်သာ ဖြစ်၏ ။

တစ်ခါ တစ်ခါ ဇီးကွပ်တို့အော်သံကို ကြားရသလို တစ်ခါ - တစ်ခါတွင်တော့ လင်းဆွဲများ ကောင်းကင်ယံ၌ပျံသန်းသွားသည်အား လရိပ့်ကြောင့် မြင်တွေ့ခွင့်ရ၏ ။

ထိုသို့ဖြင့် ကျွန်တော်၏ အတွေးများသည် ပထမဈာန်ကဲ့သို့ အင်မတန်မှ ပြည့်စုံလှပလျက်ရှိသော ည၏  အလှတရားများအပေါ်  ဝင်စားလျက်ရှိသော်လည်း မနက်ဖြန်အစီအစဉ်အတွက် ပြင်ဆင်ကြရပေအုန်းမည် ။

အကြောင်းမှာ အခြားမဟုတ် ။  မြန်မာပြည်အထက်ပိုင်းသို့ အလုပ်ကိစ္စဖြင့် ခရီးထွက်ရန်ဖြစ်သည် ။ ထိုခရီးမှာ မည်မျှကြာမည် မသိနိုင်ရကား လိုအပ်သည်ထက် ပိုပို၍ ပစ္စည်းများ စီစစ်သိမ်းဆည်းနေရသည် ။ ထိုညသည် ကျွန်တော့်အတွက် ထူးခြားလှ၏ ။ အတွေးများ လတ်ဆတ်၏ ။ အမှောင်၏ သရုပ်သည် ပဟေဠိဆန်လှသလို အင်မတန် လျှို့ဝှက်ဆန်းကျယ်လှသဖြင့် အတော်နောက်ကျပြီးမှပင် အိပ့်ယာဝင်ဖြစ်ခဲ့တော့သတည်း ။

-----

မနက်မိုးသောက်ချိန်သို့ ရောက်လာလေလေ အေးစိမ့်မှုများမှာ ပို၍ပင် တိုးတက်လာလေဖြစ်ခြင်းကြောင့် အအေးကြိုက်သော ကျွန်တော့်အဖို့မူ အိပ့်လို့ကောင်းလိုက်သည်မှာ ပြောဆိုဖွယ်ရာမရှိပေ ။

ထိုသို့ အလွန်ဇိမ်ရှိလှသည့် အနားယူခိုက်တွင် ခရီးထွက်ရန်အတွက် ကုမ္ပဏီမှ စီစဉ်ထားသောကားမှာ အိမ်ရှေ့ထိတိုင် ရောက်ရှိလာလေပြီဖြစ်ခြင်းအား ၄င်းတို့ အော်ခေါ်သံများကို အကြောင်းပြု၍ သိရှိရလေ၏ ။

ညက ထည့်ထားသော ပစ္စည်းအိတ်ကိုယူလျက် ကပျာကယာ အိမ်ခန်းထဲကထွက်လိုက်သည် ။သစ်ထားသောမျက်နှာအတွက် ရေများမလုံလောက်လို့လားပင်မသိ အိပ့်ချင်စိတ်သည်တစ်စိုးတစ်စိမျှ လျော့နည်းသွားခြင်းမရှိသည်ဖြစ်ရကား နီးစပ်သော ခုံတစ်ခုကို ဝင်ထိုင်၍ တံတွင်းပေါက်ဘက် ခေါင်းမှီလိုက်သည်နှင့်တစ်ပြိုင်နက် အိပ့်ပျော်ခြင်းအမှတ်သို့ ရောက်ရှိလေတော့၏ ။

-----

မျက်နှာအထက်ဆီသို့ နေရောင်ကျဆင်းလာလေပြီ ။ အချိန်မည်မျှ ကြာညောင်းသွားပြီကို မသိနိုင်သော်လည်း မြင်ကွင်းတစ်ခုလုံးမှာမူ ထိန်လင်းနေပြီဖြစ်ကြောင်းအား တွေ့ရှိရ၏ ။ ထိုအခါ ခရီးလည်း မဆုံးသေးသောကြောင့် အညောင်အညာပြေရန် ကိုယ်ခန္ဓာအား အနည်းငယ်မျှပြုပြင်လိုက်ပြီး မနေ့က ဖတ်လျက်ရှိသောစာအုပ်ကို အိတ်အတွင်းမှ ထုတ်ယူကာ မှတ်ထားသော နေရာဆီသို့ လှန်လောလိုက်လေ၏ ။

ထို့နောက် စာ၏ ခေါင်းစီးကို ဖတ်လိုက်၏ ။

" အေးချမ်းသော သူတစ်ယောက်နှင့် ငြိမ်းချမ်းသောနေရာ " ဟုတွေ့ရှိရလေသည် ။

ထိုအခါ ဆက်၍ ဖတ်သော် -

" ဒေါသ သောက ဝေဒနာ ပူပင်ကြောင့်ကြမှု လိုချင်တပ်မက်မှုနှင့် မနာလိုဝန်တိုခြင်းတို့သည် အစဉ်အမြဲ ဆင်းရဲခြင်းကို ဖြစ်ပေါ်စေခြင်းကြောင့် ထိုအရာများသည် ဒုက္ခမည်၏ ။ ဒုက္ခဟူသည် ပူလောင်သော ဓါတ်သဘာဝရှိသည့်အလျှောက် ပူလောင်မှုကိုမူ မည်သို့သော သူတစ်ဦးတစ်ယောက်မျှ လိုချင်ခြင်းငှာ မရှိကြပေ " ဟုတွေ့ရသည် ။

မျက်နှာကို တစ်ချက်ပြုံးလိုက်ကာ ထိုစကားကို ထောက်ခံလိုက်သည် ။ မမှန်သလော . . .

အဘယ်သူသည် ဤသို့ဒုက္ခမျိုးအား လိုချင်ဘိသနည်း ။ ထို့နောက် ဆက်၍ ဖတ်လေရာ - 

" ထိုအရာတို့နှင့် ဆန့်ကျင်ဘက်အဓိပ္ပါယ်မှာ အေးချမ်းမှုကို ဆောင်၏ " ဟုတွေ့ရ၏ ။

ဤအချက်တွင်တော့ စဉ်းစားရန် သင့်လာလေပြီ ။ အဘယ်ကြောင့်ဆိုသော် ပူပင်မှုမရှိခြင်းသည် အဘယ်သူနည်း ။ လူတိုင်း တစ်နည်းမဟုတ် တစ်နည်း ပူပင်နေကြတာချည်းပင် ။ ဒေါသမရှိသူသည် အဘယ်သူနည်း ။ လူတိုင်းဒေါသနှင့် မကင်းနိုင်ကြတာချည်းပင် ။ ထိုသို့ အစဉ်လိုက် စဉ်းစားလာခဲ့သော် နောက်ဆုံးအချက်ဖြစ်သည့် မနာလိုဝန်တိုမှုသည်မှာလဲ လူ့သဘာဝပင်ဖြစ်ကြောင်း ဗုဒ္ဓအဆုံးအမ များတွင် တစ်စိတ်တစ်ပိုင်းပါဝင်နေသည်မဟုတ်သလော ။ မည်သို့ပင် စဉ်းစားစေကာမူ အဖြေမရသည် ရှိသောကြောင့် ထိုစာပိုဒ်အားချန်ထားခဲ့ကာ ထက်မံ၍ ဆက်ဖတ်လေ၏ ။

" ငြိမ်းချမ်းသော နေရာဟူသည် ကျွန်ပ်တို့နှင့် လက်တစ်ကမ်းတာရှိသည် . . . "

ကျွန်ုပ်၏ ဦးနှောက်ကလေး သွားလေပြီ ။ ဘယ်လိုမှပင် အတွေးတို့လိုက်မမှီတော့ ။ အဘယ်ကြောင့်ဆိုသော် ဤသို့သော သောကအပူမီးများနှင့် လိုချင်တပ်မက်မှုတို့မှာ လူသားအားလုံး၏ အလိုဆန္ဒတို့၌ အရင်းခံ ဖြစ်တည်နေကြသည် မဟုတ်သလော ။ ထိုသူတို့သည် ဆင်းရဲနေခြင်းတာဖြစ်သည် ။ ထိုအချက်ကို လက်ခံထားသော ကျွန်ပ်အတွက် လက်တစ်ကမ်းသာရှိသော ချမ်းသာမှုကို နားမလည်နိုင်လောက်အောင်ပင် ရှိနေလေ၏ ။

ထိုသို့ အတွေးများ ရှုပ်ထွေးနေစဉ် အမြင်အာရုံမှာ တံတွင်းပေါက်အပြင်သို့ ရောက်ရှိလျက် လှုပ်ရှားသွားလာနေသော လူအများအပေါ်သို့ ကျသွားမိလေတော့၏ ။

ကျွန်တော်တို့ကားလည်း ခရီးတော်တော်ဝေးဝေး မောင်းနှင်လာခဲ့ပြီဖြစ်သောကြောင့် အင်ဂျင်အား အနားပေးရန် လမ်းဘေးစားသောက်ဆိုင်အတွင်းသို့ ထိုးရပ်လိုက်လေပြီဖြစ်သည် ။ ကျွန်တော်သည် စာထဲမှ အကြောင်းအရာများနှင့် ခေါင်းရှုပ်လျက် ရှိစဉ် လမ်းမတစ်ဖက်ပေါ်၌ လှုပ်ရှားသွားလာနေသော လူများအကြား အများနှင့် မတူညီသည့် သူတစ်ယောက်အား တွေ့လိုက်ရ၏။ အဘယ် သူနည်း ။ အဘယ်သို့သော ထူးဆန်းသည့်သူမျှမဟုတ် -  ဦးနှောက်ဖေါက်ပြန်မှုကို ခံစားနေရသော စိတ်ဝေဒနာရှင် တစ်ဦးပင် ဖြစ်သည် ။

သူဘယ်ကိုသွား၍ ဘယ်ကိုလာမည်ကိုသူမသိ ။ သူ ဘယ်မှာနေပြီး ဘယ်မှာ စားမလဲလည်း မစဉ်းစား ။ ဘယ်ကိုရောက်ရင် ဘာလုပ်ရမလဲဆိုတာလည်း မတွေးဘဲနှင့် ဘယ်လိုနေထိုင်မှုနဲ့ ဘယ်လို အသက်ရှင်နေလဲကို စဉ်းစား၍ မရနိုင်လောက်အောင်ပင် ဖြစ်ရ၏ ။

သူ့အား ကြည့်ရင်း သနားမိလာသည် ။ သူ ဆိုနေသော သီချင်းသံမှာ တောင်စဉ် ရေမရ ဖြစ်သော်လည်း သူ၏ ပျော်ရွှင်မှုကို ၄င်း သူ သီဆိုနေသော အသံထဲမှာ တွေ့ခွင့်ရ၏ ။ သူပျော်နေသည် ။ ဘယ်လိုတွေးပြီး သူပျော်နေသနည်း ။

သူ၏ ပတ်ဝန်းကျင်က လူများမှာ သူ့ကို ဟားတိုက်လျက်ရှိကြသော်လည်း သူ၏နေထိုင်မှုသည် ပြောင်းလဲမှုမရှိ ။ လုပ်မြဲတမ်းအလုပ်ကို လုပ်သည် ။ ဆိုမြဲတမ်းသီချင်းကို ဆိုပြီး ကမြဲတမ်းအကကိုလည်း စိတ်ပါလက်ပါ ကလျက်ရှိနေသည် ။ လောဘ ဒေါသ ဟူသည် သူ့မှာ ရှိပါ၏လော ။ ရှိကောင်းလည်းရှိမည် ။ မရှိကောင်းလည်း မရှိမည် ။ သို့သော် ယခု သူနေထိုင်သော ပတ်ဝန်းကျင်အခြေအနေဖြင့်ဆိုလျှင် လူကောင်းတစ်ယောက်ဖြစ်ပါက ကိုယ့်ကိုကိုယ် ရွံရှာရှက်ရွံ့၍ သတ်သေမိမည်မှာ အမှန်ပင် ဖြစ်သည် ။ သို့သော် . . . .သူ့အတွက်တော့ အေးချမ်းစွာ ရပ်တည်နိုင်ခြင်းသည် မည်သည့်တရားကို နှလုံးသွင်းထားသနည်း ။

ထို့နောက် သူ့အပေါ်မှ အမြင်အာရုံကို လွှဲကာ ဖတ်လက်စ စာအား ဆက်၍ ဖတ်ကြည့်လိုက်သည်ရှိသော် အောက်ပါစာကြောင်းကို တွေ့ရှိရလေသည် ။

" ဤသို့ ငြိမ်းချမ်းခြင်းအား ရရှိရန်အတွက်မူ မိမိ၏ ကိလေသာ ဖုံးလွှမ်းသောစိတ်သည် ရှေးဦးစွာ လွှတ်မြောက်မှုကို ရရှိရန်လို၏ . . .  "

ကျွန်တော်သည် အရူးဘက်သို့ တစ်ချက်ကြည့်ကာ သက်ပြင်းအရှည်ကြီးကို ချလျှက် တိုးညင်းသော လေသံတို့ဖြင့် အဘယ်ကိုရည်ညွှန်း၍ ညည်းတွားခြင်းမသိ - ညည်းတွားမိလိုက်၏ ။

ထို့နောက် မှတ်စုစာအုပ်ကို ထုတ်လိုက်သည် ။ စာမျက်နှာ အလွတ်ပေါ်၌ ဤကဲ့သို့ ရေးသားလိုက်၏ . . .

" လူတိုင်းသည် တစ်ယောက်၏ ခံစားချက်ကို တစ်ယောက်က မသိမမြင်နိုင်ကြပါ ။ တစ်ယောက်၏ ပူဆွေးသောက ဗျာပါတ များကိုလည်း တစ်ယောက်က ကိုယ်စားဝင်ရောက်လက်ခံယူခြင်းငှာ မစွမ်းနိုင်ကြပေ ။

သို့သော် တစ်ယောက်၏ ပျော်ရွှင်မှုသည် မည်သည့် အကြောင်းအရာ အတွေ့အကြုံ စိတ်နေစိတ်ကူး အစရှိသရွေ့တို့နှင့် သူ့အတွက် အလွန်စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရရှိနိုင်ကြပါသော်လည်း ထိုသူ့အတွက် ထောက်ပံ့ပေးသော ပျော်ရွှင်စရာ အချက်များသည် တစ်ခြားတစ်ယောက်အတွက်မူ အလွန်မှ စက်ဆုပ်စရာကောင်းသော အကြောင်းအရာ - အမူအကျင့် - အနေအထိုင်များ ဖြစ်နေတက်၏ ။

ထို့ကြောင့် လောကတွင် တစ်ကိုယ်ကောင်း သမားနှင့် နိုင်ထက်စီးနင်းသူများ - အငြင်းအခုံလုပ်သူများနှင့် အတင်းအဖျင်းပြောဆိုသူများပေါ်ထွက်လာကြလျက် သူတို့၏ ပျော်ရွှင်မှုအတွက် သူတစ်ပါးကိစ္စကို မျက်ကွယ် ပြုတက်ကြ၏ ။

ထိုသူများသည် အရူးတစ်ယောက်လောက်ပင် လွတ်လပ်ခွင့် မရှိကြ ။ အရူးတစ်ယောက်လောက်ပင် ကိုယ်ပိုင်ပျော်ရွှင်မှုကို မဖန်တီးနိုင်ကြပေ . . .  "

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...