Skip to main content

မအပ် မစပ် !

မအပ် မစပ် !
-----
တော်တလင်းလကုန်ဖြစ်သည့် တစ်နေ့သော ညနေခင်း၌ ခန္ဓာကိုယ် သန်စွမ်းကာ ရုပ်ရည်ရူပမာ တင့်တယ်လှပသော ရဟန်း ပျို တစ်ပါးသည် ကျွန်ုပ် ပိုင်စိုးသော ရှေးဟောင်း ဝတ်ပြုဆုတောင်းရာ ကျောင်းပျက်ဆောင်ကြီးသို့ ရောက်ရှိလာသည် ။ သူ၏ အမည်ကို ကျွန်ပ်မသိပါ ။ သူသည် တည်ငြိမ်သော အိနြေ္ဒရှိ၍ နေ့စဉ်နေ့တိုင်း သတ္တဝါတို့အပေါ် မေတ္တာပို့၏ ။ အစပထမ၌ ကျွန်ပ် ခြောက်လှန့်၍ ထွက်သွားစေလိုသည် ။ ယခုတွင်မူ ထိုသို့သော စိတ်အကြံမှာ ဖြစ်၍ မလာတော့ပေ ။

ရဟန်းပျို ဒီကျောင်း၌ နေထိုင်သည့်သတင်းမှာ တစ်ရွာလုံး ပျံ့နှံ့သွားသည် ။ အမျိုးသမီးများသည် ခပ်လက်စ ရေအိုးများကို အသာအယာချ၍ ရဟန်းပျိုကို လာရောက်ဖူးမြော်ကြ၏ ။ ထိုအချိန်မှစ၍ ပိရိသတ်အစုအဝေးသည် တစ်နေ့ထက် တစ်နေ့ များပြားလာခဲ့သည် ။ ရဟန်းပျိုသည် ငယ်ရွယ်၍ နုညံ့သော စိတ်အသွင်ရှိရကား သူ၏ ရူပကာမှာ သူ၏ စိတ်နေစိတ်ထားထက်ပင် ပို၍ လှပ၏ ။ ထို့အပြင် အားလုံးကို လောကွတ်ပျူငှာ လုပ်သည် ။ ကလေးများကို ယုယစွာ ချီမြှောက်ဆော့မြူတက်ပြီး မိခင်များကိုမူ ရပ်ရေး - ရွာရေး - အိမ်ရေး အခြေအနေများ မေးမြန်းလေ့ရှိသည် ။

ရဟန်းပျို၏သတင်းမှာ မိန်းကလေးများ အကြား၌ တစ်ခဏအတွင်း တစ်မုဟုတ်ချင်း ပျံ့နှံ့သွားတော့သည် ။ သူ့ထံလာရောက် ရှစ်ခိုးကြသောသူများမှာ မိန်းကလေးများတင်မက ယောက်ျားပိရိသတ်များပင် မရေမတွက်နိုင်အောင် များပြားလှသည် ။ တစ်ချို့က တရားနာကြသည် ။ တစ်ချို့က ဂါထာမန္တန်များ တောင်းကြသည် ။ တစ်ချို့က ရူပကာအား ဖူးမြော်လိုကြပြီး တစ်ချို့ကမူ ဆေးဝါးအလို့ငှာ ရောက်လာကြကုန်၏ ။

ထိုသို့ဖြစ် လပေါင်းများစွာ ကျော်လွန်လာခဲ့သည် ။ တန်ခူးလ နေကြတ်သော နေ့တစ်နေ့၌ အလွန်များပြာလှစွာသော ပိရိသတ်တို့သည် ကျွန်ပ်၏ ကျောင်းဆောင်အနီး၌ရှိသော မြစ်ရေအတွင်းသို့ ရေချိုးဆင်းကြလေ၏ ။ ထိုအချိန်တွင် ထိုမြစ်တစ်လျောက်၌ ယာယီဈေးလေးဖွင့်လှစ်ထားကြသည် ။ ဤအချိန်၌ လူအများသည် ရေချိုးဆင်းလာကြရာမှ ကျွန်ပ်ကျောင်းပေါ်၌ နေထိုင်နေသော ရဟန်းပျိုဆီသို့ လာရောက်ဖူးမြော်ကြသည် ။ ကြုံတောင့် ကြုံခဲ ဖူးမြော်သူများပီပီ အလွန်မှ ရိုသေမြတ်နိုးကြ၏ ။

ညနေခင်း အချိန်ဖြစ်သည် ။ ရဟန်းပျိုသည် သူတစ်ဦးတည်း နေ၍ ကျွန်ပ်၏ ကျောင်းဆောင်လှေကားရင်း၌ထိုင်ကာ မြစ်ရေဘက်ဆီ မျက်နှာမူလျက် ငြိမ်သတ်စွာ ထိုင်နေလေ၏ ။ သူသည် နေရောင်ဖြဖြလေးသာကျန်သော တောင်နံရံတို့အကြား နစ်မြှပ်လုဆဲဆဲ တိမ်တိုက်များအား ကြည့်နေသလော - ဒါမှမဟုတ် မြစ်ရေပြင်ကိုပင် ငေးနေသလောဟု ကျွန်ပ် မဝေခွဲနိုင်ပေ ။ သူ ငြိမ်သတ်နေသည်မှာ အချိန်အတော်ကြာလေပြီ ။

ထိုအချိန်၌ သူ့ကို မြင်လိုက်သော မိန်းမပျိုတစ်ဦးသည် ရှိ၏ ။ ထိုသူသည်လည်း ရဟန်းပျိုကို ကြည့်ရှုနေသည်မှာ အတော်ကြာလေပြီ ။ နေဝင်၍ လပြည့်ဝန်းကြီးပင် ထွက်လာလေပြီ ။ ထိုမိန်းမပျိုအရိပ်သည် ကျွန်ပ်အပေါ် ထိုးဆင်းနေသည် ။ ရဟန်းပျိုသည်တော့ ငေးမောတွေဝေနေစဲပင် ။

ထိုအခိုက် ရေချိုးဆိပ်တွင် သူတို့နှစ်ဦးမှလွှဲ၍ တစ်ခြား မည်သူမျှ မရှိပေ ။ ပုရစ်တို့သည် ကျွန်ပ်ပတ်ဝန်းကျင်၌ အော်မြည်နေကြ၏ ။ ကျောင်းအတွင်း၌ ရှိသော ကြေးစည်ထိုးသံရပ်သွားသည်မှာ အချိန်အတော်ကြာသွားလေပြီ ။ မြစ်ရေပြင်ပေါ်မှ လရောင်သည် ဖြိုးဖြိုးပျက်ပျက် တောက်ပနေသည် ။ သူ၏ ကျောဘက်၌ လည်းကောင်း - အနီးအနားရှိ သစ်ပင်ချုံပုတ်အောက်၌ လည်းကောင်း - ဘုရားကျောင်း၏ အရိပ့်၌ လည်းကောင်း အမှောင်ထုသည် လွှမ်းမိုးနေလေသည် ။

ရဟန်းပျိုသည် ထိုင်နေရာမှ  ထလိုက်၏ ။ ထို့နောက် သူသည် ကျောင်းဆောင်အတွင်းဆီသို့ လှည့်ထွက်လာခဲ့သည် ။ သူသည် လှေကားထစ် သုံးလေးထစ်မျှ တက်လိုက်သည်နှင့် ထိုမိန်းမပျိုလေးကို တွေ့လေ၏ ။ မိန်းကလေးတစ်ယောက်တည်းကို တွေ့ရ၍ လှည့်ပြန်မည်ပြုသေးသည် ။ ထိုအချိန်၌ မိန်းမပျိုသည် အမှောင်ရိပ့်ကျနေသော မျက်နှာပြင်အား လရောင်အတွင်းသို့ ထွက်ပေါ်လိုက်၏ ။ ရဟန်းပျို၏ စိတ်၌ မည်သို့ဖြစ်သည်ကို ကျွန်ပ်မသိနိုင်ပေ ။ ကျွန်ပ်သိသည်မှာ ထိုမိန်းမပျိုသည် ငယ်ရွယ်လှပရုံသာမက နုနယ်သော အသားအရည်ကို ပိုင်ဆိုင်ထားသူဖြစ်ကြောင်း ယုံမှားစရာမရှိပေ ။ ထိုအခိုက် နှစ်ဦးစလုံးသည် သိဟောင်းကျွမ်းဟောင်းပမာ စိုက်ကြည့်နေကြသည် ။ အတိတ်ဘဝက သိဟောင်းကျွမ်းဟောင်းကဲ့သို့ပင် ထင်ရ၏ ။

ကျွန်ပ်သည် နောက်တစ်နေ့မှစ၍ ထိုမိန်းမပျိုလေး နေ့စဉ်နေ့တိုင်း လာပြီး ရဟန်းပျိုကို ရှိခိုးဝတ်ပြုသည်အား တွေ့ရလေသည် ။ ရဟန်းပျိုက မေတ္တာပို့ တရားစာများ ဖတ်နေသည့်အခါ သူသည် ကျောင်းဆောင်၏ ဒေါက်တစ်နေရာ၌ ထိုင်ကာ နားထောင်နေတက်၏ ။ ကျောင်းအတွင်းမှ အမှိုက်တစ်ရိုက်တို့ကို လှည်းကျင်း၏ ။ သောက်ရေ သုံးရေများကို ခပ်ပေး၏ ။ ရဟန်းပျိုဆီသို့ လာရောက်သော တရားနာပိရိသတ်များ ပြန်ကြသောအခါများတွင်မှ သူသည် ရဟန်းပျို၏ တရားကို နာယူလေ့ရှိသည် ။ သို့သော် သူသည် တရားကို နားလည်ပုံမရပေ ။ မမှောင်ခင် ပြန်လှည်ထွက်ခွါလေ့ရှိ၏ ။

ဆောင်းဥတုကုန်တော့မည့် နေ့တစ်နေ့ ဖြစ်သည် ။ အေးမြသော လေ တိုက်နေရင်းက တစ်ခါတစ်ရံ ညနေဆည်းဆာတွင် နွေးဦးလေမှာ တောင်ဘက်ဆီသို့ ရုတ်တရပ် တိုက်ခက်လာတက်၏ ။  ထိုအချိန်၌ ကောင်းကင်မှာရှိသော နှင်းရိပ့်နှင့်ငွေ့များ လုံးဝ ပျောက်ကွယ်သွားတက်သည် ။ ဤအချိန်တွင် မိန်းမပျိုလေးဘယ်ကိုရောက်နေသည်အား ကျွန်ပ်မသိပေ ။ သူ ကျောင်းဆီသို့ မရောက်လာသည်မှာ အတော်ကြာနေပြီဖြစ်သည် ။ သို့ရာတွင် တစ်နေ့သော ညနေစောင်း၌ ရဟန်းပျိုနှင့် ထိုမိန်းမပျိုအား ကျွန်ပ်၏ ကျောင်းဆောင် လှေကားရင်း၌ တွေ့လိုက်၏ ။

မိန်းမပျိုက ဦးညွတ်လျက် စကားစပြော၏ ။

အရှင်ဘုရား . . . တပည့်တော်မကို အခေါ်လွှတ်လိုက်တယ်ဆို ။

အေး . . . ဟုတ်တယ် ။ နင် အခုတစ်လော ဘယ်ပျောက်နေတာလဲ ။ ဘုရားဝတ်ပြုဖို့ ဘာကြောင့် ဒီလောက် မေ့လျော့ရသလဲ ?

တပည့်တော် ! မိန်းမယုတ် မိန်းမမိုက် ဖြစ်ပါတယ် ။ တပည့်တော် . . .  ( ထိုသို့ပြော၍ အသံသိမ်ဝင်သွားကာ မိန်းမပျိုသည် ငိုနေလေ၏ )

ရဟန်းပျိုက ကြင်နာသောအသံဖြင့် . . .

နင့်ရင်ထဲမှာ မငြိမ်မသတ်ဖြစ်နေတယ် ။ ဘာတွေဖြစ်နေတာလဲ ။ ငါ့ကိုပြောစမ်း ။ ဒါမှ ငါ ကူညီလို့ရမယ် ။

မိန်းမပျိုသည် အံ့သြသလိုလိုဖြစ်သွားသည် ။ ရဟန်းပျိုအ အဘယ်ထိမျှ သူ့စိတ်ကို သိနေသနည်းဟု စဉ်းစားမိပုံရ၏ ။ ထိုအခါမှ ပိုလို့ပင် မျက်နှာကွယ်လျက် ငိုလေတော့သည် ။

ရဟန်းပျိုက ထက်မေး၏ ။ ထိုအခါ မိန်းမပျိုသည် လေးစားကြည်ညိုလှသောအသံဖြင့်  ပြောဆိုလျှောက်ထားသည် ။ ကြိုကြား ကြိုကြားတွင်လည်း စကားလုံးရှာရင်း ရပ်ရပ် နေသည် ။

အရှင်ဘုရား တပည့်တော် စိတ်ကို တကယ်သိနေတာလား ။ အရှင်ဘုရားက အမိန့်ရှိလျှင် တပည့်တော်မ လျှောက်ထားပါ့မယ် ။ အရှင်ဘုရား . . . တပည့်တော်မရဲ့ စိတ်ထဲမှာ နတ်ဒေဝါသမျှ လေးစား ချစ်မြတ်နိုးရတဲ့ ပုဂ္ဂိုလ်တစ်ဦး ရှိနေပါတယ် ။  ထိုညက အိမ်မက် မက်တယ် ။ အိမ်မက်ထဲမှာ သူဟာ တပည့်တော်မကို ချစ်ရေးဆိုပြီး တပည့်တော်မရဲ့ လက်ကလေးကို ယုယကြင်နာစွာ ကိုင်တွယ်ထားပါတယ် ။ တပည့်တော်မကို နမ်းရှိုက်တယ် ။  အဲ့အိမ်မက်ထဲက ရှုန်းမထွက်ချင်ပါဘူး ။ သူဟာ တပည့်တော်မရဲ့ အရှင်သခင်ပါ ။ အိမ်မက်က နိုးတော့ အဲ့ပုံရိပ့်တွေဟာ ပျောက်ပျက်မသွားတော့ဘူး ။ အမြဲတမ်းပဲ တပည့်တော်မရဲ့ မျက်လုံးထဲမှာ ထင်ကျန်နေပါတယ် ။ နောက်တစ်နေ့ တပည့်တော်မ သူ့ကိုတွေ့တော့ သူ့သွင်ပြင်ဟာ တပည့်တော်မရဲ့အမြင်မှာ ယခင်ကလိုမဟုတ်ပဲ တစ်မျိုးကြီးဖြစ်နေပါတယ် ။ ဒါကြောင့် တပည့်တော် သူနဲ့ ဝေးရာကို ထွက်ပြေးခဲ့ပါတယ် . . .

မိန်မပျို အသံ တိတ်သွားတော့ ရဟန်းပျိုက ပြောသည် ။

အဲ့ဒီ့ အိမ်မက်ထဲကလူက ဘယ်သူလဲ ။ ငါ့ကိုပြောစမ်း ။

တပည့်တော် ပြောလို့ မဖြစ်ပါဘူး ။

နင့်အကျိုးအတွက်မေးနေတာ ။ ပြောရမယ် ။

ပြောရမယ်လား . . . ဘုရား ။

အေး . . . ပြောရမယ် ။

အတန်ကြာ တိတ်ဆိတ်နေပြီးကာမှ မိန်းမပျိုလေးသည် တိုးညှင်းစွာ ပြောကြား၏ ။

အိမ်မက်ထဲက လူက တစ်ခြား မဟုတ်ပါဘူး ။ အရှင်ဘုရားပါပဲ . . .

ဤသို့ပြောပြီး မိန်းမပျိုငယ်သည် ကျွန်ပ်၏ ကျောင်းလှေကားထစ်ဝယ် လဲကျသွား၏ ။ သူ၏ ဆံသသည် ကျွန်ပ်၏ အပေါ်၌ ပျံ့ကျဲနေသည် ။ ရဟန်းပျိုသည်တော့ ကျောက်ရုပ်ကဲ့သို့ မတုန်မလှုပ် ရပ်တည်နေ၏ ။

သတိပြန်ရသောအခါ ရဟန်းပျိုကပြော၏ ။

နင် ငါပြောသမျှကို လိုက်နာဆောင်ရွက်ခဲ့တယ် ။ အခုလဲ လိုက်နာဖို့လိုတယ် ။ ငါ ဒီနေ့ကနေစပြီး ဒီကနေ ထွက်သွားတော့မယ် ။ ဒီနေ့ငါ့ကိုတွေ့ရတာ နောက်ဆုံးပဲ ။ ငါတို့ ရဟန်းတွေဟာ လောကီဘုံသားတွေနဲ့ မအပ်စပ်ဘူး ။ တခြားစီပဲ ။ ငါ့ကို မေ့လိုက်တော့ ။ သိလား ။

ကျွန်ပ်သည် မိန်းမပျိုဆီမှ ဘာအသံမျှ ပြန်မကြားရပါ ။ ကျွန်ပ်သိနေရသည်က ရဟန်းပျို၏ ညာဘက်ခြေထောက်သည် ကျွန်ပ်၏ လှေကားရင်းအား ခပ်ဖိဖိ နင်းထားသည်ကိုပင် ။

ထို့နောက် ရဟန်းပျိုသည် သူ့အား ကျောပေး၍ ထွက်ခွါသွားလေသည် ။ မိန်းမပျိုက ရဟန်းပျိုအား ငေးစိုက်ကြည့်နေသည် ။ အမှောင်ထဲ၌ ရဟန်းပျို ပျောက်ကွယ်သွားသည့်အခါ သူသည် ဖြေးညှင်းစွာ မြစ်ဆိပ့်သို့ ဆင်းသွား၏ ။

ကျွန်ပ်သည် ထိုအချိန်မှစ၍ ရဟန်းပျိုအား ဒီကျောင်းအတွင်း၌ မမြင်ရတော့သလို - မိန်းမပျိုလေးအားလည်း မြစ်ရေထဲမှ ပြန်လည် တက်လာသည်ကို မတွေ့ရတော့ပေ . . .

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...