Skip to main content

ထူးဆန်းလွန်းသည့် အချိန် !

ထူးဆန်းလွန်းသည့်အချိန် !
-----
စာဖတ်သူတွေကို စာရေးသူကနေမှ ထူးဆန်းတဲ့ စကားတစ်ခွန်း ပြောဖို့ ရှိပါတယ် ။ အဲ့ဒါက ကျွန်တော်တို့ဟာ ဘယ်အရာလို့ ခေါ်ဆိုလို့မရတဲ့ ယန္တရားတစ်ခုအပေါ်မှာ ကိုယ်စီကိုယ်စီ စီးနင်းခရီးနှင်နေတဲ့ ခရီးသည်တွေလို့ဆိုရင် စာဖတ်သူတွေက အံ့သြမိကြမှာပါပဲ ။ အဲ့ ဒီ့ ယန္တရားကတော့ ကျွန်တော်တို့ အားလုံးသိကြတဲ့ အချိန်ဆိုတဲ့ အရာပဲ ဖြစ်တယ် ။ ဒါဆို အချိန်ဆိုတာ ဘယ်အရာလဲ ။ စာဖတ်သူက ဘယ်လို ဖြေမည်နည်း ။ စာဖတ်သူက ဘယ်လို ဖြေမလဲဆိုတာ မသိပေမယ့် ရောမဘုရားကျောင်းက ဘုန်းတော်ကြီး ဟစ်ပိုမှ အော်ဂတ်စတင်း ရဲ့အဖြေကတော့ ရှင်းပါတယ် ။ သူက - တစ်စုံတစ်ယောက်က အချိန်ဆိုတာ ဘယ်လိုအရာလဲလို့ မေးလာရင် ကျွန်တော့်မှာ ဖြေဖို့အတွက် အဖြေရှိနေပါတယ် ။ အဲ့ဒါက ကျွန်တော် လုံးဝ မသိဘူးဆိုတာပါပဲ တဲ့ ။

#ကျွန်တော့်ကို အချိန်အကြောင်း မပြောပါနဲ့

တစ်ခါတွင် အမေရိကန် သိပ္ပံပညာရှင်များ စီးနင်းလာသော လေယာဉ်တစ်စီးအတွင်း တိုင်းတစ်ပါးသား ကမ္ဘာလှည့်ခရီးသည်တစ်ဦး ပါလာခဲ့သည်ဟုဆိုပါတယ်  ။ ယင်း ခရီးသည်မှာလဲ လေယာဉ်ပေါ်တွင် လက်ပတ်နာရီ ပျောက်ဆုံးနေခဲ့သည် ။ လေဆိပ်တွင် လေယာဉ် ဆိုက်ကပ်ပြီးနောက် ခရီးသည်လည်း သိပ္ပံပညာရှင်များနဲ့အတူ လေဆိပ့်အပြင်ဘက်ကို ထွက်လာခဲ့ပါတယ် ။ လေဆိပ်အပြင်ဘက် ရောက်တဲ့အခါ ခရီးသည်က သိပ္ပံပညာရှင်အား အချိန်ဘယ်လောက်ရှိပြီလဲဟု ရည်ရွယ်ကာ မေးခွန်း မေးမြန်းခဲ့ပါတယ် ။ ထိုအခါ သိပ္ပံပညာရှင်က သူ့အား အချိန်အကြောင်း မေးမြန်းသည်အထင်နှင့် အောက်ပါအတိုင်း ပြန်လည်ပြောကြားခဲ့ပါတယ် ။

- ဝမ်းနည်းပါတယ်ဗျာ ။ ခင်ဗျားကတကယ်တော့ အတွေးအခေါ်ပညာရှင်တစ်ယောက်ဆီကို သွားမေးသင့်တယ် ။ ကျွန်တော်ကတော့ ရူပဗေဒပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် လို့ ပြန်ပြောခဲ့ပါတယ် ။

#တစ်နှစ်လား ကမ္ဘာတစ်ပတ်လား

တစ်နှစ်ဟူသော အချိန်နာရီပြ စကားစုတစ်ခုကို ဆန်းစစ်ကြည့်လျှင် အချိန်၏ ထူးဆန်းမှုကို သိနိုင်ပါတယ် ။ တစ်နှစ်ဟူသော အချိန်အတိုင်းအတာကို နောက်တစ်နည်း ဖေါ်ပြနိုင်တယ် ။ ယင်းမှာ နေအား ကမ္ဘာက တစ်ပတ်ပြည့် လည်ပတ်ရန် ကြာသောအချိန်လို့ ဆိုတယ် ။ သို့ဖြစ်လျှင် အသက် ၅၀ ပြည့်ပြီးသူတစ်ယောက်အား မွေးဖွားသည်မှ ယခုအချိန်အထိ ကမ္ဘာကြီးသည် နေအား အပတ်ပေါင်း ၅၀ ပြည့် လှည့်ပတ်ပြီးသည်ဟု ဆိုရမှာဖြစ်ပါတယ် ။ ကမ္ဘာပေါ်မှာ တစ်နှစ်ဟူသောအချိန်သည် နေအား ကမ္ဘာက တစ်ပတ်ပတ်သည့် အချိန်တာဟု ဆိုပါက - နေကို တစ်ပတ်ပြည့်ဖို့ နှစ်ထောင်ချီကြာသော ဂြိုလ်တစ်ခုတွင် သက်ရှိတစ်ဦးအတွက် တစ်နှစ်တာဟာ အဘယ်သို့ ကွာခြားနေမည်နည်း ။

ဥပမာ ဆိုပါစို့ ကျွန်တော်တို့ နေ စကြာဝဠာအတွင်း တည်ရှိနေသော နက်ပ်ကျူးဂြိုလ်သည် နေမှ ကမ္ဘာဂြိုလ်ထက် အဆ ၃၀ ပိုမို ဝေးကွာတဲ့ နေရာမှာ တည်ရှိနေပါတယ် ။ ယင်း ဂြိုလ်ကြီးမှ တစ်နှစ်တာအချိန်သည် ကမ္ဘာမြေအချိန်နှင့်ဆိုလျှင် နှစ်ပေါင်း ၁၆၅ နှစ် ကြာမှဖြစ်ပါတယ် ။ အဲ့လိုဆိုရင် ကမ္ဘာမြေပေါ်၌ နှစ်ပေါင်း ၁၆၅၀ လွန်မြောက်သော ကာလသည် နက်ပ်ကျူးဂြိုလ်ပေါ်တွင် တည်ရှိနေသော လူသားအတွက် ၁၀ နှစ်မျှတာ အသက်ကြီးနေမည်ဖြစ်သည် ။ ဤ သို့ ဖြစ်နိုင်ပါသလော ။

#အိုင်စတိုင်း၏ဟောပြောပွဲဒဏ္ဍာရီတစ်ခု

ယင်းအချက်အား ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး အဲလဘတ်အိုင်စတိုင်း၏ နှိုင်းရသီအိုရီတွင် အချိန်၏ ရှုံ့ချီ နှပ်ချီရှိတက်သည့်သဘောကို ညီမျှခြင်းများနှင့်တကွ တွက်ချက် ဖေါ်ပြခဲ့ဖူးတယ် ။ ပညာရှင်ကြီးက အချိန်သည် ယင်းအရာဝတ္ထုရွှေ့လျားနေသောအလျှင်ပေါ်တွင် တည်မှီလျက် ရှိသည်ဟု ဆိုခဲ့သည် ။

တချိန်က သိပ္ပံပညာရှင်ကြီး အိုင်စတိုင်း -  သူ၏ နှိုင်းရသီအိုရီကြောင့် အလွန်ပင် နာမည်ကျော်ကြားနေသောအချိန်ဖြစ်သည် ။ ဟိုမှ ဒီမှ ဖိတ်ကြားကာ ဟောပြောပွဲများ ရက်ဆက်ဆိုသလို ဖြစ်နေခဲ့တဲ့အတွက် သိပ္ပံပညာရှင်ကြီးဟာ အလွန်ကို နွမ်းနယ်နေချိန်လည်ဖြစ်ပါတယ် ။ တစ်နေ့တွင် သိပ္ပံပညာရှင်ကြီးနှင့် သူ၏ ယဉ်မောင်းဖြစ်သူတို့ ဟောပြောပွဲတစ်ခုကို သွားခဲ့ကြပါတယ် ။ လမ်းတွင် သိပ္ပံပညာရှင်ကြီးကအလွန်ကို နွမ်းနယ်လှနေတဲ့အကြောင်း သူ့ယဉ်မောင်းကို ပြောမိခဲ့တယ် ။ အဲ့ဒီ့အခါ ယဉ်မောင်းက -

ဆရာကြီးလဲ ဟောပြောပွဲတိုင်း ဒါတွေချည်းပဲ ထပ်ခါထပ်ခါ ပြောနေတော့ ပင်ပန်းတာပေါ့ ။ ဆရာကြီးပြောတဲ့ အကြောင်အရာတွေလဲ ကျွန်တော်နားထောင်ရတာ များလို့ အလွတ်တောင်ရနေပြီ ။ ကျွန်တော် တက်ဟောရင်တောင် ရနေလောက်ပြီ လို့ ပြောပါတယ် ။ နောက်ထက် ဆက်ပြီးပြောတာက ဆရာကြီး ပင်ပန်းနေရင် ဒီဟောပြောပွဲမှာ ဆရာကြီးမပြောနဲ့ ။ အလွတ်ရနေတဲ့ ကျွန်တော်ပဲ ဟောတော့မယ် ဟု အဆိုတင်သွင်းလိုက်ရာ ဆရာကြီးလည်း - အေးကွာ မင်းက အကုန်သိနေတော့ တက်ဟောကွာ လို့ ခွင့်ပြုလိုက်ပါတယ် ။

သွားရောက်ရတာလဲ ဒေသစိမ်းဖြစ်နေတော့ အိုင်စတိုင်းကို ဘယ်သူမှ မမြင်ဖူးဘူး ။ ယဉ်မောင်းနဲ့ အိုင်စတိုင်းနဲ့ကလဲ ရုပ်က ခပ်ဆင်ဆင် ဆိုတော့ ဟောပြောပွဲမှာ တက်ဟောလိုက်တယ်တဲ့ ။ အားလုံးအဆင်ပြေပြီးကာမှ ဟောပြောပွဲ အပြီးမှာ ပိရိသတ်တွေက မေးခွန်းတွေ မေးတဲ့အခါ ဒုက္ခရောက်တော့သည် ။ မေးခွန်းက -

ဆရာကြီးခင်ဗျာ ။ ဆရာကြီး သီအိုရီအရ အချိန်ဟာ တိုလိုက် ရှည်လိုက်ဖြစ်နေတယ်ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတဲ့ မေးခွန်းပါ ။

ယာဉ်မောင်းပြန်ဖြေပုံက -

ခင်ဗျားလည်း အတွေ့အကြုံ ရဖူးပါတယ်ဗျာ ။ အချိန်တစ်နာရီ ဆိုပါတော့ ။ အဲ့ဒီ့အချိန်တစ်နာရီအတွင်း ယောက္ခမဆုံးမတာကို ထိုင်နားထောင်နေရတာကို ခင်ဗျား အကြာချည်း ထင်နေမှာပေါ့ ။ အဲ့ဒီ့ တစ်နာရီအတွင်းမှာပဲ ခင်ဗျားချစ်သူနဲ့ အနမ်းမိုး စွေနေမယ်ဆိုရင် အချိန်တွေ အကုန်မြန်သလိုပေါ့ဗျာ ဟု ပြောခဲ့သည်ဆိုသည် ။ နောက်ထပ် မေးခွန်းတွေ တက်လာတော့ မဖြေတက်တော့ပဲ ပိရိသတ်ထဲက အိုင်စတိုင်းအစစ်ကို ခေါ်ပြီး ဖြေခိုင်းရတယ်လို့ ဆိုပါတယ် ။ ဒါက သီအိုရီနဲ့ပတ်သတ်ပြီး ယုံတမ်းစကားတစ်ခုမျှတာပင် ။

#အသက်အရွယ်ခြင်း ကွာနေမဲ့ အမွှာညီအစ်ကို

အိုင်စတိုင်း၏ သီအိုရီဖေါ်ပြချက်တွင် အချိန်သည် တစ်သမတ်တည်း သဘောမဆောင်ကြောင်း တိတိကျကျပင် ဖေါ်ပြခဲ့သည် ။ ကျွန်တော်နှင့် စာရှုသူတို့ကမူ အချိန်သည် တစ်သမတ်တည်းသာ ရှိနေမည်ဟု သိထားပြီးဖြစ်တဲ့အတွက် ခေါင်းရှုပ်ဖွယ်တော့ရှိပါတယ် ။ ဆရာကြီးအိုင်းစတိုင်းကမူ အချိန်သည် အလျင်ပေါ်တွင် တည်နေသည်ဟု ဆိုခဲ့သည် ။ သူ့ဥပမာအရ ပြောရလျှင် ကမ္ဘာပေါ်တွင် လူတစ်ဦးရှိနေပြီး အခြားလူတစ်ယောက်မှာမူကား လျှင်နှုန်းတစ်ခုနှစ်အတူ ပျံသန်းနေတဲ့ ယာဉ်အပေါ်မှာ ရှိနေသည်ဆိုပါစို့ ။ ယာဉ်၏ စဦးပိုင်း အလျှင်များတွင် ကမ္ဘာမြေပေါ်မှ လူ၏ နာရီမှ အချိန်ဖေါ်ပြချက်များနှင့် ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသွားသူ၏ နာရီမှ ဖေါ်ပြနေသော အချိန်များဟာ အတူတူနီးပါးရှိနေပြီး သတိပြုမိမည်မဟုတ်ဟု ဆိုသည် ။ သို့သော် ယာဉ်သည် တစ်ဖြေးဖြေးနှင့် အလျင်မြှင့်တင်လာပြီး အလင်းရောင်၏ အလျင်၏ ( ၉၀ ) ရာခိုင်နှုန်းခန့်အလျှင်ဖြင့် ပျံသန်းလာခဲ့လျှင်ကား အချိန်ကွာခြားမှု သိသာသွားခဲ့ပြီဖြစ်သည်ဟု ဆိုသည် ။ ထိုအချိန်တွင် ယာဉ်ပေါ်တွင် လိုက်ပါသူနှင့် ကမ္ဘာမြေပေါ်မှ လူတို့သည် နာရီများကို တစ်ပြိုင်တည်း ကြည့်ကြသည် ဆိုပါစို့ ။ မြေကမ္ဘာပေါ်တွင် တစ်နာရီကြာသောအချိန်သည် ယာဉ်ပေါ်လိုက်ပါသူ၏ နာရီတွင်ကား နာရီဝက်ခန့်သာ ကြာမြင့်နေမည်ဟု ဆိုသည် ။ ( အလင်းအလျှင်၏ ၉၀ ရာခိုင်နှုန်းမှာ အလင်းရောင်သည် တစ်စက္ကန့်လျှင် ၁၈၆၀၀၀ မိုင် ခရီးပေါက်နိုင်သည် ။ ယင်းအလျှင်၏ ၉၀ ရာခိုင်နှုန်းမှာ တစ်စက္ကန့်လျှင် ၁၆၇၄၀၀ မိုင် အလျှင်နှုန်းဖြစ်သည် )

အဲ့ဒီ့ အလျင်နဲ့ ပျံသန်းနေမယ်ဆိုပါစို့ ။ အဲ့အခါ မြေကမ္ဘာပေါ်မှာ အမွှာတစ်ဦးဟာ အသက် ၇၀ ရောက်နေချိန်တွင် ယာဉ်ပျံပေါ်မှ အမွှာဟာ အသက် ၇၀ မဟုတ်ပဲ ၃၀ မျှသာ ရှိနေမည်ဟု ဆိုသည် ။ ( ထိုအလျင်ကြောင့် ခန္ဓာကိုယ်မှ ဇီဝဖြစ်စဉ်များလည်း အချိန်နည်းတူ နှေးကွေးသွားမှာဖြစ်ကြောင်း ဆို၏ ။ )

#မသွားမီကရောက်နှင့်ပြီ

ဆက်လက်၍ ထူးဆန်းသော အချက်သည်လည်း အချိန်အပေါ်တွင် တည်ရှိနေပြန်သေးသည် ။ အထက် ဖေါ်ပြပါ အိုင်စတိုင်း ဥပမာတွင် အကယ်၍များ ယာဉ်သည် အလင်းအလျင်နှင့်အတူ ပျံသန်းခဲ့အုန်းမည်ဆိုပါစို့ ။ ယာဉ်ပေါ်တွင် လိုက်ပါသွားသူ၏ နာရီသည် ရပ်တန့်သွားခဲ့ပြီး အချိန်ကြာမြင့်မှု လုံးဝ မရှိတော့ခြင်း ဖြစ်မည်ဆိုသည် ။ ထိုမျှမက ထိုယာဉ်မောင်းသည် သူ့ယာဉ်၏ အရှိန်ကို ဆက်လက်မြှင့်တင်ကာ အလင်းအလျှင်ထက် ကျော်လွန်မောင်းနှင်မည်ဆိုပါက ယင်းယာဉ်ပေါ်တွင် တည်ရှိနေသော နာရီသည် လုံးဝ ကြာမြင့်သည့်အချိန်ကို မပြတော့ဘဲ အနှုတ်သဘောဆောင်သော အချိန်များကို ညွှန်ပြတော့မည်ဖြစ်သည် ။ ဆိုလိုသည်မှာ အချိန်သည် အနှုတ်လက္ခဏာဆောင်ကာ အတိတ်ကာလဆီသို့ ဦးတည်သွားနေမည်ဖြစ်သည် ။ ယင်း အခြေခံအချက်အလက်တို့ပေါ်တွင် မူတည်၍ အချိန်ခရီးသွားယာဉ်များနှင့် ပတ်သတ်သော သီအိုရီများ အများအပြား ထွက်ပေါ်ခဲ့သည် ။ ယင်းသီအိုရီများအရ ဥပမာဆိုရလျှင် လူတစ်ယောက်သည် ၂၀၀၀ ခုနှစ်တွင် သေခဲ့သည် ဆိုပါစို့ ။ သို့သော် အချိန်ခရီးသွားယာဉ်များဖြင့် ၁၉၉၉ ခုနှစ်သို့ ပြန်လည်သွားရောက်ကာ ထိုသူအား ပြန်လည်တွေ့စုံမည်ဆိုသည် ။


#အတိတ်ကာလသို့တစ်ခေါက်

သပ္ပံပညာရှင်များ အဖြေမထုတ်နိုင်တဲ့ အချိန်လွှဲချော်မှုကြီးကို ၁၉၀၁ ခုနှစ်က ဖြစ်ပေါ်ခဲ့ပါတယ် ။ အဲ့ဒီ့ဖြစ်ရပ်မှာ ပါဝင်သူတွေက ပညာတက် အင်္ဂလိပ်လူမျိုးအမျိုးသမီးဖြစ်တဲ့ အင်နီမိုဘာလီနဲ့ အယ်လီနာဂျော်ဒိန်းတို့ ဖြစ်တယ် ။ သူတို့ဟာ ၁၉၀၁ ခုနှစ်မှာ နွေရာသီ အလည်အပတ်ခရီးထွက်ကြရာကနေ ၁၇၈၉ မှ ၁၇၉၉ အတွင်း ဖြစ်ပွားခဲ့တဲ့ ပြင်သစ်ကာလအချိန်အခါကြီးကို ရောက်ရှိသွားတာပါပဲ ။ ဆိုလိုတာက သူတို့နှစ်ဦးဟာ လက်ရှိအခြေအနေကနေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ခန့်ကို ရောက်ရှိသွားတာဖြစ်တယ် ။ အဲ့ဒီ့ကိစ္စဟာ ယုံကြည်ဖို့ အင်မတန်ခက်လှသော်လည်း သူတို့နှစ်ဦးစလုံးဟာ ပညာတက်လူတန်းစား လူကြီးလူကောင်းများ ဖြစ်နေကြတဲ့အတွက် ထင်ယောင်ထင်မှား ဖြစ်တဲ့အရာလို့တော့ မှတ်ယူဖို့ ခက်လှပါတယ် ။

အဖြစ်က -

သူတို့နှစ်ဦးဟာ ခရီးပေါင်း အမြောက်အများကို ထွက်ခွါခဲ့ဖူးသူတွေဖြစ်ပါတယ် ။ တစ်ခါတော့ သူတို့ တစ်ကြိမ်တစ်ခါမှ မရောက်ဖူးသေးတဲ့ ပြင်သစ်နိုင်ငံရှိ ဗာဆေးနန်းတော်ကို သွားရောက်လေ့လာခဲ့ကြပါတယ် ။ ၁၉၀၁ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့မှာဖြစ်တယ် ။ သူတို့နှစ်ဦးဟာ ဗာဆေးနန်းတော်ကြီးကို ဝင်ရောက်လေ့လာပြီးနောက် အခြားစိတ်ဝင်စားစရာ တစ်ခုဖြစ်တဲ့ ပက်တစ်ထရင်ယွန် ခေါ် ရဲတိုက်ကို ဝင်ရောက်လေ့လာရန် ဆုံးဖြတ်ခဲ့ပါတယ် ။ လမ်းမကြီးကနေ လမ်းသွယ်တစ်ခုကို ချိုးကွေးဝင်လိုက်ပြီးတဲ့နောက် သူတို့နှစ်ယောက်လုံး လမ်းပျောက်သွားတော့တယ် ။ နောက်ပိုင်း သူတို့ ရှင်းပြချက်အရ အဲ့ဒီ့ လမ်းသွယ်လေးထဲ ဝင်လိုက်တဲ့အခါမှာ တစ်ခုခုက ထိန်းချုပ်လိုက်သလို ခံစားရတယ်လို့ဆိုတယ် ။ နောက်ပိုင်း မြင်ရတဲ့ မြင်ကွင်းတွေက ပြောင်းလဲသွားခဲ့ပြီး အသက်ဝင်မှုမရှိပဲ ပန်ချီကားများသဖွယ် သစ်ပင်များ လှုပ်ရှားမှု မရှိ / မှောင်ရီဝိုးတဝါး အလင်းရောင်ထဲမှာ အရိပ့်လဲ ထွက်ပေါ်ခြင်း မရှိတဲ့ ဒေသတစ်ခုကို ရောက်ရှိသွားတယ်လို့ ဆိုတယ် ။

အမျိုးသမီးတစ်ယောက် တံတွင်းပေါက်ဘေးမှာ အဝတ်တစ်ခုကို ခါနေတာကို လည်းကောင်း / အလွန်ကို ဟောင်းနွမ်းကာ ခြောက်သွေ့လှသော လယ်တဲတစ်ခုနဲ့ အလွန်ဟောင်းနွမ်းနေတဲ့ ထွန်သွားတစ်ခုကို တွေ့ရှိခဲ့တယ် ။ အဲ့ဒီ့ကမှ လမ်းသွယ်အတိုင်း ဆက်သွားခဲ့ကာ အလွန်ခန့်ညားစွာ ဝတ်ဆင်ထားတဲ့ နန်းတော်ကြီးက ဥယာဉ်မှူးကိုလဲ နှစ်ဦးစလုံး မြင်ခဲ့ရပါတယ် ။ အားလုံးက အလွန်စမတ်ကျလှတဲ့ အစိမ်းရောင် ခက်မွဲမွဲ ဝတ်စုံကြီးများကို ဝတ်ဆင်ထားကြပြီး သူတို့အား သူတို့ သွားလိုတဲ့ ရဲတိုက်ဆီ လမ်းတစ်ဖြောင့်တည်း ဆက်သွားရန် ညွှန်ပြနေတယ်လို့ ဆိုပါတယ် ။ ဆက်လက်ပြီး သွားရောက်ကြရာမှာ တောအုပ်ငယ်တစ်ခုအတွင်း ရောက်ရှိသွားတယ်လို့ ဆိုတယ် ။ အဲ့ဒီ့ တောအုပ်ငယ်အတွင်းမှာလည်း ရှေးခေတ်အဝတ်အစားများ ဝတ်ဆင်ထားသူတွေကို နှစ်ဦးစလုံး တွေ့ရှိခဲ့ကြပါတယ် ။ တောအုပ်ရဲ့ အဆုံးမှာတော့ သုံးထောင့်ချွန်ဦးထုပ်ကို ဝတ်ဆင်ထားပြီး ဝတ်ရုံရှည်ကြီး ဝတ်ဆင်ထားတဲ့ ခက် ကြမ်းကြမ်း လူတစ်ယောက်ဟာ ထိုင်နေပြီး သူမတို့ကို ခပ်စိမ်းစိမ်းကြည့်နေတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ် ။ နောက်ပိုင်း တောအုပ်မှအလွန် တံတားငယ်တစ်ခုကို ဖြတ်ပြီးနောက် နွေရာသီဝတ်စုံ ဝတ်ဆင်ထားပြီး လှပသော ဆံပင်ခွေများနဲ့ လှပတဲ့ အမျိုးသမီးတစ်ယောက်ဟာ မြက်ခင်းများပေါ်မှာထိုင်ကာ သူတို့နှစ်ဦးကို ကြည့်နေကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ် ။ အဲ့ဒီ့နောက်မှ ဆက်သွားသော် အခြားသူများနဲ့ ပြန်လည်ဆုံတွေ့ရကြောင်း ပြောကြားပါတယ် ။ နောက်တော့ သူတို့တွေ့ရှိရတာဟာ သူတို့ကို ခပ်စိမ်းစိမ်းကြည့်နေတဲ့ သူဟာ ဗာဆေးနန်းတော်အတွင်း ချိတ်ဆွဲထားတဲ့ ပန်ချီကားအတွင်းက ပြင်သစ်ဘုရင်လူဝီ ၁၆ ရဲ့ တရားရေးဆိုင်ရာကျွမ်းကျင်သူ Joseph Hyacinthe Francois de Paule de Rigaud ဆိုသူဖြစ်ကြောင်းနဲ့ တံတားအလွန်က တွေ့တဲ့ မိန်ကလေးဟာလည်း နန်းတော်အတွင်းမှာပင် ချိတ်ဆွဲထားတဲ့ ပြင်သစ်ရာဇဝင်တွင် ထင်ရှားသော Marie Anto-inette ဆိုသူဖြစ်ကြောင်း နှစ်ဦးစလုံးက အခိုက်အမာပြောဆိုကြပါတယ် ။

ဒါဟာ ကျွန်တော်တို့ကို ဖေါ်ပြနေတာက အလွန်ကို ထူးဆန်းလှတဲ့ အချိန်ယန္တရားကြီးအပေါ်မှာ ကျွန်တော်တို့တွေက ခရီးသည်အဖြစ်နဲ့ လျှောက်လှမ်းနေရသော အချိန်ခရီးသည်များ ဖြစ်တယ်ဆိုတဲ့ အချက်ပင် ဖြစ်ပါတော့တယ်ခင်ဗျာ ။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...