ပထမဦးဆုံးပွင့်ထွန်းတော်မူတဲ့ဘုရားဟာ ဘယ်ဘုရားဆီမှာ ဗျာဒိတ်ခံယူသလဲ !
--------
( ကျွန်တော်နည်းနည်းလောက် အရင်ဆုံးပြောပါရစေ ။ အဲ့ဒါက အခု အဖြေပေးတာဟာ ကိုယ်တိုင်ဆင်ခြင်မှုသက်သက်တစ်ခုပါပဲဆိုတာပါ ။ တချို့က မြတ်စွာဘုရားတောင်မဖြေထားတာ မင်းဖြေမယ်ဆိုတော့ မြတ်စွာဘုရားထက်တောင် ညာဏ်ကြီးနေပါလားလို့ အပြောခံရဖူးလို့ပါ ။ အဲ့လိုကျွန်တော့်ကို မထင်ပါနဲ့ခင်ဗျာ ။ ကျွန်တော့်ခံယူချက်က အမေးရှိရင် အဖြေရှိတာကြောင့် ပေါက်ကရအတွေးတွေနဲ့ ဆင်ခြင်တယ်လို့သာ သိပေးပါခင်ဗျာ ။ ကျွန်တော်ရှာဖွေခဲ့ဖူးတဲ့ အရာတွေထဲကပဲမို့သာ ပြန်ဆင်ခြင်ပြီး ဘာသာခြားတွေအတွက် ဖြေဆိုပေးမှုသာဖြစ်ပါတယ် ။ ဒါကြောင့် ပညတ်တွေသုံးထားပြီး ထင်ရှားအောင် ဥပမာဆောင်ပေးထားပါတယ် ။ ဒီလိုပြဿနာတွဟာ သောတပတိမဂ်ရတာနဲ့ ရှင်းလင်းသွားတဲ့အဖြေတွေဖြစ်တာကြောင့် ထပ်မံအကြံပြု ချင်တာက သောတပတိမဂ်ကို ရအောင်တော့ ကျင့်ကြံရန် တိုက်တွန်းချင်ပါတယ် ။ အခု ပညတ်တွေသုံးပြီး ဘာသာခြားတွေအတွက် ကျမ်းမှာပါတဲ့အရာတွေကို ဆက်စပ်ပြီးဖြေပေးလိုက်ပါတယ် )
ဗုဒ္ဓမြတ်စွာဘုရားများဟာ ပါရမီ အဖန်ဖန်ဖြည့်ကျင့်ပြီးကာမှ မြတ်သော ဂုဏ်တော် များနှင့် လောက၌ ပွင့်ထွန်းခဲ့သည်များကို လိုက်ကာ ပါရမီ အဖုံဖုံ၏ဖြည့်ကျင့်ခဲ့ရတဲ့ ဘဝပေါင်း များစွာမှာလဲ မရေမတွက်နိုင်အောင် ရှိခဲ့ပါတယ် ။
နည်းနည်းပြောရရင် သံသရာအပိုင်းကို ကျမ်းနဲ့တကွ လေ့လာကြည့်မယ်ဆိုရင် ရှေးအိန္ဒိယ ဘာသာအယူဝါဒများဟာ ဘဝသံသရာကိုလက်ခံကြသော်လည်း အိန္ဒိယသမိုင်းကို လေ့လာကြည့်မယ်ဆိုရင် ဘဝသံသရာယုံကြည်မှုက သမိုင်းမတင်နိုင်ခဲ့တဲ့ ရှေးဦးကာလများမှာ မထင်မရှားဖြစ်ခဲ့ပြီး ဗုဒ္ဓဝါဒ ပေါ်ပေါက်လာမှပဲ ထင်ရှားပျက်သားလာတာကို တွေ့ရမှာပါ ။ ဝေဒကျမ်းများရဲ့ အဆိုအရဆိုရင် လူများဟာ မကောင်းတဲ့သူတွေသေတဲ့အခါ ဘဝပြတ်ဆဲပြီး လူကောင်းဆိုရင်တော့ သေပြီးနောက် သုဂတိဘုံရောက်ကာ ထာဝရ ချမ်းသာနဲ့ အမြဲတည်နေရတယ်လို့ ဆိုတာ တွေ့ရပါတယ် ။
ဝေဒကျမ်းများက ဘဝသံသရာကို လုံးဝ ဖေါ်ပြထားတာမရှိပါဘူး ။
ဥပနိသျှကျမ်းများကတော့ အမှန်တရားကို သိမြင်တဲ့သူဟာတဲ့ သေတဲ့အခါ သုခဘုံ တစ်နည်း ထာဝရဘုံကို ရောက်တယ်လို့ ဆိုတယ် ။ ဒါဟာ ဗုဒ္ဓဝါဒနဲ့မတူညီတဲ့အချက်ပါပဲ ။
ဥပနိသျှခေတ် ရှေးဦးပိုင်းမှာ ဘဝသံသရာယုံကြည်မှုက ဘာလဲဆိုရင် သန္ဓေတည်စကိုပဲ ဖေါ်ပြကြပါတယ် ။ အလယ်ပိုင်း ဥပနိသျှခေတ်ရောက်မှ ဗုဒ္ဓဝါဒပေါ်ထွက်လာပြီး ဘဝသံသရာယုံကြည်မှုဟာ ပိုမိုထင်ရှားလာခဲ့တယ် ။ အဲ့ဒီလို ဆိုလိုတာတွေတွေ့ရတဲ့အခါ ရှေးဦး ဗြဟ္မဏဝါဒတွေက ဘုရားဖြစ်ဖို့အတွက် ဆုကြီးပန်တယ်ဆိုတာတောင် တွေ့ရမှာမဟုတ်ပါဘူး ။ ကောင်းပြီ ။ ဆက်ပြီးလေ့လာကြည့်မယ်ဆိုရင် -
ထေရဝါဒ ဗုဒ္ဓသာသနာမှာ ဘုရားဆုပန်ရင် အင်္ဂါ ၈ ပါးကို တွေ့ရလိမ့်မယ် ။ အဲ့ဒါတွေက အကျဉ်းပြောရရင် လူဇာတိဖြစ်မယ် မဟာယောက်ျားကောင်းဖြစ်ရမယ် ညာဏ်ပညာမှာ အခုချက်ခြင်း အားထုတ်ပါက နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်လောက်အောင်ထက်မြတ်ပြီး ဖြစ်ရမယ် ။ မြတ်စွာဘုရားကို ဖူးမြင်ရမယ် ကိလေသာအညစ်အကြေးတွေကို သိမြင်ပြီး တရားရှာမှီးနေသူဖြစ်ရမယ် ။ ဈာန်ရပုဂ္ဂိုလ်ဖြစ်ရမယ် ဘုရားအဖြစ်ကိုရောက်ရှိဖို့အတွက် အသက်ကိုပင် ပေးစွမ်းလှူဒါန်းနိုင်တဲ့စိတ်ထက်သန်မှုရှိရမယ် နောက်ဆုံးက ဘုရားဖြစ်မယ်ဒါပေမယ့် ငရဲမှာလေးအသင်္ချေ သွားနေရမယ်ဆိုရင်တောင် ရဲဝံ့စွာ ခံယူနိုင်တဲ့ မဟာဆန္ဒတော်ကြီးရှိရမယ် ။ အဲ့ဒီလို အင်္ဂါ ရှစ်ပါးနဲ့ပြည့်စုံရင် ဘုရားဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ် ။ ကောင်းပြီ ။ အဲ့ဒီ့အပိုင်းမှာ ရှေ့ဦးဆုံး ဘုရားဆုပန်သူဟာ ဘယ်လိုလုပ် မြတ်စွာဘုရားကို မျက်မှောက်ပြုနိုင်မလဲလို့ ဆင်ခြင်စရာရှိလာတယ် ။
ဘာကြောင့်လဲဆို ကျန်တဲ့ အင်္ဂါ ၇ ပါးဟာ လူ့ဘဝ ရောက်နေပြီဖြစ်တဲ့အလျောက် နည်းအမျိုးမျိုးနဲ့ ဖြည့်စွမ်းနိုင်တယ် ။
အဲ့ဒီ့နေရာမှာ ဗုဒ္ဓဟောကြားတဲ့ တရားတွေကို ပြန်ပြီး ဖေါ်ကြည့်ရမယ် ။ ဘာကိုအရင် ကြည့်မလဲဆိုရင် လူ့ဘဝ ရလာတဲ့ သူတစ်ယောက်ဟာ မြတ်သော အကျင့်ကို ကျင့်ကြံရင် နိဗ္ဗာန်ရလား ဆိုတာ ကြည့်ရမယ် ။ ဒါက အခြေခံအရေးကြီးလို့ပဲ ။ အဲ့ဒါကို ရှာရင် အင်္ဂုတ္တရနိကာယ် တိကနိပါတ် သန္ဒိဋ္ဌိက နိဗ္ဗာနသုတ်မှာက " ပုဏ္ဍား ရာဂ ဒေါသ မောဟ ကိုပယ်သည်ရှိသော် မိမိဆင်းရဲခြင်း သူတစ်ပါးဆင်းရဲခြင်းကိုမကြံ ။ စိတ်ကိုမှီ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာယာခြင်းသည် မဖြစ် ။ ဤသို့လျှင် နိဗ္ဗာန်ကို မျက်မှောက်ထင်ထင် ကိုယ်တိုင် သိမြင်အပ်၏ " လို့ ဆိုတယ် ။ ဒါက ပါရမီရှိရမယ်လို့ ဆိုတာမဟုတ်ဘူးနော် ။ အဲဒါ ထင်ရှားတယ် ။ နောက်ထပ်တစ်ခုကို ဖေါ်ပြရရင် မဟာသတိပဋ္ဌာနသုတ်မှာ အာမခံပြီး ဟောကြားထားတာက မဂ္ဂင် ၈ ပါးတရားတော်ကို နှလုံးသွင်းပြီး စနစ်တကျအားထုတ်မယ်ဆိုရင် တဲ့ အလွန်ဆုံးကြာရင် ၇ နှစ် မြန်သူက ၇ ရက် နိဗ္ဗာန်ကို ယုံကြည်မှုမမှားပဲ တစ်ဆင့်ခြင်း ညာဏ်အမြင်က ထက်လာရင် အဲ့ဒီ့ထက်နည်းမယ် ။ အခုခေတ် ၇ နာရီ ဒီ့ထက် ညာဏ်စဉ်ထက်လာရင် ၂နာရီ ဒါက ထင်ရှားအောင်ပြောတာနော် ။ ဒီလိုနဲ့ ထက်ထက်လာတဲ့အခါ တရားနာနေရင်းနဲ့ကို သောတပန် တည်တဲ့သူရော အစရှိတဲ့ အနာဂါမ် ရဟန္တာအဆင့်ထိတိုင် တစ်ထိုင်တည်း ရောက်နိုင်ပါတယ်လို့ အတိအကျကို ဗုဒ္ဓဟာ ပြတ်ပြတ်သားသား ဖိတ်ခေါ်ပြီး ဟောကြားထားတာတွေ့ရတယ် ။ အဲ့ဒါလည်း ညာဏ်အစဉ်နဲ့ဆိုင်တာမို့ ပါရမီတွေ ဘာတွေကို မရည်ညွှန်းထားဘူး ။
ဗုဒ္ဓက မင်းဘယ်လောက်ပဲကျင့်ကျင့် ပါရမီ မရှိလို့ မင်းနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာမဟုတ်ဘူးလို့ ဘယ်သုတ်မှာမှ မဟောထားပါဘူး ။ ဆိုလိုတဲ့ သုတ်တွေက အခု တရားကျင့်လို့ နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်ရင် နောင် သံသရာဘဝအတွက် အထောက်အကူပြုနိုင်တယ် ။ ဒီလို ဆိုလိုတဲ့ အဓိပ္ပါယ်တွေပဲ ဟောပါတယ် ။ အဲ့ဒါတွေက ဘာကိုထင်ရှားစေလဲ ဆိုရင် ပါရမီမရှိလဲ တရားကျင့်ကြံလို့ ညာဏ်ထက်သူဖြစ်လျှင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်လို့ ဆိုတာ ထင်ရှားနေတယ် ။
ပိုပြီး ဒီ့ထက် ထင်ရှားအောင်ပြောရရင် ဘုရားကိုမဖူးမြင်ခဲ့ရဖူးတဲ့သူတစ်ယောက်ဆိုပါစို့ ။ အဲ့ဒီ့လူဟာ သံသရာထဲမှာ သူကျင်လည်နေမယ် ။ ဘဝအမျိုးမျိုးပြောင်းနေတယ် ။ အဲ့ဒီ့အခါမှာ တစ်ဘဝက လူဖြစ်တယ်ဆိုပါစို့ ။ လူဖြစ်တဲ့ဘဝမှာ သူက လောကရဲ့ ဒုစရိုက်တွေ ခိုးဆိုးလုယက်တာတွေ အနိုင်ကျင့်မှုတွေ သန္ဓေကနေမွေးဖွားလာတဲ့ကလေးတွေရဲ့ ငိုသံတွေ အစရှိတဲ့ အမျိုးမျိုး ပတ်ဝန်းကျင်က လောကဆင်းရဲတွေကိုမြင်ပြီး စိတ်အပျက်ကြီး ပျက်လာမယ်ဆိုပါစို့ ။ အဲ့ဒီ့လူဟာ ထိုအရာတွေနဲ့ဝေးရာ နည်းလမ်းကိုရှာတော့မှာပဲ ။ ဒါက လူ့ရဲ့သဘာဝလေ ။ အရမ်းမွမ်းကြပ်လာရင် ထွက်ပေါက်ရှာကြတော့တာပဲ ။ အဲ့ဒီလို ထွက်ပေါက်ရှာတဲ့အခါ လမ်းမှားပြီး အဆုံး စီရင်လဲ စီရင်မှာပဲ ။ အတွေးလွန်ပြီး ရူးရင်လဲ ရူးသွားနိုင်တာပဲ ။ အဲ့ဒီလိုတွေရှိတဲ့အထဲမယ် လမ်းမှန်ကိုရောက်ပြီး ငါတော့ ဒီလိုဆင်းရဲခြင်းတွေကိုလွတ်နိုင်တဲ့နည်းရှာမယ် ။ လူတွေနဲ့ဝေးရာသွားပြီး မြင်သမျှ ကြားသမျှ ထိတွေ့သမျှတွေမှာ သာယာမှု ကျေနပ်မှု မကျေနပ်မှု အစရှိတဲ့ စိတ်တွေမဖြစ်အောင်အတက်နိုင်ဆုံး ကျင့်ကြံမယ်ဆိုပြီး တရားအားထုတ်တဲ့အခါ လောဘဖြစ်ရင် သတ်မှတ်ချက်တစ်ခုနဲ့ မဖြစ်အောင် တစ်နည်းနည်းနဲ့ ပြောင်းလွှဲမယ် ။ အစရှိသရွေ့ တရားကျင့်ကြံတဲ့အခါ သမထ တစ်ခုကို ဆင်ခြင်မိမယ်ဆိုပါစို့ ။ ဒါဆို သူဟာ အာရုံတွေမများအောင် တစ်နေရာထည်းမှာပဲ ထားပြီး တရားကျင့်ကြံတဲ့အခါ ဈာန်အဆင့်တွေ ရရှိလာတယ်ပေါ့ ။ ဈာန်တွေမှာ တစ်ဆင့်ခြင်းစီပယ်ပြီး ပထမဈာန် ဒုတိယဈာန် အစရှိသရွေ့ ဖြစ်ပြီးတဲ့အခါ ဒီဘဝမှာ စုတေသွားမယ် ။ သေသွားတဲ့အခါ သူက ဗြဟ္မာသွားဖြစ်တယ်ပေါ့ ။
အဲ့ဒီ့ဈာန်ကုသိုလ်နဲ့ပဲလူဖြစ်မယ် အစရှိသရွေ့ တရားကျင့်ကြံပြန် ။ သံသရာထဲ လည်ပြန် ဆိုရင် သူ့မှာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ ပါရမီတွေကို ဖြည့်ကျင့်နေရာရောက်တယ်လို့ ဒီလို ယူလို့ရသွားတယ် ။ အဲ့ဒါ ပါရမီဖြည့်သွားတာပဲ ။ ဘယ်သူ့ဆီမှာပါရမီဖြည့်တာလဲဆိုရင် မိမိသန္တန်က အကုသိုလ် ကုသိုလ်ကို သိပြီး ကိုယ်တိုင် ပါရမီဖြည့်လိုက်တာပဲပေါ့ ။ ကြည့်လေ ။ ဗုဒ္ဓဟောထားတာလေးတစ်ခုက မိမိကိုယ်တာ ကိုးစားရာ၏တဲ့ ။ ဒါ မိမိခန္ဓာမှာပဲ တရားရှိတယ်ဆိုတာ ပြောတာပါ ။ ဗုဒ္ဓတရာတစ်ပုဒ်က မှတ်သားစရာကောင်းတယ် ။ ဘယ်ကျမ်းမှာလဲဆိုရင် ခုဒ္ဒကနိကာယ် ဓမ္မပဒ-၂၇၆ မှာက မြတ်စွာဘုရားက ဒီလိုဟောတယ် ။ " သင်တို့သည် ကိုယ်တိုင်အားထုတ်ကြကုန်လော ။ ဘုရားရှင်တို့မည်သည် လမ်းမှန်ကို ညွှန်းကြရုံတာဖြစ်သည် " တဲ့ ။ ဒါက ဘာကိုထင်ရှားစေလဲဆိုရင် တရားဟာ ခန္ဓာထဲမှာရှိနေတယ် ။ လူတွေဟာ မသိကြလို့သာ သိအောင် ဟောကြားပေးတာပါလို့ ဒီလို နားလည်လို့လဲ ရတယ် ။
ကောင်းပြီ ထပ်လေ့လာကြည့်ရအောင် ။
ဗျာဒိတ်ဆိုတာကို တစ်ချို့က ဘယ်လိုနားလည်ကြသလဲဆိုရင် ဗျာဒိတ်ခံလိုက်လို့ ဘုရားဖြစ်တယ်လို့ ဒီလို လွယ်လွယ်ပဲ ထင်လိုက်ကြတယ် ။ အဲ့ဒါ အမှားနော် ။ ဘုရားက မင်းဟာ ဘယ်ဘုရားလက်ထက်မှာ ဘုရားဖြစ်လိမ့်မယ်လို့ ဒီလို ဗျာဒိတ်ပေးလိုက်လို့ ဘုရားဖြစ်တာမဟုတ်ပါဘူး ။ ဗျာဒိတ်ခံယူနိုင်တဲ့သူဟာ ဗျာဒိတ်ခံနိုင်လောက်တဲ့အရည်အချင်းတွေနဲ့ အခုလက်ရှိ ဘဝက စေတနာကံတွေဟာ ကုသိုလ်အမှုမှာ ကျင်လည်နေမယ် အတိတ်ကံကလည်း လက်ရှိဘဝက ကောင်းကံကုသိုလ်တွေကြောင့် အကျိုးပေးခွင့်မရနိင်ဘူး ဒီဘဝက ကုသိုလ်သတ္တိကြောင့် နောင်ဘဝ ဘယ်ရောက်မယ် ။ အဲ့ဒီ့ဘဝက ဥတု (ဇာတိ ) မှာ ဘယ်လို ကုသိုလ်တာ ပြုနိုင်စွမ်းရှိမယ် ။ အဲ့ဒီ့အပြင် အဲ့ဒီ့ပြုတဲ့ကုသိုလ်ကြောင့် ဘယ်ဘုံမှာ ရောက်မယ် ။ ဘုံသက်တမ်းရယ် ။ အစရှိတာတွေကို ဘုရားရှင်ရဲ့ညာဏ်တော်မှာမြင်လာပြီး ဒီလူတော့ ဒီဘုရားလက်ထပ်မှာ ဗုဒ္ဓတစ်ဆူဖြစ်မှာပါလို့ ဗျာဒိတ်ပေးတာပါ ။
အဲ့ဒါထင်ရှားတယ်နော် ။ ကြည့်ပေါ့ ။ ညာဏ်နဲ့ နည်းနည်းဆင်ခြင်ကြည့် ။ ဗုဒ္ဓမြတ်စွာဘုရားဆီမှာ လူတစ်ဦးဟာ ဗျာဒိတ်ခံလိုက်တယ်ဆိုရင် ကျန်တဲ့သူတွေလဲ အဲ့ဒီ့လူကိုအားကျပြီး ဗုဒ္ဓဆီမှာ လာဆုပန်မှာပဲလေ ။ သူတို့လဲ ဗုဒ္ဓဖြစ်ချင်မှာပဲ ။ အဲ့လိုလူတွေအများကြီးလာပြီး ဆုပန်တယ်လို့ ကျမ်းမှာမတွေ့ရဘူးနော် ။ အဲ့ဒါ ဗုဒ္ဓက ငါ့ဆီဆုပန်မှ ဘုရားဖြစ်မယ်လို့ မဆိုထားလို့ပေါ့ ။ ဒါအလွန်ထင်ရှားပါတယ် ။
ဗျာဒိတ်ခံယူတယ်ဆိုတာ ဆန္ဒပြုလိုက်တာပါ ။ မိမိကိုယ်ခန္ဓာက ဥပမာနဲ့အထက်က ဖေါ်ပြခဲ့တဲ့အတိုင်း ခန္ဓာက သန္တန်တွေကိုမြင်ပြီး ပါရမီကို ဖြည့်ခဲ့တဲ့သူဟာ သံသရာထဲကျင်လည်ရင်း ကောင်းကံတွေပဲ လုပ်လာမယ် ဘုရားဖြစ်ဖို့ကို မရည်ရွယ်သော်လည်း ဘုရားဖြစ်ဖို့ ကံတွေပဲ သူက သံသရာထဲမှာ ပြုလုပ်လာမယ် ။ ဘာကြောင့် ဘုရားဖြစ်မဲ့ကံတွေပဲလို့ဆိုတာလဲဆိုရင် ပဋ္ဌာန်လေ့လာဖူးတဲ့သူတွေသိလိမ့်မယ် ။ သူက ဇောစေတနာတွေရဲ့ အထောက်အပံ့ကြောင့် အကျင့်လေးတွေ ဟာ သန္ဓေစိတ်မှာ ဖြစ်လာတယ် ။
ဒါကြောင့် ရှေးက စေတနာဝါသနာက ဒီဘဝမှာပါလာတယ် ။ ဒီလိုဆိုတာ ။ အဲ့ဒီလို ပါရမီ ရင့်ကျတ်တဲ့သူဟာ ဗုဒ္ဓဘုရားကို ဖူးမြင်ရရ မမြင်ရရ ဘုရားဖြစ်မှာပဲပေါ့ (ပစ္စေကဗုဒ္ဓဟူလို ) ။ ဗုဒ္ဓကိုဖူးမြင်ရရင် ဘယ်ဘဝမှာ ဘုရားဖြစ်မယ်ဆိုတာ သိရမယ် ။ မဖူးရရင် မသိရဘူး ။ ဒါပဲကွာတယ်လေ ။ အဲ့ဒီလို ပညတ်သဘောဆောင်ပြီး ဆင်ခြင်ကြည့်နိုင်ပါတယ် ။
နောက်တစ်ခုက ပဋိစ္စသမုပ္ပါဒ်အပိုင်းလေး နည်းနည်း ဖေါ်ပြပေးပါမယ် ။ အဲ့ဒါက ဇာတိပစ္စယာ ဇရာမရဏံ ဆိုတဲ့အပိုင်းလေးကိုပါ ။ အဲ့ဒီ့မှာက ဇာတိကြောင့် ဇရာမရဏဖြစ်တယ်ဆိုတာဟာ ရုပ်ဇာတိ နာမ်ဇာတိကြောင့် ရုပ်ဇရာမရဏ နာမ်ဇရာမရဏ ဖြစ်ပါတယ် ။ ဖြစ်သမျှ ရင့်ကြတ်ပျက်ဆီးရတဲ့ ဥပါဒ် ဌီ ဘင် သဘောချည်းသာဖြစ်ပါတယ်လို့ ဒီလိုဆိုလိုတယ် ။ နောက်ပြီး သောက ပရိဒေဝ စတဲ့ ငါးပါးကတော့ ဇာတိကြောင့်မဟုတ်တော့ဘူး ။ ဇာတိကြောင့်လဲဖြစ်တယ် ။ ဇရာမရဏကြောင့်လဲဖြစ်တယ် ။ တစ်ပါးသော ဒုက္ခတွေကြောင့်လဲဖြစ်တယ် ။ ဇာတိတစ်ခုတည်းကြောင့်မဟုတ်တော့ဘူးလို့ ဒီလိုဆိုတာပါ ။
ဇရမရဏတွေ့ကြုံသူ သောက ပရိဒေဝ စတဲ့ အရာတွေ တွေ့ကြုံသူတို့မှာ မိမိကိုယ်ကို စုံမက်လို့ နုပျိုလိုတယ် အသက်ရှည်လိုတယ် အဲ့ဒီလိုတဏှာတွေဖြစ်လာတယ် ။ အဲ့ဒီလိုဖြစ်တာနဲ့ အဝိဇ္ဇာက တွဲလာပါတယ် ။ အဲ့ဒီ့နေရာမှာဗုဒ္ဓက အာသဝကြောင့် အဝိဇ္ဇာဖြစ်တယ်လို့ ဟောတာတွေ့ရပါတယ် ။ အဲ့ဒီလို အဝိဇ္ဇာဖြစ်လာတော့ သင်္ခါရတို့ ဝိညာဏ်တို့လဲ ဖြစ်ပြန်ပြီး ဘဝစက် ဖန်ဖန် ဆက်စပ်ပြီး မရပ်မတည်ပဲ လည်လာရတယ် ။
အဲ့ဒီ့အကြောင်းကို သိမြင်လာတဲ့ ပညာရှိတွေကတော့တဲ့ အဝိဇ္ဇာ တဏှာ မဖြစ်နိုင်ပဲ ချုပ်သွားအောင် ဘာဝနာဥာဏ်တစ်ခုနဲ့ ဆုံးမကြတယ်လို့ ဆိုတယ် ။ ဘာဝနာပွားပြီး လောဘ ဒေါသကို ပယ်တာနော် ။ အဲ့ဒါ မဂ္ဂင် ၈ ပါးထဲ ဦးလှည့်သွားတာပါ ။ အဲ့ဒီလို ဆုံးမတဲ့အတိုင်း ကျင့်ကြံသွားတဲ့အခါ အဝိဇ္ဇာ တဏှာ ချုပ်သွားလေတော့ ဘဝစက်ပျက်ပြီး နိဗ္ဗာန်သုခကို ရသွားပါတယ်လို့ ဒီလိုဆိုထားတာတွေ့ရပါတယ် ။ အပြည့်အစုံကြည့်ချင်ရင်တော့ ပဋိစ္စသမုပ္ပါဒ်အပိုင်းရဲ့ ဇာတိပစ္စယာ ဇရာမရဏံ အပိုင်းကို ကြည့်နိုင်ပါတယ် ။
အဲ့ဒါက အထက်က ဥပမာဆောင်ပြီး ပြောခဲ့တဲ့ သူနဲ့ အတူတူဆိုတာ ထင်ရှားတယ်နော် ။ဒါကြောင့် ဗျာဒိတ်ဆိုတာဆုပန်လို့ ဖြည့်ပေးလိုက်တာမဟုတ်ဘူး ။ သတ်မှတ်ပေးတာမဟုတ်ဘူး ။ သိအောင် ဖွင့်ဟပြောတယ်ဆိုတာ သိရမယ် ။ ဒါပေမယ့် အဲ့ဒီလို ဘုရားရှင်ရှေ့မှောက်မှာ ဆန္ဒပြုလိုက်တဲ့အတွက်ကြောင့် ပါရမီရှိသူဟာ ဒီ့ထက် ကုသိုလ်သတ္တိတွေထက်ပြီး ဆန္ဒအလျောက် ကျင့်ကြံမှုဟာ တအားထက်သွားတယ် ။ ပိုပြီး ဘုရားဖြစ်ဖို့နဲ့ နီးသွားတာပေါ့ ။
နီးသွားတယ်လို့ ဘာကြောင့်သုံးနိုင်တာလဲဆိုရင် ကြားထဲမှာ အသင်္ချေရနှစ်သက်တမ်းတွေ ရှိတော့ နီးတယ် မနီးဘူးဆိုတာ အဲ့ဒီ့ထဲ အကျုံးဝင်သွားတယ်လေ ။ နောက်ပြီး ဗျာဒိတ်ပန်း ဆင်မြန်းတယ်ဆိုတာ သူ့ရဲ့ ရှေးကံတွေ နောက်ကံတွေ အခုကံတွေကို ကြည့်ပြီးမှ ဗုဒ္ဓက ဖေါ်ပြပေးတာဖြစ်တဲ့အတွက် တရားဟာ မိမိခန္ဓာမှာပဲ ရှိနေတယ် မိမိခန္ဓာကိုမှီပြီးပဲ ပါရမီဖြည့်တယ် မိမိခန္ဓာကပဲ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်အောင်လို့ အထောက်အကူပြုတယ်ဆိုတာ သိရှိနားလည်ရမှာဖြစ်ပါတယ် ။
အချုပ်အနေနဲ့တော့ သဂါထာဝဂ္ဂသံယုတ် ရောဟိတဒေဝပုတ္တသုတ် မှာဟောကြားထားတာလေးနဲ့ အဆုံးသတ်ပါရစေ ။ အဲ့ဒီ့မှာက " အို နတ်သား လောကသည်လည်းကောင်း လောက၏ ဖြစ်ကြောင်းသည်လည်းကောင်း လောက၏ချုပ်ရာ နိဗ္ဗာန်သည်လည်းကောင်း နိဗ္ဗာန်သို့ရောက်ကြောင်းလမ်းစဉ်သည်လည်းကောင်း တစ်လံမျှလောက်တာရှည်လျားသော ဤခန္ဓာအတွင်း၌သာ ရှိသည်ဟု ငါဘုရားဟောပါတယ် " လို့ အထင်အရှား ပါရှိပါတယ် ။
ဒါကြောင့် နိဂုံးအနေနဲ့ပြောရင် ဆုကြီးပန်တယ်ဆိုတာ အဓိကအထောက်အပံ့ကျေးဇူးပြုတာဟာ မိမိခန္ဓာမှာရှိတဲ့ တရားတွေ ကံတွေကို အမှီပြုရပြီး ပါရမီတို့ကို ကိုယ့်ခန္ဓာကတရားတွေဆီ အရင်ဆုံး ဆုကြီးပန်ရတယ် ။ ပါရမီဖြည့်ရတယ် ။ နောက်မှ ဗျာဒိတ်ခံယူနိုင်ဖို့ မြတ်စွာဘုရားနဲ့ တွေ့ကြုံဖူးမျှော်ရမှသာ ဘုရားတစ်ဆူဖြစ်မယ်ဆိုတာ သိခွင့်ရမယ် ။ အဲ့ဒီ့ သိခွင့်ရတဲ့ ဘဝမှာလဲ ပါရမီအဟုန်ကြောင့် အလွန်ကုသိုလ်စိတ်တွေထက်သွားပြီး ပိုမှန်ကန်တဲ့ ဗုဒ္ဓလမ်းစဉ်ပါရမီပေါ် ရောက်ရှိသွားခြင်းတာဖြစ်တယ်လို့ ဒီလို နားလည်ရမှာပါ ။
ဒါကြောင့် အရင်ဦးဆုံး ဗုဒ္ဓမြတ်စွာဘုရားဟာ ဘယ်ဘုရားမှာ ဆုပန်သလဲလို့မေးရင် မိမိရဲ့ ခန္ဓာအစဉ်က တရားတွေဆီမှာသာ ဆုကြီးပန်ပါတယ်လို့ ဒီလို ဖြေဆိုပေးလိုက်ရပါတယ်ခင်ဗျာ ။
( ပညတ်တွေအများချည်းသုံးပြီး ရှင်းထားပါတယ် )
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment