ကျွန်တော်ပြောမယ့် တမလွန်လောက !
----
အဲ့အကြောင်းအရာနဲ့ပတ်သတ်ပြီး စာမရေးခင် ကျွန်တော်ကိုယ်တိုင် တမလွန်လောကသားတွေရဲ့ အတွေ့အကြုံကို နည်းနည်း ဖေါက်သည်ချချင်ပါတယ် ။ တစ်ခါက ကျွန်တော့် အစ်ကို ဆုံးတယ် ။ အဲ့အချိန်တုန်းက ကျွန်တော်ဟာ ကျောင်သားတစ်ယောက်ပဲ ။ ဘာမှ နားမလည်တဲ့အခြေအနေတစ်ခုမှာ ရှိနေချိန် - ကျွန်တော်တို့ရဲ့ ထုံးစံအတိုင်း လူသေတဲ့အခါ အအေးတိုက်မှာ သုံးရက်ထားတယ် ။ နောက်တော့ သုသာန်ကို ပို့တယ် ။ မီးသဂြိုလ်တယ် ။ အဲ့သုံးရက်ကို နောက်ထပ်( ၄ ) ရက် ထပ်ပေါင်းပြီး ၇ ရက်ပြည့်တဲ့အခါ ဘုန်းကြီးဆွမ်းကပ်တယ် ။ အမျှဝေတယ် ။ ဒါကို လူတိုင်းသိပါတယ် ။
ဒါပေမယ့် မသိတဲ့အပိုင်းလေးတွေ ရှိနေသေးတယ် ။ အဲ့ဒါက သေသူဟာ မိမိကိုယ်ကို သေသူလို့ မသိတာနဲ့ဆက်စပ်ပြီး ထိုသူရဲ့ အပြုအမူ ( ပုံမှန်) နေထိုင်မှုတွေက ကျန်ရစ်သူတွေကို စိတ်ချောက်ချားစေပါတယ် ။ တစ်ချို့က သရဲ ခြောက်ခံရတယ်လို့ ဆိုမယ် ။ တစ်ချို့ကတော့ အသိပေးတယ်လို့ ပြောတယ် ။ ဒါ ထွေထွေ ထူးထူးတော့မရှိပါဘူး ။ လူပြောသူပြောများတဲ့ အသုံးကို ယူငင်သုံးစွဲနေကြတာပဲ ။
ဆိုတော့ကာ အဲ့လို အစ်ကိုဆုံးတာ မှတ်မိသလောက် ၄ ရက်မြောက်နေ့ နေပါလိမ့်မယ် ။ အဲ့အချိန်မှာ ကျွန်တော်တို့ အိမ်က မသာအိမ်ဆိုတော့ ဖဲဝိုင်းရှိတယ် ။ ဖဲဝိုင်းဆိုတာလဲ အမှန်တော့ အိမ်စောင့်သဘောပါ ။ ရပ်ကွက်နေသူတွေက လူသေအိမ်ဆို ဝေးဝေးက ရှောင်ချင်ကြတယ် ။ ဒါကြောင့် လူမပျက်အောင် ဒီလို ( အိပ့်ချင်စိတ်လဲပြေ ) ဆိုတဲ့ သဘော ထားတယ်လို့ ဒီလို နောက်ပိုင်းမှ ကြားဖူးလာတာဖြစ်တယ် ။ အဲ့လို လေးရက်မြောက်နေ့ ညဘက်အချိန် ( ခန့်မှန်း - ၁ နာရီ ဝန်းကျင် ) လောက်ဖြစ်လိမ့်မယ် ။ အဲ့အချိန်မှာ ကျွန်တော်က ကျွန်တော့် အမေဘေးမှာ အိပ့်တယ် ။ အဲ့ချိန်မှာ ကျွန်တော် အသံတစ်သံကို ဆူးဆူးဝါးဝါးကြားရတယ် ။ ဘာသံလဲဆိုရင် အသက်ရှုတဲ့အသံ ။ အသက်ကို တော်တော်လေး ပြင်းပြင်းရှုတဲ့ အသံ ။ ထင်တာတော့ အမေ့အသက်ရှုသံလို့ပေါ့ ။
အဲ့ဒါကို ကျွန်တော်က နားထောင်နေချိန် - အဲ့အသံဒီနေရာကနေပျောက်တော့ အိမ်ရှေ့က ဖဲဝိုင်းရဲ့ အနောက်မှာ အသံကို ကြားရတယ်ဆိုပြီး ဖဲကစားတဲ့သူတွေ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်ကော ။ ခဏနေတော့ အဲ့မှာ အသံမကြားရတော့တဲ့အခါ ကျွန်တော့်အမေဘေးမှာ အဲ့အသံ ထက်ပေါ်လာတယ် ။ ကျွန်တော်က ငယ်လည်း ငယ်တော့ အဲ့အချိန် သရဲတွေ ဘာတွေဆိုတာ ကြောက်ရကောင်းမှန်းလဲ မသိဘူးပေါ့ဗျာ ။ နောက်တော့ ဖြစ်ချင်တော့ ကျွန်တော်တို့က အဲ့နေ့မှာ အိမ်တံခါးကို ပိတ်ထားကြတယ် ။ ကြားဖူးတာက ရက်လည်ရင် အိမ်တံခါးမပိတ်ရဘူး - ဘာဘူးပေါ့ ။ အယူလဲ သိပ့်မရှိကြပါဘူး ။
ဒါပေမယ့် တိုက်ဆိုင်မှုပဲလားမသိ ။ အနောက်ဖေးက တံခါးကို အားကုန် ခက်ပြင်းပြင်း ထုထောင်းသံ ကြားတော့တာပဲ ။ တံခါးက အပေါ်ပိုင်းကို သွပ်နဲ့ လုပ်ထားတာဆိုတော့ အိမ်တစ်အိမ်လုံး ဆူးညံနေတာပါပဲ ။ သို့သော် - တံခါးဘေးမှာ အခန်းတစ်ခုရှိတယ် ။ အဲ့အခန်းထဲမှာ ကျွန်တော့်အဘိုးအိပ့်တယ် ။ သူက နားသိပ့်ပါးတာ ။ နည်းနည်းကြားတာနဲ့ဆို နိုးတဲ့ အဘိုး ။ အဲ့ သူ့ကိုတော့ မကြားစေချင်ဘူးထင်ပါရဲ့ ။ အိမ်ရှေ့မှာ ဆူညံနေတဲ့ အသံက အဘိုးကို မနက်ရောက်တော့မေးတာ ဘာမှမကြားဘူးတဲ့ ။ ဒါက မှတ်မှတ်ရရထဲက တစ်ခု ။
နောက်တစ်ခုက ကျွန်တော့်အဖေ ဆုံးတာ ။ အဖေက အရက်သောက်ပြီး ဆုံးတာပါပဲ ။ အရက်ကို နေ့ရောညရော သောက်ရာကနေ အစာမရှိတဲ့ ဝမ်းဗိုက်မှာ လေတွေ ပြည့်နေတယ် ။ အပေါ်ကနေ အပူတွေ လောင်းနေသလို အရက်ချည်း သောက်တဲ့အခါ လေတစို့ ဖြစ်ပြီး သေတယ်လို့ ဆရာဝန်တွေက ကောက်ချက်ချတယ် ။ အဖေသေတာ ကျွန်တော့်လက်ပေါ်မှာပဲ ။ အိမ်ကနေ ဆေးရုံကို ချီမ ပြေးတော့ ကျွန်တော်နဲ့ ဦးလေးတစ်ယောက်က ချီပြေးတယ် ။ ဦးလေးက လမ်းတစ်ဝက်ရောက်တော့ ကျွန်တော့်ကို ပြောင်းပေးတယ် ။ ကျွန်နော်က အဖေ့ခန္ဓာကို ချီပြေးတယ် ။ ချီထားရင်း ခဏနေတော့ အတော်လေးကို လေးကျသွားတာပဲ ။
ကြားဖူးတာက သွေးလည်ပတ်မှုမရှိတဲ့အခါ ခန္ဓာရဲ့ ဇီဝဖြစ်စဉ်တွေအားလုံး ရပ်ဆဲသွားတယ်တဲ့ ။ နှလုံးရဲ့ ညှပ်ထုတ်မှုအားမရှိတော့ - ဘာတစ်ခုမှ အလုပ်မလုပ်နိုင်တော့တဲ့အခါ ခန္ဓာကြီးက လေးကျသွားတာလို့ဆိုတယ် ။ အဲ့အတိုင်းဖြစ်မှာပါ ။ ဒါကြောင့် အဖေက ကျွန်တော့်လက်ပေါ်မှာ ဆုံးတယ်လို့ ယုံကြည်တယ် ။ သေကြောင်း အတည်ပြုတာတော့ ဆေးရုံရောက်မှပေါ့ ။ ဒါပေမယ့် လမ်းမှာ သေကြောင်း ပြောပါတယ် ။
ဆိုတော့ကာ ထုံးစံအတိုင်း ရက်လည်ဆွမ်းကျွေးကြတယ် ။ နောက်တော့ ရက်လည်ပြီးနောက်တစ်ရက်ရောက်တော့ ကျွန်တော် အဖေ့ကို အိမ်မက်လိုလို ဘာလိုလိုနဲ့ မြင်လိုက်တယ် ။ဘယ်လိုမြင်တာလဲဆို ကျွန်တော် အိမ်နောက်ဖေးကို သွားတယ် ။ အဖေက ကျွန်တော့်ကို ခေါ်တယ် ။ စကားပြောတာကို ကျွန်တော်အခုထိ ကြားနေရတုန်းပဲ ။ မှတ်မိနေတယ်လို့ ဆိုချင်တာပါ ။ ပြောတာက သူ သေလို့ သေမှန်းမသိဘူးတဲ့ ။ အဲ့အချိန် ကျွန်တော်နဲ့အဖေ ဖက်ငိုတယ် ။ နောက်တော့ ဘယ်မှာနေလဲလို့မေးတော့ အိမ်နောက်ဖေးက မြောင်းထဲမှာတဲ့ ။
ကျွန်တော်တို့ အိမ်နောက်မှာ ရေသုံးတဲ့ တိုင်ကီထားတော့ အဲ့ကနေ မြောင်းတစ်ခု ဖေါက်ထားပြီး ရေသွယ်ထားတယ် ။ အဲ့မြောင်းထဲမှာနေတယ်တဲ့ ။
ကြားတဲ့သူတွေက မဖြစ်နိုင်ဘူးလို့ ထင်မှာပဲ ။ ကျွန်တော်လဲ မဖြစ်နိုင်တဲ့အကြောင်း အဖေ့ကိုပြောတော့ သူ နေပြတယ် ။ သူနေတော့ မြောင်းရဲ့အောက်ထဲကို ဝင်သွားတယ် ။ အဲ့လိုတွေ့ရတော့လဲ အတော်ကျယ်တာပဲ ။ နောက်တော့ သူကပြောတယ် ။ အဝတ်မရှိဘူးတဲ့ ။ နေစရာမရှိဘူးတဲ့ ။ မြောင်ထဲမှာနေရတာလဲ ခဏနေရတာထင်ပါရဲ့ ။ ကျွန်တော်နဲ့ စကားပြောတဲ့အချိန် အဝတ်ရှိမရှိကို သတိမထားမိလိုက်ဘူး ။ အခုချိန်စဉ်းစားတော့ အဖေကော အစ်ကိုကောဟာ ပြိတ္တာတွေ ဖြစ်သွားကြတာပဲလို့ မြင်တယ် ။ နောက်တစ်နေ့ရောက်တော့ အမေ့ကိုပြောပြပြီး ဒုတိယအကြိမ် သင်္ခန်းဆွမ်း ကပ်လှူလိုက်ကြတယ် ။ နောက်ပိုင်းတော့ ဘာမှ မကြားရတော့ပါဘူး ။
အခုဆို ကျွန်တော်တို့လဲ အသက်အရွယ် ကြီးရင့်လာတော့ နည်းနည်းပါးပါး နားလည်လာတာက ပေတ္တဆိုတဲ့ ပြိတ္တာတွေအကြောင်းကို ရေးထားတဲ့ ကျမ်းကြီးတွေ - ကမ္ဘာမှာ အဖြေရှာမရတဲ့ ပုဒ်စ္ဆာဆိုပြီး အသိအမှတ်ပြုရတဲ့ ဖြစ်ရပ်ဆန်းတွေ ။ သေသည်၏ အခြားမဲ့ဆိုတဲ့ အကြောင်းအရာတွေ အာဋာနာဋိယသုတ် တွေ စတဲ့ စတဲ့ အကြောင်းအရာတွေမှာ ဖြစ်ရပ်အစုံ မှတ်မှတ်းသားသား တင်ထားတာတွေ တွေ့ရတော့ ဒီလောကကြီးဟာ အင်မတန် ထူးဆန်းတဲ့ ကုသိုလ် အကုသိုလ်ဆိုတဲ့ အကျိုးတရားတွေ ပြည့်နေပါလားဆိုတာ တွေ့ရတယ် ။
တမလွန်မှတ်တမ်းတွေကို ဖတ်မိသလောက် - ကြားမိသလောက် ရေးပြနေရင် ကုန်ကို ကုန်နိုင်မှာတောင်မဟုတ်ဘူး ။ အားလုံးကို ခြုံငုံပြီးကြည့်တဲ့အခါ သူတို့ဟာလဲ သနားစရာ ဘုံသားတွေလို့ အဖြေထွက်လာတယ် ။ အမျှလိုချင်ကြတယ် ။ သူတို့တွေရဲ့ ပုံမှန်အပြုအမူတွေက ကိုယ်တွေကို တစ်ခါတစ်လေ တိုက်မိ ခိုက်မိ မြင်မိတာတွေကြောင့် သရဲခြောက်တယ်ဆိုပြီး အပြောခံရတယ် ။ တစ်ခါတစ်လေ မကျေနပ်လို့ ဆန္ဒပြတာမျိုးလဲ ရှိတယ် ။
အဲ့ပုံစံမျိုးကို အနောက်တိုင်းမှာဖြစ်ခဲ့တဲ့ ဖြစ်ရပ် တစ်ခု မှတ်တမ်းတင်ထားတာ ဖတ်ဖူးသေးတယ် ။ ပုံစံက အဲ့အိမ်မှာ ရေစိုအဝတ်တောင် သူ့အလိုလို မီးတွေလောင်တယ် ။ အော်သံပေးတယ် ။ လိပ့်ကာတံတွင်းပေါက်တွေကို ဖွင့်လိုက်ပိတ်လုပ်တယ် ။ မီးတွေကို လာလိုက်ပျက်လိုက်လုပ်တယ် ။ စာထဲကအတိုင်းဆို သူတို့က ဘီလူးအဆင့်လောက်တောင်ဖြစ်နိုင်ရဲ့ ။ အဲ့လောက် လုပ်ကိုင်နိုင်တာဆိုတော့လေ ။
အဲ့မှာ နတ်ဝန်သည်တစ်ဦး ရောက်လာတယ် ။ သူက သူရဲကို မြင်ရတဲ့ သူ ။ ဒီကလို ဘာဂါထာ ညာဂါတာတွေ ရွတ်တာမဟုတ်ဘူး ။ သရဲနဲ့ ညှိနှိုင်းတယ် ။ ဘာလိုချင်လို့လဲ ? ဘာဖြစ်ချင်လို့လဲ ?ဆွေးနွေးတယ် ။ အိမ်ရှင်ကို သူမကျေနပ်တာတွေပြန်ပြောပြတယ် ။ နောက်တော့ လုပ်ပေးလိုက်တော့ အားလုံး အေးဆေးဖြစ်သွားတယ် တဲ့ ။ အဲ့လိုကျတော့လဲ သူတို့က သူလိုကိုယ်လိုပါပဲ ။ ဘာမှကြောက်စရာတော့မရှိပါဘူးရယ် ။
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment