Skip to main content

ဗုဒ္ဓနှင့် အထွေထွေ စဉ်းစားစရာများ !

ဘာသာပြန်ဆိုသူ၏ အမှာစာ
--------------------

ကျွန်တော်ဟာ စာကို သူများ မဖတ်တဲ့ ရှုထောင့်က ဖတ်ရတာ ၀ါသနာပါတယ်။ ဒီလိုမျိုး ရှုထောင့်တွေကနေ ဖတ်ရှုရင်းနဲ့ ပေါင်းစုပြီး သိလာခဲ့တဲ့ ဗုဒ္ဓအကြောင်း ကလေး ဖြစ်ပါတယ်။ တကယ်ဆိုရင် ဖြန့်ပေးဖို့တော့ အစက စိတ်ကူးမရှိပါဘူး။ သို့သော်... ခင်မင်တဲ့ မိတ်ဆွေတွေနဲ့ စာဖတ်သူ အချို့ရဲ့ တိုက်တွန်းမှုကြောင့် ဒီပို့စ်ကလေးကို တင်ဖြစ်ခြင်း ဖြစ်ပါတယ်။

ဒီတော့ ရှေ့ဆက်မဖတ်ခင်မှာ ကျွန်တော့် ကြေငြာချက်ကလေးကို ဖတ်ပေးပါ။ ဖတ်လို့ အဆင်ပြေမယ်မထင်ရင် ထားခဲ့ပြီး လှည့်ထွက်သွားခွင့် မိတ်ဆွေတို့ ဆီမှာ ရှိပါတယ်။ ဒီဘာသာပြန် ချက်တွေသည် ငြင်းခုန်ဖို့ မဟုတ်သလို ကျွန်တော့်ရဲ့ ယူဆချက်တွေလည်း မဟုတ်ပါဘူး။

ကျွန်တော့် ယူဆချက်တွေဆိုရင်လဲ ကျွန်တော့် ယူဆချက်ပါလို့ တစ်ခါထဲ ရေးထား ပါဝင်ပြီးသား ဖြစ်ပါ လိမ့်မယ်။ နောက်တစ်ခါ ဒီပို့စ်ပါ အကြောင်းအရာတွေကိုလည်း အမှန် လို့ တထစ်ချ မယူဆပါနဲ့။ အမှန်လို့လည်း ကျွန်တော် မကြေငြာလိုတဲ့အတွက် ကိုးကားတွေကို အလွန်အကျူး ထည့်ပြထားမှာ မဟုတ်ပါ။

ဒါကိုမှ လူကြီးမင်း စိတ်ဝင်စားနေသေးရင်တော့ ရှေ့ဆက်ပြီး ဖတ်ရှုနိုင်ပါပြီ။ ခေါင်းစဉ်က “ဗုဒ္ဓအကြောင်း ဖတ်ဖူးသမျှ” ဖြစ်ပါတယ်။

အပိုင်း (၁) ကွဲပြားသော ဗုဒ္ဓစရိတများ

နာဇရက်သ် မှာ ယေရှု မွေးဖွားပြီး ခရစ်ယာန်ရဲ့ ခေတ်ဟောင်း ဘိုင်ဘယ်လ်ကျမ်းကို အေဒီ ၁ ရာစု အတွင်းမှ ရေးသားခဲ့တယ်။ အဆိုပါ ကာလ အတွင်းမှာ ရှင်ဗုဒ္ဓဃောသနဲ့ ရှင်အသဝဃောသ ဆိုသူ ၂ ပါး နေရာကွဲ ၂ ခုမှာ ပေါ်ပေါက်လာခဲ့တယ်။ ဒီ နာမည်ဆင် ပုဂ္ဂိုလ် ၂ ပါး စလုံးဟာ စကားစစ်ထိုးပြီးမှ ဗုဒ္ဓဘာသာဝင် ဖြစ်လာကြပုံချင်းတူတယ်။

ဗုဒ္ဓဘာသာဝင် ဖြစ်လာ ကြပြီး နောက်မှာ သာသနာကို ပြန့်ပွားဖို့ စာပေကို အားကိုးမယ် ဆိုတဲ့ ခံယူချက်ချင်း တူတယ်။ ခရစ်ယာန်ထက် ပိုမို ရှေးကျပြီး ထွက်ပေါ် လာခဲ့တဲ့ ဘာသာ တစ်ခုရဲ့ ထိပ်ဆုံးမှာ ရပ်တည်လိုတဲ့ သဘောထားရယ်... ခေတ်ပြိုင်စာပေ အရေးအသားတွေကို ကျော်ဖြတ်ဖို့လည်း ဝန်မလေးတဲ့ သဘော ထားရယ်က ဗုဒ္ဓ ဖြစ်စဉ်တွေကို နတ်ဘုရားတွေ တန်ခိုးတွေနဲ့ မွှန်းခြယ်ပစ်ဖို့ အလားအလာ အရမ်း များ နေတယ်။

ထာဝရ ဘုရားရှင်ကို စာပေပေါ်မှာ ဖွဲ့နွဲ့ပြီး တခမ်းတနား ဖော်ကျူးခံရချိန် နဲ့ မရှေးမနှောင်း မှာပဲ ဗုဒ္ဓဘာသာက စတုတ္ထ သင်္ဂါယနာ တင်ဖြစ် လာခဲ့တယ်။ ရှင်မဟာဗုဒ္ဓဃောသ စုစည်းချက် တွေ ဟာ ထေရဝါဒ အနေနဲ့ စတင်လာခဲ့သလို လမ်းကြောင်းမတူတဲ့ ဖွင့်ဆိုပုံတွေနဲ့ ရှင်မဟာ အသဝဃောသ ရေးသားချက်တွေဟာလည်း မဟာယနရဲ့ မျိုးစေ့ ဖြစ်လာခဲ့တယ်။ ရှင် အသဝဃောသ လက်စွမ်းထဲက အထင်ကရကတော့ မဟာယန ဗားရှင်း ဗုဒ္ဓဝင် ဖြစ်တဲ့ ဗုဒ္ဓစရိတ ကျမ်း ဖြစ်တယ်။

ဒါ့ကြောင့် ဗုဒ္ဓရဲ့ သမိုင်းကြောင်းကို ဝါသနာ တစ်ခုအနေနဲ့ လေ့လာချင်လာတဲ့အခါ ထေရဝါဒ စာပေ ရယ် မဟာယန စာပေရယ် ၂ ခုလုံး ကို တိုက်ဆိုင် ဖတ်ရှုရင်းနဲ့ တူတဲ့ အချက်အလက်တွေကို ဘုံ ထုတ်... နတ်ဘုရား အယူအဆတွေကို ခေတ္တ မေ့ထားခဲ့မယ်ဆိုရင်... ရိုးရှင်းပြီး အံ့သြဖို့ကောင်းတဲ့ သမိုင်းကြောင်း တစ်ပုဒ် ထွက်ပေါ်လာတယ်။

ဒီသမိုင်းကြောင်းက ပထမဆုံး မေးတဲ့ မေးခွန်းက "ဗုဒ္ဓ ဟာ အိန္ဒိယအပြင်ဘက်ကို လုံးဝ မကြွခဲ့တာ သေချာသလား" တဲ့။ သိဒ္ဓိတ္ထ ဂေါတမ ဘုရား ရဲ့ ပြောဆိုဟန်တွေနဲ့ တရားတော်ဟာ လေ့လာကြည့် မယ် ဆိုရင် ထူးခြား တယ်။ ပြောရမယ်ဆိုရင် ဒီ ၂ မျိုးစလုံးဟာ နဂို ရှိရင်းစွဲ အိန္ဒိယ ယဉ်ကျေးမှု (ဥပမာ-ဥပါနိသျှ) အရေးအသား အပြောအဆိုတွေနဲ့ ဘာ့ကြောင့် ကွာခြားလွန်းနေရသလဲ။

သက်တော် ၃၅ နှစ်မှာ ဓမ္မတရားတွေ စတင်ပို့ချနေတဲ့ ဗုဒ္ဓဟာ ခက်ခဲနက်နဲတဲ့ အယူဝါဒ အုတ်မြစ် တစ်ခုကို ဗြဟ္မဏ ယဉ်ကျေးမှုနဲ့ မတူညီတဲ့ အဆင့်တစ်ခုမှာ မခက်မခဲပဲနဲ့ ချောမွေ့ပြေပြစ်လွန်းစွာ တည်ဆောက်နေခြင်းဟာ အံ့သြဖို့ ကောင်းလွန်းနေတယ်။

ပဋိစ္စသမုပ္ပဒ် ဒေသနာ... သတိပဌာန်... သစ္စာလေးပါး စသဖြင့် အယူအဆတွေဟာ ဂင်္ဂါ ချိုင့်ဝှမ်းဒေသ မှာ လိုက်ရှာလို့ မတွေ့နိုင်တဲ့ အယူအဆတွေ ဖြစ်ကြတယ်။ ပိဋကတ်တော်မှာ ဒီ အရေးကိစ္စဟာ အရိပ်အမြွက်လောက်သာ ပါဝင်နေတာ တွေ့နိုင်တယ်။

သက်တော် ၂၉ နှစ် မှာ တောမထွက်လာမီ ဘုရားလောင်း သိဒ္ဓတ္ထ မင်းသား အနေနဲ့ ဘယ်လို ပညာတွေ ဆည်းပူးလို့ ဘယ်လို အလုပ်တွေကို လုပ်ကိုင်လို့ ဘယ်လို ဘဝနဲ့သက်ဆိုင်တဲ့ မေးခွန်း တွေကို ဆန်းစစ် ခဲ့သလဲ ဆိုတာတွေ အားလုံးဟာ ဘုရားဖြစ်လာတဲ့ နောက်ပိုင်း အသုံးချတဲ့ အသိပညာ တစ်စိတ် တစ်ဒေသ ဖြစ်သင့်တယ် မဟုတ်လား။

တောတွင်းမှာ ရရှိလာခဲ့တဲ့ အသိပညာ အတတ်ပညာတွေဟာ အထက်က ဆိုခဲ့တဲ့ မြင့်မား ကျစ်လျစ် တဲ့ ဗုဒ္ဓရဲ့ ဒဿန အတွေးအခေါ်တွေ... သူပို့ချတဲ့ တရားဓမ္မတွေနဲ့ လားလားမှ အပ်စပ်ခြင်း မရှိဘူး။

ဒီလို ပြတ်တောက်နေတဲ့ ကွင်းဆက်တွေက လမ်းညွှန်ပြနေတာက "တောမထွက်ခင် ဗုဒ္ဓ အတ္ထုပတ္တိ ဟာ ဘာလဲ စူးစမ်းခိုင်းနေတာ ဖြစ်သလို ဗုဒ္ဓဟာ အိန္ဒိယ ဒေသတွင်း အတွေးအခေါ်တွေထက် ပိုမို ကျယ်ပြန့်တဲ့ အဆင့်မြင့် ယဉ်ကျေးမှု တစ်ခုကို ဝင်ရောက် လေ့လာခဲ့ဖူးသူ ဖြစ်လိမ့်မလား" ဆိုတဲ့ အနုမာန ကောက်ချက်တွေ ဖြစ်ပါတယ်။

အပိုင်း (၂) တက္ကသီလာ ရောက်ခဲ့လေသလား။

တက္ကသီလာ ဆိုတာ ပါရှား အာခီမန်းနစ် အင်ပါယာရဲ့ အရိပ် အာဝသ အောက်မှာ တည်ရှိတဲ့ ဂန္ဓာရရဲ့ မြို့ ဖြစ်တယ်။ အင်ပါယာရဲ့ သြဇာဟာ ဆိုရင် အရှေ့ဖျားက အီဂျစ်အထိကို နယ်မြေ ဆန့်ထွက်နေတယ်။

မိုင် ၇၀၀ ပတ်လည်ရှိတဲ့ တက္ကသီလာမြို့ဟာ ကပိလဝတ်ကနေ လမ်းလျှောက်ခရီး ၂ လ ကြာမြင့်တဲ့ အရပ်မှာ တည်ရှိပါတယ်။ အာရှရဲ့ ကုန်သွယ်လမ်းကြောကြီးပေါ်မှာ ခွပြီး တည်နေတဲ့ တက္ကသီလာမှာ ကျင်လည် လှုပ်ရှားကြသူတွေထဲ ပါရှားသားတွေ ဂရိတွေနဲ့ အခြားသော အာခီမန်းနစ် အင်ပါယာ ပြင်ပက လူတွေလည်း ပါဝင်လေ့ ရှိပါတယ်။

ဘာလို့များ ၁ လ ကိုးသတင်း ခရီးကို တကူးတက အချိန်ကုန်ခံ လာကြရသလဲဆိုတော့ တက္ကသီလာဟာ ပညာရပ်တွေ ထွန်းကားရာမြို့ ဖြစ်လို့သာ ဖြစ်တယ်။ မြို့ကြီးရဲ့ အလယ်မှာ ဇုန် ၁၈ ဇုန် တည်ရှိပြီးတော့ ဇုန်တစ်ခုစီဟာ သက်ဆိုင်ရာ ဘာသာရပ်နဲ့ ဆက်စပ်တဲ့ စာပေတွေကို သင်ကြားပို့ချပေးတယ်။

ဒီ ဘာသာရပ် ကျွမ်းကျင်တဲ့ ဆရာတွေ ကထိကတွေဟာလည်း အဲ့ဒီသက်ဆိုင်ရာ ဇုန်တွေထဲမှာ အိုးအိမ်တည်ထား နေထိုင်ကြတယ်။ ရပ်ဝေးက ပညာသင်ဖို့ လာတဲ့ ကျောင်းသားတွေဟာ အသိအကျွမ်း ဆရာရဲ့ နေအိမ်ထဲမှာ တည်းခိုရင်းနဲ့ ဆရာ့ကို အလုပ်အကျွေးပြုရင်း ပညာကို သင်ယူ ဆည်းပူးကြရတယ်။

ဒီလိုမျိုး ဇုန်တစ်ခုစီကနေ နောက်ဇုန်... နောက်ဇုန်နဲ့ တစ်ခုပြီး တစ်ခု သင်ယူလာခဲ့ပြီး ၁၈ ဇုန်လုံး ကုန်စင်အောင် လှည့်လည် သင်ယူပြီးတဲ့အခါမှာ အဌာရသ (၁၈) ရပ် တတ်ကျွမ်းသူ ဆိုတဲ့ လူတစ်ယောက် ဖြစ်လာတယ်။

စောစောက ပြောသလို အသိအကျွမ်းရှိရင် ရှိတဲ့ ဆရာအိမ်တွေမှာ နေကြ ထိုင်ကြသလို အသိဆရာ မရှိတဲ့ သာမန် အရပ်သား တွေဟာ ဇုန်တွေကို ဝန်းရံထားတဲ့ တက္ကသီလာ မြို့ပတ်ပတ်လည်က ဇနပုဒ်တွေမှာ အခကြေးငွေ ပေးပြီးတော့ သော်လည်းကောင်း ကျောင်းသားတွေ စုဝေးပြီး ရွာဖွဲ့၍ သော်လည်းကောင်း နေထိုင်တတ်ကြလေ့ ရှိပါသေးတယ်။

သူတို့သည်လည်း ၁၈ ဇုန်လုံး က အတတ်ပညာတွေ ကို လာရောက် ဆည်းပူးကြသူတွေ ဖြစ်တယ်။ အဝေးသင်တွေပေါ့။ အဲ့ဒီ အရပ်တွေမှာကျတော့ အောက်လမ်း၊ မှော်၊ အဖျက် အတတ်တွေ သင်ကြား တဲ့ ဆရာ တချို့လည်း ရှိတယ်။ အင်္ဂုလိမာလ ဆိုတာ ၁၈ ဇုန် ပြင်ပက ဆရာတွေကြောင့် ပျက်စီးသွားခဲ့သူ ထဲက တစ်ယောက်လို့ ခေါ်လို့ ရမယ်။ ဒါဗဟုသုတပါ။

ဆိုတော့... သိဒ္ဓတ္ထရဲ့ ဘဝမှာ ပါဝင် ပတ်သက်ခဲ့တဲ့ လူတွေကို လေ့လာကြည့်ရင် တက္ကသီလာနဲ့ လွတ်ကင်းတဲ့လူ ခပ်ရှားရှား။ ကောသလတိုင်းက သတို့သား... ပသေနဒီ၊ မလ္လတိုင်း ကုသိနာရ အရပ်က သတို့သား... ဗန္ဓုလ၊ ဝေသာလီပြည်က လိစ္ဆဝီ သတို့သား မဟာလိ ပြီးတော့ အင်္ဂုလိမာလ တို့... ဆေးပညာရပ် တစ်မျိုးထဲ သင်ယူပြီး ပြန်သွားခဲ့တဲ့ ဇီဝက သတို့သားတို့...

အစရှိတဲ့ သတို့သားတွေဆိုတာ ဂင်္ဂါချိုင့်ဝှမ်း တလျှောက် ဖြစ်တဲ့ သာဝတ္ထိ၊ ကုသိနာရ၊ ဝေသာလီ အစရှိတဲ့ ပင်မ စည်ကားတဲ့ မြို့တွေက ခေတ်ပြိုင် လူတော် လူမော်တွေ မဟုတ်လား။

ဒေသတွင်း လူရည်ချွန်တွေ အရွယ်ရောက်ရင် အထင်ကရ ဒေသတွေ အသီးသီးက တက္ကသီလာကို ပို့ပြီး ပညာသင်ယူခိုင်းတဲ့ ဓလေ့ကို မမြင်နိုင်ဘူးလား။ ဒါဆိုရင် ထူးခြားတာက ကပိလဝတ် ကျတော့ ဘာလို့ တစ်ယောက်မှ မပို့ခဲ့တာတဲ့လဲ။

သိဒ္ဓတ္ထ သားတော်ကို နမိတ်တွေ မြင်မှာ စိုးလို့ မပို့ဘူးထား။ တခြား တစ်ယောက်ယောက်ကိုတော့ ထုံးတမ်းစဉ်လာ အရ ပို့ခဲ့သင့်ပေမယ့် ဒီအရပ်က ထင်ပေါ် ကျော်ကြား ထွက်ပေါ်လာတဲ့ စကော်လာ မရှိနေတာ ထူးခြားတယ်။ သုဒ္ဓေါဓန မင်းကြီးဟာ စကြ်ာဝတေးမင်း လုပ်ခိုင်းဖို့ အထိ လျာထားတဲ့ သားတော်ကို ပြီးစလွယ် အိမ်မှာပဲ သင်ပေးလိမ့်မယ် ဆိုတဲ့ အယူအဆကို လက်ခံရခက် နေတယ်။

ဗုဒ္ဓဟာ ဘုရား မဖြစ်ခင်သုဒ္ဓေါဓန မင်းကြီးရဲ့ စေလွှတ်ချက်အရသော်လည်းကောင်း... မိမိ လိုလိုလားလား သွားချင်၍ သော်လည်းကောင်း အကြောင်းကြောင်းကြောင့် တက္ကသီလာနယ်ထဲမှာ အချိန်တစ်ခုအထိ နေထိုင်ခဲ့ရဖူးမယ်။ အရပ်ရပ်က ဒဿနတွေကို မြည်းစမ်း စားသုံး သင်ကြားခဲ့ဖူးသူ ဖြစ်ရမယ် လို့ ယူဆ မိတယ်။

သို့သော်... ဒီ့ထက် ပို နက်နက် တူးဆွ လေ့လာမိတဲ့အခါ အံ့အားသင့်ဖို့ ကောင်းတဲ့ အခြားသော ရှုထောင့်တွေပါ ပေါ်ပေါက်လာခဲ့တယ်။ ဒီနေရာမှာ နောက်တစ်ခါ ခေါင်းရှုပ်ချင်စရာ ပေါ်လာတဲ့ မေးခွန်းကတော့ "ဗုဒ္ဓဟာ... တက္ကသီလာဘက်ကို သွားခဲ့တာရော ဟုတ်ရဲ့လား။ တက္ကသီလာ ဘက် ကနေ ဝင်ရောက်လာသူ ဆိုရင်ရော" ဆိုတဲ့ မေးခွန်းသာ ဖြစ်ပါတယ်။

အပိုင်း (၃) သိန္ဓုရဲ့ ဟိုဘက်ကမ်း

ဗြဟ္မဏ ပညာတော်သင် အဿလယန နဲ့ ဗုဒ္ဓ စကားပြောခန်းလေးကို တစ်ချက် ကြည့်ရအောင်။ အဿလယန က မာန်ထောင်နေတော့ သူတို့ ဗြဟ္မဏ ဆိုတာ အကြီးကျယ်ဆုံး ဇာတ်လို့ မှတ်ထင် ခဲ့တယ်။

ဒီတော့ ဗုဒ္ဓက "အဿလယန... ယောန နဲ့ ကမ္ဘောဇ တိုင်းဆိုတာ ကြား ဖူးသလား။ အဲ့သည် အရပ် တွေမှာတော့ ဇာတ်နိမ့်တယ် မြင့်တယ် ဆိုတာ မရှိ။ မင်း ကျွန်လုပ်ရတဲ့အခါ သခင်ဆိုတာ ရှိလာတယ်။ သခင်ဖြစ်လာတဲ့အခါ ကျွန်ဆိုတာ ပေါ်လာတယ်။" တဲ့။

"ယောန" ဆိုတာ Ionia ဂရိ အေးရှားမိုင်နာ ဒေသ ကို ပြောခြင်း ဖြစ်ပါတယ်။ ဒီကနေ့ တူရကီ ဒေသပေါ့။

"ကမ္ဘောဇ" ဆိုတာ ကျတော့ အိန္ဒိယ အနောက်မြောက် အခြမ်းက.. ဖြစ်ဖို့ များတာက Bactria (ယနေ့ခေတ် အာဖဂန်နစ္စဆန်) ဒီမှာ ငြင်းစရာ ရှိတာက ဗုဒ္ဓသည် ဒီ နေရာတွေကို ရောက်ဖူးချင်မှ ရောက်ဖူးမှာပေါ့။ ကြားဖူးတာလဲ ဖြစ်နိုင်တာပဲ မဟုတ်လား။ ဟုတ်ပါတယ်။ ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်။

သို့သော် သခင် ကျွန် ဆက်ဆံရေးလို ယဉ်ကျေးမှုတွေ အထိ လိုက်ပါ သုံးသပ်ထားပုံ အရရယ် ဒီ အသိ ကို စကား စစ်ထိုးပွဲ (အဿလယနနဲ့ ဗုဒ္ဓတို့ဟာ အဲ့သည် အချိန်က စကားစစ်ထိုး နေကြတာ ဖြစ်တယ်) မှာ ထုတ်သုံးဖို့ကျတော့ ဒါ တော်တော် မှားမရတဲ့ ကိစ္စ ဖြစ်သွားပါပြီ။

နောက်တစ်ခါ သုတ္တံတစ်ခုမှာလည်း ဗုဒ္ဓဟာ ခုလို မိန့်ခဲ့ဖူးတယ်။ "ဆိုကြပါစို့ ရဟန်းတို့... လူ တစ်ယောက် ဟာ တောတစ်အုပ်ကို ဖြတ်တဲ့အခါ ရှေးဟောင်းလမ်းကလေး တစ်ခုကို တွေ့မိတယ်။ ဒီလမ်းကလေး အတိုင်း လိုက်သွားတဲ့အခါမှာ ရှေးဟောင်းမြို့ပျက်ကြီး တစ်ခုကို တွေ့မယ်။ ဒီထဲမှာ ပန်းခြံဟောင်းတွေ... အုတ်ဂူတွေ... ရေကန်ကြီးတွေ... စသဖြင့်တွေ့မယ်။"

ဒီ စကားရပ်မှာ ပုံဖော်ထားတဲ့ အားက နည်းနည်းနောနော မဟုတ်ဘူး။ သာမန် ဥပမာ ဥပမေယ တစ်ခုထက် ကွက်ကွက် ကွင်းကွင်း ပေါ်လွင်တယ်။ ဒီသုတ္တံကို ဟောကြားရာ အရပ်ဖြစ်တဲ့ သာဝတ္ထိရဲ့ မြို့နီးနား နေရာတွေ အကြောင်းကို ခေတ်ပြိုင်ကျမ်း တွေရယ် မှတ်တမ်းတွေရယ်မှာ ပြန်လှန်လှောပြီး ဖတ်ကြည့်တော့လဲ အဲ့သည် ဒေသတဝိုက်မှာ အဆိုပါ အချိန်က ဘာမြို့ပျက်မှ မရှိ။ နောင်တချိန် ကျမှသာ မြို့ပျက် ဖြစ်လာမယ့် သာဝတ္ထိမြို့မှာ အခုတရားကို ဟောနေတာ မဟုတ်လား။

ဆိုတော့ အနီးဆုံး ရှေးဟောင်းမြို့ပျက်ကို ရှာလိုက်ရင် တစ်နေရာသာ ထွက်လာတယ်။ အဲ့ဒါကတော့ ဂန္ဓာရတိုင်းထဲက သိန္ဓု မြို့ဟောင်းကြီးသာ ဖြစ်ပါတယ်။ ၂၆၀၀ ဘီစီ ကနေ ၁၉၀၀ ဘီစီအီး နောက်အကျဆုံး ၉၀၀ ဘီစီအီး အထိကို ထားရစ်ခဲ့တဲ့ မြို့ပျက်တွေ ရှိတယ်။

ဆိုတော့... ဒီ ဥပမာကို ဗုဒ္ဓဟာ သုံးဖို့အတွက်ဆိုရင် အချက် ၂ ချက်နဲ့ ညီညွတ်မှသာလျှင် သုံးရတာ သင့်လျော်တယ်။ ၁ အချက်က ဟပ်ပြလိုတဲ့ အကြောင်းနဲ့ ထပ်တူ ပြုနိုင်လောက်အောင် မိမိဟာ ဥပမာကို နားလည်ထားရမယ်။ ၂ အချက်က မိမိရော ပရိသတ်ပါ ဒီ ဥပမာကို ပုံဖော်နိုင်စွမ်း ရှိနေရမယ်။

ဆိုလိုတာက ပရိသတ်တွေဟာလည်း အဲ့သည် အရပ်ဒေသ ကို ရောက်ဖူးရင် ရောက်ဖူးသူ ဖြစ်ရမယ်။ မဟုတ်လဲ အဲ့သည် အရပ်မှာ နေထိုင်သူ ဖြစ်ရမယ်။ မဟုတ်ရင် တို့ဗုဒ္ဓဘယ်လို ဟာမျိုးများ ပြောနေ တာ ပါလိမ့်လို့ တွေးမိရင် အလကားနေရင်း... ကိုယ်ဟပ်ပြလိုတဲ့ ကိစ္စပါ ပျက်နိုင်တယ် မဟုတ်လား။ ဒီလို အဖြေ ကောက်ချက် ထွက်ပေါ်လာတယ်။

အပိုင်း (၄) ဇရသုစရ ကိုနားလည်သူ

နောင်ထပ် ထူးဆန်းတဲ့ ဇာတ်ကောင်တစ်ကောင်။ ဒီဇာတ်ကောင်ကတော့ မာရ်နတ်ဖြစ်တယ်။ ဘာ့ကြောင့် ထူးဆန်းရတာလဲ ဆိုရင် ကျန်တဲ့ နတ်တွေ ဗြဟ္မာတွေ ဆိုတာ ဟိန္ဒူနဲ့ ဂျိမ်း ကျမ်းတွေမှာ ရှိတယ်။

သို့သော် မာရ်နတ် အယူအဆ... ဘုရား ရဲ့အဆုံးစွန်သော မဟာ့မဟာ ရန်သူဆိုတဲ့ ဇာတ်ရုပ်ဟာ အိန္ဒိယ ဒေသတွင်း ကြိုက်တဲ့ ဝါဒ ထဲ မွှေနှောက်ရှာကြည့်... မတွေ့နိုင်တဲ့ ဇာတ်ကောင် ဖြစ်တယ်။ ဗုဒ္ဓရဲ့ အခြားတစ်ဖက်ဖြစ်သလို ဗုဒ္ဓ မဖြစ်မီ တလျှောက်လုံး အမြဲလိုလို လိုက်လံ ဒုက္ခ ပေးလေ့ ရှိသူ ဖြစ်တယ်။

ဗုဒ္ဓ ဖြစ်ပြီးနောက်မှာလည်း အယုသင်္ခါ လွှတ်ဖို့ကို ခနခန လာတိုက်တွန်း တတ်သူလည်း ဖြစ်တယ်။ ပြောရမယ်ဆိုရင် ပရိနိဗ္ဗာန်စံချိန်အထိ လိုက်လံ နှောင့်ယှက်တဲ့ မာရ်နတ်ကို ဗုဒ္ဓဘာသာဝင်တွေ အမျိုးမျိုး ပုံဖော်လေ့ ရှိကြတယ်။

နတ်ဆိုး တစ်ပါး အနေနဲ့ လည်းကောင်း၊ ဗုဒ္ဓရဲ့ အတွင်း အဇ္ဈတ္တ သရုပ်ဖော်မှု အနေနဲ့ လည်းကောင်း စသဖြင့် ရှုထောင့်တွေကနေ ဘယ်လိုပဲ ကြည့်ကြည့် နောက်ဆုံးမှာ မာရ်နတ်ဆိုတာ ဉာဏ်အလင်းရဲ့ ဟိုဘက်အခြမ်း၊ မဟာရန်သူ ဆိုတဲ့ သဘောလေး သာ ဖြစ်တယ်။

ဆိုတော့ ဒီလို ဟိုဘက် ဒီဘက် အကောင်းအဆိုး ပုံစံမျိုးဟာ အိန္ဒိယ ယဉ်ကျေးမှုရဲ့ အပြင်ကို ရောက် နေခဲ့ပါတယ်။ တိတိကျကျ ပြောရမယ်ဆိုရင် ခရစ်ယာန်ရဲ့ ဘုရားသခင်နဲ့ စာတန်လို သဘာဝ ဖြစ်နေ တယ်။ ဗုဒ္ဓခေတ်တုန်းက ခရစ်ယာန် မရှိသေးဘူး။

မှန်တယ်။ သို့သော်... အိန္ဒိယ ရဲ့ အပြင်ကို ထွက် ကြည့်မယ်ဆိုရင်တော့... ဒီအယူအဆ ဆန်တဲ့ ဝါဒတစ်ရပ်ဟာ အင်နဲ့အားနဲ့ ပြန့်နေတာကို တွေ့ရမှာ ဖြစ်တယ်။ အဲဒီ ဝါဒက ဘာလဲဆိုရင် ဇရသုစရ ဝါဒ (Zoroaster) ဖြစ်တယ်။ တက္ကသီလာ တင်မကဘူး။ အီဂျစ်ဘက် အထိ ပြန့်နှံ့နေတဲ့ ပါရှားဒေသတစ်ခုလုံးရဲ့ ကိုးကွယ်ရာ ဝါဒ ဖြစ်တယ်။

ဇရသုစရ ဝါဒမှာ အောရ်မားဇ် ဘုရားဟာ အမွှာညီနောင်ကို မွေးထုတ်လိုက်ပြီး တစ်ယောက်က အမှန် တရား ကို ရှာဖွေတယ်။ နောက်တစ်ယောက်က အမုန်းတရား အလိမ်အညာတွေ ကို ရှာဖွေ တယ်။ တစ်ယောက်က အပေါင်း ဆိုရင် နောက်တစ်ယောက်က အနှုတ်.. ကောင်းခြင်းနဲ့ ဆိုးခြင်း စသဖြင့် မာရ်နတ်နဲ့ဘုရားကို ဟိုဘက်ဒီဘက် ပုံဖော်မှုနဲ့ ထပ်တူပြုနေတယ်။

ဗုဒ္ဓဟာ တက္ကသီလာ လောက် တင် ကျင်လည်ခဲ့သူလား။ ဇိုးရိုးအက်စတာ ဆိုတဲ့ ဇရသုစရ ဝါဒကို ဘယ်လောက်ထိ နှံ့စပ်ခဲ့ သူလဲ ဆိုတာ ကို လိုက်လေ့လာဖြစ်ခဲ့တယ်။

ဒီနေရာမှာ စတီဗင် ဘတ်ချလာရဲ့ buddhist atheist ကို ဘာသာပြန်တာပြီးပြီ ဖြစ်ပါတယ်။ သို့သော်... ဒီကနေ ကျွန်တော့်အနေနဲ့ နောက်တစ်အုပ်နဲ့ သွားတွဲဖတ်မိတာက ဘေဘီလုံက ဗုဒ္ဓဆိုတဲ့ စာအုပ် ဖြစ်တယ်။ အဲ့သလို ၂ အုပ်တွဲဖတ်လိုက်တော့မှ တော်တော်လည်း ရှင်းသွားခဲ့တယ်။

သို့သော်... နောက်ထပ် တစ်အုပ်ကို မကူးမီမှာ ကျွန်တော်တို့ ရှင်းစရာ ရှိတဲ့ အချက်အလက် မှားတွေ (လို့ယူဆရတဲ့) ကို နောက်တစ်ပိုင်းမှာ ရှင်းပါ့မယ်။ နီပေါလ် နဲ့ အိန္ဒိယ ၂ နိုင်ငံကြားက ဗုဒ္ဓ ဖွားတော်မူရာ အရပ်ကို အပြိုင် လုကြတဲ့ အကြောင်း ဖြစ်ပါတယ်။

အပိုင်း (၅) မြတ်ဗုဒ္ဓကို လုကြတဲ့ပွဲ

"သကျတို့ရဲ့မြေ... ကပိလဝတ်ကို တွေ့ပြီတဲ့!"

၁၉ ရာစု စီအီး မှာ ထွက်ပေါ်လာတဲ့ ဒီကြေငြာချက်ဟာ တစ်ကမ္ဘာလုံး အနှံ့ကို ဂယက်ရိုက်သွားခဲ့တယ်။ သို့သော် အများထင်သလို အိန္ဒိယ က မဟုတ်။ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ နီပေါလ်က ဖြစ်နေတယ်။

"ဒါဆိုရင် ဗုဒ္ဓဟာ နီပေါလ်မှာ ဖွားမြင်ခဲ့တာပေါ့" ဆိုတဲ့ တအံ့တသြ ကောက်ချက်တွေနဲ့အတူ နီပေါလ်နိုင်ငံရဲ့ ခရီးသွားလာရေး လုပ်ငန်းဟာ သွက်လက်စွာ လည်ပတ်လာခဲ့တယ်။ နိုင်ငံခြားငွေ စီးဝင်မှုဟာလည်း အံ့သြဘနန်း လျှံတက်လာခဲ့တယ်။ သို့သော် သိပ်မကြာခင် အချိန်မှာပဲ နီပေါလ်တွေ ဗုဒ္ဓကို ခိုးယူတယ် ဆိုတဲ့ သတင်းတွေ အိန္ဒိယ ဘက်ကနေ အပြိုင်အဆိုင် တက်လာခဲ့တယ်။

ဝေဖန်ပုတ်ခတ်သူတို့ ထောက်ပြချက်အရ နီပေါလ် အစိုးရ ခန့်ထားတဲ့ စစ်တမ်းကောက် သမား ဒေါက်တာ အလွိုက်စ် အန်တွန် ဖျူရာ (၁၈၈၆ - ၁၈၉၈ စီအီး) ဟာ လုမ္ပနီနဲ့ ပတ်သက် စပ်လျင်းတဲ့ သမိုင်း အထောက်အထား တွေကို လိမ်လည်ခဲ့တယ်လို့ ဆိုတယ်။

ဒါ့အပြင် ဒေါက်တာ ဖျူရာဟာ ရှေးဟောင်း ပစ္စည်း တွေကို မှောင်ခို ကူးတဲ့ နာမည်ပျက်လဲ ရှိခဲ့ဖူးတယ်လို့ စွပ်စွဲသူတို့က ဆိုပါတယ်။ ထွက်လာခဲ့တဲ့ သတင်းတွေအရ ၁၈၉၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာ ဒေါက်တာ ဖျူရာ ရှာဖွေတွေ့ရှိခဲ့တဲ့ အာသောက ကျောက်စာ ဟာ အတုလို့ စွပ်စွဲကြတယ်။ ဒါ့အပြင် ဒေါက်တာ ဖျူရာဟာ အခြားသော ဆက်စပ် ပစ္စည်းများကို နေရာ ရွှေ့ပြောင်းမှုတွေ လုပ်ခဲ့တယ်လို့ ဆိုတယ်။

သတင်းတွေ ထွက်ပြီး သိပ်မကြာခင်မှာ ဒေါက်တာဖျူရာ အလုပ်ကနေ ထုတ်ခံလိုက်ရတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ နီပေါလ်နဲ့ အိန္ဒိယရဲ့ ပြိုင်ဆိုင်မှုတွေဟာ မြင့်တက်လာခဲ့တယ်။

မာယာဒေဝီ ကျောင်းဆောင်ဆိုရင် မူလ အဆိုပြုထားတဲ့ ၅၅၀ ဘီစီအီး က အဆောက်အအုံဆိုတဲ့ အဆိုကို မှားကြောင်း ထောက်ပြကြတယ်။ အုတ်တုံးကို စစ်ဆေးမှုတွေက ဘီစီအီး ၃ ရာစု (အာသောကခေတ် နောက်ပိုင်း) က အဆောက်အအုံ ဖြစ်ကြောင်း ဖော်ထုတ်လာကြတယ်။

၂၀၁၀ မှာ စာရေးဆရာ ဒေါက်တာ ဖာရိဒ် ဇာကာရိယာ ရေးတဲ့ "The Post American World" စာအုပ်ကို နီပေါလ် အစွန်းရောက်တွေက မီးရှို့ဖျက်ဆီးမှုတွေလုပ်ခဲ့တယ်။ အကြောင်းပြချက်က စာမျက်နှာ ၁၅၄ မှာ ရေးထားတဲ့ "ဗုဒ္ဓ ဟာ အိန္ဒိယသား ဖြစ်တယ်" ဆိုတဲ့ အဆိုပြုချက်ကြောင့်လို့ ဆိုခဲ့တယ်။

ဝါဒဖြန့်တဲ့ သဘောနဲ့ နီပေါလ်ဘက်က ရူပီး ၁၀၀ တန်တွေမှာ "လုမ္ပနီ- မြတ်ဗုဒ္ဓ ဖွားမြင်ရာ" လို့ ရိုက်နှိပ် ထုတ်ဝေခဲ့သလို အိန္ဒိယဘက်ကလည်း လူကြည့်များတဲ့ Zee TV လို တီဗီလိုင်းကနေ ဗုဒ္ဓဟာ အိန္ဒိယမှာ ဖွားမြင်တဲ့ အကြောင်းတွေကို ဝါဒဖြန့်တယ်။

ဒီလို တဖက်နဲ့ တဖက် အပြိုင်အဆိုင် နယ်မြေလုနေချိန်မှာ ရှေးဟောင်းသုတေသန ပညာရှင်အချို့ကတော့ ဒီလို အထောက်အထား လိမ်မှုကြီးကိုရော.. ရှုပ်ထွေးနေမှု တွေကိုပါ သိသိကြီးနဲ့ လစ်လျူရှုထားလိုက်ပါတယ်။

အခြားတစ်ဖက်မှာတော့ သူတို့အနေနဲ့ ခုထက် ပိုမို ခိုင်မာတဲ့ အထောက်အထား ကျောက်စာတွေကို လိုက်လံရှာဖွေလျက် ရှိနေပါတယ်။ ဒီလို ရှာဖွေနေခဲ့ကြရင်းနဲ့ သိန္ဓုချိုင့်ဝှမ်း ဒေသရဲ့ အနောက်ဘက် တကြောမှာ ဗုဒ္ဓဘာသာ အဆောက်အဦးတွေ တူးဖော်တွေ့ရှိလာခဲ့တယ်။ ဒါပေမယ့် ဝမ်းနည်းဖို့ကောင်းလွန်းတာက အဲ့သည်တွေ့တဲ့ တလျှောက်ဟာ အိန္ဒိယဘက်လဲ မဟုတ်သလို နီပေါလ်ဘက်လဲ မဟုတ်။

တချိန်က ဝေဒ၊ ဇရသုစရနဲ့ ဗုဒ္ဓ ဝါဒတို့ ပြိုင်တူ ထွန်းကား ခဲ့လေတဲ့ ဒီကနေ့ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နဲ့ အီရန် ဒေသတွေသာ ဖြစ်တယ်။ နီပေါလ်နဲ့ အိန္ဒိယတို့က မရှိရှိတဲ့ အုတ်တစ်ချပ် ကျောက်တစ်ပြားစာလောက်နဲ့ လုယက် ငြင်းခုန်နေသလောက် ဟိုဘက်မှာတော့ တကယ့် အစစ်အမှန် ဗုဒ္ဓဘာသာရဲ့ ရှေးဟောင်း အမွေအနှစ် တွေ ဖျက်ဆီးခံနေရတာ သတင်းတွေထဲမှာ တွေ့မြင် ကြရမှာပါ။

ဒါတွေဟာ ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ် ပြန်မေးခွန်းထုတ်စရာတွေလည်း ဖြစ်ပါတယ်။ သမိုင်းကို သမိုင်းမှန်းမသိ၊ တန်ဖိုးမထား... ထိန်းသိမ်းရကောင်းမှန်း မသိတဲ့ အာဖဂန်တို့ အီရန်တို့ လက်ထဲထက်...

ကိုယ့် သမိုင်းဟုတ်ဟုတ် မဟုတ်ဟုတ်... ဗုဒ္ဓရဲ့ ဂုဏ်ကို သူ့ထက်ငါ အလုအယက် မြှင့်တင်လိုတဲ့ စိတ်... ဗုဒ္ဓဘာသာ ကို ထိန်းသိမ်းချင်တဲ့စိတ် ရှိတဲ့ နီပေါလ်နဲ့ အိန္ဒိယလို ဒေသတွေလက်ထဲမှာ ထားရတာကို ပိုပီတိ ဖြစ်မိတယ်။

သို့သော်လည်း တချိန်ထဲမှာ သမိုင်း အစစ်အမှန်ကို သိဖို့ ဆက်လက်အားထုတ်ဖို့ လိုအပ်သေးတာမို့ ဗုဒ္ဓတကယ်ဖွားမြင်ခဲ့ကြောင်း အထောက်အထားတွေ ပိုပိုများလာတဲ့ ဒီကနေ့ ပါရှားဒေသ... ရှေးအခေါ် ဘေဘီလုံဒေသဘက်ကို ဆက်လက် လေ့လာခဲ့မိပါတယ်။

အပိုင်း (၆) ဘေဘီလုံက ဗုဒ္ဓလား

ဗုဒ္ဓကို ပါရှားမှာ ခြေရာခံမှာကတော့ ဟုတ်ပါရဲ့။ ဘယ်က ဘယ်လိုစရမှန်းမသိ။ တောက်လျှောက် လိုက်လာခဲ့တဲ့ သမိုင်း ဖတ်လာခဲ့တဲ့ ရာဇဝင်တွေကလည်း ကိုယ်ရှာချင်တဲ့ဘက်ကို ယောင်လို့တောင် မျက်စောင်း ထိုးခဲ့ဖူးတာမဟုတ်။

အားလုံးက အိန္ဒိယ... သီဟိုဠ်... နီပေါ... (မြန်မာတောင်ပါသေး) ဒီဘက်တွေမှာချည့်ပဲ ဆိုတော့ ဝိုင်းပြီးတော့ ကိုယ့်ကို လှောင်နေသယောင်။

အဲ့ဒီ အချိန်မှာ ဖိုရမ်တွေထဲ လိုက်မွှေရင်း မွှေရင်းနဲ့ နောက်ဆုံး စာအုပ်တစ်အုပ် ကိုယ့်လက်ထဲရောက်လာတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကိုယ် သိချင်နေတဲ့ အချက်အလက် တွေ တော်တော်များများ ပါတဲ့ အပြင် ပြီးစလွယ် ရေးထားတာမျိုးလဲ မဟုတ်ပဲ တွေ့ရှိခဲ့ထား တဲ့ ကျောက်စာတွေ သမိုင်း အချက်အလက်တွေကို ကျောရိုးယူပြီး တည်ဆောက်ထားတဲ့ စာအုပ် ဖြစ်နေတယ်။

ဒီစာအုပ်ကို ကိုးကားပြီးတော့သာ အောက်ပါ အကြောင်းအရာများ ရေးသားခြင်း ဖြစ်ပြီး တစ်စုံတစ်ခု လွဲမှားခဲ့သည်ကို မြင်သည်ရှိသော် ထောက်ပြပါ။

ကျွန်တော်တို့ ဆွေးနွေးကြမယ်။ နောက်ဆုံးအဖြေမထွက်သည့် တိုင်အောင် ဘဝင်ကျစေတဲ့အထိ တစ်ဖက်နဲ့ တစ်ဖက် လက်တွဲလို့ အဖြေထုတ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။

ကောင်းပါပြီ။ ပထမဆုံး "သကျ" တွေ အကြောင်းကို အရင်ဆုံးဖွင့်ဆိုချင်တယ်။ သကျတွေဟာ ဒီကနေ့ခေတ် ဘယ်ရောက်လို့ ရောက်နေကြမှန်း မသိကြတော့ဘူး။

တချို့ကလဲ သကျ တွေဟာ ဝေါဟာရ ပြောင်းလဲရင်း နဲ့ သကျကနေ သက္က> သက္ကမ> စက္ကမ> ချက္ကမ (ဒိုင်းနက်- ရခိုင်ဒေသနေ တိုင်းရင်းသား တစ်မျိုး) ထိ ဖြစ်လာပြီး မြန်မာနိုင်ငံမှာ အခြေချ နေထိုင်တယ်လို့ ဆိုကြတယ်။

အတ္တနောမတိ လွတ်ကင်းမှုမရှိတဲ့ အရိပ်အယောင် တွေ့နေရသော်လည်း ဖြစ်နိုင်ချေ ရာနှုန်း ၀.၁% လောက်တော့ စိတ်ထဲမှာ တေးထားခဲ့ ဖူးပါတယ်။

မှန်နန်းရာဇဝင်ထဲမှာလည်း တကောင်းမြို့ကို တည်ထောင်တဲ့ အဘိရာဇာမင်းဟာ သကျမျိုးဆက်လို့ ဆိုပြန်တယ်။ တိဘက်မှာလည်း တလိုင်းဘုန်းတော်ကြီးတွေ မျိုးထဲရောက်ပြီး Sakya-Khön ဆိုတဲ့ နာမည် အထိ ပြောင်းကုန်ကြတယ်။

ဒါပေမယ့် ဘီစီအီး ၆၀၀ ဝန်းကျင်တုန်းက သကျ အကြောင်းဟာ ပိဋကတ်ထဲ ပြသလောက် ကျော်ဇောခဲ့ရိုးမှန်ရင် အဲ့သည် ကာလ ခေတ်ပြိုင်မှတ်တမ်း တွေထဲမှာ သကျ ဆိုတဲ့ စကား ပါလာရမှာပေါ့။

အိန္ဒိယ နယ်ထဲမှာတော့ သကျဆိုတာ ရှေးဟောင်း နန်းမျိုး နန်းနွယ် တစ်ခုထက်မပိုပဲ ဗုဒ္ဓဘာသာနဲ့ ဂျိမ်းဘာသာလောက် မှာတင် လမ်းစဆုံးနေတာ တွေ့ရတယ်။

သို့သော် ခု ပါရှားဆိုတဲ့ အမြင်ကနေ ကြည့်လိုက်တဲ့အခါ သကျဆိုတာ တကယ့်ကို အဲ့သည် အချိန်က နာမည်ကျော် မျိုးနွယ်တစ်ခုဖြစ်နေတယ်။ Saka စက္က သို့မဟုတ် ဆိုင်သီယန် Scythian လို့ ခေါ်တဲ့ လူမျိုး တွေ ဖြစ်နေတယ်။  ဆိုင်သီယန်တွေဟာ ပထမဆုံး မြင်းနဲ့ စစ်တိုက်တတ်တဲ့ မျိုးရိုးတွေ ဖြစ်ကြတယ်။ စစ်ရေးစစ်ရာ အလွန်ကျွမ်းကျင် ပိုင်နိုင်တယ်။

သူတို့တွေဟာ အဲ့သည် အချိန်က ဂရိ ပါရှား အိန္ဒိယနဲ့ တရုတ်ဘက်အထိကို ခြေဆန့်နေထိုင်ခဲ့ကြသူတွေ ဖြစ်တယ်။ အင်ဒို ဆိုင်သီယန်တွေလို့ ခေါ်တဲ့ အဲ့သည် အီရန် အခြေပြု လူမျိုးတွေမှာ ချမ်းသာ ကြွယ်ဝလာတဲ့ မိသားစုတွေက စစ်မတိုက်ကြပဲ ပါရှားဘက်မှာ အုပ်ချုပ်ရေးထဲ ပါဝင်လာ ခဲ့ကြတယ်။

ဒါဆိုရင် သကျ (သို့မဟုတ်) စက္က အုပ်ချုပ်ရေးသမား တွေကို ကျွန်တော်တို့ အနီးစပ်ဆုံး ခြေရာခံမိပြီလို့ ယူဆလို့ရတယ်။ ဗုဒ္ဓဟာ ဒီလို ဆိုရင် သိန္ဓု ချိုင့်ဝှမ်းရဲ့ အနောက်ခြမ်းမှာ နေထိုင် ကျင်လည်ခဲ့သူ တစ်ယောက်ဆိုတဲ့ အဆိုကို အထောက်အပံ့ပြုလာတယ်။

ဘာသာဗေဒ သုတေသီတို့ရဲ့ ဆေးကျောမှုအရဆိုရင်လည်း Saka တွေရဲ့ ယဉ်ကျေးမှု ဟန်ပန်တွေဆိုတာ ပါရှားဘက်အခြမ်းဖြစ်တဲ့ မက်ဆိုပိုတေးမီးယားနဲ့ အာယန်-ဝေဒ ယဉ်ကျေးမှု တွေနဲ့ ဆက်နွယ်နေပြန်တယ်။

ကပိလဝတ် ဆိုတဲ့ Kapilavastu မှာ ဝတ် (ဝတ္တက) vastu ဆိုတာသည် အခြေချခြင်း၊ ပိုင်နက် စသဖြင့် အဓိပ္ပာယ်ရပြီး Kapila ကပိလ ဆိုတာ မြို့လို့ ပြနေတာကလွဲလို့ တခြား တိုက်ရိုက်ညွှန်းဆိုချက် ပါဠိ မရှိဘူး ဖြစ်နေတယ်။

အခြားတစ်ဖက်ဖြစ်တဲ့ မက်ဆိုပိုတေးမီးယား ယဉ်ကျေးမှုမှာတော့ Kapila ဝေါဟာရနဲ့ အဆင်ဆုံးဆိုလည်းဟုတ်... မြို့ဆိုလည်း ဟုတ်တဲ့ ဝေါဟာရ Babila (ဘာဘီလ်) ဆိုတာ ရှိနေတယ်။ အဓိပ္ပာယ်က နတ်ဘုရားတို့ရဲ့ တံခါးပေါက်တဲ့။ အဲ့သည် မြို့ကိုတော့ ဒီကနေ့ လူတွေ Babylon ဘေဘီလုံ လို့ အသိများကြတယ်။

Scythian တွေဟာ တကယ်လဲ Babylon မြို့က အုပ်ချုပ်ရေးသမားတွေ ဖြစ်တယ်။ ဒီအဆင့်မှာတော့ ရှေ့လျှောက်တွေ့တဲ့ အချက်တွေက တဖျတ်ဖျတ်နဲ့ အချိတ်အဆက် မိလာခဲ့တယ်။

ပသေနဒီ ဆိုတာ Pārse ပါရှား ဘုရင်တွေနဲ့ ဘယ်လို ပတ်သက် လိမ့်မလဲ။ ကိုယ်တွေသိထားတဲ့ အဇာတသတ် Ajatashatru နဲ့ ပါရှားရဲ့ တော်လှန်ရေး ဘုရင် ဇရက်ဆက်စ် Xerxes ကရော တစ်ယောက်ထဲပဲလား။

အဲ့ဒီအထက်မှာရှိတဲ့ Xerxes ရဲ့ အဖေ Darius ဒေးရီးယပ်စ် ကရော Badiya ဘာဒီးယား ယောင်ဆောင်ထားတဲ့ ဂေါမတ Gomata ဆိုတဲ့ ထူးဆန်းတဲ့ လူကို ဘာလို့ အရမ်းမုန်းရတာလဲ။ ဘာလို့ လုပ်ကြံဖို့ ကြိုးစားရတာလဲ။

အကယ်၍သာ Gomata ဟာ Gotama ဆိုတဲ့ ကျွန်တော်တို့ ဗုဒ္ဓသာ ဖြစ်ခဲ့ရင်... ဒေးရီးယပ်စ် ဆိုတာ ဒေဝဒတ် လေလား???

အပိုင်း (၇) ဒေးရီးယက်(စ်) သို့မဟုတ် ဒေ၀ဒတ်

ဂရီကိုအင်ဒီးယန်း ရှေးဟောင်းလက်ရာနဲ့ ဂန္ဓာရ ရှေးဟောင်းလက်ရာ တို့ကြားမှာ ပုံပန်းသဏ္ဌာန် ကွာခြားမှု ရှိပါတယ်။

သေချာတာတစ်ခုက နီပေါလ်ရယ် အိန္ဒိယ ရယ် မှာ တွေ့နေရတဲ့ လက်ရာတွေ ယဉ်ကျေးမှုပုံစံတွေက မူလ ဂန္ဓာရ လက်ရာတွေနဲ့ အပ်စပ်မှု မရှိနေတာ တွေ့နိုင်တယ်။ ဂန္ဓာရ လက်ရာ တွေထက် ပိုနောက်ကျတယ်။

ဒါ့အပြင် အိန္ဒိယနဲ့ အီရန်ဆိုတာ တစ်ခါက ကုန်းမြေထိစပ်နေတဲ့ တစ်တိုက်ထဲ သားချင်းဆိုတာ မမေ့သင့်ဘူး လို့တော့ ထင်မိတယ်။ တချိန်က အလက်ဇန်းဒါး ဘုရင်ကြီးဟာ ယခု ကျွန်တော် တို့ အခေါ် အီရန် ဆိုတဲ့ ဒေသတွင်း မှာပဲ အိန္ဒိယသားတွေကို သုတ်သင် နှိမ်နင်းနိုင် ခဲ့တယ်လို့ ဆိုခဲ့ တယ်။

ဒီမှာ ဘာကို တွေ့နိုင် သလဲ ဆိုရင် ဘီစီ လေးရာစု အထိ အီရန် အရှေ့တောင်ပိုင်း တကြောလုံး ကို အိန္ဒိယနိုင်ငံကြီးလို့ သမုတ်လေ့ ရှိတာကို တွေ့နိုင်တယ်။

ဒါကို ပါရှန်း သမိုင်းပညာရှင် ဟီရိုဒိုးတပ်(စ်) (ဘီစီ ၄၈၄ - ဘီစီ ၄၂၅) က ဂေဒရိုးရှား ဒေသ မှာ အိန္ဒိယ သားတွေ ကိုတွေ့ခဲ့ရတယ်လို့ မှတ်တမ်းတင်ခဲ့ဖူးတယ်။

နာမည်ရ စာတမ်းပြုစု သမား တွေ ဖြစ်ကြတဲ့ အာနိုး တွိုင်ဘီးနဲ့ ဆာ ချားလ်စ် အဲလိယက်တို့ကလည်း ဒီလို ပထ၀ီ အနေအထား ရောယှက် ထပ် နေခြင်းကို သတိပြုမိခဲ့ ကြတယ် ဆိုတာကို ချားလ်စ် အဲလိယက်က သူရေးခဲ့တဲ့ “ဟိန္ဒူနဲ့ ဗုဒ္ဓ ဘာသာ” ဆိုတဲ့ စာအုပ်ထဲမှာ ခုလိုထည့် ရေးထား ပါတယ်။

“ပါရှားနဲ့ အိန္ဒိယ တို့ရဲ့ ပထ၀ီ အနေအထားရယ် နိုင်ငံရေးနဲ့ ဆက်စပ်တဲ့ ဝေါဟာရတွေရယ်ကို စကားလုံး ဗေဒ ပညာရှင်တွေ ပေါင်းစည်းဖို့ ခုထိ မလုပ်ကြသေးဘူး။” (C. Eliot, Hinduism and Buddhism,, part III, p. 449)

သမိုင်းပညာရှင် ဗင်းဆင့် စမစ်(သ်) ကလည်း ဂေဒရိုးရှား နဲ့ ကာမေးနီးယားကို အိန္ဒိယဆိုတဲ့ ဒေသကြီး ထဲမှာ ရှိတဲ့ အပိုင်းတွေလို့ တထစ်ချ ဆိုခဲ့ဖူးပါတယ်။

“ဟိန္ဒူနဲ့ ဗုဒ္ဓ ဘာသာ” စာအုပ်ရေးခဲ့တဲ့ အဲလိယက် ကပဲ နောက်တစ်ချက် ထောက်ပြပြန် တာက မဟာ ယန တွေရဲ့ နတ်ဘုံ သုခ၀တီ (Sukhavati) ဆိုတာ ပါရှားထဲက (Saukavastan) စောခဗာစတန် ဒေသ ကိုသာ ဆိုလိုတယ်လို့ ပြောခဲ့တယ်။ အီရန် ဒေသတွင်းမှာ တူးဖော် တွေ့ရှိခဲ့တဲ့ ကျောက်စာ တစ်ချပ်ရှိ ပါသေးတယ်။ ဘီဆိုတွန်း ကျောက်စာ (Behistun Inscription) လို့ ခေါ်ပါတယ်။

ဒီကျောက်စာထဲမှာတော့ စောခဗာစတန်ဟာ ဂေါမတ ရဲ့ ပိုင်နက် (သို့မဟုတ်) နေထိုင် သွားလာရာ ဒေသလို့ ဆိုထားတယ်။ ကျောက်စာရှင်က ဒေးရီးယပ်စ် ဖြစ်ပြီးတော့ သူဟာ ဆိုင်းရပ် (စ်) ဘုရင်ကြီးရဲ့ သားတော် ဖြစ်တယ်။

"ဂေါမတ" တဲ့။ ဘီဆိုတွန်း ကျောက်စာ ထဲမှာ ဒေးရီးယပ်(စ်) ရေးသားထားပုံအရဆိုရင် ဂေါမတဟာ လူလိမ်လူညာ တစ်ယောက် ဖြစ်တယ်။

ဂေါမတ ဆိုသူဟာ ဆိုင်းရပ်(စ်) ဘုရင်ကြီးရဲ့ သား ဘာဒီးယား အယောင်ဆောင်ပြီး တိုင်းပြည်ကို အုပ်ချုပ် နေခဲ့တယ်လို့ စွပ်စွဲခဲ့တယ်။ ဘာဒီးယား အစစ်ဟာ သေသွား ခဲ့ပြီဆိုတာကို တော့ ဒေးရီးယပ်(စ်) က နန်းတော်တွင်းက လူတွေသာ သိကြတယ်လို့  ဆိုတယ်။

ဒါ့ကြောင့် ဒေးရီးယပ်(စ်) ဟာ မသမာသူ ဖြစ်တဲ့ ဂေါမတ လက်ထဲကနေ ထီးနန်းကို ပြန်လုယူခဲ့ပြီး ဂေါမတကို တောထဲထိ မောင်းထုတ်ရင်း တောထဲမှာ သတ်ဖြတ်ခဲ့တယ်လို့ ဘီဆိုတွန်း ကျောက်စာ ထဲမှာ ဒေးရီးယပ်(စ်) ကဆိုခဲ့တယ်။

တစ်ရာစုလောက် နောက်ကျတဲ့ အချိန်မှာ ပေါ်လာခဲ့တဲ့ သမိုင်းမှတ်တမ်းရေးသူ ဟီရိုဒိုးတပ်(စ်) ကတော့ ဒေးရီးယပ်(စ်) စွပ်စွဲချက်တွေနဲ့ ဆန့်ကျင်စွာ ရေးသားထားခဲ့တာကို တွေ့နိုင်တယ်။

ဟီရိုဒိုးတပ်(စ်) ရဲ့ အဆိုအရ ဂေါမတဟာ ဘုရင်ဖြစ်ချင်လို့ ဖြစ်လာရသူတော့မဟုတ်။ ဘုရင်ကြီး ဆိုင်းရပ်(စ်) ရဲ့ သား ဘာဒီးယားနဲ့ ရုပ်အလွန် တူတယ်။ ဒီတော့ ဘာဒီးယား သေဆုံးသွားတဲ့ အခါမှာ နန်းတွင်း အသိုင်းအဝိုင်းက တိတ်တဆိတ် သူ့ကို နန်းတင်ခဲ့လိုက်တယ်။

မဖြစ်ချင်ပဲ ဘုရင် ဖြစ်လာရတဲ့ ဂေါမတ ဘုရင်ဟာ သဘောထား နူးညံ့သိမ်မွေ့ပြီးတော့ တိုင်းသူ ပြည်သား တွေကို ချစ်တယ်။ ညညဆိုရင် ကောင်းကင်ကို တစ်ယောက်ထဲမော့လို့ ကြယ်တွေကို ငေးကြည့်နေတတ်တဲ့ နက္ခတ် ဝါသနာရှင် တစ်ယောက်လဲ ဖြစ်တယ်။

မကြာခဏ ဆိုသလို အခွန် တွေကို ကင်းလွတ်ခွင့်ပေးတတ်ပြီးတော့ နန်းတွင်း ဘဏ္ဍာတွေကို စွန့်ကြဲ ပေးဝေလေ့ ရှိတယ်။ (ဒါကို မကျေနပ်တဲ့အတွက် ပုန်ကန်မှုဖြစ်လိမ့်မယ်လို့ ယူဆသူများပါတယ်။) အတွေးအခေါ်သမား တစ်ယောက် ဖြစ်ပြီး သူ့မှာ ဇရသုစရ ဝါဒ မဆန်တဲ့ အတွေးသစ် အမြင်သစ်တွေ ရှိတယ် လို့ ဟီရိုဒိုးတပ်(စ်) က ဆိုပါတယ်။

နောက်ထပ် သိဒ္ဓတ္ထ မင်းသားနဲ့ ဆိုင်းရပ်(စ်) ဘုရင်ကြီး ဆက်နွယ်မှုကလည်း စိတ်ဝင်စားစရာ ကောင်းတယ်။ ပါစီပိုးလစ်(စ်) တံဆိပ်တော်တွေဆိုတာ ရှိပါတယ်။ ဒါတွေဟာ ပါရှားမင်းဆက်တိုင်းရဲ့ အမှတ်အသား လက္ခဏာ ကို ဖော်ကျူးထားတယ်။ ဒီထဲမှာ ထင်ရှားစွာ ထွက်ပေါ်လာတဲ့ တံဆိပ်တော် ၂ ခုရှိတယ်။

အဲ့ဒါ?

cre - Kyaw Swar Tun #မှတ်စုကြမ်း


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...