နှုတ်ဆက်ချိန်
-----
အိတ်ကပ်အတွင်းကို စမ်းကြည့်လိုက်သောအခါ ဟောင်းနွမ်းတွန့်ကျေနေသော အကြွေ နှစ်ရာတန်တစ်ရွက် ထွက်လာ၏ ။ ဆုံးဖြတ်ချက်တို့ မတင်မကျ ဖြစ်နေစဉ် အတွေးတစ်ခုသည် ခေါင်းအတွင်းသို့ စိုက်စိုက် ဝင်ရောက်လာတော့သည် ။ ထိုအခါ ဘေးမှာရှိသော လူတစ်ယောက်အား အချိန်နှင့် နေ့ရက်ကို မေးမြန်းမိလေ၏ ။ တနင်္လာနေ့ ညနေ ၅ နာရီကျော်ပြီဖြစ်ကြောင်း သိရလေတော့သည် ။ တစ်ဖန် မက်တပ် ရပ်နေသော ပလပ်ဖေါင်းပေါ်မှ ကတ္တရာလမ်းဘက်ကို လှမ်းကြည့်လိုက်သည်ရှိသော် တစ်ရွေ့ရွေ့ ဖြတ်သန်းသွားလာနေသော ကားများနှင့် ရုံးတက် ရုံးပြန် ဝန်ထမ်းတို့ လွယ်အိတ် ကိုယ်ဆီ , ချိုင့် ကိုယ်ဆီနှင့် ကားမှတ်တိုင်ဂိတ်၌ စောင့်နေသည်ကို တွေ့ရလေ၏ ။ ထိုသူတို့နှင့် မခြားပေ ကျွန်တော်သည်လည်း အလုပ်မှ ပင်ပန်းကြီးစွာ ပြန်လာခဲ့သူဖြစ်ရကား ဘတ်(စ)ကား မှတ်တိုင်သို့ရောက်ရန် တစ်ဖက် ကားလမ်းသို့ ကူးရပေအုန်းမည် ။ သို့သော် လမ်းမကူးခင် ခြေလှမ်းတို့မှာ ရပ်တန့်နေလျက် ကားမှတ်တိုင်ကို သွားရမည်လော , တစ်ဖက်၌ ရှိသည့် ဖုန်းဆိုင်လေးဆီသို့ သွားရမည်လော နှင့် တွေဝေကာ ငါး မိနစ်ကျော်ကျော် ကြာသည့်တိုင် ရပ်တန့်မိနေလေတော့သည် ။
တစ်ပတ်တာ နေ့ရက်တို့သည် သူနှင့် ကျွန်တော့်အကြား ကန့်သတ်နယ်မြေအဖြင့် ရှိနေလေ၏ ။ တစ်ရက် တစ်ရက်နှင့် လက်ချိုးရေနေရုံကလွှဲကာ သူရှိသော အရပ်ဆီသို့ပင် ခြေဦး မလှည့်နိုင်ခဲ့ပေ ။ လွမ်းဆွေးခြင်းတို့အကြား ရင်၌ သိပ့်ကို များပြားလာသည်ရှိသော် စာရွတ် တစ်ရွက်ကို ခုံပေါ်တင်၍ ချရေးမိလေ၏ ။ ထိုအခါမှ ရင်၌ အနည်းငယ် ပေါ့ပါးသွားသယောင် ရှိသော်လည်း ဗုဒ္ဓဘူးနေ့ကို လျင်မြန်စွာ ရောက်ချင်နေပြီဖြစ်သည် ။ ရုံးဝန်ထမ်းတို့သည် ရုံးပိတ်ရက်ကိုသာ မျှော်လင့်ကြသော်လည်း ကျွန်တော့်အတွက်တော့ ဗုဒ္ဓဘူးနေ့သည် အလွန် တန်ဖိုး ရှိလှလေ၏ ။အဘယ်ကြောင့်ဆိုသော် သူနှင့် ကျွန်တော့်အကြား ဆက်သွယ်မှု အချိန်အတိုင်းအတာလေးသည် ၄င်း နေ့တွင်သာ သတ်မှတ်ထားသောကြောင့် ဖြစ်လေသည် ။
ထို ဗုဒ္ဓဘူးနေ့ဆို ကျွန်တော့်အိမ်၏ တစ်ဖက် မျက်စောင်းထိုး၌ရှိသော စတိုးဆိုင်လေးဆီမှ ညနေ ၆ နာရီတိုင်း ဖုန်းဆက်ရမည်မှာ ကျွန်တော့်၏ အပတ်စဉ် Duty ပင် ။ သူနှင့် ကျွန်တော်သည် ၄င်း အချိန်ရောက်မှ စကား ပြောဖြစ်ကြသည် ။ တစ်ပတ်စာ အလွမ်းတို့ကို ရင်ဖွင့်ကြသည် ။ စာ ဘယ်နှစ်စောင် ရေးထားကြောင်းနှင့် ဘယ်နေ့က အိမ်မက်တွေ ဘယ်လိုမက်ခဲ့ကြောင်းကို ဖွင့်ဟ ပြောကြကာ လာမဲ့ အလုပ်ပိတ်ရက်၌ ဘယ်မှာ တွေ့ကြမည်ဟု အတိအကျ ချိန်းဆိုလေ့ ရှိကြလေ၏ ။
ထိုအရာမှာ ကျွန်တော်တို့ နှစ်ယောက်၏ တစ်ပတ်တာ တွေ့ဆုံ လွမ်းဆွေးခြင်းပင်တည်း ။
ကျွန်တော်တို့ နှစ်ယောက်သည် အလုပ်ကိုယ်စီနှင့် ဖြစ်ရကား တစ်ယောက်ကို တစ်ရက်တာ နားခွင့် ရလေ၏ ။ ထို့ကြောင့် အပတ်စဉ် အပြင်၌ လူတွေ့ ဆုံရခြင်းသည် တစ်လလုံးပင် လေးရက်မပြည့်ပေ ။ အဘယ်ကြောင့် ဆိုသော် သူ၏ အိမ်မှ ပိတ်ရက်တိုင်း အပြင်ထွက်ရကောင်းလားဟူ၍ သူ့အား ဆူပူခြင်းကို မခံစေလိုသောကြောင့်ဖြစ်၏ ။
တနင်္ဂနွေနေ့ မနက် ၁ နာရီဖြစ်ရကား သူနေသော အရက်ဆီသို့ ထွက်ခွါလာခဲ့ပေပြီ ။ နေရာကိုပြော၍ တွေ့ဆုံခြင်းသည် ကျွန်တော်တို့ နှစ်ယောက်အတွက် အလွန်ကို နည်းလွန်းပြီး သူ အိမ်ကထွက်လာသော် စီးရမည့် ကားမှတ်တိုင်တွင်သာ ကျွန်တော်လာရောက် စောင့်နေလေ့ ရှိသည် ။ သူ့အိမ်နှင့် ကျွန်တော့်အိမ်ကို ဆက်သွယ်သွားလာမှုသည် ၁ နာရီကျော်ကျော် ကားစီးရသည်ဖြစ်သော်လည်း ဘယ်သောအခါမှ နေရာကိုပြောကာ သွားရောက်စောင့်နေလေ့မရှိပေ ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် ဖြစ်နိုင်မည်ဆိုပါက သူ့အိမ်ရှေ့ကပင် စောင်ခေါ်ကာ လိုရာခရီးကို သွားလိုသူဖြစ်၏ ။
ဤ လောက် ကျွန်တော် မြတ်နိုးမိသည် ။ ဤလောက် ကျွန်တော် မေတ္တာရှိခဲ့သည် ။ သူ၏ မျက်နှာပြင်ပေါ်၌ ဤမျှလောက် သေးငယ်သော ပူပင်ရိပ့်လေးရှိပါက သေခြာထင်ရှားစွာ တွေ့ရှိလာနိုင်သည်အထိ ကျွန်တော်သူ့ကို ချစ်မိသွားလေပြီဖြစ်သည် ။
ထိုအရာကို မည်သို့ဆိုမည်နည်း ။ လူငယ်သဘာဝဟု ဆိုလာလျှင် ကျွန်တော် ငြင်းရပါလိမ့်မည် ။ ကျွန်တော်၏ မေတ္တာသည် သူ့အတွက် သဘာဝက ဖန်တီးလာသည်မဟုတ် | နှလုံးသားက တည်ဆောက်ထားခြင်းသာ ဖြစ်၏ ။ ထိအရာမှာ အလွန်ခိုင်မြဲလျက် အလွန်ဖြူစင်ပေသည် ။ ကျွန်တော် ယခု ရေးနေသော စားသားထက်ပင် အဓိပ္ပါယ် လေးနက်၏ ။ ထိုအရာကို ဘယ်သောအခါမှ သူနားလည်နိုင်လိမ့်မည်မဟုတ်ပေ ။ အကြောင်းမှာ -
ဒီနေ့ ကန်တော်ကြီးထဲမှာ ကျွန်တော်တို့နှစ်ယောက် တွေ့ဆုံကြလေပြီ ။ ထိုအချိန် မိုးနဲ့ လေသည် မမြင်အပ် မရှိအပ်သောအရာဟု မှတ်ထင်လျက် တစ်ထောင့်ငါးရာရှိသော မေတ္တာသည် တစ်ထောင့်ခြောက်ရာ ဖြစ်နေပေလိမ့်မည် ။ ယှက်တင်ထားသောလက်တို့သည် ခိုင်မြဲလျက် ခိုဝင်လာသော သူ၏ ခန္ဓာလေးသည် ရင်တစ်ခုလုံးကို နွေးထွေးစေရုံတင်မက သူရဲကောင်း တစ်ဦးအသွင် အင်အားကိုပင် တည်ဆောက်ပေးလေ၏ ။ အနမ်းတို့ ဖလှယ်ကြသည် ။ တဖန် စာတွေ ဖလှယ်ကြသည် ။ နောက်တစ်ဖန် ခံစားချက်တို့ ဖလှယ်ကြသည့်အခါ အရင်ကလောက် ပေါ့ပါးမှုမရှိသည်ကို ကျွန်နော် တွေ့ခဲ့ရ၏ ။ ကြင်ကြင်နာနာ မေးမိသော်လည်း အဖြေပြန်မရပေ ။ သူ ကျွန်တော့်၏ အပေါ်ရံကိုသာ လိမ်လို့ရမည် ။ ကျွန်တော့်၏ အတွင်းစိတ်က သိနေခြင်းကို သူ လိမ်လို့ မရနိုင် ။ ကျွန်တော့်ဆီသို့ ရောက်ရှိပြီးသား သူ၏ သတင်းများသည် နှလုံးသားအတွင်း၌ ကြာရှည်စွာ မသိမ်းထားနိုင်သောကြောင့် စာအဖြစ် တည်ရှိနေပေပြီ ။ ကျွန်တော်သိပြီးသားအကြောင်းကို သူထုတ်ပြောလာပါက ကျွန်တော်ခံနိုင်ရည် ရှိမည်မဟုတ် ။ ထို့ကြောင့် ဤ ကိစ္စနှင့် ပတ်သတ်သည့်အမေးကို တစ်ကြိမ်ထက် ပို မမေးတော့ပေ ။
ယခု ကျွန်တော် တွေဝေခြင်း အစုံဖြစ်လျက် ရပ်တန့်ထားသော ခြေလှမ်းတို့သည် ကားမှတ်တိုင်နှင့် ဖုန်းနေရာလေးဆီသို့ ဝေခွဲမရနိုင်ဖြစ်နေလေသည် ။ လက်ထဲ၌လည်း ဟောင်းနွမ်းနေသော နှစ်ရာတန် အကြွေတစ်ရွက်ကို တင်းတင်းဆုပ်ကိုင်လျက် ကျွန်တော်၏ စိတ်သည် သူ၏ အသံလေးကို လွန်စွာ ကြားချင်နေမိ၏ ။ သူ ကျွန်တော့်ကို ဖုံးကွယ်ထားရလို့ ဘယ်လောက်တောင် ပင်ပန်းနေလိမ့်မည်နည်း ။ မသိစိတ်တို့သည် ကျွန်တော့်ကို သူ့အား ဆက်ကာ ဖုံးကွယ်ထားပေးပါလို့ ကြိမ်ပေါင်း များစွာ ဆုတောင်းနေမိသည် ။ သို့သော် ဆုတောင်း မပြည့်နိုင်ခဲ့ပါ ။
ယခု ကျွန်တော့်၏ ကံသာ ဆုတောင်းရပေတော့မည် ။ ဒီ နှစ်ရာတန်လေးသည် အိမ်ပြန်ရန် ဘတ်(စ) ကားခ ဖြစ်သလို ယခု ဖုန်းဆက်ရန်လဲ အသုံးဝင်နေသည် ။ တစ်ခုမဟုတ် တစ်ခုကို စွန့်လွှတ်ရပေမည် ။ ဒီ နှစ်ရာတန်တစ်ရွတ်သာ ကျွန်တော့်တွင် ရှိနေသည် မဟုတ်လော ။
ထို့နောက် ၁၁ မှတ်တိုင်ရှိသော အကွာအဝေးကို လမ်းလျှောက်ပြန်ရန် ဆုံးဖြတ်လိုက်ရကား ကျွန်တော် သူ့ဆီသို့ ဒီအကြွေနှစ်ရာကို အသုံးပြုကာ ဖုန်းဆက်လိုက်တော့သည် ။ ရင်တစ်ခုလုံး လှိုင်မောစွာ ဖုန်းနံပါတ်ကို နှိပ့်လိုက်လေ၏ ။ လျင်မြန်စွာ ခုန်လာသော နှလုံးသည် အတိုင်းထက် အလွန်ပင်တည်း ။ ထိုအခါ -
ဟယ်လို . . . ဘယ်သူနဲ့ ပြောချင်လို့ပါလဲ ?
ကျွန်တော် မို့မို့နဲ့ ပြောချင်လို့ပါ ။
သြော် ဟုတ်ကဲ့ ခဏလေးကိုင်ထားနော် ။
ဟယ်လို . . . ဘယ်သူပါလဲ ?
မောင်ပါ ။
မောင်လား ? ဇူ့ဆီ ဘာလို့ ဖုန်းဆက်တာလဲ ။ နေမကောင်းလို့လား ?
မဟုတ်ပါဘူး ။ မောင်သတိရလို့ပါ ။
ခဏ တိတ်ဆိတ်ပြီးကာမှ -
မောင် ! ဇူ မောင့်ကို ပြောစရာရှိတယ် ။
(ဘုရား ဘုရား ! ကျွန်တော်၏ တုန်လှုပ်ချောက်ခြားမှုသည် ဘယ်အတိုင်းတာထိ ရောက်ရှိသွားသည်ကို မသိနိုင်တော့ပေ )
ပြောလေ ဇူ ။
မောင် ! ဇူ့အလုပ်က ကောင်လေးတစ်ယောက်က ဇူ့ကို ချစ်ရေးဆိုထားတာ ဇူ အဖြေ ပြန်ပေးမိလိုက်ပြီ ။
ထိုအချိန်၌ ကျွန်တော့်၏ ခံစားချက် မွတ်သိပ့်မှုသည် နှလုံးသားအတွင်း တည်တန့်နေသည် မဟုတ်တော့ပဲ မျက်ဝန်းအစုံ၌မူ မျက်ရည်အဖြစ်တိုင် လျှံထွက်လာလေပြီ ။ ကြိုတင် သိရှိပြီးသားအကြောင်းအရာဖြစ်သော်လည်း သူမ ကိုယ်တိုင် ပြောသောစကားသည် အဘယ်သူ ကျွန်တော့်နေရာ ခံစားနားလည်နိုင်လိမ့်မည်နည်း ။ ကျွန်တော့် ခံစားချက်ကို ဒီလောက် ပြင်းထန်လိမ့်မည်ဟု မထင်ထားခဲ့မိပါ ။
ယခုအချိန်၌ ကျွန်တော် ဘယ်လိုစကားကိုဆိုရမည်နည်း ။ ကျွန်တော်သည် သူ၏ ပျော်ရွှင်မှုကိုသာ မြင်လိုသည် ။ ဒီ အကြောင်းအရာလေးတစ်ခုမှာ အလွန်ကို တိုတောင်းလှသော်လည်း ထိုပျော်ရွှင်မှု၏ အဓိပ္ပါယ်သည် အလွန်မှ နက်ရှိုင်းလှလေ၏ ။ ကျွန်တော့်လို ဆင်းရဲသော သူတစ်ယောက်အတွက် ဘယ်လောက်ပင် အခွင့်အရေး ရနိုင်မည်နည်း ။ ဘယ်လောက်ထိ စွမ်းဆောင်နိုင်မည်နည်း ။ သူမမှားပေ ။ အမှန်ဆို ကျွန်တော်သာ မှားယွန်းသူ ဖြစ်ခဲ့သည် ။
ကျွန်တော့လို အနာဂတ်မဲ့သူတစ်ယောက်အတွက် သူ့ကို မျှော်မှန်းမိသည်ကိုက အမှားပင် ။ ကျွန်တော် ထက်မံ ပြီး သူ့ကောင်လေးနှင့် မယှဉ်ဝံ့တော့ပါ ။ ယခုအချိန် ကျွန်တော် နောက်ဆုတ်လိုက်သည်ရှိသော် သူ၏ ကျွန်တော့အပေါ် အားနာမှုသည် ပြေပျောက်သွားမည်မှာ အမှန်ပင် ။ ထို့ကြောင့် ကျွန်တော်၏ ခံစားချက်ကြောင့် သူ့ကို စိတ်မညှိုးနွမ်းစေချင် ။ နောက် ဆုံး . . . တွင်တော့ !
ကျွန်တော် အပြီးပိုင် နှုတ်ဆက်ခဲ့ပါပြီ ။ ထို ဆုံးဖြတ်ချက်ကို အဓိပ္ပါယ် ဘယ်လို ဖွင့်ကြမည်နည်း ။ တစ်ချို့က စွန့်လွှတ်ခြင်းလို့ ဆိုကောင်းဆိုမည် ။ တစ်ချို့က သတ္တိကြောင်ခြင်းလို့ ဆိုကောင်းဆိုမည် ။ တစ်ချို့ကြတော့လည်း ပေးဆပ်ခြင်းလို့ ဆိုလာခဲ့သည်ရှိသော် ကျွန်တော် ဒီဝေဖန်မှုတွေကို ငြင်းဆန်ရပါလိမ့်မည် ။ အကြောင်းမှာ ကျွန်တော်၏ နှုတ်ဆက်ခြင်းသည် လေးနက်သော ခံစားချက်က ကမ္ဘာကြီးကို နင်းချေရင်းနှီးကာ သူ၏ မွန်းကြပ်လျက်ရှိသော အချိန်လေးအတွင်း သူ့အတွက် အသက်ရှု လွယ်စေရန် အလိုက်သိစွာ နောက်ဆုပ်ပေးခဲ့ခြင်းသာဖြစ်၏ ။
အချစ်ကို အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုကြသည် ။ သို့သော် ကျွန်တော်တစ်ခါမှ အဓိပ္ပါယ် မဖွင့်ဖူးပါ ။ ယခုအချိန်ထိတိုင် ကျွန်တော်၏ နှုတ်ဆက်ခြင်းသည် ခေါင်းစီးတစ်ခုအဖြစ် လွတ်နေလျက်ပင်။
#thetzaw

Comments
Post a Comment