ရှေးမြန်မာနိုင်ငံ အုပ်ချုပ်ရေး ပုံစံ !
-----
ရှေးမြန်မာတွေလက်ခံထားတာက နိုင်ငံတော်တစ်ခုလုံးမှာ မင်းအမည်ခံတဲ့ သူဟာ အရေးပါ အရာရောက်ဆုံး ပုဂ္ဂိုလ်ဖြစ်တယ် ။ ဒါပေမယ့်လဲ သူ့ရဲ့ ဘေးနားမှာ အခါကောင်းကို ညွှန်ပြဖို့အတွက် ဗြာဟ္မဏတို့အပါအဝင် ပညာရှိတွေကို ထားလေ့ရှိတယ် ။ ခဲရာ ခဲဆစ်အမှုတွေ ကြုံတဲ့အခါ အဖွဲ့တွေဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ လုပ်ကြတယ် ။ မင်းကို အုပ်ချုပ်ရေးမှာ အထောက်အပံ့ဖြစ်စေဖို့အတွက် ဗုဒ္ဓစာပေကို ကောင်းစွာတက်ကျွမ်းတဲ့ အမတ်တွေကိုပဲ ခန့်ပါတယ် ။ အဲ့ဒီ့အမတ်တွေထဲမှ တစ်ဦးသောအမတ်ကို အကြီးအမှူး ပြုစေတယ် ။
မြို့ပြရေးရာနဲ့ စစ်ရေး စစ်ရာဆိုပြီး ဝန်ထမ်းနှစ်မျိုး မခွဲခြားဘူး ။ အမတ်ကြီးကိုယ်တိုင်လဲ စစ်တပ်ဦးစီးပြီး တိုက်ခိုက်ရင် တိုက်ခိုက်ရတာပဲ ။ အုပ်ချုပ်ရေးမှာ မည်သည့်အမတ်က မည်သည့်တာဝန်ကိုသာယူရမယ်ဆိုပြီး မခွဲခြားဘူး ။ မင်းရဲ့ စေသမျှကိုသာ ဆောင်ရွက်ရမှာဖြစ်တယ် ။ ဒါပေမယ့် သံဖမ ဆိုပြီး တရားသူကြီးများ သီးခြားရှိနေတဲ့အတွက် အထူးအရာရှိများ လိုအပ်တဲ့အခါများမှာ ခန့်ထားပြီး အမှုအခင်းတွေကို ကြားနာစစ်ဆေးပါတယ် ။ ပုဂံခေတ် နောက်ပိုင်းမှာမှ ထုံးစံဓလေ့ကို ဥပဒေအဖြင့်နဲ့ သုံးစွဲကြဟန်တူတယ် ။ (ဓမ္မသတ် ဆိုတဲ့ ဝေါဟာရကို အေဒီ ၁၂၉၄ မှာ တစ်ခါမျှပဲ သုံးစွဲတာကို တွေ့ရပြီး အဲ့ဒီ့ ဓမ္မသတ်ဟာ အိန္ဒိယက ဥပဒေကျမ်းတစ်စောင်ကို ညွှန်းတယ်လို့ ဆိုတယ် ။ )
ရာဇဝတ်ရေးတွေမှာ အမုနွန်စာ ဆိုပြီး ရှိတယ် ။ အမှုစစ်ဆေးရာမှာ သက်သေတို့က ဘုရားဆင်းတုတော် (ဝါ) ဘုရားဓါတ်တော် (ဝါ) ဘုရားဟောကျမ်းတွေကို ချီပိုက်ပြီး မှန်ရာကိုသာ ဆိုပါမယ်လို့ ကျမ်းကျိန်တဲ့ ဓလေ့ဟာ ထိုစဉ်က အများလက်ခံထားတဲ့ဓလေ့ဖြစ်တဲ့အတွက် မကျိန်ဝံ့ဘူးဆိုရင် အပြစ်ရှိကြောင်း အလိုလို ဝန်ခံပြီးသားဖြစ်တယ်လို့ ဆိုတယ် ။
ဘုရင့်အပါးမှာ အတွင်းဝန်နဲ့ စာရေးများရှိပြီး မင်း ဒါမှမဟုတ် အမတ်တို့ရဲ့ အမိန့်အမှာတို့ကို ရေးမှာကာ အဝေးမြို့ဝန်တို့ကို ပေးဖို့ အစေအပါးတွေ အဆင်သင့် ရှိတယ်လို့ တွေ့ရတယ် ။ အလျင်လိုရင် မြင်းစီး အမှုထမ်းတွေရှိတယ် ။
အဲ့ဒီ့အတွက်လဲ နယ်မြေအုပ်ချုပ်ရာမှာ အချက်အခြာကျတဲ့ နေရာများက လမ်းပန်းဆက်သွယ်ရေးတွေဟာ အတင့်အတင့် ကောင်းမွန်ပြီးဖြစ်တယ် ။
နယ် မြို့ ဒါမှမဟုတ် ရပ်ရွာအုပ်ချုပ်ရေးဆိုင်ရာ အရာရှိများ ရှိကြပြီး ရွာကို လှည့်ပတ်စစ်ဆေးတဲ့ နယ်လှည့်အရာရှိတွေရောက်ရာမှာ အမှုအခင်းတွေ ရှိတယ်ဆိုရင် စုံစမ်းစစ်ဆေးခြင်းတွေ လုပ်တယ် ။
ဌာနအသီးအခြားတွေ ထားရှိခြင်းမရှိပေမယ့် ဆည်မြောင်းကြေးတိုင်နဲ့ အခွန်တော်တွေအတွက် အရာရှိများက တာဝန်ယူ ဆောင်ရွက်ကြရတယ် ။ အခွန်တော်ကို ငွေ ဒါမှမဟုတ် ထွက်ကုန်သီးနှံနဲ့ ကောက်ခံပြီး နိုင်ငံတော် အနှံ့အပြားမှာ သိုလှောင်ရာ ဘုရင့်ကျီတော်တွေ ရှိနှင့်နေပါတယ် ။
မြန်မာနိုင်ငံအုပ်ချုပ်ရေးမှာ မင်းနဲ့ သံဃာ ဆက်ဆံပုံလည်း အရေးပါတဲ့ အခန်းတစ်ခန်းဖြစ်တယ် ။
ဘုရင့်ကို တရားနဲ့အညီ အုပ်ချုပ်ဖို့အတွက် သာသနာအဆုံးအမရှိပြီး မင်းက မတရားတာ လုပ်တဲ့အခါ ရဟန်းတို့က ဝင်ရောက် တားမြစ်တာတွေလဲ ရှိတယ် ။
မင်းမှာ အခက်အခဲ တွေ့ပြီဆိုတာနဲ့ ရဟန်းတို့ကလည်း မနေသာတော့ပါ ။ ထင်ရှားတဲ့ သာဓကတစ်ခုကတော့ (ပျက်ဆီးအံ့သောပြည်ကို ကယ်တင်ရန် အေဒီ -၁၂၈၅ ခု၌ တရုတ်နိုင်ငံ တယ်တု သို့ သျှင်ဒိသာပြာမုက် သွား၍ စစ်ပြေငြိမ်းရေး စေ့စပ်ရပါသည် ။ မင်း၏ ဆန္ဒနှင့် ရဟန်းတော်တို့ဆန္ဒ ဆန့်ကျင်လျက်နေလျှင် မင်းက အလျှော့ပေးမြဲဖြစ်၍ ရဟန်းတို့ မည်မျှ သတ္တိရောက်သည်ကို သိသာပါသည် ။ ဤ အထောက်အထားများအရ ပုဂံခေတ် မြန်မာအုပ်ချုပ်ရေးသည် စည်းစနစ် ကောင်းစွာ ဖွဲ့စည်းထားကြောင်း သိသာပါသည် ) လို့ ဒေါက်တာသန်းထွန်းရဲ့ ခေတ်ဟောင်းမြန်မာရာဇဝင် စာ - ၁၆၇ မှာ ဖေါ်ပြထားပါတယ် ။
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment