Skip to main content

သက်မဲ့ကို ကိုးကွယ်သူ !

သက်မဲ့ကို ကိုယ်ကွယ်သူ !
-----
သူအမည်က slab(စလက်ဘ်) ဖြစ်တယ် ။ သူ့ရဲ့ ပုံစံကိုကြည့်ပြီး တစ်ချို့က ခေါ်ကြတာလဲ ဖြစ်နိုင်ပါတယ် ။ အခုခေတ်အနေနဲ့တော့ slab ဆိုတဲ့ အဓိပ္ပါယ်က ကျောက်ပြားချပ် လို့ နားလည်ကြတာကြောင့် နောက်ပိုင်းမှ ဒီအမည်က ပေါ်ပေါက်လာတယ်လို့ ဒီလို ယူဆလို့လဲ ဖြစ်နိုင်ပါတယ် ။ ဒီအမည်အပြင်လဲ သူ့ကို ဘယ်လိုခေါ်သလဲလို့ ရှာဖွေကြံဆမှုမျိုးတွေ မတွေ့ရဘူး ။ ဘယ်သူမှ သူ့အကြောင်းကို သေသေခြာခြာ မသိပေမယ့် ဒီ လူတစ်ယောက်ဟာ ဒီကမ္ဘာပေါ်မှာပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃၀၀ ကျော်လောက်က ပေါ်ပေါက်ခဲ့တာဖြစ်တယ် ။ အဲ့ဒီ့အချိန်က ဘာသာရေး ဒဿနတွေဟာ အလွန်ကို ခေတ်စားနေတဲ့ အချိန်တစ်ခုပေါ့ . . .

သူဟာ မွေးရပ်မြေလို့ အတည်တကျမရှိပဲ ဟိုမှဒီကို လျှောက်သွားနေတက်ပြီး သူအမြဲတမ်း ရှိနေတက်တာကတော့ တောင်ပူဆာလေးတစ်ခုအပေါ်မှာ နေထိုင်ခြင်းပါပဲ ။ သူ့အသက်က ခန့်မှန်းရသလောက် ၂၀ ဝန်းကျင်သာ ဖြစ်နိုင်အုန်းမယ် ။ ရုပ်ရည်ပြေပြစ်တဲ့ လူချောတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဆင်မြန်းထားတဲ့ အဝတ်အထည်တွေက အဲ့ခေတ်အခါကလို တောထွက်သူတော်စင်တွေအလားပဲ လူသေအလောင်းတစ်ကောင်ရဲ့ အဝတ်အစားတွေသာ ဖြစ်ဟန်တူပါတယ် ။

စလက်ဘ် က စကား သိပ့်မပြောဘူး ။ ရယ်မောတာတွေ ပေါ့ပျက်ပျက် အနေအထိုင်တွေနဲ့ ကင်းဝေးသူတစ်ယောက်ဖြစ်သလို တစ်ခါတစ်လေ တရားထိုင်တဲ့အချိန်ဟာ မနက်ကစလို့ နေ့လည်(နေမင်းက ခေါင်းပေါ် တည့်တည့်ရောက်တဲ့အခါမှ) ထိုင်ရာကနေ ထလေ့ရှိတယ် ။ သူက ညနေစောင်းဆိုရင် တရားမထိုင်ကောင်းဘူးလို့ ယူဆဟန်တူတယ် ။ ဒါပေမယ့် သူ့ရဲ့ ညအချိန်တွေဟာ မီးဖိုလ်တစ်ခုနဲ့ ပြီးစီးသွားတယ်ဆိုတာ မရှိဘူး ။

ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ဦးတိုက်ရှစ်ခိုးစရာက အဲ့မီးဖိုလ်ဘေးတစ်ချပ်မှာရှိတဲ့ ကျောက်ပြားတစ်ချပ်ဖြစ်ပြီး တစ်ခါတစ်လေ သစ်ကိုင်းတစ်ခုကိုလဲ တွေ့ရတက်ပါတယ် ။ သူက အဲ့ဒါတွေကို မီးနဲ့ ဂါဝရ ပြုတယ် ။ အိပ့်စက်တဲ့အခါမှာလဲ အများသူငှာထက် ထူးခြားလှတယ် ။ ဘာလဲဆိုရင် တစ်ချို့က ကိုယ်တိုင် ကိုးကွယ်ဂါဝရပြုတဲ့အရာတွေကို ခေါင်းရင်းပိုင်းမှာ ထားပြီး ဦးတင်အိပ့်တက်ပေမယ့် သူကတော့ ခြေရင်းမှာ ထားတာဖြစ်တယ် ။ ဒီခေတ်အနေနဲ့တော့ ဒါဟာ ဘာမှ ပြောပလောက်စရာမရှိပေမယ့် အဲ့ခေတ် အဲ့အခါကဆိုရင် ဒီအပြုအမူဟာ အင်မတန်ဝန်လေးစရာတစ်ခုပါပဲ ။

သူက အဲ့ကျောက်ပြားကို သွားလေရာ ယူသွားတာလဲ မဟုတ်ဘူး ။ ဒီနေရာမှာရောက်ရင် ဒီနေရာက ကျောက်ပြားကို တင်ပြီး ရှစ်ခိုးတယ် ။ ဂါဝရပြုတယ် ။ ဒါ့အပြင် သစ်ကိုင်းတွေ ဝါးပင်တွေနဲ့ မြေတွေကိုလဲ ရှစ်ခိုးကန်တော့တယ် ။ သူ့အဆိုက အဲ့အရာတွေအားလုံးဟာ ကိုးကွယ်ထိုက်တယ်တဲ့ ။

ဒါပေမယ့် သူ့ကို တစ်ချို့လူတွေက တောတောင်ရေမြေတွေကို ကိုးကွယ်တာလားလို့ မေးရင် မဟုတ်ဘူးလို့ပဲ သူဖြေတယ် ။ ဒါဆို နတ်ဘုရားအမှတ်နဲ့ သင်္ကေတသဖွယ် ကိုးကွယ်တာလားဆိုလဲ သူက ငြင်းတာပဲ ။ သူ့ဝါဒက , သူ့အယူက အလွန် ထူးဆန်းတယ် ။ သူ ကန်တော့တဲ့အရာကို ကိုးကွယ်တာလားလို့ မေးလာတိုင်း , မေးလာတိုင်းမှာ မဟုတ်ဘူးလို့ အမြဲဖြေတက်ပေမယ့် ဒီ့အပြင် ဘာရှိသေးလဲလို့ အထွဋ့်တက်ပြီး ထပ်ဆင့်မေးမယ်ဆိုရင်တော့ သူက " အဲ့ဒါတွေဟာ သဘာဝတရားတွေပါ " လို့ပဲ ဖြေတက်ပါတယ် ။ ဒါဆို သူက သဘာဝတရားကို ကိုးကွယ်တာလားလို့ မေးလာရင်လဲ မဟုတ်ဘူးလို့ သူငြင်းတယ် ။ ဒါဆို သူ့ရဲ့ ဝါဒက ဘာလဲ ?

---***---

အင်မတန် ထူးခြားတဲ့ ဒဿနတစ်ခုကို ပိုင်ဆိုင်ထားတဲ့ စလက်ဘ် ဟာ အချိန်နဲ့အမျှ လူတွေနဲ့ ဝေးကွာလာပါတယ် ။ သူ ရွာထဲကို ဆွမ်း( စားစရာအတွက် ) လှည့်လည်တဲ့အခါ သူ့ကို သနားတဲ့သူတွေက အစားအသောက်တွေ ပေးလာတက်ပေမယ့် တစ်ချို့ကတော့ အော်ငေါ့ တက်တယ် ။ ဒါပေမယ့် အော်ငေါ့တဲ့သူတွေက သိပ့်တော့ များများစားစား ရှိဟန်မတူပါဘူး ။ သူ့ကို အစားအစာ ပေးကမ်းကြတဲ့သူတွေဟာ များသောအားဖြစ် ကွန်ဖြူရှပ်ဝါဒကို လက်ကိုင်ထားသူတွေများပါတယ် ။

စလက်ဘ်ဟာ စစ်မှန်တဲ့ တရားတစ်ခုကို နားလည်ထားသူတစ်ယောက်ဖြစ်ကြောင်း သူ့ရဲ နေပုံသဏ္ဍာန်နဲ့ စိတ်နေစိတ်ထားဟာ ထင်ရှားလွန်းလှပါတယ် ။ သူက ကိလေသာတွေနဲ့ ကင်းဝေးနေသူတစ်ယောက်လိုပဲ ။ လောဘ ဒေါသ တွေကို လူအရှေ့မှာကော , နောက်ကွယ်မှာပါ မရှိဘူးလို့ လူတွေက လက်ခံကြတယ် ။ အဲ့အတွက်ကလဲ စူးစမ်းလိုတဲ့ ဗရုတ်တွေက ဖေါ်ပြကြတဲ့အခါ ပိုပြီး အမည်ကြီးသွားတယ် ။ ဒီ ရွှတ်နောက်နောက် ဗရုတ်ကောင်တွေက စလက်ဘ်တစ်ယောက်တည်း ရှိတဲ့အချိန်မှာ ခိုးပြီး သွားချောင်းကြည့်တာမျိုးတွေ , အပျက်မိန်းမတွေနဲ့ သွားရောက် မြူဆွယ်တာမျိုးတွေ လုပ်ခဲ့ဖူးတယ်လို့ ဆိုတယ် ။ ဒါပေမယ့် စလက်ဘ်ရဲ့ ကိလေသာကို မထိုးဆွနိုင်ခဲ့ပါဘူး ။ စလက်ဘ်က အဲ့လောက်ထိကို တည်ကြည် ငြိမ်သတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ် ။

သူဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဝါဒသစ်တစ်ခုကို ထူထောင်လိမ့်မယ်လို့ စောင့်မျှော်နေကြတဲ့သူတွေလဲ လျှို့လျှို့ဝှက်ဝှက်နဲ့ စောင့်ကြည့်ခံနေရမှာဖြစ်တယ် ။ ဒါပေမယ့် အခုအချိန်ထိတော့ စလက်ဘ်ဟာ ဘာ တရားမှ လူတွေကို မဟောကြားသေးပါ . . . 

ပိုထူးခြားတာက သူ့ကို ဝါဒသစ်တစ်ခုရဲ့ သင်္ကေတသဖွယ်အမှတ်ရစေတဲ့ တရားကို ဟောတာမှာ အများသူငှာလို များများစားစားမရှိဘူး ။ သူ့တရားဟာ စာနဲ့စီရေးရင်တောင် A4 စာမျက်နှာ တစ်ချပ် မပြည့်နိုင်ပါ ။ အမှန်တော့ တကယ်လဲစစ်မှန်တဲ့တရားကိုနားလည်ဖို့က စကားလုံးအများချည်း မလိုဘူးမဟုတ်လား . . .

---***---

တစ်နေ့ . . . စလက်ဘ် တစ်ယောက်တည်း မြင့်မားတဲ့ တောင်ပူဇာလေးပေါ်မှာ နေရင်း မနက်လင်းအားကြီးတဲ့ အချိန်ထိတိုင် မလှုပ်မယက်ပဲ ထိုင်နေပါတယ် ။ သူက နေကြီးကို အမှတ်တမဲ့သဘောမျိုးနဲ့ တစ်ခါ တစ်ခါ လှမ်းလှမ်း ကြည့်လိုက်တယ် ။ သူ့ရဲ့ စိတ်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ မသိနိုင်ပေမယ့် သူတစ်ခုခုကို ရှာဖွေနေတယ်ဆိုတာ သိသာလွန်းလှပါတယ် ။ သူ့အတွက် နေရောင်က ချွေးစီးစီး ကျလာစေတယ် ။ တောင်ပူဆာလေးအပေါ်မှာ ထိုင်နေပေမယ့်လို့ လုံလောက်တဲ့ လေတိုက်မှုကို မရရှိတဲ့အခါ စလက်ဘ်ရဲ့ ခန္ဓာကိုယ်က ရေဓါတ်တွေ ယိုကျလာတာ သဘာဝကျပါတယ် ။ ဒီအတိုင်းပဲ သူထိုင်နေတယ် ။ သူ့အရှေ့မှာက ကျောက်ပြားတစ်ချပ် ချထားတယ် ။

နေရောင်က ဦးခေါင်းတည့်တည့်ကို ရောက်တဲ့အခါ စလက်ဘ် ရဲ့ တရားထိုင်ချိန်ပြည့်ပြီလို့ ဆိုရပါမယ် ။ သူကတော့ ထုံးစံအတိုင်း တင်ပလ္လင်ခွေထားတဲ့ ခြေတွေကို ထရပ်လိုက်တယ် ။ သူ့ရဲ့ ခန္ဓာက အခုအခါမှ သွေးလည်ပတ်မှုကို လျှင်လျှင်မြန်မြန် ပေးစွမ်းနိုင်သလို သွက်လပ်လာတယ် ။ စိတ်တွေ ငြီးစိစိ ဖြစ်နေရာကနေ ပွင့်ထွက်လန်းစမ်းသွားတယ် ။ သူ့ရဲ့အရိပ့်က သူ့ရဲ့ ခြေဖျားမှာ တည်နေပါတယ် ။

သူက ရှေ့က ကျောက်ပြားကို ကောက်ကိုင်ပြီး အရိပ့်ရတဲ့ သစ်ပင်တစ်ခုဆီကို လျှောက်လှမ်းသွားတယ် ။ အရင်နေ့တွေကလို အခုအချိန်မှာ ရွာထဲဝင်ပြီး ဆွမ်းခံ မသွားတော့တာ စိတ်ဝင်စားစရာပါ ။ သူက နားလည်ရခက်တဲ့ လူတစ်မျိုးမဟုတ်လား ။

အဲ့ခေတ်အခါက ဂေါတမအယူ ကျင့်သုံးတဲ့ သာမဏေတွေက နေမွန်းလွှဲရင် အစား မစား ကြတော့ဘူးလေ ။ သူကတော့ အဲ့လိုမဟုတ်ဘူး ။ နေမွန်းလွှဲမှ စားကောင်းတယ်လို့ ထင်ရလောက်အောင် မွန်းလွှဲတဲ့အခါမှ ဆွမ်းခံထွက်လေ့ရှိတယ် ။ အဲ့အရာနဲ့ ပတ်သတ်လို့ ရွာထဲက လူတွေက တစ်ခါတစ်လေ မေးခွန်းတွေ သူ့ကို မေးဖူးပါတယ် ။ သူ့အတွက် ဒီအရာဟာ ဘာမှ မဟုတ်ဘူးလို့ ပြောတယ် ။ သူက အခုလို နေမွန်းလွှဲအချိန်မှ ဆွမ်းခံရတာဟာ ရှေ့က အလှူခံတဲ့ သာမဏသူတော်စင် တွေကို အချိန်ပေးနေရတဲ့အတွက် လှူသူတွေ အလုပ်ရှုပ်မှာစိုးလို့ လို့ ဖြေတယ် ။ သူက နောက်ပိုင်းမှ ရရာဆွမ်းကို ခံယူတာပါတဲ့ ။ တစ်ခုတော့ရှိတယ် ။ သူလဲ ထမင်းကို တစ်နှပ်ပဲ စားပါတယ် ။

---***---

ဒီနေ့တော့ စလက်ဘ် က ထူးခြားဆန်းပြားပဲ ဆွမ်းခံမထွက်ပဲ သစ်ပင်ရိပ့်ခိုနေတယ် ။ နေမကောင်းလို့လားဟု ထင်ရလောက်အောင်လဲ ခန္ဓာက မညှိုးနွမ်းနေဘူး ။ မျက်နှာက လန်းဆန်းဝင်းပနေတယ် ။ အနက်ရောင် မျက်ဝန်းအိမ်က အလွန်ကို အရောင်တောက်ပနေပါတယ် ။ သူက ရှေ့က ကျောက်ပြားတစ်ခုအပေါ်မှာ ကျောက်ခဲတစ်ခုနဲ့ ဟိုထု ဒီထု လုပ်နေတယ် ။ သူ ဘာလုပ်နေတယ်ဆိုတာ သူသာ သိမှာပဲလို့ ဒီလိုဆိုနိုင်ပေမယ့် သူ့ရဲ့ ရည်ရွယ်ချက်ကိုတော့ ရိပ့်မိနိုင်လောက်အောက် ရုပ်လုံးပေါ်နေပါတယ် ။ ဟုတ်တယ် ။ သူ စာတစ်ချို့ ရေးထွင်းနေတာဖြစ်တယ် . . .

အဲ့ဒီ့အချက်က သူ့ကို စာတက်ပုဂ္ဂိုလ်လို့ ဆိုနိုင်စရာရှိပါတယ် ။ အဲ့ခေတ်အခါတုန်းကဆို ဒီလို ၂၁ ရာစုအတွင်းက လူတွေပမာ စာပေမထွန်းကားသေးဘူးမဟုတ်လား ။ စာရေး စာဖတ် , ကျမ်းရေး ကျမ်းဖတ် ဆိုတဲ့သူတွေဟာ ဘုရင့်သားတွေ , သူကြွယ်ကြီးတွေ , ကုန်သည်တွေမှာသာ အနည်းငယ် တက်သိကြတာဖြစ်တယ် ။ သူက အဲ့အသိုင်းအဝိုင်းတစ်ခုခုက ဆင်းသက်လာပုံ ရတယ် ။ ဒါပေမယ့် သူ့ကို ဘယ်လိုမှ မခန့်မှန်းနိုင်ပါဘူး ။ သူက သူကောင်းမျိုးတစ်ခုက ဖြစ်လိမ့်မယ်လို့ပဲ ဒီလို ထင်စရာရှိပါတယ် ။

ခဏအကြာတော့ သူ့ရဲ့ အလုပ် ပြီးသွားတယ်ထင်ပါတယ် ။ သူ့ရဲ့ လက်တွေလဲ ပေါက်ပြဲတာ တွေ့ရတယ် ။ ဘယ်ဘက်လက်ရဲ့ လက်ညှိုးအပေါ်ပိုင်းဟာ သွေးတွေ စို့နေတယ် ။ ကျောက်ခဲကိုင်ပြီး ထုရိုက်ရတဲ့ အခါ ဖြစ်လေ့ရှိတဲ့ သဘောတွေပါပဲ ။ သူကတော့ ဒါတွေကို ဂရုမစိုက်ဘူး ။ သူ့အလုပ်အပေါ် သူ ကျေနပ်နေတယ်ဆိုတာ သိသာလွန်းလှပါတယ် ။ သူကတော့ အဲ့ကျောက်ပြားကိုကိုင်ပြီး သူ့ဝတ်ရုံအောက်ပိုင်းအနားသားနဲ့ ပွတ်တိုက်နေတယ် ။ သူ ထွင်းထုထားတဲ့ နေရာတွေဟာ ဟိုပဲ့ ဒီပဲ့ပေါ့ ။ ကျောက်ပြားနေရာကနေ ခဏဝင်ကြည့်မယ်ဆိုရင် အင်မတန် အရုပ်ဆိုးလှတဲ့  ထိခိုက်ပဲ့ထွက်မှုတွေဖြစ်နိုင်စရာရှိပေမယ့် ကိုယ်တွေလို လူသားတွေနေရာက မြင်ရတာတော့ ဒါဟာ အစီအရီ သေသပ်ကျလှတဲ့ အကြောင်းအစင်းတွေဖြစ်တယ် ။ ဒါပေမယ့် အဲ့အကြောင်းအစင်းတွေက မြင်နေကြပုံစံမျိုးတွေမဟုတ်ပဲ ထူးခြားနေတယ် ။ အဲ့အကြောင်းအစင်းတွေက လျှို့ဝှက်လှတဲ့ သစ္စာတရားကို ဖေါ်ပြနေသလိုပဲလို့ မြင်သူတိုင်း ထင်သွားရနိုင်ပါတယ် ။ ဟုတ်တယ် ။ မြင်တဲ့သူတိုင်း အဲ့အတိုင်း ထင်သွားကြတာ ချည်းပါပဲ ။ အဲ့ အကြောင်းအစင်းရဲ့အဓိပ္ပါယ်ကတော့ . . .

" တစ်နေ့မှာ သက်မဲ့များက အမှန်တရားကို ပြသကြလိမ့်မယ် " တဲ့ ။

---***---

အဲ့ကျောက်ပြားကို ကျွန်တော်တို့တွေ့တဲ့အချိန်မှာ စလက်ဘ် ဟာ အဲ့ပတ်ဝန်းကျင်မှာ မရှိတော့ပါဘူး ။ အုံဖွ ဆိုပြီး မန်းမှုံ့လိုက်သလို ပျောက်သွားသလား ထင်ရလောက်ပါတယ် ။ သူ ဘယ်ကို ထွက်သွားတယ်ဆိုတာ ကျွန်တော်တို့ မသိကြဘူး ။ သူ ဆွမ်းခံတဲ့ အရိပ့်အယောင်ကိုမျှ အဲ့နေ့ကစပြီး ရွာထဲမှာ မမြင်ဖူးတော့ပါ ။ သို့သော် သူ့ရဲ့ အဆုံးအမပေးပုံတွေတော့ ဒီ ရွာထဲမှာ ကျန်နေခဲ့ပါတယ် ။

သူက တရားနာလာကြတဲ့ လူတိုင်းကို ပြောတယ် ။ မင်းအတွက် ဘာမှ မရှိဘူးတဲ့ ။ ဘာမှမရှိလို့ မင်း ဘာဖြစ်လာတယ်ဆိုတာကို ဂုဏ်မယူသင့်ဘူးတဲ့ ။ နောက်တစ်ခုက သက်မဲ့ဆိုတာ ဦးဆောင်သူတွေဖြစ်လာလိမ့်မယ်လို့ပြောတယ် ။ ဒီစကားက အခု ကျွန်တော်တို့ ဆီမှာ ကျန်ခဲ့တဲ့ ကျောက်စာလေးထဲက အတိုင်းပဲ ။ တစ်နေ့မှာ သက်မဲ့များက အမှန်တရားကို ပြသလာလိမ့်မယ်လို့ သူပြောချင်ကြောင်း ကျွန်တော်ထင်တယ် ။

ကျွန်တော် အမြဲတွေးတောမိတယ် ။ သက်မဲ့တွေက ဘယ်လို ဦးဆောင်မလဲလို့ ။ သက်မဲ့ဆိုတာ တည်ငြိမ်နေတဲ့ ပကတိအနေအထားထဲက တစ်ခုပမာ ထင်ရလောက်တယ်မဟုတ်လား ။ ကျွန်တော် စလက်ဘ်အကြောင်းကို အချိန်ပေးပြီး စတင် စဉ်းစားမိတာက အဲ့ကျောက်ပြားလေးကို ကျွန်တော်တို့ စတင် ရရှိကြတဲ့ အချိန်က စတာပါပဲ ။

သက်မဲ့တွေဟာ ဦးဆောင်သူ ဖြစ်လာမယ်တဲ့ ။ သူ့ရဲ့ အဆုံးအမကိုလိုက်ပြီး ရွာထဲမှာလဲ သက်မဲ့ ကိုးကွယ်မှုတွေရှိလာတယ် ။ ဘာလို့ သူတို့ကိုးကွယ်လာတာလဲလို့ မေးတဲ့အခါ ရေရေရာရာ မပြောနိုင်ကြပေမယ့် ( မင်းမတွေ့ဘူးလား ? စလက်ဘ် က သက်မဲ့တွေက အမှန်တရားကို ပြသကြလိမ့်မယ် လို့ ပြောခဲ့တယ်လေ ) လို့ ပြန်ဖြေကြတယ် ။ သူတို့ အဲ့လိုဖြေလေ ကျွန်တော်က သိချင်လာလေပဲ ။

တစ်နေ့မှာ ကျွန်တော်တစ်ယောက်တည်း စလက်ဘ် ထိုင်ခဲ့တဲ့ သစ်ပင်အရိပ့်အောက်ကို ထွက်လာခဲ့တယ် ။ ကောင်းကင်ကြီးကတော့ အရင်နေ့တွေကလိုပါပဲ ။ ကြည်လင်တယ် ။ သာယာတယ် ။ ပင်လယ်ပြင်ကြီးပမာ ပြာလဲ့နေပါတယ် ။ ကျွန်တော်က တုတ်တစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး စလက်ဘ်ရဲ့ ဒဿနကို မြေပြင်ပေါ်မှာ ချရေးလိုက်တယ် ။ သက်မဲ့တွေက အမှန်တရားကို ပြကြလိမ့်မယ် ။

အချိန်အကြာကြီး ကျွန်တော် အဲ့မြေပြင်ကို စိုက်ကြည့်နေခဲ့တယ် ။ ဒီစာလုံးတွေက ကျွန်တော့်အတွက် ထထိုင်ပြီး အမှန်တရားကို ဟောလာမလားလို့ မြင်ယောင်မိပါတယ် ။ ဒါပေမယ့် ဘာ အမှန်တရားမှ ကျွန်တော့်အတွက် ထ မလာခဲ့ပါ ။ အဲ့အချိန်မှာ သစ်ပင်ရဲ့ အရိပ့်က ကျွန်တော်ရေးခြစ်ထားတဲ့ စာသားအပေါ် ကျလာခဲ့တယ် ။ အရိပ့်ဆိုတဲ့အတိုင်း ငြိမ်ငြိမ်မနေပါ ။ လေတိုက်လိုက်တိုင်းမှာ ယှိုင်းထိုးနေတာပါပဲ ။ စာသားက . . .  တစ်နေ့မှာ သက်မဲ့များက အမှန်တရားကို ပြသကြလိမ့်မယ် တဲ့ ။

အဲ့ဒီ့ ခဏမှာပဲ ထူးခြားလွန်းလှစွာ ကျွန်တော်ဟာ စလက်ဘ်ကို မြင်သွားခဲ့ပါပြီ ။ စလက်ဘ်ကိုယ်တိုင် ကျွန်တော့်ကို ပြောနေတဲ့အတိုင်း သူ့စကားကို ကြားနေရပါတယ် ။ သူကိုယ်တိုင် ကျွန်တော်ကိုရည်ညွှန်းပြီးပြောလိုက်သလို သက်မဲ့တွေက အမှန်တရားကို ပြလိမ့်မယ်လို့ ဆိုသတဲ့ ။ ကျွန်တော် မြင်ပြီ ။ ဟုတ်တယ် ကျွန်တော် စလက်ဘ်ရဲ့ သက်မဲ့ဆိုတာကို မြင်သွားခဲ့ပါပြီ ။

အဲ့ဒီ့နောက် ကျွန်တော် နောက်ထပ် စာကြောင်းတစ်ခု ထက်ရေးခြစ်လိုက်တယ် ။

" မင်းအတွက် ဘာမှ မရှိဘူး ။ ဘာမှမရှိလို့ မင်း ဘာဖြစ်လာတယ်ဆိုတာကို ဂုဏ်မယူသင့်ဘူး " လို့ ရေးခြစ်လိုက်တယ် ။

အဲ့စကားကလဲ စလက်ဘ်ပြောခဲ့တာပဲ ။ အဲ့စာရေးပြီးချိန်မှာ စလက်ဘ်က ကျွန်တော့်ကို ကြည့်ပြီး ပြောနေသလို မြင်မိတယ် ။ ဟုတ်တယ် ။ စလက်ဘ်ကိုယ်တိုင် ကျွန်တော့်ကို ပြောနေတာပဲ ။

အဲ့ဒီ့နောက် ကျွန်တော်ဟာ ဒီအဖြစ်အပျက်တွေကို အစကနေ အဆုံး မြေပြင်ပေါ်မှာ လိုတိုရှင်းနဲ့ ချရေးလိုက်ပါတယ် ။ စတင်ရေးသားတာက စလက်ဘ်ဆိုတဲ့ လူထူးဆန်းတစ်ယောက်အကြောင်းနဲ့ သူ့ရဲ့ တိုလွန်းလှတဲ့ ဒဿန တစ်ခုရယ်ပါ ။

သူ့အကြောင်းကို ရှည်ရှည်မြောမြောမဖွဲ့နွှဲ့ ။  သူ့အဆုံးအမတွေကိုသာ ဦးစားပေး ရေးချလိုက်ပါတယ် ။ အဲ့ထဲကမှ သက်မဲ့တွေဟာ တစ်ချိန်မှာ အမှန်တရားကို ပြသကြလိမ့်မယ်လို့နိဂုံးချုပ်လိုက်၏ ။

တုတ်ချောင်းနဲ့ မြေပြင်ပေါ်မှာ ရေးခြစ်ထားတဲ့အတွက် စာတွေဆိုတာ ပွကျဲနေတာပေါ့ ။ ဒါပေမယ့် ကျွန်တော် အဲ့ဒီ့ မသေမသပ်တဲ့စာတွေကို ဂါဝရ ပြုလိုက်ပါတယ် ။ နောက်ပြီး ကျွန်တော် အဲ့ တောင်ကုန်းလေးပေါ်ကနေ လှည့်ထွက်လာခဲ့တယ် ။ ကျွန်တော့်ခြေလှမ်းတိုင်းက အခုချိန်မှာ အဓိပ္ပါယ်တွေ ပြည့်ဝနေပါတယ် ။ ကျွန်တော်အနောက်ကို တစ်စက်မှ ပြန်လှည့်မကြည့်ပါ ။

ကျန်နေခဲ့တဲ့ မြေပြင်ကြီးကိုတော့ တောင်လေတိုက်ခက်မှုများက တံမြက်စည်းနဲ့ လှည်းနေသလို ရှင်းလင်းနေပါတယ် ။ မြေပေါ်က စာတွေဟာ လေနဲ့အတူ လွှင့်ပျောက်နေကုန်တယ် ။ သစ်ပင်ပေါ်က သစ်ရွက်တစ်ရွက်က မြေပြင်ပေါ်ကို ခစားလာလေရဲ့ ။ သူဟာ အမှန်တရားကို ပြကြလိမ့်မယ်ဆိုတဲ့ စာသားအပေါ် ဖုံးလွှမ်းသွားပါတယ် ။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...