အသက်ရှုဖို့ ဘာကြောင့် မရှိမဖြစ် လိုအပ်တာလဲ ?
----
လူဖြစ်စေ တိရိစ္ဆာန်ဖြစ်စေ သက်ရှိအရာအားလုံး အသက်ဆက်လက်ရှင်သန်ဖို့အတွက် အသက်ရှုခြင်းဟာ မရှိမဖြစ် လိုအပ်ပါတယ် ။ ရိုးရိုးသာမန်အကြောင်းရင်းကတော့ အသက်ရှုခြင်းအားဖြင့် ကျွန်တော်တို့ဟာ လေကို ရှုသွင်းတယ် အဲ့ဒီ့လေက ကျွန်တော်တို့အတွက် အောက်စီဂျင်ကို ပေးတယ် ။ အောက်စီဂျင်ဟာ သက်ရှိအားလုံး အသက်ရှင်ဖို့အတွက် အလွန်ပဓာနကျပြီး မရှိမဖြစ် လိုအပ်ပါတယ် ။
အသက်ရှုတဲ့အခါ ကျွန်တော်တို့က လေကို ရှူသွင်းတယ် ။ ရှူထုတ်တယ် ။ လေကို ရှူထုတ်လိုက်တဲ့အခါ ကာဗွန်ဒိုင်အောက်စိုက်ဓါတ်တွေကို ထွက်သွားစေတယ် ။ အသက်ရှူတယ်ဆိုတာ သဘာဝ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပြီး အသက်ရှူခြင်းကို အပြင်နဲ့ အတွင်းဆိုပြီး နှစ်ပိုင်း ခွဲခြားထားပါတယ် ။
အတွင်းဘက် အသက်ရှူခြင်းမှာတော့ အဆုတ်က ပေးပို့တဲ့အောက်စီဂျင်ကို သွေးနီဥလေးတွေက ခန္ဓာကိုယ်ရဲ့ အသား မျှင်တွေဆီကို သယ်ယူပို့ဆောင်ပေးတာဖြစ်တယ် ။
လူတစ်ယောက်ဟာ နားနားနေနေ နေခိုက်မှာဆိုရင် ခန့်မှန်းခြေအားဖြင့် တစ်မိနစ်မှာ ၁၅ ကြိမ်လောက် အသက်ရှူဖို့ လိုအပ်ပါတယ် ။ ပြေးတာ လွှားတာလို ပြင်းပြင်းထန်ထန် လှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့ လေ လိုအပ်ချက်က ပိုမို များပြားလာတယ် ။ အဲ့ဒီ့အခါ နံရိုးအိမ်ရဲ့ ကြွက်သားတွေနဲ့ အမြှေးပါးက ကျုံ့သွားပြီး နံရိုးတွေ ကားထွက်သွားတဲ့အခါ အဆုတ်က လေကို စုပ်ယူတယ် ။ လေကို စုပ်ယူလိုက်တဲ့အခါ အဆုတ်က ပြန့်ကားပြီး ပွသွားပါတယ် ။ အမြှေးပါးနဲ့ နံရိုးကြွက်သားတွေ ပြေလျော့သွားတဲ့အခါ လေကို အဆုတ်ကနေ တွန်းထုတ်လိုက်တယ် ။ လေကို ရှူသွင်းတဲ့ အရှိန်နှုန်းနဲ့ လေကို ရှူထုတ်တဲ့ အရှိန်နှုန်းက အတူတူပဲဖြစ်ပါတယ် ။ တစ်နာရီမှာ ရှစ် ကီလိုမီတာလောက်ထိ ရှိတာဖြစ်တယ် ။
ခန့်မှန်းခြေအားဖြင့် ကျွန်တော်တို့ဟာ တစ်နေ့ တစ်နေ့ လေကို လီတာပေါင်း တစ်သောင်း ငါးထောင်လောက် ရှုရှိုက်နေကြပါတယ် ။ နားနားနေနေ နေတဲ့အခိုက်မှာဆိုရင် အရွယ်ရောက်ပြီးသူ လူတစ်ယောက်က တစ်မိနစ်မှာ လေ ခြောက်လီတာလောက် ရှူတယ် ။ ကလေးတစ်ယောက်ရဲ့ အဆုတ်က လေ သုံးလီတာလောက် ဆံ့ပြီး လူကြီးတစ်ယောက်ရဲ့ အဆုတ်မှာဆံ့တဲ့ လေက ငါးလီတာလောက်ထိ ရှိပါတယ် ။
အသက်တစ်ကြိမ်ရှုတဲ့အခါမှာ အဆုတ်ဟာ ဘာမှမရှိပဲ ဟာလာ ဟင်းလင်း ဖြစ်သွားတာလဲ မဟုတ်ပါဘူး ။ လေတွေနဲ့ ပြည့်တင်းနေတာလဲ မဟုတ်ဘူး ။ နှာခေါင်း ဒါမှမဟုတ် ပါးစပ်ကနေ လေကို ရှူသွင်းလိုက်တဲ့အခါ လေပြွန်တွေ အဆုတ်ပြွန်တွေကတစ်ဆင့် အဆုတ်ကို ရောက်သွားတယ် ။ အဆုတ်မှာ လေအိတ်ကလေးပေါင်း သန်း သုံးရာ လောက် ရှိပါတယ် ။ အဲ့ဒီ့ လေအိတ်ကလေးတွေက အောက်စီဂျင်ကို စုပ်ယူပြီး သွေးတွေဆီကို ပို့ပေးတယ် ။ တစ်ပြိုင်နက်ထဲမှာပဲ ကျွန်တော်တို့ အသက်ရှူထုတ်လိုက်တဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ် က သွေးတွေ ထဲကနေ ထွက်သွားပါတယ် ။
#htoohtoolay

Comments
Post a Comment