အပန်းဖြေ ခရီး
-----
ဒီနေ့တော့ ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်ဆိုပါတော့ခင်ဗျာ ။ ပေါ့ပေါ့ပါးပါး သူငယ်ချင်းများပေါ့ ။ လူအတော်များများဟာ စိတ်ဆင်းရဲစရာအကြောင်းများကို တွေ့ကြုံ ဆုံတွေ့ခွင့်ကျလာတဲ့အခါ အချိန်တိုင်း စက္ကန့်တိုင်းကို မနှစ်မြို့စရာတွေချည်း ခံစားနေရတယ်လို့ ဒီလိုထင်ကြပါတယ် ။ အမှန်တော့ ကျွန်တော်တို့တွေဟာ အချိန်တိုင်းမှာ ပျော်ရွှင်ခြင်းတစ်လှည့် ညစ်ငြူးခြင်း တစ်လှည့်နဲ့ ဘဝ အစိတ်အပိုင်းတွေကို ဖြတ်သန်းရှင်သန်နေကြတာပဲဖြစ်ပါတယ် ။ ဒါဟာ သတ္တဝါတွေရဲ့ အခွင့်ထူးတစ်ခုပါ ။
ကဲ ! ပုံပြင်လေး စလိုက်ကြရအောင် -
တစ်ခါတုန်းက သူငယ်ချင်းသုံးယောက်ဟာ ပျော်ပွဲစားခရီးထွက်လာခဲ့ကြပါတယ် ။ သစ်ပင်တွေအုပ်ဆိုင်းကာ စိမ်းစိုမှုတွေ ခြုံလွှမ်းထားတဲ့ အိမ်မက်ဆန်ဆန်နေရာလေး တစ်ခုပေါ့ ။ အဲ့ဒီမှာ လိပ်ပြာလေးတွေဟာ ရောင်စုံအလှတရားများနဲ့ တန်ဆာဆင်ထားသလို ကျေးငှက်လေးတွေရဲ့ တေးထပ်သံတွေ / သံစဉ်အလိုက်လေး စနစ်တကျ စီးဆင်းနေတဲ့ ရေတံခွန် ဆီမှ Water song လေးတွေဟာ ဒီတောရဲ့ ဂန္တဝင်ဆန်တဲ့ အလှတရားကို ဒဏ္ဍာရီတစ်ပုဒ်ပမာ ပြန်ပြောရလောက်အောင်ကိုပင် ခန့်ညားတင့်တယ်စွာ စွဲဆောင်နေပါတော့တယ် ။ အဲ့ဒီလို တောမျိုးကို စိတ်အပန်းဖြေဖို့ သူငယ်ချင်းသုံးယောက် ရွေးချယ်ခဲ့တယ်ဆိုရင် မထူးဆန်းလှပါဘူး ။ သို့သော် -
သူတို့ သုံးယောက်ဟာ သဘာဝတရားရဲ့ အလှဆင်ထားမှုကို ပြည့်ပြည့်ဝဝ မခံစားလိုက်ရခင်မှာပဲ လူထူးလူဆန်းများဖြစ်တဲ့ လူရိုင်းတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါသတဲ့ ။
သူ့စကားလဲ ကိုယ်နားမလည် ကိုယ့်စကားလဲ သူမတက်နဲ့ သူတို့ခေါ်တဲ့ အရပ်ဆီကို တရွေ့ရွေ့ တသွေ့သွေ့နဲ့ လိုက်သွားကြရပါတော့တယ် ။ ခရီးကလဲ ဝေး / တုတ်နှောင်ခြင်းခံထားရတဲ့ လက်ကောက်ဝတ်တွေလဲ ကိုက်ခဲလာခဲ့သလို လမ်းက တွေ့ကရာ စားလို့ ရမယ်ထင်သမျှ သစ်ဥ သစ်ဖုမှ အစ သစ်ရွက် သစ်ခေါက်များကိုပါ ကိုက်ခဲမြိုပစ်ခဲ့ရလေတယ်ပေါ့ ။
ဒီလိုနဲ့ သူတို့ဟာ လူရိုင်းတွေခေါ်ဆောင်လာတဲ့အရပ်ဆီကို နှစ်ရက်အိပ့်ခန့်အချိန်ထိတိုင် လျှောက်လှမ်းခဲ့လေပြီးမှ ရောက်ရှိကြပါသတဲ့ ။ အဲ့ဒီ့အခါ လူ စကား နည်းနည်းပြောတက်တဲ့ စကားပြန်တစ်ယောက် ရောက်လာတယ် ။ ခရီးကလဲ ပန်းနေပြီမဟုတ်လား ။ ဒီအရေးကို လူရိုင်းတွေဟာ ခန့်မှန်းမိဟန်တူပါတယ် ။ ဒါကြောင့် သူတို့ကို အစားအစာအတွက် အခွင့်ထူးတော့ ပေးသင့်လေတယ်လို့ ဒီလို တွေ့တောဟန်တူတယ် ။ စကားပြန်က သူတို့ ဘယ်လို ဖြစ်စေချင်ကြောင်းကို ပြောလိုက်တာကတော့ -
ဒီမှာ ကောင်လေးတွေ ! ငါတို့ လူကြီးကပြောတယ် လူတစ်ယောက်ရဲ့ ကံကြမ္မာကို စမ်းသပ်တဲ့နည်း ရှိတယ်တဲ့ ။ ကံကောင်းရင် အသက်ရှင်မယ် ။ ကံမကောင်းရင် အသက်သေမယ် ။ အဲ့ဒီ့ကံကိုစမ်းသပ်ဖို့ကလဲ မခက်ဘူး ။ ဟိုမှာတွေ့လား ? အဲ့ သစ်သီးဥယျာဉ်ထဲက သစ်သီးဆယ်လုံးဟာ မင်းတို့ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်တယ် ။ ကဲ ! ကြိုက်နှစ်သက်ရာ သစ်သီးဆယ်လုံးကို ယူလာခဲ့ချေ တဲ့ ။
အဲ့ဒီ့အခါ သူငယ်ချင်းသုံးယောက်လဲ ဥယျာဉ်ဆီကို စိတ်ကြိုက်အသီး ဆယ်လုံးဆီ ခူးဖို့ ထွက်ခွါသွားကြပါသတဲ့ ။
ပထမဆုံးတစ်ယောက် ပြန်ရောက်လာတယ် ။ လက်ထဲမှာ ပန်းသီး ဆယ်လုံးကို ခူးလာခဲ့လေတယ် ။ အဲ့ဒီ့အခါ လူရိုင်းစကားပြန်က -
အဲ့ဒီ့ ပန်းသီး 10 လုံးကို အသံမထွက်ပဲ အတုံးလိုက် မျိုချရမယ် ။ အသံထွက်ရင် သတ်မယ် ။ အသံမထွက်ရင် အသက်ရှင်မယ် တဲ့ ။
စဉ်းစားတာ ကြည့်ပါဗျာ ။ ပန်းသီးကို မြိုချရမယ်ဆိုတော့ !!!!!
ဒီလိုနဲ့ သူဟာ အသတ်ခံရရောတဲ့ ။ သေသေချင်းပဲ ငရဲပြည်ကို ရောက်သွားပါသတဲ့ခင်ဗျာ ။
အယ် ! ဒါပေမယ့် ဒုတိယတစ်ယောက်ကတော့ ကံကောင်းလှပါတယ် ။ သူက ဘာကိုခူးလာလဲဆိုရင် စပျစ်သီး 10 လုံးကို ခူးယူလာပါသတဲ့ ။ စကားပြန်က ရှေ့ကအတိုင်းပဲ ပြောတယ် ။ အဲ့ဒီ့တော့ သူက စားတာပေါ့ ။ အေးအေးဆေးဆေးပါပဲ ။ သို့သော် 10 လုံးမြောက်မှာ ရယ်လိုက်တာကြောင့် အသံထွက်သွားတဲ့အတွက် သူလဲ အသတ်ခံရပါသတဲ့ခင်ဗျာ ။ သေသေချင်းပဲ သူလဲ ငရဲကို ရောက်သွားပါတယ် ။
ငရဲပြည်မှာ သူငယ်ချင်းနှစ်ယောက်တွေ့ကြတော့ ပထမ သူငယ်ချင်က မေးတယ် ။
ဟေ့ကောင် ! မင်း ဘာအသီးစားလို့ အသတ်ခံရတာလဲကွ ။
စပျစ်သီးကွ ။
ဟ . . . စပျစ်သီး 10 လုံးများ အသံထွက်အောင် စားရတယ်လို့ကွာ ။ ငါကတော့ ပန်းသီးမို့လို့ အသတ်ခံရတာ ။ အံ့ပါရဲ့ ။
ဟေ့ကောင် မင်းဘာသိလို့လဲ ။ ငါက စပျစ်သီးကို အသံမထွက်အောင် ကြိတ်မှိတ်ပြီး မျိုချနေတုန်း ဟိုအကောင် ဘာအသီးတွေခူးပြီး ပြေးလာတယ်မှတ်တုံး ။ သူ့ကို ကြည့်ပြီ ငါရယ်မိလို့ကွ ။
ဟာ ! ဟုတ်လား ။ အဲ့ကောင် ဘာခူးလာလို့တုံးကွ ။
ဒူးရင်းသီး 10 လုံး ခူးလာတယ်တဲ့ကွာ ။
ငရဲပြည်ရောက် သူငယ်ချင်းနှစ်ယောက်လဲ တဟားဟားနဲ့ ရယ်လိုက်ကြတော့တယ် ။ အဲ့ဒီ့အချိန်မှာ တတိယသူငယ်ချင်းဟာ ငရဲပြည်ကို ရောက်လာပါသတဲ့ ။
အဲ့ဒီ့နောက် နောက်ဆုံးရောက်လာတဲ့ သူငယ်ချင်းက -
မင်းတို့ကမှ မင်းတို့ခူးတဲ့အသီး စားခွင့်ရသေးတယ် ။ ငါကတော့ ငါခူးလာတဲ့အသီး မစားရပဲ အသတ်ခံရတာကွာ တဲ့ ။
သူငယ်ချင်းသုံးယောက် ငရဲပြည်မှာ အပန်းဖြေရင်း ပျော်ပျော်ပါးပါးကြီး ရယ်မောလိုက်ကြပါတော့သတဲ့ခင်ဗျာ ။
#htoohtoolay
myothetzaw23.blogspot.com

Comments
Post a Comment