ကျွန်တော်တို့က အဓိက အကြောင်းအရင်းပါ
-----
ကမ္ဘာပေါ်မှာ ရှိတဲ့ လူသားတွေဟာ ကိုးကွယ်ကြတဲ့ ဘာသာတွေ အလွန်မှပဲ များပြားလွန်းလှပါတယ် ။ ဒါပေမယ့် လူအများစုတို့က လက်ခံ ကိုးကွယ်ကြတဲ့ ဘာသာကတော့ မများလှပါဘူး ။ တကယ်ဆို ဘာသာတရားကို နှစ်မျိုးခွဲခြားနိုင်ပါတယ် ။ တစ်မျိုးက GOD လို့ ခေါ်တဲ့ ထာဝရဘုရား ဒါမှမဟုတ် နတ်ဘုရားကို လက်ခံတဲ့ ဘာသာနဲ့ နောက်တစ်မျိုးက ထာဝရဘုရားကို လက်မခံတဲ့ဘာသာပဲဖြစ်တယ် ။ ထာဝရဘုရားဆိုတာ ဒီကမ္ဘာကြီးနဲ့တကွ ရှိရှိသမျှ သက်ရှိသက်မဲ့ အရာဝတ္ထုအားလုံးတို့ကို ဖန်ဆင်းတဲ့ အနန္တတန်ခိုးရှင် အလုံးစုံကို သိတော်မူတဲ့ ညာဏ်ကြီးရှင်ပဲဖြစ်ပါတယ် ။ အဲ့ဒီ့အရှင်ဟာ စကြာဝဠာကြီးမှာ အနန္တကာလကနေစပြီး အစဉ်ထာဝရ တည်ရှိနေတယ်လို့ ဒီလိုဆိုတယ် ။ ဖြစ်တာတွေ ပျက်တာတွေဟာလဲ ဒီအရှင်နဲ့ မဆိုင်ပါဘူး ။
ဘယ်အရာဝတ္ထု ဘယ်တိရိစ္ဆာန်မဆို အဲ့ဒီ့အရှင်ရဲ့ အလိုဆန္ဒအတိုင်းတာ ဖြစ်ရပါတယ် ။ ပျက်သွားရတယ် ။ ဖြစ်လာရတယ် ။ အရာဝတ္ထုတစ်ခုမှမရှိပဲ အရှိဖြစ်လာအောင် ဖန်တီးနိုင်တယ် ။ အစရှိတာတွေကို ထိုအရှင်ဟာ ပြုလုပ်ပေးနိုင်စွမ်းတယ်လို့ ဒီလိုလက်ခံကြတယ် ။ ဒါကတော့ ထာဝရဘုရားရဲ့ သဘောတရားကို အကျဉ်းတင်ပြခြင်းပဲဖြစ်ပါတယ် ။
ဗုဒ္ဓဘာသာမှာတော့ သူနဲ့ ဆန့်ကျင်ဘက်သဘောဆောင်ပါတယ် ။ ထာဝရဘုရားဆိုတဲ့ နေရာဟာ လုံးဝမရှိဘူး ။ အရာရာတိုင်းဟာ ဖြစ်တာနဲ့ ပျက်တာ တာဖြစ်တယ် ။ အဲ့ဒီ့အချက်ကြောင့်ပင် အနောက်တိုင်းသားတို့က ဗုဒ္ဓဘာသာကို ဘာသာတရားမဟုတ်ဘူးလို့ပင် ယူဆကြတယ် ။ လူ့ဘဝ အတွေးအခေါ် အမြော်အမြင်ရေးသဘောတရားလို့ ဆိုတယ် ။ ဒါပေမယ့် သံသရာကနေ လွတ်မြောက်ရေးတည်းလို့ ပါနေတဲ့အတွက် တွေးခေါ်မြော်မြင်ရေး သဘောတရားဟာ ဘာသာတရားတစ်ခုဖြစ်ကြောင်းကို သူတို့က သတိမပြုမိကြပါဘူး ။
အချို့ပုဂ္ဂိုလ်တို့ကလည်း ဗုဒ္ဓဘာသာမှာ စောစောပိုင် ခေတ်ကာလက ထာဝရဘုရားကို ယုံကြည်တဲ့ အယူအဆများ ရှိလေဟန် ရေးသားခဲ့ဖူးပါတယ် ။ ယုံကြည်မှုနဲ့ ပတ်သတ်ရင် တစ်ဘာသာနဲ့ တစ်ဘာသာ မတူပဲ ကွဲပြားနိုင်သော်လည်း ဘာသာတရားတိုင်းမှာ ယုံကြည်မှု တစ်မျိုးမျိုး ရှိတာကို သတိထားပြီး လေ့လာမယ်ဆိုရင် အရာတစ်ခုကို တူညီသယောင် ဖေါ်ပြကြတယ်ဆိုတာ တွေ့နိုင်ကောင်းပါတယ် ။ ဆိုပါစို့ ! ဟီးဘရူးနဲ့ ခရစ်ယာန်ဘာသာတို့က ထာဝရဘုရားတစ်ဆူတည်းသာရှိကြောင်း အဲ့ဒီ့ ထာဝရဘုရားကလည်း ပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်ကြောင်း လက်ခံယုံကြည်ကြတယ် ။ ဗုဒ္ဓဘာသာနဲ့ ဂရိဘာသာ အစရှိတာတွေမှာကလည်း ကိုးကွယ်မှု ပုဂ္ဂိုလ်တစ်ဦးကို ရည်ညွှန်းထားတယ် ။ ဒီလို တူမယောင်ယောင်တွေ ရေးသားကြပါတယ် ။ သတိချပ်စရာပါ ။
လူသားတို့ရဲ့ ကောင်းကျိုး ဆိုးကျိုးကို ထာဝရဘုရားက ဖန်ဆင်းတယ်လို့ ယုံကြည်မှုနဲ့ မိမိတို့၏ အနာဂတ်ကို မိမိတို့ကပဲ ပုံသွင်းတယ်ဆိုတဲ့ ဗုဒ္ဓအယူ ။ မိမိတို့ရဲ့ မျက်မှောက်မှာ ပြုလုပ်တဲ့ အကောင်း အဆိုး ကုသိုလ် အကုသိုလ် စတဲ့ ကံတရားကြောင့် နောင်အနာဂတ်မှာ အကျိုးတရားကို ခံစားရမယ်လို့ ယုံကြည်တဲ့အဆို ။ ကံတရားကို လုံးဝ လက်မခံတဲ့ အယူ ။ သို့သော်လဲ မိမိတို့ စိုက်ပျိုးတဲ့ အတိုင်း ရိတ်သိမ်းရမယ်ဆိုတဲ့ လက်ခံမှု ။ စတာတွေဟာ ကွဲမယောင်နဲ့ ကံတရားကို ဖေါ်ဆောင်တဲ့ ဥပမာတွေ ဖြစ်နေပါတယ် ။ လောကီ ရေးရာမှာတော့ အဲ့ဒီ့ဘာသာတွေမှာ ကံတရားတွေအကြောင်းပင် ရှိသော်ငြားလည်း အဲ့ဒီ့ ကံတရားဟာ မိမိအလိုအလျောက် အကျိုးပေးခြင်းမျိုး မဟုတ်ပဲ ထာဝရဘုရားရဲ့ အလိုတော်ဆိုတာနဲ့ မိမိတို့ ကိုယ်တိုင် ပြုတဲ့ ကံ ဆိုတာလေး ။ ဒါလောက်ပဲ ကွာပါတယ် ။ ဟိန္ဒူဘာသာမှာလည်း ကံတရားဟာ ရှိနေတယ် ။ အဲ့ဒီ့ ကံတရားကို ဗြဟ္မာက ကြိုးကိုင်တယ်တဲ့ ။
အတ္တလို့ခေါ်တဲ့ ဝိညာဉ်ရဲ့ သဘောကတော့ လူသားတိုင်း ရုပ်ခန္ဓာကိုယ်နဲ့ ဝိညာဉ် ဆိုတာ ရှိတယ်လို့ အယူရှိတယ် ။ ဝိညာဉ်က ရုပ်မဟုတ်ဘူး ။ လူသားတွေ သေတဲ့အခါ ဝိညာဉ်တွေဟာ မိမိတို့ အသက်ရှိနေစဉ် ပြုလုပ်ခဲ့တဲ့ ကောင်းမှု မကောင်းမှု အကျိုးအပြစ်ကို ဘုရားသခင်ရဲ့ စီရင်ချက်နဲ့ ငရဲဘုံ သုခဘုံ အစရှိတာဆီ သွားရတယ်လို့ ဆိုတယ် ။ မည်သို့ပင် နောင်ဘဝမရှိဘူးလို့ ဆိုသော်ငြားလည်း ဝိညာဉ်ကပင် နောင်ဘဝထဲ ရောက်နေတယ်လို့ ဒီလိုပြောရမလိုပါပဲ ။
ဗုဒ္ဓကတော့ အနန္တဝါဒဖြစ်တဲ့အတွက် အဲ့ဒီ့ ဝိညာဉ်ကို လက်မခံဘူး ။ လူသားတို့က ရုပ်နဲ့နာမ် ပဲရှိတယ်လို့ ဆိုတယ် ။ လူရဲ့ ခန္ဓာကိုယ်ကိုခွဲခြမ်းစိတ်ဖြာမယ်ဆိုရင်လည်း ကိုယ်ခန္ဓာအစိတ်အပိုင်း ရုပ်ဝတ္ထုတို့မှလွှဲပြီး အတ္တကို ရှာမတွေ့ပဲဖြစ်တယ်လို့ ယူတယ် ။
အချို့ပညာရှင်တို့က ထာဝရဘုရားကိုးကွယ်မှု အယူအဆကို နတ်ဘုရား အများအပြား ကိုးကွယ်တဲ့ ဓလေ့ကနေ တစ်ဆင့်ခြင်းတိုးပြီး ပြောင်းလဲလာတဲ့ အယူအဆလို့ ဒီလို ဆိုကြတယ် ။ နတ်ဘုရား အများအပြားကို ကိုးကွယ်တဲ့ ဓလေ့မှာ နတ်ဘုရားများမှာ သီးခြားစီ တန်ခိုးအာဏာရှိတယ်လို့ ဆိုတယ် ။ အဲ့ဒီ့ နတ်ဘုရားတွေရဲ့ တန်ခိုး အမျိုးမျိုးကို ပိုင်ဆိုင်တဲ့ အရှင်သခင်ကနေ ထာဝရဘုရားသခင်ကို ကိုးကွယ်သည့်အဆင့်ထိ တိုးမြှင့်ခဲ့ကြောင်း ယူဆကြပါတယ် ။
ကဲမိတ်ဆွေ !
နတ်ဘုရားအကြောင်းတွေ ကိုးကွယ်တဲ့ ဘာသာအကြောင်းတွေ ပြောရင် ကုန်နိုင်မယ်မထင်ပါဘူး ။ လက်ဆန့်ရင် ဆန့်သလောက် မိနေမယ် ။ ပြောရင် ပြောသလောက်များနေမယ် ။ လေ့လာရင် လေ့လာသလောက် သမိုင်းကောက်မိမယ် ။ တူးဖေါ်ရင် တူဖေါ်သလောက် ပေါ်ပေါက်လာလိမ့်မယ် ။ သင် ဘာသာသမိုင်းအဆုံးကို စမ်းမိမယ်မထင်ဘူး ။ သို့သော် သင်စမ်းမိနေတာတစ်ခုရှိတယ် ။ အဲ့ဒါဟာ ဘာသာတရားတွေရဲ့ အဓိကဦးတည်ချက်ဟာ ကျွန်တော်တို့တွေပဲ ဖြစ်တယ် ။ အမှန်တော့ ကျွန်တော်တို့တွေဟာ ဘာသာတွေ ပေါ်ပေါက်လာရတဲ့ အဓိက အကြောင်းအရာပါ ။ ဘာသာတိုင်းက ကျွန်တော်တို့ရဲ့ ကောင်းကျိုး ဆိုးကျိုးကိုပဲ ဦးတည်ကြပါတယ် ။
#htoohtoolay

Comments
Post a Comment